Home ဆောင်းပါးသတင်းဆောင်းပါး ဝမ်းရေးခက်လို့ ကေသာကြော့ဖြေလျော့ခဲ့ပြီ

ဝမ်းရေးခက်လို့ ကေသာကြော့ဖြေလျော့ခဲ့ပြီ

ဟန်နွေသစ်။ ။

“ကျွန်မကတော့ ရှင်းရှင်းပဲ။ စားဝတ်နေရေးခက်ခဲလို့ ဆံပင်ရောင်းတာ သူများတွေလိုလည်း ရှက်မနေပါဘူး”ဟု ဆိုလာသူက ဝမ်းရေးကို ဆံကေသာရောင်း၍ ဖြေရှင်းသူ မမျိုးမျိုး(အမည်လွှဲ)ဖြစ်သည်။

နေရာကား ရန်ကုန်မြို့အတွင်း ဆံပင်အဝယ်ဒိုင် အများဆုံးရှိရာ အင်းစိန်ဈေးအနီးဝန်းကျင်တွင်ဖြစ်သည်။ အင်းစိန်တံတားအနီးဝန်းကျင်တွင် တာပလတ်မိုးကာ ယိုင်နဲ့နဲ့နှင့် ဆံပင်အဝယ်ဒိုင် ဆိုင်သေးသေးလေးများက အစီအရီရှိနေသည်။

ဆိုင်တစ်ဆိုင်၏ မျက်နှာစာတွင် သစ်လွင်သောဗွီနိုင်းစပေါ်၌ စာလုံးအနီရောင်ဖြင့် “ဆံပင်ဈေးကောင်းပေးဝယ်သည် ဆံပင်ကျွတ်ဝယ်သည်”ဟု ချိတ်ဆွဲကြေညာထားသည်။

အရောင်လွင့်နေသောရင်စေ့အင်္ကျီပေါ်တွင် ချည်အင်္ကျီလက်ရှည်ထပ်ဝတ်ထားသော ထဘီခပ်နွမ်းနွမ်း ဖြင့်အမျိုးသမီးများ၊အင်္ကျီထဘီဝမ်းဆက် ဝတ်ဆင်သော အမျိုးသမီးများသည် နိုဝင်ဘာလ၏ ပူနွေးသော နေရောင်အောက်တွင် တစ်စုံတစ်ရာကို စုံစမ်းမေးမြန်း၍ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နေကြသည်။

အမျိုးသမီးတသိုက်မှာ ဆံပင်ရောင်းဖို့ ဈေးစုံစမ်းနေကြခြင်းပင်ဖြစ်သည်။

မြန်မာတို့တွင် “ ယောက်ကျားတို့ဘုန်းလက်ရုံး မိန်းမတို့ဘုန်းဆံထုံး” ဟူသော စကားပုံရှိသည်။ စကားပုံနှင့်အညီပင်  မြန်မာအမျိုးသမီးများသည်ကား မိမိဆံပင်ကိုတန်ဖိုးထားကြသည်။ ဂရုတစိုက်ရှိလှသည်။ နှစ်သက်မြတ်နိုးကြသည်။

ယခုအခါ ထိုမျှ အမြတ်တနိုးထားရသော ဆံပင်ရှည်သည် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု၊ အလုပ်ကိုင်ရှားပါးမှုနှင့်အတူစားဝတ်နေရေးခက်ခဲလာသဖြင့် တခြားရောင်းစရာမရှိချိန်တွင် ဝမ်းရေးကိုဖြေရှင်းရန်အတွက် ရောင်းကုန်ဖြစ်သွားသည်။

ယခင်ကမူ ဆံပင်ကို ဝမ်းရေးအတွက်မဟုတ်ဘဲ အခြားသော အလှအပအတွက် အတိုညှပ်ပစ်ခြင်း၊ ကုသိုလ်ရေးအတွက် ဆံပင်ဖြတ်ရောင်းကာ လှူတန်းခြင်း၊ သီလရှင်ဝတ်ရန် ကတုံးတုံးရခြင်း စသည်တို့ရှိခဲ့သည်။

