Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေ ၂၂ ရက်နေ့က ၂၈ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်း ဖော်ပြပေးလိုက်ရပါတယ်။

  • အမျိုးသမီးနှစ်ဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့တဲ့တရားခံတွေ ၇ လ ကျော်မှဖမ်းဆီးရမိ

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာမှာ အမျိုးသမီးနှစ်ဦးရဲ့ပစ္စည်းလုယက်ကာ အလောင်းဖျောက်ထားခဲ့တဲ့ ပြစ်မှု ကျူးလွန်တဲ့တရားခံလင်မယားကို ခုနစ်လကျော်မှ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက လူပျောက်မှုနဲ့ အမှုဖွင့်ခံထားရသူတွေဖြစ်ပြီး တစ်ဦးက ဒေါ်ညိမ်းကျေးရွာမှ အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့်နဲ့ ကံစုကျေးရွာမှ အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူတို့ဖြစ်ပါတယ်။

ကျူးလွန်သူတွေဟာ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာမှာနေထိုင်တဲ့ မျိုးညွန့်ဆိုသူနဲ့နန်းအေးခမ်းတို့ဖြစ်ပြီး သူတို့ကို မေ ၁၅ ရက်ထဲက ခေါ်ယူစစ်ဆေးနေရာက အမှုမှန်ပေါ်ပေါက်ခဲ့တာပါ။

Source – Ayeyarwaddy Time

  • အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အမျိုးသမီးသပိတ်စစ်ကြောင်းကို ဦးဆောင်တဲ့အမျိုးသမီးမဟာမိတ်အင်အား စု WAB အဖွဲ့ဝင်မအိစံကို မေ ၂၁ ရက်က တရားရုံးမှ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၆ ရက်၊ နေ့လယ် နှစ်နာရီလောက်မှာ မအိစံတို့အဖွဲ့ဝင်တွေဟာ ဗိုလ်ချုပ်လမ်းပေါ်မှာ အတာရေအိုးကိုင် ဆန္ဒပြနေစဉ်မှာ စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်၊ သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်။

ဒီဖြစ်စဉ်မှာ မအိစံနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့မကျင်ဒိတ်ကင်၊ ကိုမျိုးကိုဝင်းနဲ့ ကိုသန်းစိုးဦးတို့ကိုလည်း ထောင်ဒဏ် နှစ်နှစ်စီချ မှတ်ခံခဲ့ရတာဖြစ်တယ်။

Source – Myanmar Labour News

  • ထောက်ပံ့ပေးသူလို့ စွပ်စွဲခံရတဲ့အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးဖမ်းဆီးခံရ

မန္တလေးတိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့တွေကို ထောက်ပံ့ပေးလို့ဆိုပြီး အမျိုးသမီး သုံးဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦး ကို ဖမ်းဆီးမိခဲ့တယ်လို့ စစ်တပ်က မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သူတို့နဲ့အတူ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖောက်ခွဲရေးတွေ၊ ဒလန်ရှင်းလင်းသတ်ဖြတ်ရေးတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံ ထားရတဲ့မြို့ပြပြောက်ကျားအဖွဲ့ဝင် ရှစ်ဦးပါ ဖမ်းဆီးခံထားရတာပါ။

ဖမ်းဆီးခံရတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေဟာ Royal Phoenix Guerilla Force-RPGF အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

Source – People’s Spring

  • ဖုန်းမီးရောင်ကြောင့် အမျိုးသမီးနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲ ကချင်မှဆင်းလာတဲ့စစ်ကြောင်းရဲ့ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး အသက် ဆုံးရှုံးခဲ့ရပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။

မေ ၁၈ ရက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ အဆိုပါစစ်ကြောင်းထိတွေ့ဖြစ်ပြီးနောက် ဆင်းလာတဲ့စစ်ကြောင်းဟာ ပုန်း နေတဲ့ ဒေသခံပြည်သူတွေကို ပစ်ခတ်သွားတာဖြစ်တယ်။

စစ်ကြောင်းက ညဘက်ကြီးရုတ်တရက်ဝင်လာတာကြောင့် ဒေသခံတွေဟာ ဝေးဝေးလံလံပြေးပုန်းဖို့ အချိန်မရတော့တဲ့ အတွက် နီးစပ်ရာ တဲအိမ်အောက်ကို ပုန်းအောင်းနေရာမှ ဖုန်းမီးတွေ့ပြီး ရမ်းသမ်းပစ်ခတ်သွားတာလို့ ဒေသခံက ပြောပါ တယ်။

