Home ဆောင်းပါးသတင်းဆောင်းပါး တော်လှန်သူများရဲ့လက်တွဲဖော်များ

တော်လှန်သူများရဲ့လက်တွဲဖော်များ

ခင်ဘုန်းမို့။ ။

‘အာဏာသိမ်းပြီ’ ဆိုတဲ့သတင်းဆိုးကို တနိုင်ငံလုံးကမသိသေးခင် နာရီပိုင်းအလိုကတည်းက ဒေါ်မြလေး ကြိုတင်ပြီး သိခဲ့ရပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁) ရက်က လင်းကြက်တွန်သံတောင်မကြားရသေးခင် မနက်အစောပိုင်းမှာ ဆူညံသံတွေကြောင့် ဒေါ်မြလေး(အမည်လွှဲ) ဟာအိပ်ရာကနေနိုးလာခဲ့ပါတယ်။ သူ့အိမ်ရှေ့ကို စစ်ကားတွေရောက်လာခဲ့ပြီး သူ့ရဲ့အမျိုးသားကို ဖမ်းဆီးခဲ့တာကို ကြုံတွေ့လိုက်ရတာကြောင့် စစ်အာဏာသိမ်းမှန်း ရိပ်စားမိလိုက်ပါတော့တယ်။

အဲ့ဒီနေ့ကစလို့ ဒေါ်မြလေးတစ်ယောက် ကြုံလာသမျှလောကဓံကို ရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ခင်ပွန်းဖြစ်သူအိမ်မှာမရှိတဲ့နောက်မှာတော့ မိသားစုရဲ့တာဝန်ဟာ ဒေါ်မြလေးရဲ့ ပုခုံးပေါ်ကို ရောက်လာခဲ့တယ်။ မိသားစုရဲ့စားဝတ်နေရေးကအစ ခင်ပွန်းဖြစ်သူအတွက် ထောင်ဝင်စာပို့ဖို့ ပြင်ဆင်တာအဆုံး ကြုံလာသမျှကိစ္စအဝဝကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရင်း နေထိုင်လာခဲ့တာ (၁၀)လ ရှိပါပြီ။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် နိုဝင်ဘာလ(၂၇)ရက်နေ့အထိ အသက်ဆုံးရှုံးခဲ့ရသူ(၁၂၉၅)ဦးအထိရှိနေပြီး ဖမ်းဆီးချုပ် နှောင်ခြင်းခံထားရသူ (၇၅၉၅) ဦး အထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ခင်ပွန်းသည်တွေအကျဉ်းထောင်ထဲမှာ ဘေးရန်ကင်းဖို့အရေးစိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဇနီးသည်တွေဟာ အခြားတဖက်မှာလည်း မိသားစုအတွင်းကြုံလာတဲ့အခက်အခဲနဲ့ လောကဓံကို ကြံ့ကြံ့ခံရင်း ရင်ဆိုင်နေကြပါတယ်။

“ကိုယ့်ဘာသာအိမ်မှာနေတာကို လာဖမ်းတော့ မကျေနပ်ဘူးပေါ့။ ဘာမှအပြစ်မလုပ်ထားတဲ့သူကို ဘာဝရမ်းမှ မပါဘဲဖမ်းတာ ကတရားနည်းလမ်းမှမကျတာပဲ။ သူကတော့မျက်နှာသစ် အဝတ်အစားလဲပြီး ကျွန်မကိုအဝတ်တစ်စုံ အပိုထည့်ခိုင်းတယ်။ ဘာမှစိတ်မပူနဲ့ အချိန်တန်ရင်အမှန်တရားကအနိုင်ရစမြဲပဲလို့ ပြောပြီးလိုက်သွားတာပဲ” လို့ ခင်ပွန်းဖြစ်သူ အဖမ်းခံရစဉ်က အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။

အဲ့ဒီနောက်ခင်ပွန်းဖြစ်သူဟာ စစ်ကြောရေးကတစ်ဆင့် အင်းစိန်ထောင်ရောက်ခဲ့ပြီး ၅၀၅-(က)နဲ့ တရားစွဲခံထားရပါတယ်။

