Htoi Ningli။ ။
အသက် ၂၁ နှစ်အရွယ် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မပွင့်ခိုင် (အမည်လွှဲ) ဟာ ရန်ကုန်မြို့မှာ အဝေးသင် တက်နေရင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိသားစုဝင် ၁၀ ဦးရှိတဲ့ သူ့မိသားစုရဲ့ စားဝတ်နေရေး အခြေအနေဟာပိုမိုဆိုးဝါးလာပါတယ်။
“ ဒီစစ်တပ်အာဏာသိမ်းမှုက ညီမသွားချင်တဲ့ပန်းတိုင်ကို ရိုက်ချိုးပေးလိုက်သလို ခံစားရပါတယ်။ အရိုးသား ဆုံးဝန်ခံရရင် အခုညီမဘာလုပ်ချင်သလဲဆိုတာတောင်မရှိတော့ပါဘူး။ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိ တော့ဘူး။ လျှောက်ရမယ့်လမ်းကိုလည်း မသိတော့ဘူး။” ဟု သူက ဆိုသည်။
သူသည် နိုင်ငံရေးသပိတ်မှာလည်းပါဝင်ခဲ့သဖြင့် သူ၏ သူငယ်ချင်းများနှင့်အတူ ဖမ်းဝရမ်းအထုတ်ခံခဲ့ရ၏။ သူ့ အနေနဲ့ ဖမ်းဝရမ်းအထုတ်ခံရချိန်တွင် ရှောင်တိမ်းနေထိုင်ရင်း လွတ်မြောက်ခဲ့သော်လည်း သူ၏ သူငယ်ချင်း များမှာမူ ဖမ်းဆီးထိန်းထိမ်းသိမ်းခြင်းခံခဲ့ရသည်။
မပွင့်ခိုင်သည် မြန်မာနိုင်ငံအနှံ့က ရွယ်တူလူငယ်များကဲ့သို့ပင် အနာဂတ်ပျောက်ဆုံးမှုနှင့် အလုပ်အကိုင် ရှားပါးမှုကိုပါ တစ်ပြိုင်တည်း ခါးစည်းခံခဲ့ရသော လူငယ်တစ်ဦးဖြစ်သည်။
ထို့ကြောင့် မပွင့်ခိုင်တစ်ယောက် ၂၀၂၁ မေ တွင် ကြံရာမရသည့်အဆုံး ကချင်ပြည်နယ်မှ အခြားအမျိုးသမီးငယ် ၁၁ ဦးနှင့်အတူ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ အလုပ်သွားလုပ်ရန် ရွေးချယ်လိုက်ပါတော့သည်။
သူသည် သင်ယူထားသည့် ကွန်ပျူတာပညာနှင့် အလုပ်လုပ်ပြီး မိသားစုကို ကူညီထောက်ပံ့နိုင်တော့မည်ဆိုပြီး မျှော်လင့်ထားခဲ့သည်။ သို့သော် သူ၏ စိတ်ကူးယဉ် မျှော်လင့်ချက်များသည် မြဝတီမြို့သို့ရောက်သောအခါ တစ်စစီ ပျက်စီးခဲ့ရသည်။
အကြောင်းမှာ မပွင့်ခိုင်တစ်ယောက် အွန်လိုင်းမှငွေလိမ်လည်သည့် ငွေတိုးငွေချေးသောတရုတ်ကုမ္ပဏီတစ်ခု ကို ရောက်သွားခဲ့သောကြောင့်ပင်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီခြံဝင်းထဲတွင် ကာစီနို၊ စူပါမားကက် နှင့် တိုက် အဆောင်အများအပြားရှိပြီး အလုပ်သမားများအား လုံခြုံရေးလက်နက်ကိုင်များဖြင့်စောင့်ကြပ်ပြီး ခြိမ်းခြောက် စေခိုင်းမှုများလုပ်ကြောင်း မပွင့်ခိုင်ကပြောသည်။