ယခုတွင်မူ အလှအပနှင့်ကုသိုလ်ရေးထက် ကျပ်တည်းလှသည့်စားဝတ်နေရေးဖြေရှင်းရန် နည်းလမ်း တစ်ခုအဖြစ် ဆံပင်ရောင်းချမှုသည် တွင်တွင်ကျယ်ကျယ်ဖြစ်လာသည်။

ကျပ်တည်းသောခေတ်ကြီးတွင် အမျိုးသမီးများသည် ဆံရှည်များရောင်းချကာ မီးဖိုချောင်အခက်အခဲကို ဖြေရှင်းနေကြသည်။

“ အခုချိန်က ပိုက်ဆံတွေက ရှာလို့ဖွေလို့ရတာမဟုတ်ဘူး။ မရှိ၊ ရှိတာလုပ်ရတာပဲ စားဝတ်နေရေးကအဓိကကိုး။ ဆံပင်ရောင်းတာ လေးသောင်းခွဲ၊ မုန့်ဖိုးအနေနဲ့ ငါးထောင်နဲ့ရတယ်။ အားလုံးပေါင်း ငါးသောင်းရတယ်”ဟု အသက် ၃၀ ကျော်အရွယ် ကလေးတစ်ယောက်မိခင် ဒေါ်မျိုးမျိုး(အမည်လွှဲ) က ရဲဝင့်စွာဆိုသည်။

မမျိုးမျိုးသည် ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ကာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်တွင် အခြေချနေထိုင်နေသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဇာတိသူဖြစ်သည်။ အိမ်ထောင်ကျပြီးစ သမီးဦးမွေးဖွားပြီးချိန်တွင် လင်ယောက်ကျားသေဆုံးသွား၍ သမီးဖြစ်သူကို တစ်ဦးထဲရှာဖွေကျွေးမွေးနေရသူ။ တစ်ဦးတည်းသောသမီးကလေးမှာ ကျောင်းတက်မည်ဆိုပါက အသက် ခုနစ်နှစ် သုံးတန်းအရွယ်ပင်။

“ အခုကာလကသိတဲ့အတိုင်းပဲလေ။ အလုပ်အကိုင်ကလည်းမရှိတော့ စားဝတ်နေရေးထိခိုက်။ နေဖို့ကလည်း အိမ်ငှားနေရတော့ တစ်လကို လေးငါးသောင်းပေးရတာဆိုတော့ စားဖို့ဆိုတာ ပိုဆိုးသွားပြီ။ သူများဆီမှာငှားနေရတော့ အိမ်လခပေးဖို့ရှာနေရချိန်မှာ စားဖို့က လည်းရှိသေးတယ်။ သမီးလေးရှိတော့ ကျူရှင်ပို့ဖို့လုပ်နေရတယ်”ဟု မမျိုးမျိုးက ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုပြင်းထန်သဖြင့် စာသင်ကျောင်းများပိတ်ထားရသည်။ ယခုနှစ်တွင် စစ်တပ်က အာဏာသိမ်းထားသောကြောင့် အာဏာဖီဆန်ရေး ပြည်သူု့လှုပ်ရှားမှု တွင်ပါဝင်သည့်အနေဖြင့် ကျောင်းမပို့သော်လည်း သမီးငယ်ပညာသင်ကြားရေးနှောင့်နှေးမှုမရှိစေရန် ပြင်ပကျူရှင်ထားနေရကြောင်း မမျိုးမျိုး က ဆိုသည်။

အင်းစိန်ဈေးအတွင်း ဆံပင်ရောင်းချပြီးသည့်အတွေ့အကြုံရှိသူ မမျိးမျိုးနှင့်အတူ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တစ်ဦးဆံပင်ရောင်းချရန် ဆံပင်ပေါက်ဈေးစုံစမ်းကြသည်။ ဈေးအများဆုံးပေးသော ဆိုင်တွင် ရောင်းနိုင်ရန်ပင်။ ထို့နောက်ဆံပင်ရောင်းကြသည်။

