Home ဆောင်းပါး အနုပညာလက်နက်နဲ့ ဆက်လက်တော်လှန်မယ်

အနုပညာလက်နက်နဲ့ ဆက်လက်တော်လှန်မယ်

ခက်ဆစ်။ ။

“ အနုပညာနဲ့ပဲဖြစ်ဖြစ် ဘယ်နည်းလမ်းနဲ့မဆို အာဏာရှင်ဆန့့်ကျင်ရေးကိုပဲလုပ်မယ်ဆိုတာကတော့ သေချာ တယ်။ ကိုယ်ကအရင်တည်းကလည်းလုပ်ခဲ့တာဆိုတော့ ဆက်ပြီးတော့လည်း အနုပညာကို လက်နက်တစ်ခုလို ကိုင်စွဲပြီးတော့ လုပ်သွားမှာပါ ”

ဒါကတော့ သရုပ်ပြတင်ဆက်မှု အနုပညာရှင်မအိ ကိုင်စွဲထားတဲ့ တော်လှန်ရေး လက်နက်တစ်ခုပဲဖြစ်ပါတယ်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ အာဏာရှင် ဆန့်ကျင်ရေးကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး တော်လှန်လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံကပြည်သူလုထုတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့ရုံသာမက ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ လူထုတော်လှန်ရေးတိုက်ပွဲရဲ့ အရှိန်ဟာ လမ်းမထက်က ဆန္ဒပြမှုတွေကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်တာတွေ၊ ကြွေးကြော်သံတွေနဲ့ သံပြိုင်တွန်းလှန်တာတွေ၊ အနုပညာရှင်တွေရဲ့ ပါဝင်မှုတွေ၊ ဂီတနဲ့ တင်ဆင်တာတွေ၊ ကဗျာရွတ်ဖတ်သံတွေအပြင် ပါဖောမန့်လို့ခေါ်တဲ့ သရုပ်ပြအနုပညာ တင်ဆက်မှုတွေနဲ့ တော်လှန်ဆန့်ကျင်ခဲ့တာတွေကလည်း လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ပူးပေါင်းပါဝင်မှုတို့ကို ရရှိ စေခဲ့ပါတယ်။

မြေနီကုန်းတံတားအောက်ဆုံရပ်နေရာလေးကတော့ တော်လှန်ရေးကာလမှာ လူမျိုးပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်။

ဆန္ဒပြမှုတွေ တော်လှန်ကြွေးကြော်သံတွေအကြား တံတားအောက်မှာ ငြိမ်သက်စွာထိုင်ရင်း အမြစ်ဖြုတ်ရေး တိုက်ပွဲဝင်နေကြသူတွေရှိပါတယ်။ ပဲပင်ပေါက်အစုအပုံရဲ့ဘေးမှာ အမျိုးသမီး အမျိုးသား လူကြီး လူငယ်မရွေး ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အမြစ်ဖြုတ် ပါဖောမန့်ပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုလေးကို စတင်ခဲ့အသွင်းခဲ့တာကတော့ ပါဖောမန့် အနုပညာရှင် မအိပဲဖြစ်ပါတယ်။

“ ပဲပင်ပေါက် အမြစ်ဖြုတ်တာကလည်း အရင်တည်းကလုပ်ခဲ့တဲ့ ပါဖောမန့်လေးလည်းဖြစ်တယ်။ လူတွေက လည်း ကြွေးကြော်သံတွေအော်ကြတယ်။ နေပူကြီးထဲမှာ အကြာကြီးလမ်းတွေလျှောက်ကြတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ကိုယ့်ပါဖောမန့်လေးမှာ ပါဝင်ပြီးတော့ ခဏ သူတို့အနားရတယ်။ ထိုင်ပြီးတော့ ကိုယ့်ရဲ့ ဆန္ဒ ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖော်ထုတ်လို့ရတဲ့နေရာလေးတစ်ခုကို အမကပေးခဲ့နိုင်လိုက်တယ်” လို့ မအိက သူ့ရဲ့ တင်ဆက်မှုကိုပြောပါတယ်။