“ အဲ့အချိန်ကာလမှာ အားလုံးကခက်ခဲနေတဲ့သူတွေပဲဆိုတော့ လစာက (၁၁)သိန်း လောက်ရတယ်။ ကွန်ပျူ တာနှင့် အဲယားကွန်းအခန်းမှာ အေးဆေးလုပ်ရမယ်ဆိုတော့ သက်သာမှာပါဆိုပြီး စိတ်ကူးယဉ်ခဲ့တယ်။ ရောက် တဲ့နေ့မှာပဲ ကချင်အကိုတစ်ယောက်က ညီမကို ဒီအလုပ်က လိမ်လည်ရတဲ့အလုပ်ဆိုတာ ညီမမသိဘူးလား ဆိုပြီးပြောပါတယ်။ ညီမတို့အဖွဲ့ထဲမှာ ကချင်အမျိုးသမီးငယ် ရှစ်ယောက်လောက်ပါတော့ အဲ့အကိုကိုယ်တိုင် ကလည်း အလိမ်ခံရပြီးရောက်လာခဲ့တယ်ဆိုတော့ ညီမတို့ကို ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်တဲ့မျက်နှာနဲ့ နောက်ဆုံးစကားတစ်ခွန်းပဲမှာခဲ့တယ် ညီမတို့ ဒီညကစပြီးဒီကနေရအောင်ထွက်ဖို့ပဲ စဉ်းစားနော်တဲ့။ အဲ့က တည်းက ညီမစိတ်တွေ ကြောက်လန့် ပြီးနေခဲ့ရတယ်” ဟုသူကဆိုသည်။
အဆိုပါ အလုပ်က ငွေစုငွေချေးဘဏ်ပုံစံဖြင့် ငွေကြေးအဆင်မပြေသည့် ထိုင်းလူမျိုးတွေကို အဓိက ပစ်မှတ် ထားလိမ်လည်ရခြင်းဖြစ်သည်။ လုပ်ငန်းမစခင်မှာလိမ်နည်းများကို ကြေညက်အောင် ဖတ်ရှုလေ့လာထားရပြီး ကာစတမ်မာများနှင့် စကားအပြောအဆို သိပ်မလုပ်ရဘဲ အွန်လိုင်းကနေတဆင့် သက်ဆိုင်သည့် စာရွက် စာတမ်းများကို တစ်ဖက် ကာစတမ်မာတွေဆီ ပို့ပေးရသည်။ ပထမအဆင့်အနေဖြင့် ကုမ္ပဏီဖက်မှာ ငွေစုငွေ ချေးပုံစံ လင့်အတုများကိုဖြန့်ပြီး ငွေလိုသူများငွေချေးလိုသဖြင့် Register (စာရင်းသွင်း) ရန် လိမ်လည်လှည့်ဖြား ပြောဆို စည်းရုံးရခြင်းဖြစ်သည်။
“ ထိုင်းနိုင်ငံက ပိုက်ဆံမရှိတဲ့သူတွေတော့ စိတ်ဝင်စားကြပြီး ပိုက်ဆံချေးချင်လို့ Register လာတင်ကြတယ်။ ဒီလိုနဲ့ ကွန်ပျူတာမှာပေါ်လာတဲ့ ကာစတမ်မာတွေကို မင်္ဂလာပါပြောပြီးတာနဲ့ ပထမဦးဆုံး Register တင်ပြီးပြီ လားဆိုတာ မေးရပါတယ်။ မတင်ပြီးသေးရင် Register တင်ပေးဖို့ Link တွေပို့ပေးရပါတယ်။ အဲ့ ရီဂျစ်စတာ ထဲမှာ ငွေပမာဏဘယ်လောက်ချေးမလဲနဲ့ ဘယ်နှစ်လ ချေးမလဲဆိုတာပေါ်လာပြီးသားဖြစ်တယ်။ အဲ့ဟာကို ကာစတမ်မာဘက်က အတည်ပြု လုပ်ပြီးသွားတာနဲ့ စာရွက်စာတမ်းကြေးဆိုပြီး ထိုင်းဘတ်ငွေတစ်ထောင် ပေးသွင်းဖို့ရန်လိမ်လည်တောင်းဆိုရပါတယ်။ ” ဟု သူကရှင်းပြသည်။
