Home ဆောင်းပါး အသက်ကိုဖက်နှင့်ထုပ်ကာ သွားရသည့် ရခိုင်ခရီးသည်

အသက်ကိုဖက်နှင့်ထုပ်ကာ သွားရသည့် ရခိုင်ခရီးသည်

သန့်ရှင်းထွန်း။ ။

နံနက်အာရုံမတိုင်ခင် အိပ်ရာမထရသည်မှာ ငါးနှစ်ခန့်ပင် ကြာခဲ့ပြီဖြစ်သော ရခိုင်ပြည်နယ် မောင်တောမြို့က ဒေါ်ဆုမြတ်မှာ နိုဝင်ဘာလ၏ နေ့တစ်နေ့တွင်တော့ ခပ်စောစောထပြီး ချက်ပြုတ်ပြင်ဆင်နေသည်။ ဆန်နို့ဆီတဗူးချက်ထမင်း နှင့် ကြက်ဥကြော်တစ်လုံးကို လမ်းခရီးတွင် စားသောက်ရန် ထုပ်ပိုးပြင်ဆင်နေသည်။

ညတည်းက ပြင်ဆင်ထားခဲ့သည့် ခရီးဆောင်အိတ်ငယ်တစ်လုံးတွင် ထည့်ထားသော အဝတ်သုံးစုံနှင့် ချက်ပြုတ်ထားသော ထမင်းနှင့်ကြက်ဥကြော်ကိုယူပြီး အိမ်ကထွက်လာခဲ့သည်။ စစ်တွေမြို့တွင် ကျောင်းတက်နေသည့် သားဖြစ်သူကို တွေ့ရန်အတွက် သွားရသည့် ခရီးဖြစ်သော်လည်း အဝတ်နှင့်ထမင်းထုပ်ကလွဲပြီး တခြားလက်ဆောင် ပစ္စည်းများကို မသယ်ယူနိုင်ခဲ့ဟု ဒေါ်ဆုမြတ်က ပြောသည်။

“အသက်စွန့်ပြီး သွားရမယ့်ခရီးမို့ လိုအပ်တဲ့ ပစ္စည်းတွေကိုတောင် ချန်ထားခဲ့ရတယ်”ဟု ၎င်းခရီးသွားရန် ပြင်ဆင်ခဲ့ ရပုံကို ပြောပြသည်။

အသက် ၃၇ နှစ်အရွယ် ဒေါ်ဆုမြတ်မှာက သူသွားခဲ့ဖူးသည့် ခရီးစဉ်အားလုံးတွင် ယခုခရီးစဉ်မှာ အခက်ခဲဆုံးနှင့် အပင်ပန်း ဆုံးဖြစ်ခဲ့ရပြီး ယခုကဲ့သို့ ခက်ခဲနေချိန်ခရီးသွားရခြင်းမှာ စစ်တွေမြို့တွင် ကျောင်းတက်နေသည့် သားဖြစ်သူကို တွေ့ရန်အတွက်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သူ့မြို့ ရခိုင်၊ မောင်တောမှ ရေမိုင်ရှစ်ဆယ်ခန့်သာ ဝေးသည့် စစ်တွေကို သွားရမည့်ခရီးက ခက်ခဲပင်ပန်းလွန်းလှသည်။

မောင်တောနှင့် စစ်တွေသွားရန် ကြာချိန် သုံးနာရီခန့်သာ သွားရသည့် မောင်တော-အငူမော်-စစ်တွေ လမ်းကြောင်းနှင့် ကြာချိန်ငါးနာရီခန့်သာ သွားရသည့် မောင်တော-ဘူးသီးတောင်-စစ်တွေ အမြန်ယာဉ်လမ်းကြောင်းတို့ ရှိသော်လည်း စစ်ပွဲများကြောင့် သွားမရ။ စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြချက်များဖြင့် လမ်းပိတ်ထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ ကုန်လမ်းရေလမ်းခရီးအများစုကို ပိတ်ထားခဲ့သည်။

ထိုအထဲတွင် ဒေါ်ဆုမြတ်တို့ နေထိုင်သော မောင်တောမြို့သို့ သွားရာလမ်းကြောင်းမှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်ကစ၍ ပိတ်ဆို့ခြင်းခံခဲ့ရသည်။

သို့သော် စက်လှေကြီး(ဘုတ်)တချို့မှာ မောင်တော-ဘူးသီးတောင်-စစ်တွေ ရေလမ်းကြောင်းအတိုင်း ပြေးဆွဲနေသည့် အတွက် အဆိုပါ စက်လှေကြီးဖြင့် စစ်တွေမြို့သို့ ခရီးသွားရောက်နိုင်ခဲ့ကြောင်း ဒေါ်ဆုမြတ်က ပြောသည်။

“စက်လှေနှင့် သွားရတာက နေရာထိုင်ခင်းအဆင်မပြေသလို ရင်တမမနဲ့ သွားခဲ့ရတယ်”ဟု ဒေါ်ဆုမြတ် ကပြောပြ သည်။