ခင်ပွန်းဖြစ်သူဖမ်းဆီးခံထားရပြီးကတည်းက တခါမှမတွေ့ရသေးဘဲ သူရဲ့ကျန်းမာရေး၊ အန္တရာယ်တစ်စုံတစ်ခုကျရောက်မှာ စတာတွေအတွက်  ဒေါ်မြလေးတစ်ယောက် အမြဲစိတ်ပူနေရပါတယ်။

“သူကကြုံလာသမျှ လောကဓံ၊သုခ၊ဒုက္ခတွေကို မတုန်လှုပ်နဲ့လို့ ကျွန်မကိုအမြဲပြောလေ့ရှိတယ်။ ပြီးတော့ ‘လူမှန်ရင်တ နေ့သေရမှာပဲ’ အများပြည်သူအကျိုးကိုလုပ်ရင်းနဲ့ သေရတာမွန်မြတ်တယ်လို့ အမြဲပြောတယ်။ သူ့ရဲ့စကားကို ကြားယောင်ပြီးအားတင်းရတာပေါ့လို့” ဒေါ်မြလေးကဖွင့်ဟပါတယ်။

ခင်ပွန်းဖြစ်သူအိမ်မှာမရှိတော့တဲ့အတွက် မိသားစုစားဝတ်နေရေးကလည်း ကျပ်တည်းလာပါတော့တယ်။ အရင်က စုဆောင်းထားတဲ့ ငွေလေးတွေနဲ့ စုဆောင်းထားတဲ့ လက်ဝတ်လက်စားလေးတွေကို ထုခွဲရောင်းချပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေပါတယ်။

photo crd- KPM

“ကုန်ဈေးနှုန်းတွေကလဲ အရမ်းကြီးလာတော့ သူ့ကိုထောင်ဝင်စာပို့ဖို့နဲ့ ကိုယ့်သားအမိနှစ်ယောက်အတွက် အရမ်းကို စဉ်းစားချင့်ချိန်သုံးစွဲရတာပေါ့” လို့ ဒေါ်မြလေးက ဖွင့်ဟပါတယ်။

ခင်ပွန်းသည်မရှိပေမယ့်လည်း ဒေါ်မြလေး တစ်ယောက် ကြုံလာသမျှပြသနာနဲ့ အခက်အခဲတွေကို ကိုယ်တိုင်ရင် ဆိုင်ဖြေရှင်းနေနိုင်ပါပြီ။

“စိတ်ဓာတ်တော့မကျပါဘူး။ ကျွန်မယောကျာ်းကဘယ်တော့မှ စိတ်ဓာတ်မကျတတ်တဲ့လူစားလေ။ အဲ့ဒီတော့ကျွန်မကလဲ စိတ်ဓာတ်ကျနေလို့ဘယ်ဖြစ်ပါ့မလဲ။ စိတ်အားငယ်လာရင်သူရှိရင် ဘာပြောမလဲလို့တွေးတယ်။ စိတ်ကိုဖြေလိုက်တယ်” လို့ ဒေါ်မြလေးက ခွန်အားအပြည့်နဲ့ဆိုပါတယ်။

ဒေါ်မြလေးနည်းတူ ခင်ပွန်းဖြစ်သူဖမ်းဆီးခံရပြီးနောက်မှာ လောကဓံတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေသူတစ်ဦးကတော့ မဖြူနှင်း(အမည်လွှဲ)ပါ။

မဖြူနှင်းရဲ့အမျိုးသားဖြစ်သူဟာ ဇွန်လကဖမ်းဆီးခံခဲ့ရပြီးစစ်ကြောရေးမှာ တစ်လကျော်နီးပါးဖြတ်သန်းကာ အင်းစိန်ထောင်ကို ရောက်ရှိပြီး ပုဒ်မ၅၀၅-(က)၊ပုဒ်မ၁၇-၁ တို့နဲ့ တရားစွဲဆိုခံထားရပါတယ်။ ခင်ပွန်းဖြစ်သူအဖမ်းခံရစဉ်မှာ မဖြူနှင်းလည်း ပြေးရင်းလွှားရင်းနဲ့ အဝေးတနေရာကို ရောက်နေခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူအဖမ်းခံရတဲ့နေ့ မနက်ပိုင်းအထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်းအဆက်အသွယ်ပြတ်ကာ သတင်းစုံစမ်းကြည့်တဲ့အခါမှ အဖမ်းခံရကြောင်း သိခဲ့ရ ပါတယ်။