အမြစ်ဖြုတ် အနုပညာလှုပ်ရှားမှုဟာ မြေနီကုန်းတံတားအောက်မှာမှမဟုတ်ဘဲ တခြားမြို့နယ်တွေ မြို့တွေအထိ ပါ ကူးစက်သွားပြီး လူထုအသုံးတည့်တဲ့ ပါဖောမန့်အနုပညာတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆန္ဒပြသူတွေကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းမှုတွေရှိလာပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ ရှိလာတဲ့အချိန်မှာတော့ မြေနီကုန်းတံတားအောက်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေကိုလည်း ပြုလုပ်ခဲ့ကြ ပါတယ်။ တချိန်တည်းမှာပဲ ကြွေမွသွားခဲ့ရတဲ့ဘဝတွေအတွက် ပြုပြင်ပေးနိုင်တဲ့ သင်္ကေတ သဘောတရား ပါဝင်တဲ့ အနုပညာပါဖောမန့်တစ်ခုကိုလည်း မအိက လုပ်ဆောင်ခဲ့ပါသေးတယ်။

ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ပါဖောမန့်လုပ်ဖို့အတွက် မအိဟာ အိမ်မှာ သံပုံးတီးထားတဲ့ ဒန်အိုးဒန်ခွက်တွေကို ယူဆောင်လာပြီး ပိန်လိန်နေတဲ့အိုးတွေကို ပြန်ကောင်းအောင် ပြုပြင်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

“ ဘဝတွေက ကြေမွသွားခဲ့ပြီ။ ပြန်မရတော့ဘူးကွာ။ ဆုံးပါးသွားတဲ့သူတွေလည်း ပြန်မရတော့ဘူး။ တော်လှန် ရေးလုပ်နေတဲ့သူတွေလည်း ဘာပဲဖြစ်ဖြစ် ဘဝတွေကတော့ ကြေမွသွားခဲ့ပြီ။ ဆုံးရှုံးခဲ့ပြီ။ ဒါလေးတွေကို ပြန်ပြီး တော့ ငါပြုပြင်ပေးလို့ရနိင်မလားဆိုပြီးတော့ အဲ့ဒီသင်္ကေတလေးပေါ့။ အဲ့ဒီအိုးလေးတွေကို ပြန်ပြီးတော့ ကောင်း လာအောင်ပြုပြင်တဲ့ပုံစံမျိုးလေးနဲ့ ပါဖောမန့်လုပ်ခဲ့တာ တစ်ကြိမ်ရှိတယ်”

နောက်ထပ် အနုပညာလှုပ်ရှားမှုတစ်ခုကတော့ မအိအပါအဝင် အနုပညာရှင် ခြောက်ယောက်နဲ့ စုပေါင်း
လုပ်ဆောင်ခဲ့တဲ့ Installation Art ပုံစံမျိုးဖြစ်တဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး ပုံဖော်ပြသတဲ့ အနုပညာ တစ်ခု ပဲဖြစ်ပါတယ်။

“ အဲ့ဒီတုန်းက ကျမက သေနတ်လေးတွေမှာ ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ စားနေတဲ့အစားအစာဖြစ်တဲ့ ဆန်စေ့ လေးတွေကပ်ပြီးတော့ လက်နက်တို့ တင့်ကားတို့နဲ့ပုံဖော်ပြီး ပြသခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒို့တွေကို သတ် နေတဲ့သူတို့ရဲ့လက်နက်တွေက ဒို့တွေစားသောက်ရမယ့် ပြည်သူပိုင်တဲ့ဘဏ္ဍာပဲကွာ။ အဲ့ဒါနဲ့ ပြန်ဝယ်ပြီး ပြည်သူတွေကိုသတ်နေတယ်လို့ ဒါလေးတွေကိုမြင်အောင်လို့ပြခဲ့တာ ရှိတယ်”လို့ သူက ဆိုပါတယ်။

မအိရဲ့ နောက်ထပ် ပါဖောမန့်တစ်ခုကတော့ ထီးအနီရောင်လေးတွေအပေါ်မှာ CDM တွေအတွက် အထောက် အပံ့ဖြစ်စေတဲ့စသားသားတွေ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စာသားတွေကိုရေးသားဖော်ပြပြီး တံတားအောက် တလျောက်မှာထိုင်ပြီး ပြသခဲ့တဲ့လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာဆောင် သတို့သမီးသားဝတ်စုံတွေနဲ့ လမ်းလျှောက်ချီတတ်ခဲ့တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