ထိုသို့ ရင်တမမနှင့် သွားနေချိန်မှာပင် မြစ်အတွင်း သွားလာနေသည့် စက်လှေများ မကြာခဏ ဖမ်းဆီးခံနေရသည့်အတွက် ဒေါ်ဆုမြတ်တို့စီးလာသော စက်လှေမှာ ရသေ့တောင်မြို့အနီးရှိ ကျေးရွာတရွာအနီးတွင် စက်လှေပေါ်၌ ညအိပ် ရပ်နားခဲ့ရသည်ဟု ဆိုသည်။

စစ်တွေမြို့သို့ ရောက်ရှိသည့်အခါ အလှဲအလှယ် ဝတ်ဆင်ရန် အထည်သုံးစုံမှအပ တခြားအထည်များမပါသော ဒေါ်ဆုမြတ်မှာ စက်လှေပေါ်တွင် တညအိပ် မအိပ်ဘဲ ငုတ်တုတ်ထိုင်နေခဲ့သည်ဟု ပြောပြသည်။

“စက်လှေပေါ်မှာ အမျိုးသမီးဆိုလို့ ကျမနဲ့ ကလေးအမေတယောက်ပဲ ပါတယ်။ ကျန်တဲ့သူတွေက အမျိုးသားတွေ ဖြစ်တယ်။ အဲလိုအခြေနေမှာ ကျမဘယ်လို အိပ်ပျော်မလဲ”ဟု ဒေါ်ဆုမြတ်က ပြောသည်။

ရင်တထိတ်ထိတ်နှင့် သွားလာခဲ့ရသည့် ဒေါ်ဆုမြတ်မှာ အာရုံကပင် ချက်ပြုတ်လာသည့် ထမင်းဟင်းကို မစားနိုင်ဘဲ အချိုရည်တချို့ကို သောက်၍ နေခဲ့ရသည်ဟု ဆက်ပြောသည်။

ဒေါ်ဆုမြတ်နှင့်အတူ စက်လှေတစ်စီးတည်းတွင် အတူစီးလာသည့် နို့စို့အရွယ် သမီးငယ်၏ မိခင်ဖြစ်သူ ဒေါ်ခင်နှင်းမှာ စက်လှေနှင့် သွားရသည့် အတွေ့အကြုံမရှိသလို ကလေးတစ်ဦးနှင့် ပျာယာခတ်နေရသည့်အတွက် လမ်းခရီးတွင်သောက်မည့် ရေသန့်ဗူးတစ်ဗူးတောင် ဝယ်ဖို့ မေ့လျော့ခဲ့ရသည့်ဟု သူမက ပြောသည်။

“ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ တခြားဟာတွေ သတိမရဖြစ်သွားတယ်”ဟု ဒေါ်ခင်နှင်း ကပြောပြသည်။

သို့သော် ဒေါ်ခင်နှင်းတို့ သားမိကို စက်လှေပေါ်တွင် ပါလာသည့် ဒေါ်ဆုမြတ်နှင့် တခြားခရီးသည်တို့က လိုအပ်သည်များကို ကူညီပေးခဲ့သည်ဟု ၎င်းကပြောသည်။

မောင်တော-အငူမော်-စစ်တွေ လမ်းကြောင်း မပေါက်သေးသည့် ၂၀၁၇ ခုနှစ်အလွန်ကာလက မောင်တောမြို့တွင် နေထိုင်လျက်ရှိသော ဒေသခံများမှာ မောင်တောမှ ဘူးသီးတောင်မြို့သို့ ကားဖြင့် သွားရောက်ရပြီး ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များဖြင့် သွားလာခဲ့ရပြီး နံနက် ၆ နာရီမှ ထွက်ခွာလျှင် နေ့လယ် ၁၂ နာရီခန့်တွင် စစ်တွေမြို့သို့ ဆိုက်ကပ်သည်။

၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် မောင်တော-အငူမော်-စစ်တွေလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့သည့် အတွက် ခရီးသည်များမှာ မောင်တောမြို့မှ အငူမော်သို့ နှစ်နာရီခန့်ကားစီးခဲ့ရပြီး အငူမော်မှ စက်လှေ တစ်နာရီခန့် စီးရုံဖြင့် စစ်တွေမြို့သို့ ရောက်ရှိကာ ထမင်းစားချိန် မှီကြသည်။

လက်ရှိ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းများကို ပိတ်ထားချိန်မှာဖြင့် မောင်တောမြို့မှ စစ်တွေမြို့သို့ သွားရောက်ရန် လမ်းခရီးတွင် တညအိပ်ပြီးမှ သွားလာနေရသည်ဟု ဒေါ်ဆုမြတ်က ပြောသည်။ သို့သော် ကံကောင်းသည့်ရက်များတွင် ညအိပ်စရာမလိုဘဲ တရက်တည်းနှင့် စစ်တွေမြို့နှင့် မောင်တောမြို့ကို ခရီးပေါက်သည်များလည်း ရှိသည်။