Source – သံလွင်ခက်

  • စစ်သားတွေက အရပ်သားအမျိုးသမီးတွေကို လိင်ကျွန်အဖြစ်အသုံးချ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ ကျေးရွာတွေမှ ဒေသခံအမျိုးသမီးတွေကို လိင်ကျွန်အဖြစ်အသုံးချ နေတယ်လို့ သိရပါတယ်။

မော်တိတ်ဒေသရှိ နန့်သာအောင်းကုန်း ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်အရာရှိတွေ ပျော်ပါးဖို့ အတွက် ကျေးရွာတွေမှ တစ်ရက်ကို အမျိုးသမီး ငါးဦးပို့ပေးနေရတာဖြစ်တယ်။ ဒါတွေကို ထုတ်မပြောဖို့ စစ်တပ်က ပိတ်ပင် တားဆီးထားပြီး သတင်းပေါက်ကြားပါက နေအိမ်မီးရှို့သတ်ပစ်မယ်လို့လည်း ရွာသားတွေကို ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းသည့်နောက် အင်းတော်မြို့နယ်ထဲမှာ စစ်တပ်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတဲ့ကျေးရွာပေါင်း ငါးရွာ အထိရှိလာပြီလို့ အင်းတော် PDF မှ သိရပါတယ်။

Source – Khit Thit Media

  • လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲမေတစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ ဝါပသဲကျေးရွာကို မေလ ၂၀ ရက်မှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ထိုဒေသရှိကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော် ဇွဲမာန်လင်း (ခ)စနေ၊ ရဲဘော်ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေမခင်သန္တာဆွေ(ခ) မမြင့်တို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Source – Khit Thit Media

  • စစ်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦးအပါအဝင် ၆ ဦး ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာထဲ စစ်ကြောင်းဝင်လာပြီး စစ်မပြေးနိုင်တဲ့အသက် ၈၀ နဲ့ ၆၀ အရွယ် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သားပြည်သူ ခြောက်ဦးကို မေလ ၂၄ ရက်က သတ်ဖြတ်ခဲ့တာဖြစ်တယ်။

စစ်ကြောင်းထိုးလာလို့ ရွာသားတွေထွက်ပြေးနေတဲ့အချိန်မှာ မပြေးနိုင်ဘဲကျန်ရစ်ခဲ့တဲ့သက်ကြီးရွယ်အိုတွေကို စစ်သားတွေ က လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့ပါတယ်။

Source – Khit Thit Media

  • စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် လစဉ်သုံးနဲ့ ကိုယ်ဝန်တားဆေးတွေလှူဒါန်း

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်အမျိူးသမီးတွေကို ကျေးလက်မြေအဖွဲ့က အမျိူးသမီးလစဉ်သုံးပစ္စည်း တွေ၊ ကိုယ်ဝန်တားဆေးနဲ့ အားဆေးတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Source – Khit Thit Media

  • အစိုးရရုံးသုံးခု တိုက်ခိုက်ခံရပြီးနောက် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ၄ ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့မရဲစခန်းအပါအဝင် အစိုးရသုံးခုကို ပစ်ခတ်ခိုက်ခံရပြီးနောက် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၅ ရက်၊ မနက်ပိုင်းမှာ Guerrilla Dawei၊ ထားဝယ်နဂါး၊ တပ်ခွဲ ၅ မှရဲဘော်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ)၊ မြို့နယ်လဝကရုံးနဲ့ မြို့မရဲစခန်းတို့ တစ်ပြိုင်ထဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လောင်းလုံမြို့ပေါ်မှာနေထိုင်တဲ့အရပ်သားပြည်သူ လေးဦးရဲ့နေအိမ်တွေထဲ စစ်တပ်အဖွဲ့ဝင် တွေက ဝင်ရောက်ဖမ်းဆီးသွားတာပါ။

Source – Delta News Agency

  • စစ်တပ်ရဲ့ရှို့မီးကြောင့် ထွက်မပြေးနိုင်တဲ့သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်ကားလမ်းပေါ်က မန်ကျည်းစုကျေးရွာကို စစ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့ တွေက မေ ၂၄ ရက်၊ မနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် အသက် ၇၀ အရွယ်ဒေါ်မြအေးဟာ မီးလောင်သေဆုံးခဲ့ရပါတယ်။