“ အဲ့ဒီတုန်းက ပြည်သူတွေက သိပ်သနားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကအသိမှတ်ပြုမိအောင် သတိထားမိအောင် Trending ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး အကုန်လုံးက မရှက်မကြောက် အားလုံး လုပ်ကြ တယ်။ နည်းမျိုးစုံနဲ့လုပ်ကြတယ်။ ပုံမှန်ဆို မလုပ်ရဲတာမျိုးတွေကို သတ္တိရှိရှိဝိုင်းလုပ်ကြတယ်။ နောက်ပြီးတော့ ညနေဘက်တွေမှာထွက်ပြီးတော့ စာတွေရေးကြတယ်။ ကင်းအဖွဲ့ကတစ်ဖွဲ့ရှိတယ်။ ကင်းစောင့်တဲ့သူကစောင့်။ စာရေးတဲ့သူကရေး။ ရေးပြီးရင်ပြေးပေါ့။ ဒါမျိုးလုပ်ခဲ့တာတွေလည်းရှိတယ်”

မြေနီကုန်းတံတားအောက်မှာ နေ့စဉ်နဲ့အမျှ လာရောက်ကြသူတွေ များပြားလာတာကြောင့် တံတားအောက်ကို သန့်ရှင်းနေစေဖို့အတွက် မအိနဲ့ သူငယ်ချင်းတွေစုပေါင်းပြီး သန့်ရှင်းရေးတွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။

ဒါကတော့ ပါဖော့မန့်အနုပညာတစ်ခုမဟုတ်ပေမယ့်လို့ လူထုကအားတက်သရော ပါဝင်လုပ်ဆောင်ခဲ့တဲ့ မှတ် တမ်းတစ်ခုဖြစ်သလို မီဒီယာတွေကပါ အာရုံစိုက်ပြီး ဖော်ပြခံရတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

မအိကတော့ ၂၀၀၈ ခုနစ်ကတည်းက ပါဖောမန့်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံတကာ ပါဖောမန့်အနုပညာပွဲအများစုမှာ တင်ဆက်ပြသခဲ့သလို ၂၀၁၅ ခုနစ်မှာတော့ အမျိုး သမီးတွေရဲ့ ရာသီသွေးနဲ့ ပတ်သက်တဲ့ Period အမည်ရှိ သရုပ်ဖော်ပြသပွဲကို လုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံထားမှုတွေ ရှေးလုပ်ရိုးစွဲအမြင်တွေကနေ ဖောက်ထွက်တဲ့ အနုပညာတင်ဆက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး သူ ပုံဖော်ပြချင်တာတွေကို သူ့ရဲ့ သင်္ကေတဖြစ်တဲ့ အနီရောင်ကို အဓိကထားပြီး တင်ဆက်တာဖြစ်တဲ့အတွက် အနီရောင် ပါဖောမန့်အနုပညာရှင် မအိအဖြစ်လည်း သူမကို သတ် မှတ်ထားကြပါတယ်။

ထဘီအလံထူတဲ့ လှုပ်ရှားမှုကို သူမက ၂၀၁၁ ခုနစ်တည်းက မန္တလေးမြို့မှာ ဆိုက်ကားတစ်စီးပတ်ပြီး တစ်ကိုယ် တော် တင်ဆက်ပြသမှုကို လုပ်ဆောင်ခဲ့ပါတယ်။ စစ်ဖိနပ်အောက်ရောက်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်း အရာပါဝင်တဲ့ ပါဖောမန့်ကိုလည်း ၂၀၁၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။

သူခံယူထားတဲ့ အနုပညာကတော့ နိုင်ငံရေးလုပ်တာ၊ အမျိုးသမီးအရေးလုပ်တာ ဆိုတာထက် သူရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို တုန့်ပြန်ရင်း ထွက်ပေါ်လာတာတွေကို သရုပ်ဖော်တင်ဆက်ပြမှုတစ်ခု သက်သက်သာ ရည်ရွယ်တာလို့ဆိုပါတယ်။