Photo – Honest Information

မည်သို့ဆိုစေ ကံကောင်းထောက်မ၍ မောင်တောမြို့မှ စစ်တွေမြို့သို့ တရက်တည်းနှင့် ခရီးရောက်ခဲ့သော်လည်း လမ်းခရီးအတွင်း ကြာချိန်မှာ ဆယ်နာရီမှ ဆယ့်နှစ်နာရီထိ ကြာမြင့်ကြောင်း ဒေါ်ဆုမြတ်က ဆိုသည်။
ယခုကဲ့သို့ မောင်တောနှင့် ဘူးသီးတောင်မြို့များမှ ဒေသခံများ ခရီးသွားလာခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သည်မှာ ယခုမှ မဟုတ်ဘဲ ယခင်ကပင် ရှိနေခဲ့သည်ဟု မောင်တောမြို့နေ ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးရှော်ရှိတ်က ပြောသည်။

“တိုင်းရင်းသားတွေက ဒီဒုက္ခတွေကို အခုမှ ခံစားရတာပါ။ ကျနော်တို့က ခေတ်အဆက်ဆက် ခံစားနေရတာပါ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာ များ၏ ခရီးသွားလာခွင့်ကို ကန့်သတ်ထားခဲ့ကြောင်း ဦးရှော်ရိတ်က ပြောသည်။

ထိုသို့ ကန့်သတ်ခံထားရသည့် အဓိကအကြောင်းရင်းမှာ မှတ်ပုံတင် ထုတ်မပေးခြင်းဖြစ်ပြီး မှတ်ပုံတင်ရရှိသူများမှာ ခရီးသွား၍ အဆင်ပြေသည်ဟု ၎င်းက ဆက်ပြောသည်။

မှတ်ပုံတင်မရရှိသော ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်အတွင်း တမြို့နယ်မှ တမြို့နယ်သို့ သွားရောက်ရန်အတွက် လဝကဌာနမှ ခရီးသွားလာခွင့်ပုံစံ(၄) ရယူပြီးမှ သွားလာခွင့်ရရှိသည်ဟု ဦးရှော်ရှိတ် ကပြောပြသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံများအားလုံးကို ခရီးသွားလာ၍မရအောင် စစ်ကောင်စီက ပိတ်ပင်ခဲ့ ရာမှ တမြို့တည်းနေ ရိုဟင်ဂျာများ၏ ဘဝကို နားလည်လာသည်ဟု မောင်တောမြို့ခံ အမျိူးသမီး တစ်ဦးက ပြောသည်။

“ကျမတို့လည်း သူတို့(ရိုဟင်ဂျာ)နဲ့ တူတူပဲ။ ဘဝတူတွေဖြစ်သွားပြီ၊ ကျမကိုယ်ချင်းစာမိလာတယ်” ဟု အဆိုပါ အမျိုး သမီးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ်-ရမ်းဗြဲ- မာန်အောင် ရေကြောင်းလမ်းမှအပ ကျန်မြို့နယ်အားလုံး၏ ရေလမ်းခရီးကို ပိတ်ဆို့ထားပြီး ကုန်ပစ္စည်း သယ်ယူခွင့် ကိုလည်း ကန့်သတ်ပိတ်ဆို့ထားသည်။

ထိုသို့ ပိတ်ဆို့ထားမှုက ရခိုင်ပြည်တွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကို မရပ်တန့်သွားစေသလို လူ့အခွင့်အရေး ချိုးဖောက်မှုကို ပိုမိုကျူးလွန်ရာ ရောက်နေကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဒါက အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်၌ ပိတ်ဆို့ကန့်သတ်ထားသည့် ကုန်လမ်း၊ ရေလမ်းများကို ပြန်ဖွင့်၊ မဖွင့်မှာ မသေချာသေးသည့် အတွက် နောက်ထပ်တကြိမ် သားဖြစ်သူကို သွားတွေ့မည့်အရေးကို စိုးရိမ်ပူပင်နေရသည်ဟု ဒေါ်ဆုမြတ်က ပြော သည်။

“လမ်းတွေမြန်မြန်ဖွင့်ဖို့ပဲ ဆုတောင်းနေတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အဖြစ်မျိုးနှင့် ခရီးမသွားချင်ဘူး”ဟု ဒေါ်ဆုမြတ် ကဆိုသည်။

ကြာချိန် နှစ်နာရီကျော်သာ သွားရသည့် မောင်တောနှင့် စစ်တွေခရီးကို တစ်ညအိပ်သွားခဲ့ရသည့် ဒေါ်ဆုမြတ်က သူ့ခရီးစဉ်ကို ယခုလို ပြောပြသည်။

“ခရောင်းလမ်းကို ဖြတ်လျှောက်ရသလို အသက်ကိုလည်း ဖက်နဲ့ထုပ်ထားရသလိုပါပဲ”

Author:

Related Articles