ညသန်းခေါင်ကျော်လောက်မှာ စစ်တပ်အဖွဲ့ဝင်တွေပါလာတဲ့ကားသုံးစီးနဲ့ ရွာထဲဝင်လာကာ နေအိမ်ထဲက ပစ္စည်းတွေကို ကားပေါ်တင်ပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့နေချိန်မှာ ထွက်မပြေးနိုင်တဲ့မသန်စွမ်းဖြစ်သူ အသက် ၃၅ နှစ်အရွယ်ကိုခင်မောင်ဌေးကို မီးထဲက ကယ်ထုတ်နိုင် ပေမယ့် ဒေါ်မြအေးကတော့ မီးလောင်သေဆုံးသွားတာဖြစ်တယ်။

Source – BBC

  • လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရထားတဲ့မိန်းကလေးငယ်သုံးဦး ပြန်မလွတ်သေး

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာမှ အရပ်သား အယောက် ၂၀ ထဲမှ ၁၂ ဦးပြန်လွတ်လာပေမယ့် အသက် ၁၃ နှစ်အရွယ်မိန်းကလေး သုံးဦးကတော့ လွတ်မြောက်မလာ သေးတာဖြစ်တယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်၊ နံနက်ပိုင်း ၄ နာရီလောက်မှာ စစ်သားတွေက ကျေးရွာထဲဝင်ပြီး နေအိမ်ရှိကလေးတွေ၊ မိခင်တွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်သွားခဲ့တာပါ။

စစ်တပ်အဖွဲ့သားတွေဟာ လွန်ခဲ့တဲ့ဧပြီလကလည်း ဖားကန့်မြို့၊ မှော်ဘုံကျေးရွာမှ အရပ်သား ၂၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းသွားရာမှာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။ ဒီဖမ်းဆီးခံရမှုမှာလည်း အသက်မပြည့် တဲ့ မိန်းကလေးငယ်နှစ်ယောက်လည်းပါဝင်ခဲ့တာဖြစ်တယ်။

Source – Kachinwaves

  • တိုက်ပွဲကြောင့် အရပ်သားအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

တနသာၤရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာမှာ မေလ ၂၄ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ PDF ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲထဲမှာ အရပ်သားတစ်ဦးဖြစ်တဲ့အသက် ၂၆ နှစ်အရွယ်မမြတ်မိုးလတ်နဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

မမြတ်မိုးလတ်ဟာ မြိတ်မှ ထားဝယ်မြို့ကို လိုင်းကားနဲ့ခရီးသွားနေချိန် ပစ်ခံရတာဖြစ်ပြီး အမျိုးသားကတော့ တိုက်ပွဲအနီး ရောက်ရှိနေတာကြောင့်ကျည်ထိသွားခဲ့တာဖြစ်တယ်။

မြိတ်နဲ့ ထားဝယ်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးကားလမ်းကြီး ပုလောမြို့အနီး မကျည်းကုန်းရွာစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ဒီလို ဖြစ်နေချိန်မှာ ခရီးသည်တင်ကားပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့သလို တိုက်ပွဲနေရာအနီးမှာရှိတဲ့ အမျိုးသား တစ်ဦးလည်း ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

Source – Delta News Agency

  • လေကြောင်းရန်ကြောင့် ထွက်မပြေးနိုင်တဲ့အဖွားအို နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က ဆက်တိုက်ဆိုသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတာကြောင့် အဖွားအို နှစ်ဦးနဲ့ အဖိုးတစ်ဦးသေဆုံးသွားခဲ့ရပါတယ်။

ဗန်းမောက်မှာ မေလ ၂၀ မှ ၂၄ ရက်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများတာကြောင့် လေကြောင်း ပစ်ကူတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထွက်မပြေးနိုင်ဘဲ ရွာမှာကျန်ခဲ့တဲ့ အသက် ၆၀ ဝန်းကျင်အဖိုးနဲ့ အဖွားနှစ်ဦး သေဆုံးခဲ့ရတာဖြစ်တယ်။

အင်းတော်လည်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကျွန်းတောရွာက အသက် ၉၀ အရွယ်အဖွားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

Source – မြေလတ်အသံ

  • စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် အရပ်သားမိခင်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်တပ်ရဲ့လက်နက်ကြီးထိမှန်တာကြောင့် မိခင်တစ်ဦးသေဆုံးခဲ့ရ ပြီး ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