ဆံပင်ညှပ်ရောင်းဆိုသည်မှာက အလှပြင်ဆံပင်ညှပ်ဆိုင်တွင်ညှပ်သလို မဟုတ်ချေ။

ဆံပင်ဝယ်မည့်ဆိုင်က ရောင်းသူ၏ ဦးခေါင်းမှဆံပင်ကို ဆံပင်အရင်းနားထိညှပ်ယူလိုက်ပြီး ကျန်ခဲ့သည့် ဆံပင်များကို ရှေ့နောက်တိကာ ပုံသွင်းညှပ် ပေးလိုက်ခြင်းဖြစ်သည်။

တချို့ဆိုင်များသည် ဦးခေါင်းကတုံးကွက်ဖြစ်သည့်အထိ ဆံပင်အရင်းထိညှပ်ယူလိုက်သူများလည်းရှိသည်။ သို့ရာတွင်ဆံပင်ညှပ်ခမကုန်၍ ဆံပင်ရောင်းချ သူအမျိုးသမီးက ထိုနည်းလမ်းကိုသဘောကျကြသည်။

ခြေတိုင်ရှည်ပလတ်စတစ်ထိုင်ခုံတွင် အမျိုးသမီးတစ်ဦး ဆံပင်အညှပ်ခံနေသည်။ အနက်ရောင် ဆံပင်များကြားဆံပင်ဖြူလေးများ ဟိုတစ်စ၊ဒီတစ်စပါဝင်နေပြီဖြစ်သည်။ ထိုအမျိုးသမီးမျက်နှာတွင် စားဝတ်နေရေး အတွက် မိမ်မြတ်နိုး တန်ဖိုးထားရာဆံပင်ကိုရောင်းနေရသည့်စိတ်က အထင်းသားမြင် နေရသည်။ မချိတင်ကဲ အပြုံးမျိုး။ အားတင်းပြုံးပြနေသည့်အပြုံး။

မည်သည့်ပေါက်ဈေးဖြင့်ဆံပင်ရောင်းဖြတ်လိုက်သလဲဟုမေးရာတွင်မူ ဆံပင်အညှပ်ခံနေရင်း နှုတ်ထွက်စကားမဆို လက်တစ်ချောင်းထောင်ပြီးသာ ( တစ်သောင်း) ရကြောင်း အမူအယာဖြင့် သာဖော်ပြသည်။ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဆံပင်အရောင်းဆိုင်တွင် အညှပ်ခံ နေသည့်မြင်းကွင်းပင်။

မမျိုးမျိုး၊ အသက် ၅၀ ကျော်အမျိုးသမီးနည်းတူ၊ ကလေးသုံးယောက်ရှိသော လင်မယားနှစ်ယောက် သည်လည်းဆံပင်ဖြတ်ရောင်းကာပိုက်ဆံရှာရသည်။ လူမမယ်သားသုံးယောက်မျက်နှာရှိသေးသည်။

“ အရင်က ဆောက်လုပ်ရေးလုပ်တာ ကိုဗစ်ကတည်းကအလုပ်မရှိတော့တာ။ အခုတော့ပိုဆိုးပေါ့” ဟု သားသုံးယောက်မိခင် က ဆိုသည်။ “ခက်ခဲတာတော့ အတော်ခက်ခဲတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေပိတ်တော့ အလုပ်မရှိဘူး”ဟု ကလေးသုံးယောက်မိခင်က ဆိုသည်။

မမျိုးမျိုးတို့သူငယ်ချင်းတစ်စုသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှအလုပ်သမားများဖြစ်သည်။ ကိုဗစ် ၁၉ ကြောင့်အထိနားခဲ့သည့်လုပ်ငန်းများတွင် ယိုင်နဲ့နဲ့ဖြစ်နေသာ ဆောက်လုပ်ရေးလုပ်ငန်း အပြင် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပါဝင်သည်။

ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ပညာရေးအထိနာခဲ့သည်။ စီးပွားရေးထိခိုက်မှုအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။

ယခုနှစ်အစတွင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစတင်လာနိုင်သဖြင့် မြန်မာ့စီးပွားရေးပြန်လည် နလန်ထူနိုင်မည်ဟုတွက်ဆထားကြသည်။ သို့ရာတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကြောင့် ထပ်မံ၍အထိနာခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသား ၇၇ ဒသမ သုည ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၄ ဒသမ ၃ ရာခိုင်နှုန်း တို့သည်လုပ်ငန်းခွင်တွင်ရှိကြောင်း ၂၀၁၇ အလုပ်သမားအင်အားစာရင်းအရ သိရသည်။

