Home ဆောင်းပါး “ဒူးမထောက်လက်မမြှောက် LGBT များရှေ့ဆက်လျှောက်”

“ဒူးမထောက်လက်မမြှောက် LGBT များရှေ့ဆက်လျှောက်”

Honest Information (HI)

သပိတ်စစ်ကြောင်းရဲ့တပ်ဦးမှာ သက်တန့်ရောင်အလံတွေ တလူလူလွင့်၊ “စစ်အာဏာရှင်ကျဆုံးပါစေ” လို့ လက်သုံးချောင်းထောင်ပြီး ကြွေးကြော်သံဟစ်ကြွေးနေသူတွေကတော့ LGBTIQတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအစကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေထဲမှာ LGBTIQတွေလည်း ရှေ့တန်းက ပါဝင်ခဲ့ပြီး ဝတ်စားဆင်ယင်မှုပုံစံအမျိုးမျိုးနဲ့ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ကာ နိုင်ငံတကာရဲ့အာရုံစိုက်မှုရတဲ့အထိ ထူးခြားတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ လမ်းပေါ်ထွက်ခဲ့သူတွေဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းတွေကို အဖမ်းအဆီးအဖမ်းအဆီးကြမ်းလာတဲ့နောက်မှာ ဆန္ဒပြတွေကို ပြောက်ကျားစနစ်နဲ့ ပြုလုပ်လာရချိန်မှာလည်း LGBTIQ တွေဟာ ရှေ့တန်းကရှိနေဆဲပါ။

“ဒူးမထောက်လက်မမြှောက် LGBT များရှေ့ဆက်လျှောက်”

စတဲ့ဆိုင်းဘုတ်တွေနဲ့ LGBTIQ တွေရဲ့ ပြောက်ကျားသပိတ်စစ်ကြောင်းကို နိုင်ငံအနှံ့တွေ့နိုင်ပါတယ်။
LGBTIQAဆိုတာဟာ Lesbian, Gay, Bisexual, Trans, Intersex, Queer စသည်တို့ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်တဲ့အတွက် ကျဆုံးသွားသူတွေများစွာရှိသလို ဖမ်းဆီးခံရသူအမြောက်အများလည်းရှိခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားရတဲ့ LGBTIQ တွေနဲ့ ဖမ်းဆီးခံထားရတဲ့ LGBTIQ တွေလည်းရှိနေပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ကိုတွန်းလှန်ရန် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ လွှတ်မြောက်နေမြေတွေမှာ စစ်သင်တန်းတက်ရောက်နေတဲ့ LGBTIQ တွေလည်းရှိပါတယ်။

စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာတပြည်လုံးမှာ LGBTIQ အနည်းဆုံး(၅)ဦးသေဆုံးခဲ့ကာ (၃၅)ဦးဖမ်းဆီးခံထားရပြီး လုံခြုံရာနယ်မြေမှာတိမ်းရှောင်နေသူ (၁၀)ဦးရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။

စစ်တပ်ကနည်းမျိုးစုံနဲ့ နှိင်နင်းမှုတွေပြုလုပ်ပေမယ့်လည်း သွေးမအေးတဲ့ပြည်သူလူထုနဲ့လူငယ်တွေက ပြောက်ကျားသပိတ်တွေနဲ့ ဆက်လက်ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ဒီပြောက်ကျားသပိတ်တွေထဲမှာ LGBTIQတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေလည်းပါဝင်ပြီး စစ်အာဏာသိမ်းပြီး(၈)လအထိ သွေးမအေးပဲ ဆက်လက်ချီတက်နေကြဆဲပါ။

LGBTIQ တွေဦးဆောင်တဲ့ ပြောက်ကျားသပိတ်တွေမှာ ပြည်သူလူထုကပူးပေါင်းပါဝင်ကြပြီး ရန်ကုန်၊မန္တလေး၊မုံရွာ၊ထားဝယ် စတဲ့မြို့တွေမှာ အသီးသီးချီတက်နေကြတာကိုတွေ့ရပါတယ်။

မန္တလေးက LGBTIQ သပိတ်စစ်ကြောင်းတွေမှာ အမြဲပါဝင်နေတဲ့ အသက်(၁၈)နှစ်အရွယ် LGBT တစ်ဦးကတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ စာသင်ကြားတဲ့ အလုပ်ကို ခဏစွန့်လွှတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူဖြစ်ပါတယ်။