မေ ၂၆ ရက်၊ နံနက်ပိုင်းက အင်အား ၂၀၀ကျော်ပါ စစ်တပ်ဟာ မော်တော်တွေနဲ့ ရေလယ်ကျွန်းကျေးရွာကို စစ်ကြောင်း သုံးခုနဲ့ ပိတ်ဆို့ခဲ့ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျည်ထိမှန်ပြီး ကလေးနှစ်ဦးမိခင်သေဆုံးခဲ့ရတာဖြစ်တယ်။
လက်နက်ကြီးထိမှန်တဲ့ မဲကုန်းရွာမှ ကလေးငယ်တစ်ဦးကတော့ ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

Source – People’s Spring

  • အမျိုးသမီးတစ်ဦး အပါအဝင် လူငယ် ၅ ဦးကို PDF လို့ စွပ်စွဲသတ်ဖြတ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီးရပ်ကွက်၊ စီးပွားရေးတက္ကသိုလ်အနီး အမှတ် ၂ လမ်းမကြီးပေါ်မှာ မေ ၂၄ ရက်၊ ည ၁၀ နာရီလောက်က ဒေသကာကွယ်ရေးတပ်(PDF)လို့ စွပ်စွဲကာ စစ်တပ်က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးတဲ့လူငယ်တွေဟာ တက္ကသိုလ်အနီးရှိ စစ်သားတွေစောင့်နေတဲ့ဂိတ်တစ်ခုကနေ ကားကိုတားတာရပ်မပေးလို့ ပစ် ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သို့ပေမဲ့ စစ်တပ်ဘက်ကတော့ PDF တွေဖြစ်လို့ ပစ်ခတ်ခဲ့တာလို့ သတင်းလွှင့်ထားပါတယ်။

Source – Khit Thit Media

  • မိုခါမုန်တိုင်းအပြီး အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုံစားကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ဒေါ်မသန်းစိန်ဟာ မိုခါမုန်တိုင်းကြောင့် အိမ်ပြိုပျက်သွားပြီးနောက် ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ နေအိမ်မှာ တစ်ဦးထဲနေထိုင်တဲ့အပျိုကြီးတစ်ယောက်ဖြစ်ပြီး မုန်တိုင်းကြောင့် သူအိမ်လေးပြိုပျက်သွားလို့ စိတ်ဓါတ် ကျပြီး အခုလိုလုပ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အိမ်ခြေ ၈၀ ရှိတဲ့ ပုံစာကျေးရွာဟာ မုန်တိုင်းဒဏ်ကြောင့် တစ်ရွာလုံးရှိ နေအိမ်အမိုးအကာတွေပျက်စီးသွားရသလို တချို့ နေအိမ်တွေဆိုရင် တစ်အိမ်လုံးရစရာမရှိအောင် ပျက်စီးသွားခဲ့တာဖြစ်တယ်။

Source – နိရဉ္စရာ

  • ရေစကြိုမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မိဖုရားကျေးရွာထဲ မေ ၂၆ ရက်၊ နံနက် ၈ နာရီလောက်က စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၈ နှစ်အရွယ်ဒေါ်ခင်အေးပိုဟာ ကျည်ထိမှန်သေဆုံးရသလို အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦးလည်း ခြေထောက်မှန်ကာ ဒဏ်ရာရသွားခဲ့တာဖြစ်တယ်။

လက်ရှိအချိန်ထိလည်း စစ်သားတွေဟာ လှေခုတ်ရွာနှင့် မိဖုရားကိုမီးရှို့နေပြီး စစ်ကြောင်းနှစ်ကြောင်းခွဲ စစ်ကြောင်း ထိုးနေ တယ်လို့ သိရပါတယ်။

Source – Khit Thit Media

  • သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ထောင်ဒဏ်ဆယ်နှစ် ထပ်မံချမှတ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ က ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်တပ်က ကားနဲ့ တိုက်ဖမ်းဆီးခေါ်သွားခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို တရားရုံးက အကြမ်းဖက်မှုဥပဒေ ပုဒ်မ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခံ ထားရပြီးဖြစ်လို့ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ကျခံရမှာပါ။

Myanmar Press Photo Agency မှ သတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းဟာ ကားနဲ့တိုက်မိတဲ့ဒဏ်ရာကြောင့် ဘယ်ဖက်ခြေသလုံးရိုး သုံးနေရာမှာ အရိုးကြေမွသွားတဲ့အတွက် ပုံမှန်မဖြစ်သေးဘူးလို့လည်း သိရပါတယ်။

Source – Delta News Agency

Author:

Related Articles