Home သတင်း စစ်တွေက အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားထံတွင် ရောင်းစားရန် ကြံစည်ခဲ့သူသုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်

စစ်တွေက အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားထံတွင် ရောင်းစားရန် ကြံစည်ခဲ့သူသုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်

သန့်ရှင်းထွန်း။ ။

ဒီဇင်ဘာ ၁ ။ ။ စစ်တွေမြို့က အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားထံတွင် ရောင်းစားရန် ကြံစည်ခဲ့သူ အမျိုး သမီးသုံးဦးကို စစ်တွေခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဉပဒေပုဒ်မ ၂၈/၂၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ အမျိုးသမီးသုံးဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က ထောင်ဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ ခြင်းအပေါ် ကျေနပ်မှုရှိကြောင်း လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“အထည်ချုပ်စက်ရုံမှာ အလုပ်ရမယ်ဆိုလို့ လိုက်သွားခဲ့တာ။ တကယ်က ညီမတို့ကို တရုတ်တွေဆီမှာ ရောင်းစားဖို့ လုပ်ခဲ့တာ။”ဟု အထက်ပါ အမျိုးသမီးငယ်က ပြောသည်။

လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦးမှာ အမွှာညီအစ်မဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလက ပွဲစားအမျိုး သမီးများ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသမီးငယ်က ပြောသည်။ ထို့နောက် မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းအတိုင်း ခေါ်ဆောင်ခံခဲ့ပြီး တရုတ်အမျိုးသားများထံတွင် ရောင်းစားရန် ကြံစည်ခဲ့သည်ဟု ပြောသည်။

၎င်းအပြင် အဆိုပါအမျိုးသမီးငယ်များ အလုပ်လုပ်၍ရသည့် ငွေကြေးများကို ပွဲစားအမျိုးသမီးများက ခေါင်းပုံဖြတ်ခဲ့ပြီး နေရပ်သို့လည်း ပြန်မပို့ဘဲ မှတ်ပုံတင်များကို သိမ်းဆည်းထားခဲ့သည်ဟုဆိုသည်။

ထိုအခြေနေတွင် အစ်မဖြစ်သူက ပွဲစားအမျိုးသမီးများထံမှ ရုန်းထွက်လာခဲ့ပြီး စစ်တွေမြို့သို့ ပြန်ရောက်လာကာ စစ်တွေမြို့ရှိ ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့အစည်းတချို့၏ အကူညီဖြင့် ပွဲစားအမျိုးသမီးသုံးဦးကို အမှုဖွင့်ကာ ညီမဖြစ်သူကိုလည်း ပွဲစားများလက်ထဲက ကယ်တင်နိုင်ခဲ့ကြောင်း အစ်မဖြစ်သူက ပြောသည်။

ထိုသို့ အမှုဖွင့်လှစ်ပြီး ပွဲစားအမျိုးသမီးများကို ဖမ်းဆီးရမိခဲ့ကာ တစ်နှစ်ကျော်ကြာခန့် အမှုကိုစစ်ဆေးပြီးနောက် ပွဲစား အမျိုးသမီးသုံးဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

Author:

Related Articles