ပထမအဆင့်အနေနှင့် စာရွက်စာတမ်းကြေးရပြီးပါက ဒုတိယအဆင့်အနေဖြင့် ချေးငွေပမာဏရဲ့ လစဉ် အလိုက် ပေးဆောင်ရမည့်အတိုးငွေကို ထည့်ပေးဖို့ ထပ်မံတောင်းဆိုရသည်။
“ အဲ့ဒီအဆင့်ပြီးသွားရင် အလုပ်ရှင်တွေက နောက်တစ်ဆင့်တက်ခိုင်းပြန်တယ်။ ကာစတမ်မာတွေ ဘက်က လည်း ချေးငွေတွေပို့ပေးဖို့ တောင်းနေကြပြီ။ အဲ့အချိန်ညီမတို့လည်း စကားလမ်းကြောင်းလွဲရတာပေါ့။ ဟိုဟာ အရင်လုပ်ပါ အဲ့တာပြီးမှ ချေးငွေပို့ပေးပါမယ်ဆိုပြီး ရနိုင်သမျှ ဒီလို ငွေညစ်ရတာပေါ့။ အတော်အတန်ကြ အောင် သူတို့ချေးငွေတောင်းပြီး မရတဲ့အဆုံး သူတို့ပေးထားတဲ့ ဘတ်ငွေတစ်ထောင်နဲ့ အတိုးနှုန်းကို တောင်းပါ တော့တယ်။ အဲ့ဒီအချိန်ဆိုရင် ညီမတို့ရဲ့အလုပ်ရှင်တွေက block ခိုင်းလိုက်ပြီး နင့်တာဝန်ပြီးသွားပြီ ဆိုပြီး ပြောပါတယ်”
သတ်မှတ်ထားသည့်ငွေကိုမရှာပေးနိုင်ပါက အလုပ်အချိန်ပိုပြန်ဆင်းပေးရသည့်အပြင် လစာဖြတ်ခြင်းပါခံရပြီး အလုပ်ကောင်းကောင်းမလုပ်ပေးနိုင်ပါက အခြားအလားတူ လိမ်လည်သည့်ကုမဏီသို့တစ်ဆင့် ပြန်လည် ရောင်းချခဲ့ရသည့် အစဉ်အလာရှိကြောင်း မပွင့်ခိုင်က ပြောသည်။
“ ညီမတို့ခိုးထွက်သွားဖို့ ကြိုးစားပေမယ့်မအောင်မြင်ခဲ့ဘူး။ ညီမတို့ ဒီကိုရောက်တာနဲ့ မှတ်ပုံတင် တွေပေး ထားရတယ်။ မှတ်ပုံတင်ပေးထားရင်တော့ သူတို့သတ်မှတ်ထားတဲ့ ဧရိယာအတွင်းလုံခြုံရေးအစောင့် နှစ် ယောက်နှင့် အပြင်ကို ၁၅မိနစ် သွားပိုင်ခွင့်ရတယ်။ ညီမတို့ အပြင်ကို လုံးဝထွက်ခွင့် မရှိဘူး CCTV နှင့် လုံခြုံ ရေးလက်နက်ကိုင်(သေနတ်နှင့်ကျင်စက်)အပြည့်နဲ့ ညီမတို့ရဲ့ အိပ်ခန်းအရှေ့၊ ထမင်းစားခန်း၊ အလုပ်လုပ်တဲ့ နေရာတကာစောင့်ကြည့်တယ်။ ”
ထို့အပြင်အလုပ်နားရက်အဖြစ် တစ်လတွင် နေ့တစ်ဝက်သာနားခွင့်ရပြီး သတ်မှတ်ထားသည့် ငွေပဏာကို ပြည့် အောင်ရှာပေးရကြောင်း အလုပ်ထွက်ချင်ပါက အခန်းအတွင်းပိတ်လှောင်ထားပြီး မြန်မာငွေကျပ်နှစ်သိန်း ပေး ဆောင်နိုင်မှသာ ထွက်ခွင့်ရှိသည်ဟု အကြပ်ကိုင်သည့်အပြင် အခြားကုမဏီသို့လည်း ရောင်းစားပစ်မည်ဟု ခြိမ်း ခြောက်ကြောင်းသိရသည်။