“ပြောက်ကြားသပိတ်တွေလုပ်တဲ့အခါမှာကြတော့ အထင်ကရနေရာတွေမှာ ‘စုအော်ခွဲ’ ဆိုပြီးလုပ်ရတာဖြစ်တဲ့အတွက် အန္တရာယ်လည်းများသလို အခက်အခဲတွေလည်းကြုံတွေ့ရပါတယ်။ ဘယ်လိုပဲထွက်ရထွက်ရ စစ်အာဏာရှင်ကို တော်လှန်ရတာဖြစ်တယ်။ သူတို့ကိုထိထိရောက်ရောက်နဲ့ တော်လှန်ရတာဖြစ်လို့ကျေနပ်မိပါတယ်” လို့ ပြောက်ကျားသပိတ်တွေမှာ ပါဝင်နေတဲ့ သူ့ခံယူချက်ကိုပြောပါတယ်။

LGBTIQ ပြောက်ကျားသပိတ်တွေကို ပြည်သူ့တစ်ချို့ကထောက်ခံအားပေးကြသလို တချို့ကလည်း မမြင်ချင်ယောင်ဆောင်သွားကြတာရှိတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင်သပိတ်စစ်ကြောင်းတွေထွက်တဲ့အခါမှာလည်း စစ်ကောင်စီက ကားနဲ့တိုက်ပြီးလိုက်ဖမ်းတာ၊ သပိတ်ကို ဖြိုခွင်းတဲ့အခါမှာ ကျည်အစစ်(ဒါမှမဟုတ်) ရာဘာကျည်နဲ့ပစ်ခက်ဖြိုခွင်းတာတို့အပြင် သပိတ်အဖြိုခံရတာကြောင့် ထွက်ပြေးတဲ့အခါမှာလည်း နီးစပ်ရာအိမ်အချို့က အဝင်မခံပဲတံခါးပိတ်ပစ်တာ စတဲ့အခက်အခဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

တော်လှန်ရေးမှာပါဝင်တဲ့အတွက် အခက်အခဲမျိုးစုံနဲ့လည်းရင်ဆိုင်နေရပါတယ်။

ဖမ်းဆီးမခံရအောင် နေထိုင်ရာနေရာကို ခဏခဏရွေ့ပြောင်းရတာ၊ မိသားစုနဲ့ခွဲနေရတဲ့အတွက် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့တဲ့အခါမှာလည်း မိသားစုကိုမပြုစုနိုင်သလို ကိုယ်တိုင်နေထိုင်မကောင်းတဲ့အခါမှာလည်း မိသားစုကိုအားမကိုးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

တော်လှန်ရေးမှာရှေ့တန်းကပါဝင်တဲ့ LGBTIQ တွေဟာ ညအိပ်ချိန်အိမ်ရှေ့မှာ ကားရပ်ရင်တောင် လာဖမ်းပြီလားဆိုတဲ့စိတ်၊ ဘယ်တော့အဖမ်းခံရမလဲဆိုတဲ့စိတ်နဲ့ ညတိုင်းအိပ်စက်နေရပါတယ်။

“ဒီအခက်အခဲတွေကြုံတွေ့ရတဲ့အချိန်မှာ ဘယ်လောက်အထိဖြစ်လဲဆိုရင် ကိုယ့်ကိုကိုယ်သက်သေချင်တဲ့အထိဖြစ်ခဲ့တယ်။ ဒါပေမယ့်အာဏာရှင်ကိုဆက်ပြီးတွန်းလှန်မယ်ဆိုတဲ့ စိတ်နဲ့အခုထိဆက်ပြီး အသက်ရှင်နေတယ်” လို့သူကဆိုပါတယ်။

ရွှေဘိုမြို့က LGBT တစ်ဦးဟာလည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရာမှာ တက်တက်ကြွကြွ ပါဝင်ပါတယ်။အဲ့ဒိအတွက် ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရ သူတစ်ဦးလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလကစတင်ပြီး ဆန္ဒပြပွဲတွေမှာပါဝင်တာ၊CDM သမားတွေကိုထောက်ပံ့တာ၊ သပိတ်စစ်ကြောင်းတွေမှာ တရားဟောတာ စတာတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင်ဆိုရှယ်မီဒီယာမှာ သတင်းတွေတင်တဲ့အတွက် ၆၆(ဃ) နဲ့လည်း တရားစွဲဆိုခံထားရပါတယ်။

