Home သတင်း စစ်တွေတွင် အကြမ်းဖက်အသတ်ခံခဲ့ရသော အမျိုးသမီးငယ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ULA/AA တရားရုံးတွင် စွဲချက်တင်ထားဟုဆို

စစ်တွေတွင် အကြမ်းဖက်အသတ်ခံခဲ့ရသော အမျိုးသမီးငယ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ULA/AA တရားရုံးတွင် စွဲချက်တင်ထားဟုဆို

သန့်ရှင်းထွန်း။ ။

နိုဝင်ဘာ ၂၈ ။ ။ ပြီးခဲ့သည့် ဩဂုတ် ၁၅ က စစ်တွေမြို့ ၊ ပြည်နယ်ကောင်စီရုံးအနီး ပလစ်စတစ်နှင့် လူသုံးကုန် အရောင်း ဆိုင် အနောက်ဘက်စတိုခန်းတွင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးငယ်နှင့်ပတ်သက်ပြီး ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) တရားရုံး၌ လူသတ်မှုနှင့် စွဲချက်တင်ထားကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ နိုဝင်ဘာ ၂၈ က ပြုလုပ်ခဲ့သည့် ULA/AA ၏ ခြောက်ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

“ စွဲချက်အမိန့်ကို အထက်ရုံးကို ပြင်ဆင်ချက်တင်တာတွေ၊ အဲဒါတွေကို တရားစီရင်ရေးလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ တရားခံနဲ့ပတ်သက်ပြီးတော့လည်း တရားခံတစ်ယောက်တည်း ပဲဖြစ်တယ်ဆိုတာကိုလည်း ပြောခဲ့ပြီးဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ကို သတ်ဖြတ်ခဲ့သူမှာ ဆိုင်မန်နေဂျာဖြစ်ပြီး ၎င်းကို ULA/AA က ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲကာ စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ပြောကြားထားသည်။

အမျိုးသမီးငယ် သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက ပြစ်မှုကျူးလွန်သူမှာ တစ်ဦးတည်းမဖြစ်နိုင်ကြောင်း၊ ULA/AA ၏ အမှုနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များမှာ မပြည့်စုံမှုများရှိနေပြီး လတ်တလောအခြေအနေအရ အားရ ကျေနပ်မှုမရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုထားသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို ဩဂုတ်လ ၁၅ ရက်က စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်း ပေါ်မှာရှိ “Luminous/livguard” ပလပ်စတစ်ပစ္စည်းနှင့်လူသုံးကုန်အရောင်းဆိုင်အနောက်ဘက်စတိုခန်းအတွင်း ထိုးသွင်းဓားဒဏ်ရာများနှင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးငယ် သတ်ဖြတ်ခံရပြီးနောက် DNA စစ်ကြည့်ရာတွင် သုတ်ပိုးတွေ့ရှိကြောင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး မှုခင်းဆရာဝန်က မိသားစုဝင်များကို ဖြေဆိုထားပြီး အမှုန်မှန်ပေါ်ပေါက်ရေးကူညီဆောင်ရွက်ပေးနေကြသူတချို့ကလည်း ၎င်းအသတ်ခံရသည့်နေ့က အဝတ်အစားများချွတ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသည့် လက္ခဏာများကို မြင်တွေ့ခဲ့ရသည်ဟု ပြောကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးငယ်မှာ အဓမ္မပြုကျင့်ခံရခြင်း ရှိ မရှိ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်တွင်း နောက်ထပ်အမျိုးသမီးငယ်များ၊ ကျောင်းသူများ ယခုကဲ့သို့မဖြစ်ရအောင် ဆောင်ရွက်ပေးစေချင်ကြောင်း အမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် ဒေသခံများက တောင်းဆိုထားကြသည်။

Author:

Related Articles