လုပ်သားအင်အားအများအပြားသုံးရသည့် ဆောက်လုပ်ရေးကဏ္ဍာနှင့် အထူးသဖြင့် အမျိုးသမီး အင်အားစုအများဆုံးလုပ်သောအထည်ချုပ်လုပ်ငန်းများ (CMP) အလုပ်သမားအများအလုပ်လက်မဲ့ဖြစ် ပေါ်ခဲ့သည်။ ကိုဗစ် ၁၉ သက်ရောက်မှုနှင့်အတူ အာဏာသိမ်းမှုများကြောင့် အမျိုးသမီးများပို၍ ထိခိုက်ခံစားရသည်။ အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုခံရသည်။

ယခုဘဏ္ဍာနှစ်တွင် ကိုဗစ် ၁၉ ကြောင့်အားနည်းနေသောစီးပွားရေးလုပ်များအပေါ် အာဏာသိမ်း လိုက်ခြင်းကြောင့် မြန်မာစီးပွားရေး ၁၈ ရာခိုင်နှုန်းကျုံ့သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ကမ္ဘာ့ ဘဏ်ကထုတ်ပြန်ထားသည်။

စီးပွားရေးတိုးတက်နှုန်းနည်းသော ပြီးခဲ့သည့်ဘဏ္ဍာနှစ်ပေါ်တွင်တွက်ချက်ထားသောကြောင့် ၂၀၂၁ ဘဏ္ဍာနှစ် ( အောက်တိုဘာ ၂၀၂၀ မှ စက်တင်ဘာ ၂၀၂၁ ) တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းကျုံ့ သွားမည်ဖြစ်ကြောင်းဇူလိုင်တွင်ထုတ်ပြန်ထားသည်။

ယင်းအပြင် ဆိုးရွာပြင်းထန်သောကိုဗစ်လှိုင်းနှင့် အာဏာသိမ်းခြင်းမရှိပါက စီးပွားရေးသည်ရှိသင့်သော စီးပွားရေးပမာဏထက် ၃၀ ရာခိုင်နှုန်းပိုမိုသေးငယ်သွားမည်ဖြစ်ကြောင်း  အစီရင်ခံစာတွင်ပါဝင်သည်။

အာဏာသိမ်းမှုကြောင့်စီးပွားရေးထိခိုက်လွန်စွာပြင်းထန်လျှက်ရှိသည်။ ထို့အပြင် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များသည် အလွန်နိမ့်ကျသည့်အခြေအနေတွင်ရှိနေကာ စားဝတ်နေရေးကျပ်တည်းမှုသည် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ် ၁၉ ရိုက်ခတ်မှုဒဏ်ကြောင့် မြန်မာနိုင်ငံတွင်အလုပ်သမား ၆ ဒသမ ၉ သန်းမှ ၇ ဒသမ ၃ သန်း  အထိအလုပ်လက်မဲ့ဖြစ်နိုင်ကြောင်း ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ခန့်မှန်းထားသည်။ လက်ရှိချိန်တွင် ယင်းခန့်မှန်းချက်ထက် အလုပ်လက်မဲ့လူဦးရေပိုများနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

ကိုဗစ် ၁၉ ရိုက်ခတ်ခြင်းနှင့်အတူ စစ်တပ်အာဏာသိမ်းလိုက်မှုဒဏ်ကို အမျိုးသမီးများသည် အမျိုးသားများထက် ထိခိုက်မှုပိုခံစားကြရသည်။ အမျိုးသမီးများအတွက် ဒုတိယအလှစာမျက်နှာဖြစ်သော ဆံကေသာကိုဖြတ်ရောင်းကာ ဝမ်းရေးဖြေရှင်းနေကြရသည်အထိဖြစ်လာသည်။

ဆံပင်ရောင်းချသူများပြားလာသဖြင့် ဆံပင်ပေါက်ဈေးလည်းဈေးလျော့လာသည်။ တချို့ဆံပယ်အဝယ် ဒိုင်များက ဈေးနှိမ်ဝယ်ယူကြသည်။ တန်ရာတန်ကြေးပေးဝယ်သူများလည်းရှိသည်။