သူမအနေနဲ့ အခု နွေဦးတော်လှန်ရေးမှာပါဝင်ဖြစ်ခဲ့ပုံကိုတော့ အခုလိုပဲ ဆက်ပြောပြပါတယ်။

“ ဘာလို့လုပ်လဲဆိုတော့ မုန်းတာလေ။ အခုမှမဟုတ်ဘူး ငယ်ငယ်တည်းကမုန်းတာ။ အဲ့ဒီခေတ်ကြီးကို ကိုယ်က မီခဲ့တာကိုး။ ငါတို့က ဘွဲ့ရပညာမတတ်။ ဘွဲ့တော့ရတယ်။ ပညာမတတ်ဘူး။ သူများတိုင်းပြည်နဲ့ယှဉ်ရင် နိမ့်ကျ တယ်။ ဒါကတော့ အများကြီးထဲက တစ်ခုပေါ့။ အများကြီးအနိုင်ကျင့်ခံခဲ့ရတယ်။ မလွတ်လပ်ခဲ့ဘူး။ ကြောက်နေ ရတယ်။ အဲ့ဒီလိုမျိုး အများကြီးခံစားခဲ့ရတော့ ဘာလို့တော်လှန်တာလဲဆိုတော့ အရင်တည်းကကို မုန်းကို မုန်း နေလို့။ ပြည်သူတွေအပေါ် စေတနာမရှိဘူး. ယုတ်မာခဲ့တယ်။ ကောက်ကျစ်ခဲ့တယ်။ သူတို့ လူတစ်စုပဲ ချမ်းသာ ဖို့လုပ်ခဲ့ကြတယ်။ ကိုယ့်ငယ်ဘဝတစ်လျှောက်လုံးက ဒါတွေနဲ့ပဲ အာရုံထဲမှာ ပြည့်ခဲ့တာဆိုတော့ အဲ့ဒီခံစားချက် တွေကြောင့်ပါပဲ။ နိုင်ငံရေးတွေ ဘာတွေ သဘောတရားတွေ အဲ့ဒါမျိုး အကြီးကြီးတွေကျ အရမ်းကြီး နားမ လည်ဘူး။ ဒါပေမယ့် ကိုယ်ခံစားခဲ့ရတာတွေကို တုန့်ပြန်တဲ့ပုံစံမျိုးပါပဲ” မအိက လို့ ပြောပါတယ်။

မအိဟာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးတွေ အပေါ်ခွဲခြား ဆက်ဆံမှုတွေနဲ့ ပတ်သတ်တဲ့ ပါဖောမန့်တွေ မတရားမှုကိုဆန့်ကျင်တဲ့ အနုပညာလှုပ်ရှားမှုတွေမှာ ခံစား ချက်ပြင်းပြင်းနဲ့ ထိရောက်အောင် သရုပ်ဖော်ပြသနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်လို့ဆိုရမှာပါ။

အခုနွေဦးတော်လှန်ရေးမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သလို မတရားဖမ်းဆီးမှုတွေရှိလာတဲ့အချိန်မှာလည်း ထွက်ပြေးပုန်းရှောင်ရင်း တော်လှန်ရေးကိုဆက်လက်လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

“ စိုးရိမ်စိတ်ကတော့ရှိခဲ့တယ်။ အဲ့ဒီတုန်းတည်းက ကျမအမြဲပြောတယ်။ ငါအဖမ်းမခံရချင်ဘူး။ ဒီလောက်နဲ့ ရပ် လိုက်ရမှာစိုးလို့လေ။ ဖမ်းခံရရင် မတန်သေးဘူး။ ငါဘာလုပ်နိုင်ဦးမလဲဆိုပြီး။ ကြောက်တာက အမှန်ပဲ။ သူတို့ က ဖမ်းမိပြီဆိုရင် လူတစ်ယောက်ကို လူတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိနဲ့ ရင်ဆိုင်လို့လည်းမရဘူး။ မကောင်း ဆိုးဝါးတွေလိုမျိုးဖြစ်နေအခါကျတော့ ကြောက်တာလည်းအမှန်ပဲ။ မလိမ်ဘူး။ အဖမ်းမခံချင်ဘူး။ ဖမ်းခံရရင် ဆက်လုပ်လို့မရတော့ဘူး။ ဒါက ကျမရဲ့ ကိုယ်ပိုင်အတွေးပေါ့နော်”

တော်လှန်ရေးမှာ ကျဆုံးသွားသူတွေ အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေကိုလည်း တစ်ယောက်မကျန် ပြန်ရ ချင်တဲ့ ခံစားချက်ကတော့ သူမရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုလို့ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူတွေကိုလည်း စိတ်မလျော့ပဲ ဆက်လက်အားတင်းထားဖို့ တိုက်တွန်းသလို အခုအခြေအနေမှာ တေ်ာလှန်ရေးနဲ့ပတ်သတ်လို့ အမှန်တရားကိုလက်ခံပြီး လုပ်ဆောင်ကြဖို့ သူက ဆိုထားပါတယ်။

“ အခုအခြေအနေကိုပြောရမယ်ဆိုရင် အရမ်းလေ အာသာဖြေစကားလုံးတွေများတယ်။ အခုပဲအောင်တော့မယ် အခုပဲနိုင်တော့မယ် အခုပဲရတော့မယ်ဆိုတာမျိုးတွေကိုလည်း သိပ်မပြောကြစေချင်ဘူး။ အမှန်တရားကို လက်ခံ ပေး အရှိကိုလက်ခံပေး။ သူတို့စိတ်အားတက်အောင်ပြောရမယ်ဆိုတာကတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒါက အဖြေမဟုတ်ဘူး” လို့ မအိက ပြောပါတယ်။