 “ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းကိုသိသိချင်း အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်ခဲ့ရတာ။ အဲ့ဒီအချိန်က ခံစားမှုကို ဖော်ပြမတတ်ဘူး။ ဆုံးရှုံးရမှာကြောက်လို့ အချိန်ပြည့်ဆုတောင်းနေခဲ့တာ”လို့ မဖြူနှင်းက ခင်ပွန်းဖြစ်သူအဖမ်းခံရစဉ်က ကြုံတွေ့ရတဲ့ခံစားချက်ကိုပြောပါတယ်။

မဖြူနှင်းဟာ စိုးရိမ်မှုတွေရှိခဲ့ပေမယ့်လည်း တော်လှန်ရေးမှာစိတ်ဓာတ်မကျဘူးဆိုတဲ့စိတ်နဲ့ အများအမြင်မှာ အားမလျော့ အောင် နေထိုင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုစတင်ကတည်းက လူထုဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကလည်း လိုအပ်တာတွေ ကူညီအားဖြည့်ပေးခဲ့ပါတယ်။

မတ်လလောက်က လက်နက်အားကိုးနဲ့ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတာကို မတရားဖမ်းဆီးတဲ့ ရဲနဲ့စစ်သားတွေ အဟန့်အတားဖြစ်အောင် တားဆီးခဲ့တာကြောင့် မဖြူနှင်းဖမ်းဆီးခံခဲ့ရပါတယ်။ ပုဒ်မ၅၀၅-က နဲ့တရားဆွဲဆိုခံရပြီး အကျဉ်းထောင်မှာ တစ်လကြာအကျဉ်းကျခံခဲ့ရကာ ပြန်လည်လွှတ်မြောက်လာပါတယ်။

ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရချိန်ဟာ မဖြူနှင်းအတွက် အစားထိုးမရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ မဖြူနှင်းတို့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ မိသားစုတွေကို စောင့်ရှောက်နေရသူတွေဖြစ်တဲ့အတွက် ခင်ပွန်းဖြစ်သူမရှိတဲ့နောက်မှာ မဖြူနှင်းက မိသားစုကိုဦးဆောင်နေရပါတယ်။

“မိသားစု စားဝတ်နေရေးကအစ ကျန်းမာရေးအဆုံး ကျွန်မကိုယ်တိုင်ကလည်း ဖမ်းဝရမ်းထုတ်ခံထားရလို့ ပြေးနေရသူမို့ ဘာအလုပ်မှလည်းမလုပ်နိုင်ဘူး။ ရှိတာလေးရောင်းချပြီး မိသားစုအတွက်၊ အမျိုးသားအတွက် ပုံမှန်ရိက္ခာပို့နိုင်အောင် လုပ်ဆောင်နေရတယ်” လို့ မဖြူနှင်းကသူ့အခက်အခဲကိုပြောပါတယ်။

photo crd – KPM

ဒေါ်မြလေးနဲ့ မဖြူနှင်းတို့နည်းတူ ခင်ပွန်းဖြစ်သူဖမ်းဆီးခံရတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရသူကတော့ မဇင်သူပါ။ မဇင်သူရဲ့ခင်ပွန်းဖြစ်သူဟာ ဇွန်လက ဆန္ဒပြပွဲတွေကိုဦးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဟာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အပြင် နိုင်ငံအတွက် သူ့ကလေးတွေအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။

“သူဖမ်းဆီးခံရတဲ့အချိန်မှာသိသိချင်း သူအသက်ရှင်ဖို့ပဲမျှော်လင့်တယ်။ဘာလို့လဲဆိုတော့ ဖမ်းဆီးပြီးရင်စစ်ကြောရေးမှာ ရိုက်နှက်ပြီးစစ်တယ်ဆိုတဲ့အခါကျတော့ အသက်ဆုံးရှုံးတာတွေ ဘာတွေလည်းရှိတယ်ဆိုတော့ သူအသက်ရှင်နေဖို့ပဲ မျှော်လင့်တယ်” လို့ မဇင်သူက ခင်ပွန်းဖြစ်သူဖမ်းဆီးခံရစဉ်က အဖြစ်အပျက်ကိုပြောပါတယ်။