“ ထွက်တော့မယ်လို့ပြောလိုက်တော့ တစ်ယောက်ကို ရှစ်သိန်းပေးလျော်နိုင်ရင်ထွက်ခွင့် ပေးမယ်လို့ ပြော ပါ တယ်။ နှစ်သိန်းက ကွာရန်တင်းဝင်ကြေး၊ သုံးသိန်းက နင်တို့ကိုခေါ်ဆောင်လာခ၊ ကျန်သုံးသိန်းက လမပြည့် ဘဲအလုပ်ထွက်ခဆိုပြီးတောင်းပါတယ်။ ညီမတို့က လာတဲ့အချိန်လည်း ချေးငှားပြီးလာခဲ့ရတာ ဒီကိုရောက် တော့လည်း လမပြည့်တော့ လစာတစ်ပြားမှပြန်မရတဲ့အပြင် လျော်ကြေးပေးပြီးထွက်ခဲ့ရတယ်။”
အလုပ်ရှင်ဖက်မှငွေများကို ညတွင်းခြင်းလျော်ခိုင်းပြီး အဆိုပါနေရာမှ ညတွင်းချင်းမောင်းထုတ်ခဲ့ကြောင်း မပွင့်ခိုင်က ပြောသည်။
“ ညီမမှာလည်း ပိုက်ဆံကလုံးဝမပါတော့ မော်လမြိုင်က အမျိုးတစ်ယောက်ကို ပြန်ဆက်သွယ် ငါးကျပ်တိုးနှုန်းနဲ့ ရအောင်ချေးပြီးဆပ်နိုင်ခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေက အကုန်လုံးအိမ်ကို အကူအညီ လှမ်းတောင်းပြီး ပြောပြလို့ရတဲ့အနေအထားရှိပေမယ့် ညီမမှာကျတော့ခက်ခဲခဲ့တယ်။ အဖေနဲ့အမေကလည်း နေမကောင်းဖြစ် နေတဲ့ အနေအထားဆိုတော့ ကိုယ့်ဘာသာကိုယ်ရှာကြံပြီး ဖြေရှင်းလိုက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ညီမတို့ ည (၉) နာရီ မှာ ထွက်ခွင့်ရခဲ့ပြီး အကုန်ငိုကြတယ်။ ငါတို့ထွက်နိုင်ခဲ့ပြီဆိုပြီး ဝမ်းသာတဲ့စိတ်နဲ့ပေါ့ ” ဟုသူကဆိုသည်။
သို့သော် အဆိုပါအလုပ်မှ လျော်ကြေးပြန်မပေးနိုင်သဖြင့် ထွက်ခွင့်မရသေးကာ ကျန်နေခဲ့သည့် သူနှင့် ရွယ်တူ များအတွက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်နေရကြောင်း ပြောသည်။ မပွင့်ခိုင်တို့သည် မိုးညှင်းမြို့ကို မေလ ၁၈ ရက်မှာ အရောက် ပြန်နိုင်ခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူချည်းပဲ ဒုက္ခရောက်သည်မဟုတ်ဘဲ အခြားရွယ်တူ ကျောင်းနားထားသည့် သူငယ်ချင်းအပေါင်းအသင်းများလည်း အနာဂတ်အတွက် လမ်းပျောက်ဆုံးနေသည်ဟု ဆိုသည်။
” အခုဆိုရင် အသိသူငယ်ချင်းတွေက အိမ်ထောင်ပြုသွားတာတွေ အများကြီး တွေ့လာရပြီ။ ခက်ခဲတဲ့အချိန်မှာ ဘဝတက်လမ်းအတွက် ဘာမျှလုပ်ချင်ကိုင်ချင်စိတ်မရှိလာတော့ဘူး” ဟုသူက ဆိုသည်။
ဖေဖော်ဝါရီလ၁ရက်နေ့ စစ်အာဏာသိမ်းမှု ၁၁လနီးပါးအတွင်း ကျဆုံးသွားသူစုစုပေါင်း ၁,၃၂၃ ဦး၊ ဖဖ်းဆီးချုပ် နှောင်ခံရသူ ၁၀,၈၁၅ ဦးနှင့် ဖမ်းဝရမ်းထုတ်ခံရသူ ၁,၉၆၃ဦး ရှိနေပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။