“ ဈေးကွက်က ပြောပြလို့မရဘူး။ တစ်ဆိုင်နဲ့တစ်ဆိုင်မတူကြဘူး။ ဆံပင်ရောင်းတဲ့ သူတော်တော် များလာတယ်။ ရောင်းတာများတယ်။  အလှူထည့်ချင်လို့ရောင်းတာရှိတယ်၊ အဆင်မပြေလို့ရောင်းတဲ့ သူရှိတယ်။ ပိုက်ဆံလိုချင်လို့ရောင်းသူရှိတယ်” ဟု လုပ်သက် ၁၀ ကျော်သက်တမ်းရှိ ဆံပင်အဝယ်ဒိုင်မှ လူတစ်ဦးကဆိုသည်။

ဆံပင်ရောင်းရာတွင် ဆံပင်အလေးချိန်နှင့် ဆံသားကောင်းမွန်မှုအခြေအနေပေါ်မူတည်ကာ ဈေးအနိမ့်၊ အမြင့်ရှိသည်။  ဆံပင်အရှည် ၃၀ လက်မကျော်နှင့် ဆံသားကောင်းမွန်ကာ ဆေးရောင်ဆိုးထားခြင်းမရှိသော ဆံပင်မှာ အကောင်းဆုံးဖြစ်ကြောင်း ဆံပင်အဝယ်ဒိုင်များက ဆိုသည်။

ဈေးနှုန်းမှာ ဆံပင်အရှည်နှင့် အလေးချိန်ပေါ်မူတည်သည်။ ရောင်းတန်းဝင်ဆံပင်အရှည်က အနည်းဆုံး ၁၈ လက်မ (ကျောအလယ်) ရှိရမည်ဖြစ်သည်။ အခြေခံပျှမ်းမျှဈေးအနေဖြင့် ဆံပင်ရှည် လက်မ ၃၀ ရှိပြီး အ လေးချိန် တစ်ကျပ်သားရှိပါက တစ်သောင်းကျပ်၊ တစ်ဆယ်သားဆို တစ်သိန်းရကြောင်း ဆံပင်အဝယ်ဒိုင်များဆီ မှစုံစမ်းသိရသည်။

“ ဝယ်ရတာများတယ်။ များတော့များတယ်။ ဝယ်ရတယ်။ လူကတော့ဆင်းတယ် (ရောင်းသူများတယ်)။ အဆင်မပြေတဲ့သူလည်းရှိသလို အဆင်ပြေတဲ့သူလည်းရှိတယ်။ ဝယ်ရတာများတယ်” ဟု သက်တမ်း ၁၀ နှစ်အဝယ်ဒိုင်တစ်ဦးထံမှ သိရသည်။ “တစ်နေ့ကို ၁၀ ခေါင်းလောက်ရတယ်”

ရန်ကုန်မြို့၊ အင်းစိန်းဈေးအနီးပတ်ဝန်းကျင်တွင် ဆံပင်အဝယ်ဒိုင် ၅၀ နီးပါး ရှိသည်။ အဆိုပါဆိုင်များတွင် ဆံပင်ညှပ်ရောင်းသူများ တစ်ယောက်မဟုတ် တစ်ယောက်အမြဲရှိနေတတ်သည်။

နိုင်ငံတကာတွင်လည်း ဆံပင်ရောင်းဝယ်မှူဈေးကွက်ကြီးကြီးဖြစ်ပေါ်နေသည်။ နည်းပညာနဲ့ အကျွမ်းတဝင်ရှိလှသော နိုင်ငံများရှိ အမျိုးသမီးများသည်  ဆံပင်အရောင်း၊ အဝယ်ကို အင်တာနက်ဝက် ဆိုက်ပေါ်မှ တဆင့်ရောင်းကျသည်။ buyandsellnair.com တွင် ဆံပင်ပုံနှင့်အတူ ဝယ်ဈေးလေဘယ် ကပ်ထားသည်။ အရှည် ၂၀ လက်မနှင့် ၂၃ လက်မအတွင်း ကန်ဒေါ်လာ ၅၀၀ ဖြင့်ရောင်းရန်ဈေး ချိတ်ထားသည်။ မြန်မာနိုင်ငံကဈေးနှင့်ယှဉ်ပါက သူတို့ဆီက ဈေးက ၁၀ ဆလောက်မြင့်သည့်သဘောပင်။