“ဦးဆောင်ပြီးသပိတ်တရားဟောတယ်ပေါ့နော်။LGBT အနေနဲ့သပိတ်တရားဟောတဲ့ အခါကျတော့ နဲနဲစိန်ခေါ်မှုတော့ ဖြစ်တယ်။ အဲ့အချိန်မှာဆိုရင် LGBT တွေကဒီလိုတွေလုပ်ရဲတယ်။ လုပ်နေပြီဆိုတဲ့အခါကျ စစ်ကောင်စီကလိုက်ပြီး မျက်စိထောက်ထောက်ပြီး ဓာတ်ပုံတွေရိုက်အတင်းဖမ်းတာဆီးတာတွေ အထိဖြစ်လာခဲ့တယ်”လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တာကြောင့် တခြားပြည်သူတွေနည်းတူ လူမှုရေး၊ကျန်းမာရေး၊ပညာရေးစတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးဆုံးရှုံးသွားတယ်လို့ လည်းသူကပြောပါတယ်။

“ရွှေဘိုက Transgender လေးတွေဆိုရင် မိတ်ကပ်ဆိုင်တွေလည်း အကုန်ပိတ်လိုက်ရပြီ။ ဆိုင်ကိုမဖွင့်ဘူး။ ဆိုင်ဖွင့်တာနဲ့ တန်းဖမ်းမှာ။ မိတ်ကပ်တွေလည်းမလိမ်းရတော့ဘူး။ အလုပ်အကိုင်တွေလည်းပျက်တယ်။ ပုန်းကွယ်နေရတယ်။ ပြေးနေရတယ်။ ဘက်ပေါင်းစုံကနေ စိုးရိမ်ထိတ်လန့်နေရတယ်” လို့သူကဆိုပါတယ်။

ရွှေဘိုနဲ့ မန္တလေးက အထက်ပါနှစ်ယောက်နည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရာမှာ ရှေ့တန်းကနေပါဝင်နေသူကတော့ အသက်(၂၈)နှစ်အရွယ် Transgender Girl တစ်ဦးဖြစ်တဲ့ မေကညာပျို ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲတွေမှာရှေ့တန်းကပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းဆီရောက်အောင် ဘက်ပေါင်းစုံကကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဆင်းရဲဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေမှာလည်း ပါဝင်နေပါသေးတယ်။

ဒီမိုကရေစီပြန်လည်ရရှိအောင်လုပ်ဆောင်ရမှာ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တဲ့အတွက် LGBTIQ တွေကလည်း တခြားပြည်သူတွေနည်းတူ ပြောက်ကျားသပိတ်တွေမှာ ပါဝင်နေကြတာဖြစ်တယ်လို့ မေကညာပျိုကဆိုပါတယ်။

“LGBTIQ တွေကိုကျတော့ နှစ်ပေါင်းများစွာလူ့ဘောင်အသိုင်းအဝိုင်းကနေ ခွဲခြားတယ်၊ နှိပ်စက်တယ်၊ နေရာမပေးဘူး။ ဘဝတွေ၊ပြောဆိုမှုတွေကို ကန့်သတ်တယ်။ လူ့ဘောင်အသိုင်းအဝိုင်းမှာတောင်မှ နိမ့်ကျတဲ့ပုံစံအဖြစ်သတ်မှတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ LGBTIQ အသိုင်းဝိုင်းကလည်း ကြောက်ရွံ့ခြင်းမရှိဘူး၊ တခြားသူတွေနဲ့တန်းတူ မကြောက်မရွံသတ္တိရှိရှိထွက်ရဲတယ်၊ ပါဝင်ရဲတယ်ဆိုတာမျိုးကိုလည်း ပြသရာဖြစ်တယ်။ ဒီသပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးအင်မတန်ဂုဏ်ယူဖို့ကောင်းတယ်”လို့ သူကတတက်ကြွစွာဆိုပါတယ်။

LGBTIQ တွေဟာ နွေဦးတော်လှန်ရေးမှာကျရာနေရာက တက်တက်ကြွကြွပါဝင်နေတဲ့အတွက် တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖမ်းဆီးခံရတာ၊ စစ်ကြောရေးရောက်တဲ့အခါ လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရတာတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရတဲ့ Transgender အမျိုးသမီးတစ်ဦးကို ကျော၊ပုခုံးနဲ့ဦးခေါင်းတို့ကိုရိုက်နှက်တာ၊ ရင်သားထိပ်ကို ဆေးလိပ်မီးနဲ့ရှို့တာ၊ စက္ကူညှပ်တွေနဲ့ညှပ်တာ၊ စအိုအတွင်းသို့ပုလင်းနဲ့ထိုးတာစတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွှတ်အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်များနဲ့ကလေးသူငယ်များရေးရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုနောက်ပိုင်း LGBTIQ တို့နဲ့ပတ်သက်တဲ့ အခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား LGBT တစ်ဦးအဖမ်းခံရစဉ်မှာ အင်္ကျီချွတ်ခိုင်းတာ၊ လိင်တူချင်း အဓမ္မပြုကျင့်မယ့်ပုံစံတွေ ပြုလုပ်တာ၊ ပါးစပ်ထဲကိုနံပါတ်တုတ်ထည့်ပြီးမွှေတာ၊ ကိုယ်လုံးတီးပုံစံနဲ့ အချိန်ကြာကြာမတ်တပ်ရပ်နေခိုင်းတာ စတာတွေကို ကြုံတွေခဲ့ရတဲ့အကြောင်း အင်းစိန်ထောင်တွင်း LGBT တစ်ဦးနဲ့တွေ့ဆုံခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ 1382 Revolution Channel မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဒီလိုညှင်းပန်းနှိပ်စက်မှုတွေရှိနေပေမယ့်လည်း LGBTIQ တွေဟာ တော်လှန်ရေးအတွက်ပါဝင်ရာမှာ နောက်ဆုတ်မသွားပါဘူး။