စစ်အာဏာသိမ်းပြီးနောက် ဘဏ်စနစ်များပုံမှန်မလည်ပတ်နိုင်ခြင်း ငွေသားရှားပါးမှုပြဿနာများကြောင့် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးသည့်အဖွဲ့အစည်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကူညီထောက်ပံ့မှု လုပ်ငန်း များလုပ်ဆောင်ရန်လည်း ခက်ခဲနေပါသည်။
ထို့အပြင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ရပ်ဆိုင်းသွားသောကြောင့် စီးပွားရေး ခြွတ်ခြုံကျမှုများဖြစ်လာသည်။ အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစနစ်များပြိုလဲကာ ပြည်သူလူထုများစွာ ဒုက္ခ ခံနေရသည့်အပြင် တချို့ဒေသများ အင်တာနက်ဖြတ်တောက်ခြင်း ခံနေရပါသည်။
ကိုဗစ်-၁၉ ပျံ့နှံမှုနှင့် တစ်ပြိုင်နက် စစ်အာဏာသိမ်းပြီးနောက် ကျောင်းဝင်းနှင့်တက္ကသိုလ် ပရဝုဏ်များတွင် စစ် ကောင်စီများတပ်စွဲထားခြင်းများကြောင့် ပညာရေးစနစ်ပျက်စီးပြီး ကျောင်းနေအရွယ်ကလေးများ စဉ်ဆက် မပြတ် ပညာသင်ယူနိုင်မှု အခွင့်အလမ်းဆုံးရှုံးနေသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်သည်။ ယခုတလော ကချင်ပြည် နယ် မြစ်ကြီးနားတွင် ဖောက်ခွဲမှုများ မကြာမကြာဖြစ်ပွားနေသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်ရှိ ၁၀ ကျော်သက် ကျောင်းနေအရွယ် လူငယ်များအပေါ် ရိုက် ခတ်မှု ကြီးမားကြောင်း အမည်မဖော်လိုသည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတက်ကြွ လှုပ်ရှား သူတစ်ဦးက ပြောသည်။
“ အခုချိန်အန္တရယ်ရှိတဲ့ အုပ်စုဆိုရင်တော့ တက္ကသိုလ်တက်ခါစ ဒါမှမဟုတ် ၁၀တန်းအောင်ထားတဲ့ ကလေး တွေဖြစ်တယ်။ သူတို့လေးတွေအတွက်က အနာဂါတ်ပျောက်သွားသလိုဖြစ်တယ် ရုပ်ပိုင်းဆိုင်ရာအနာတရဖြစ်မှု ထက်စာရင် ဒီအနာဂါတ်ပျောက်သလိုဖြစ်တဲ့ပြဿနာကပိုဆိုးတယ်။ ဥပမာတစ်ချို့က ကျောင်းတွေတော့ အပ် ထားတယ်။ သို့ပေမယ့် တက်လို့စစ်ဆေးခံရမှာတွေစိုးရိမ်ရတယ်။ တပြိုင်နက်တည်းမှာပဲ ရွာထဲမှာဆိုရင်တော့ သက်ငယ်ကိုယ်ဝန်ဆောင်ခြင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတာတွေ့ရပါတယ်။”
“ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျသွားတာမျိုးတွေ ပြီးရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမအေတွေဖြစ်သွား တဲ့အခါကြတော့ အန္တရယ်တွေအများကြီးပေါ့။ အနာဂါတ်ပျောက်တယ်ဆိုတဲ့နေရာမှာ မျှော်လင့်ချက် (Hope) ဆိုတဲ့စကားလုံးပျောက်သွားတော့ ဒီလိုအမျိုးမျိုးတွေဖြစ်လာတယ်။ မိမိကိုယ် မိမိတန်ဖိုးထားခြင်း(Self-esteem) ကျသွားတာကအစ အတန်းပညာတွေတင်မက လက်မှုအသက်မွေးဝမ်းကျောင်းပညာတွေလည်း သင်ယူဖို့ အင်မတန်မှ အခက်အခဲရှိတယ်” ဟု သူကရှင်းပြသည်။
ယခုကဲ့သို့ကာလအတွင်း အဆိုပါလူငယ်များကို လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း တတ်နိုင်သည့်ဖက်မှ အွန်လိုင်းမှ အသိအမြင်ဖွင့်သင်တန်းကမ်ပိန်းများသာ လုပ်ဆောင်ပေးနေနိုင်ပြီး လက်တွေ့မြေမြင်တွင် အကူ အညီပေးရန် ခက်ခဲနေကြောင်း သိရသည်။
“ အသိအမြင်ဖွင့် သင်တန်းတွေလည်း အင်မတန်လုပ်ဖို့ လိုအပ်နေပါတယ်။ လူကိုယ်တိုင်ပေးဖို့ကြလည်းခက် အွန်လိုင်းကနေပေးတာလောက်နဲ့တော့ မတိုးဘူးဖြစ်နေတယ်။ တတ်နိုင်သလောက်တော့အွန်လိုင်း၊ ဖုန်းနဲ့ Coaching လုပ်ကြတယ်။ တရားမျှတရေးအတွက်လိုအပ်တယ်ဆိုလို့ရှိရင် ကူညီဆောင်ရွက်ပေးတာ တွေရှိတယ်။ ဒါပေမယ့် လောလောဆယ်မှာ တရားမျှတရေးလို့ပြောရင် မြို့ထဲမှာ ဖြစ်တဲ့ဟာဆိုရင် ဘယ်မှာမှ အဆင်မပြေဘူး ဘာလိုလဲဆိုရင် တရားခွင်တွေက မတရားခွင်တွေဖြစ်နေကြတော့ တရားစွဲဆိုဖို့ကလည်း ရဲစခန်းတွေမှာပဲ သွား စွဲဆိုရမယ်ဆိုတဲ့အရာမျိုးတွေမှာတော်တော်အခက်အခဲရှိနေတာတွေ့ရပါတယ်။”
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ကိုးတန်းကျောင်းသား၏ မိခင်ဒေါ်လဲ့ကြည်(အမည်လွှဲ)ကလည်း အာဏာ သိမ်းမှုကြောင့် ကျောင်းမတက်နိုင်တော့သည့် သားအတွက်စိုးရိမ်ပူပန်နေရကြောင်း ပြောသည်။
“ စိတ်မချတဲ့အကြောင်းက ကျွန်မသားက ၁၆ ၊ ၁၇ အရွယ်ဆိုတော့ တကယ်လို့များ စစ်ကောင်စီဘက်ကနေ ကျောင်းတွေမှာသွားပြီး ဖောက်ခွဲရေးတွေလုပ်တာ ဖမ်းဆီးတာတွေလုပ်တဲ့အချိန်ပါသွားမှာကို အဓိကစိုးရိမ်ပူ ပန်မိပါတယ်။ ပညာရေးက ဒီ ၂ လ ၃ လနဲ့လည်း အရမ်းကြီးတတ်မြောက်လာမှာမဟုတ်ဘူး။ လုံခြုံရေးက ပို အရေးကြီးတယ်ဆိုပြီး ကျောင်းနားခိုင်းလိုက်တာပါ”