နိုင်ငံတကာဈေးကွက်သို့ ဆံပင်ကုန်ကြမ်းတင်ပို့မှုအများဆုံးနိုင်ငံတွင် မြန်မာက အဆင့် ၅ ချိတ်သည်။ ဟောင်ကောင်နှင့် အိန္ဒိယ ဗြိတိသျှ၊ အမေရိကန်၊ မြန်မာ၊ ဘရာဇီး၊ ထိုင်း၊ ယူကရိန်း၊ ဂျပန် နှင့် အီတလီနိုင်ငံတို့သည် ဆံပင်ရောင်းချတင်ပို့အများဆုံးဖြစ်ကြောင်း Annual export value (USD) of unprocessed human hair 2019 စာရင်းအရသိရသည်။

လက်ရှိကမ္ဘာ့ဈေးကွက်တွင် ဆံပင်ကုန်ကြမ်းတန်ဖိုးသည် ကန်ဒေါ်လာ ၇ ဘီလီယံရှိနေရာမှ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိတန်ဖိုးမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ ဆိုလိုသည်က ဆံပင်ဈေးကွက်သည် ပို၍မြင့်တက်လာသည့်သဘောကို ညွှန်းဆိုနေခြင်းဖြစ်သည်။

ဝယ်လိုအားများနေသော နိုင်ငံတကာဆံပင်ကုန်ကြမ်းဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံ ဝင်ဆန့်လျှက်ရှိရာ အလုပ်လက်မဲ့တိုးပွားပြီးဝင်ငွေရှားပါးနေသော မြန်မာအမျိုးသမီးများ၏ ဆံပင်ရှည်ရောင်းချမှုလည်း တိုးပွားနေဦးမည်ဟု ခန့်မှန်းရပေသည်။

မမျိုးမျိူး၊ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးနှင့်အတူ သားသုံးယောက်မိခင်တို့သည် အလှ အပအရေးထက် ဝမ်းရေးခက်သည်ကိုဖြေရှင်းရန် တစ်သောင်းမျှအသပြာရဖို့ နှစ်ရှည်လများစွာပြုစု ထိန်းသိမ်းရသော ဆံပင်ရှည်ကိုရောင်းချလိုက်ရပြီ။

အင်းစိန်ဈေးက ဆံပင်အဝယ်ဒိုင်တွင် ဆံပင်ရောင်းချနေတာက ပြီးတော့မည်။ ဆံပင်အညှပ်ခံနေရသည့် အသက် ၅၀ အရွယ်အဒေါ်ကြီးက ခေါင်းငုံ့ဆံပင်အဖြတ်ခံနေရာက ယခုလိုဆိုသည်။

“အိမ်ပြန်ရင်  ဆံပင်ညှပ်ရောင်းတာနဲ့မတူဘဲ ဆံပင်ညှပ်လာတဲ့ပုံဖြစ်အောင်လုပ်ပေးပါ”

မည်သို့ပင်ဆိုစေကာမူ ဦးခေါင်းအထက်ကဆံပင် ကျောပေါ်အထိဆံပင်ပြန်ရှည်လာရန် အနည်းဆုံး သုံးနှစ်နီးပါးစောင့်ရပေဦးမည်ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံရေးအကျပ်အတည်းနှင့်အတူ စီးပွား ရေးပြန်လည်ကောင်းမွန်လာမည်လော။ ထိုသို့မဟုတ်ပါက ထိုဆံပင်ကိုထပ်မံရောင်းချနိုင်မည့်အခြေ အနေများဖြစ်ပေါ်နိုင်သေးသလော။

“မိန်းကလေးတိုင်းကတော့ ကိုယ့်ဆံပင်အရှည်ထားရာကနေ တိုသွားရင်နှမြောတသသပဲ။ တို့ကတော့ အမှန် အတိုင်းပြောရင် မရှိလို့ညှပ်တာ” ဟု မမျိုးမျိုးက ဆိုလေသည်။

Author:

Related Articles