ဖမ်းဆီးခံရပါက ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကြုံတွေ့နိုင်တာနဲ့ပတ်သက်ပြီး ဒီလမ်းလျှောက်ရင် ဒါတွေကြုံတွေ့နိုင်တာဖြစ်တဲ့အတွက် ကြောက်ရွံ့မှုတော့ရှိပေမယ့် အာဏာရှင်စနစ်အမြစ်ဖြတ်ကျဆုံးရေးကိုသာတွေးပြီး ဓမ္မနဲ့ အဓမ္မပြိုင်ပွဲမှာ ဓမ္မကနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ မန္တလေးက သပိတ်စစ်ကြောင်းတွေမှာ အမြဲပါဝင်နေတဲ့ အသက်(၁၈)နှစ်အရွယ် LGBT ကဆိုပါတယ်။

“အမှန်တရားအတွက် သေမှာမကြောက်လို့ လမ်းပေါ်ထွက်နေရခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ယုတ်မာရက်စက်မှုတွေကို နဂိုထဲကသိပြီးသားဖြစ်တယ်” လို့သူကပြတ်သားစွာဆိုပါတယ်။

စစ်ကာင်စီအနေနဲ့လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကျူးလွန်မှုတွေကို အခုမှကျူးလွန်တာမဟုတ်ဘဲ နဂိုကတည်းက တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကျူးလွန်နေကြဖြစ်တယ်လို့ မေကညာပျိုကပြောပါတယ်။

ဒါကြောင့် အခုနွေဦးတော်လှန်ရေးမှာဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ၊LGBTIQ တွေအတွက်စိုးရိမ်မိတယ်လို့လည်း သူကဆက်ပြောပါတယ်။

“အခုအခြေအနေမှာ သေမယ့်နေ့အထိပြင်ထားပြီးသား အခန့်မသင့်လို့သတ်လိုက်မယ်ဆိုလည်းသတ်ပေါ့နော်။ သို့ပေမယ့် အမြဲတမ်းစဉ်းစားတာတစ်ခုကတော့ ဘယ်တော့မှသူတို့လက်ထဲမှာ သေမှာမဟုတ်ဘူး ကိုယ့်ကိုကိုယ်ပဲ သတ်သေမယ်”လို့မေကညာပျိုကပြတ်သားစွာဆိုပါတယ်။

LGBTIQ တွေဟာနွေဦးတော်လှန်ရေးမှာ ရဲရဲရင့်ရင့်နဲ့ပါဝင်နေကြသလို တော်လှန်ရေးအောင်မြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်တဲ့အခါမှာ ခွဲခြားဆက်ဆံမှုတွေမရှိတော့ဖို့ မျှော်လင့်နေကြပါတယ်။

“LGBTIQ တွေဆိုတာလည်း ရွံစရာသတ္တဝါတွေ၊ အနှိမ်ခံလူတန်းစားတွေမဟုတ်ဘူးဆိုတာကို ပြောင်းလဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ LGBTIQတွေကိုလည်း လက်ခံနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ ဘယ်လောက်ပဲအခက်အခဲတွေရှိရှိ ဘယ်လောက်ပဲပင်ပန်းမှုတွေကြုံကြုံ စစ်အာဏာရှင်ကျဆုံးတဲ့အထိ လမ်းပေါ်မှာရှိမယ်။ တော်လှန်ရေးအောင်ဖို့အတွက် ကိုယ်ရောစိတ်ရောပါဝင်သွားမယ်လို့” လို့ မန္တလေးက သပိတ်စစ်ကြောင်းတွေမှာ အမြဲပါဝင်နေတဲ့ အသက်(၁၈)နှစ်အရွယ် LGBT ကပြတ်သားစွာဆိုလိုက်ပါတော့တယ်။

Related Articles