ကချင်ပြည်နယ် ဝိုင်းမော်မြို့အထက်တန်းကျောင်းမှ CDM ဆရာတစ်ဦးဖြစ်သူ ဦးအောင်ဇော် (အမည်လွဲ) ကလည်း အာဏာသိမ်းမှုကြောင့် ကျောင်းနေအရွယ်များအနာဂါတ် မျှော်လင့်ချက်မဲ့နေပြီဟု ပြောပါသည်။
“ ကလေးတွေရဲ့ ပညာသင်ယူခွင့် ဆုံးရှုံးသွားတော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလိုခံစားရပြီး စိတ်မကောင်း ဖြစ်မိတယ်။ ပညာသင်ယူခွင့်မရှိတော့ဘူးဆိုရင် နောက်ကျွန်တော်တို့ရဲ့ မျိုးဆက်က အရမ်းကြီး သူတို့အပေါ် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်။ ပညာမသင်ယူရတဲ့အတွက် ဒီကလေးတွေဟာ ဒီလိုနဲ့ပဲ အသက်က တစ်နှစ်ပြီး တစ်နှစ်ကြီးလာမှာပဲ သို့ပေမယ့် သူတို့ အမှားအမှန်ကိုမခွဲခြားနိုင်တော့တာဖြစ်လာနိုင်ပါတယ်။ အဲ့တာတွေကို တွေးရင်းနဲ့ အရမ်းစိတ်မကောာင်းဖြစ်မိပါတယ်”
ယခုကဲ့သို့ကျောင်းနားထားရသည့် ၁၀ ကျော်သက် လူငယ်များကို စိတ်ပိုင်းဆိုင်ရာ အကူအညီများ ပေးသင့်ရုံ မျှမက လူကုန်ကူးမှုအန္တရယ်မှ ကာကွယ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားပေးဖို့လိုကြောင်းနှင့် လက်ရှိအခြေအနေ တွင် ပြည်တွင်းအကူအညီပေးရေးအဖွဲ့များအနေဖြင့် ကိုဗစ်ကန့်သတ်ချက်များနှင့် စစ်အာဏာသိမ်းမှုကြောင့် အလှူငွေများအလွယ်တစ်ကူမရတော့သည့်အပြင် ရနေသည့် အကူအညီငွေများကို ထုတ်ယူဖို့ရာတွင်လည်း နိုင်ငံတွင်း ဘဏ်စနစ်အခက်ကြောင့် အဆင့်ဆင့် လွှဲယူပြောင်းယူရနေသဖြင့် မြေပြင်အကူအညီပေးရေး လုပ်ငန်းများ အခက်အခဲကြီးမားကြောင်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ပြောသည်။
“ အခုအခြေအနေမှာတော့ ဒီမြဝတီဘက်သွားတဲ့နေရာမှာ လူငယ်တွေသာမက လူကြီးတွေလည်း အဲ့လိုဖြစ် နေတယ်။ ထိုင်းနိုင်ငံကလည်း တရားဝင်လက်မခံဘူးဆိုတာသိပေမယ့် နောက်ဆုံးကြတော့ ဒီကိုယ့်ရဲ့ဒေသ အတွင်းမှာကလည်း အလုပ်ကမရှိဘူးဖြစ်တဲ့အခါကြတော့ မကြာခဏအဲ့လိုမျိုးခံနေရတယ်။ ဒီဟာကို ကျွန်မတို့ ဒီတိုင်းပဲ ထိုင်ကြည့်နေလို့လည်းမရဘူး။ သူ့ရဲ့အရင်းအမြစ်ကိုပြန်ပြောမယ်ဆိုရင် စစ်အာဏာသိမ်းမှုကတော့ အမြန်ဆုံးပြီးမှရမယ် ဘာလို့လဲဆိုရင် လူကြီးတွေမက လူငယ်တွေရော အကုန်လုံးဒီပြဿနာဖြစ်နေတယ်။”