သူကတော့ တော်လှန်ရေးကာလအစက ကြွေးကြော်ခဲ့ကြသလို လုံးဝအုပ်ချုပ်လို့မရဘူးဆိုတဲ့ ဆောင်ပုဒ်ကိုပဲ ကိုင်စွဲရင်း အင်အားရှိရှိ ဆက်လက်တော်လှန်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ဆိုပါတယ်။

“ အစပိုင်းတုန်းကပြောခဲ့တဲ့ အုပ်ချုပ်လို့မရစေရဘူး ဆိုတာ။ အခုက အုပ်ချုပ်လို့မရဘူးပြောပေမယ့် ရတဲ့ ဟာတွေရှိနေတယ်။ ဒါတွေကိုအရင်ဆုံး သူတို့ကုတ်ထားတဲ့လက်တွေကို အရင်ဖြုတ်ထုတ်နိုင်အောင် ကြိုးစား ရမယ်။ ဥပမာ အဓိပ္ပာယ်မရှိတဲ့ စည်းကမ်းတွေ အများကြီးထုတ်နေတယ်။ ဒါတွေကိုမလိုက်နာပဲနဲ့ နေရဲသလား။ မလိုက်နာနိုင်အောင် နေရဲ့သားနဲ့ မနက်ဖန် သဘက်ခါပဲနိုင်တော့မယ်။ တော်လှန်ရေးကြီး ပြီးတော့မယ်ဆိုတာ မျိုးတွေတော့ မပြောစေချင်ဘူးပေါ့။ အမှန်တရား အရှိတရားကိုလက်ခံပြီးတော့ အားအင်ရှိရှိနဲ့ တော်လှန်သွား စေချင်တယ်”

တခြားပြည်သူတွေလိုပါပဲမအိကလည်း တော်လှန်ရေး အောင်မြင်ပြီး အိမ်ပြန်ခွင့်မရသူတွေ အိမ်ပြန်ပြီး မိသားစု နဲ့အတူ အေးအေးချမ်းချမ်းနေစေချင်ပြီး တိုင်းပြည်ကိုလည်း ချမ်းသာတဲ့ တိုင်းပြည်မဟုတ်တောင်မှ အေးအေး ချမ်းချမ်းနဲ့ နေထိုင်နိုင်တဲ့ တိုင်းပြည်တစ်ခုဖြစ်စေချင်တဲ့ ဆန္ဒရှိသူတစ်ယောက်ပါ။

အခုတော်လှန်ရေးအတွက် တစ်ဦးတစ်ယောက်ချင်းကို မဆုံးရှုံးအောင် တားဆီးကာကွယ်ပေးနိုင်တဲ့ စွမ်းအင် မရှိတာကြောင့် တော်လှန်ရေးကို နိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ကသာ အဓိက ဖြစ်တယ်လို့ သူက ဆိုပါ တယ်။ သူမအနေနဲ့ သူမလေ့လာထားတဲ့ ပညာရပ်တွေနဲ့ တော်လှန်ရေးကာလအတွင်း စိတ်ဒဏ်ရာရရှိခဲ့ကြ သူတွေကို တဖက်တလမ်းကနေ ကုစားပေးနိုင်ဖို့ ကြိူးစားနေသလို သူမရဲ့ အနုပညာကိုတော့ လက်နက် သဖွယ်ကိုင်စွဲရင်း တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အသင့်ရှိနေသူဖြစ်ပါတယ်။

“ ကိုယ်လုပ်ခဲ့တဲ့လက်ရာတွေကိုပြန်ကြည့်ရင်တော့ ကျေနပ်ပါတယ်။ အားရပါတယ်။ အနုပညာနဲ့ တော်လှန်ရ မယ်ဆိုတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ပေးနိုင်ခဲ့တယ်။ အနုပညာဆိုတဲ့ Medium ကိုသုံးပြီးတော့ ပြောချင်တဲ့ စကားတွေကို ပြောပြပေးနိုင်ခဲ့တယ်။ ကိုယ်ကအရင်တည်းကလည်းလုပ်ခဲ့တာဆိုတော့ ဆက်လက်ပြီးတော့ လည်း အနုပညာကို လက်နက်တစ်ခုလို ကိုင်စွဲပြီးတော့ လုပ်သွားမှာပါ”

Author:

Related Articles