ခင်ပွန်းဖြစ်သူဖမ်းဆီးခံရစဉ်မှာ တစ်နှစ်အရွယ်ကလေးတစ်ဦးအပြင် ကိုယ်ဝန်လွယ်ထားရတာကြောင့် ကလေးတွေအတွက် ဖခင်မဲ့သွားနိုင်တယ် ဆိုတဲ့စိတ်နဲ့ စိုးရိမ်ခဲ့ရပါတယ်။

“ကလေးနှစ်ယောက်ငယ်ဘဝကို အဖေနဲ့အတူတူမဖြတ်သန်းရမှာ ကြောက်တယ်။ သူ့အတွက်လဲ စိတ်ပူနေတာ နေရေးစားရေးတွေအတွက် ခေါင်းမပူနိုင်သေးဘူး” လို့ မဇင်သူကဆိုပါတယ်။

ခင်ပွန်းဖြစ်သူမရှိတာ အချိန်ကြာလာတဲ့အခါမှာတော့ ဘဝကိုအသစ်ကပြန်စရသလို မိသားစုအတွက်အစစရာရာ ဦးဆောင်နေရပါတယ်။ ကိုယ်ဝန်ကိုမီးဖွားခံနီးအချိန်မှာလည်း ကလေးကောင်းကောင်းမွေးနိုင်ပါ့မလား။ ကိုယ်တိုင်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျန်ခဲ့တဲ့ကလေးတွေရောအဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကိုရင်ဆိုင်ခဲ့ရတယ်လို့ မဇင်သူက ဖွင့်ဟပါတယ်။

အခုအခါမှာတော့ မဇင်သူဟာ ကိုယ်ဝန်ကိုမီးဖွားပြီးတာ တစ်လကျော်ရှိပြီဖြစ်ပြီး ကလေးနှစ်ယောက်ရဲ့ တာဝန်တွေအပြင် အလုပ်တစ်ဖက်လုပ်ကိုင်ရင်း မိခင်တစ်ဦး ဇနီးတစ်ဦးရဲ့တာဝန်တွေကိုဆောင်ရွက်နေပါတယ်။

ဒီလိုအခက်အခဲမျိုးစုံရင်ဆိုင်နေရပေမယ့်လည်း ဇနီးသည်တွေဟာ နိုင်ငံရေးလောကဓံကိုကြံ့ကြံ့ခံကာ ခင်ပွန်းဖြစ်သူတွေရဲ့ အိမ်ပြန်အလာကိုစောင့်မျှော်ရင်း စစ်အာဏာရှင်ကိုတွန်းလှန်နေဆဲဖြစ်ပါတယ်။

ဒေါ်မြလေးက “သူကတော့အများအကျိုးပြုအလုပ်တွေ နိုင်ငံအကျိုးပြုအလုပ်တွေပဲဆက်လုပ်နေဦးမှာပါ။ ကျွန်မကတော့ သူရဲ့ပါရမီဖြည့်ဘက်ပဲပေါ့။ ကျွန်မယောကျာ်းက လူအချင်းချင်း အနိုင်ကျင့်ဖိနှိပ်ချုပ်ချယ်တဲ့ အာဏရှင်တစုကို အမြဲဆန့် ကျင်ခဲ့သူပါ။ ကျွန်မလဲသူယုံကြည်ချက်အတိုင်းရှိမှာပါ” လို့ ဆိုပါတယ်။

မဖြူနှင်းကလည်း “ကျွန်မတို့ဟာ စစ်အာဏာမသိမ်းခင်တည်းက အာဏာရှင်တွေကို တော်လှန်ခဲ့သူတွေပါ။ အခုချိန်ထိ စစ်အာဏာရှင်တွေကိုတော်လှန်နေဆဲပါ။ အမျိုးသားထောင်ကျနေလို့ ကိုယ်က တော်လှန်ရေးကိုရပ်မသွားပါဘူး အဆုံးထိ တော်လှန်နေမှာပါ” လို့ သူ့ခံယူချက်ကိုပြောပါတော့တယ်။

Author:

Related Articles