“ ပြီးရင် မိမိကိုယ်ကိုသတ်သေတဲ့နှုန်းတွေလည်း ခါတိုင်းနှစ်မကြားဖူးတာတွေ ဒီနှစ်အများကြီး ကြားလာရပြီး တစ်နိုင်ငံလုံးက ဆေးကုဖို့လိုအပ်တဲ့အနေအထားဖြစ်နေတယ်။ ဆေးကုဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာ လူမှုရေး၊ စီးပွားရေးအရကော ပြီးရင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော ကျွန်မတို့အင်မတန်မှ ပြန်ပြီးလုပ်ဖို့ခက်နေတယ်” ဟု သူက ရှင်းပြသည်။
ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ပြီးဆောင်ရွက်ရသည့် ကိစ္စများကို NUG အစိုးရအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် မူဝါဒပိုင်းဆိုင်ရာများအပြင် အကူအညီရရှိရေး ညှိနှိုင်းကြိုးစားလုပ်ဆောင်သင့်ပေးကြောင်း သူက ထောက်ပြသည်။
“ NUG အနေနဲ့လည်း ဒါကိုယ့်ရဲ့အိမ်နီးချင်းအစိုးရတွေကို လော်ဘီလုပ်ဖို့လဲလိုအပ်တယ်လို့မြင်ပါတယ်။ ဘာလို့ လဲဆို မြန်မာပြည်တွင်းမှာ အခြေအနေမကောင်းရင် ဒီအိမ်နီးချင်းကိုထွက်လာကြမှာပဲ။ အဲ့အခြေအနေမှာ အိမ်နီးချင်းတွေရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နယ်စပ်ကုန်သွယ်ရေးမူဝါဒေနှင့် အလုပ်သမားရေးမူဝါဒတွေကို ကျွန်မတို့ နိုင်ငံရဲ့အစိုးရက တတ်နိုင်သလောက်ကာကွယ်ပေးရင်တော့ အနည်းငယ်အဆင်ပြေလာမယ်ထင်တယ်”
အဆိုပါလူငယ်များအတွက် ပညာရေးအခွင့်အရေးများကိုဆောင်ရွက်ပေးခြင်းကို အကူအညီပေးသင့်ကြောင်း လည်း ယခုလို အကြံပြုသည်။ “ ဒီအတိုင်းပဲ ဇာတ်မျောဆိုလို့ရှိရင် ကျွန်မတို့မျိုးဆက်တစ်ခုက လောလောဆယ်တော့ ရှုံးပြီးသားလို ဖြစ်လာ တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဥပမာအနေနဲ့ မျိုးဆက်တစ်ခုဟာ ကျွန်မတို့ ပညာရေးနဲ့လုံးဝ ဆုံးရှုံးသွားပြီးတော့ နောက်ဆုံးပိုင်းမှာဆိုလို့ရှိရင် သူတို့အနေနဲ့ပညာမတတ်တဲ့ အလုပ်ကြမ်းသမား (Hard worker) အနေနဲ့ပဲ လုပ်ရမလား ဒါမှမဟုတ်ဘူးဆိုရင် ပညာနဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ လုပ်သားဆိုတဲ့ ဘက်ကိုလုံးဝပြန်မလာ နိုင်တော့ဘူးလားဆိုတာ ကျွန်မတို့ရဲ့ စိုးရိမ်ချက်ဖြစ်တယ်”