Home ကဗျာ တောက်ခေါက်သံများ

တောက်ခေါက်သံများ

ပထမဆုံးအကြိမ်အနေနဲ့
ဘယ်တုန်းကစပြီး
တောက်ခေါက်တတ်ခဲ့လဲ
ငါမမှတ်မိတော့။
အကြိမ်ပေါင်းများစွာ
တောက်ခေါက်ခဲ့မိတာတော့
ငါအမှတ်ရနေဆဲ။

လမ်းမပေါ်မှာ
ပလတ်စတစ်အိတ်တွေ
ကောက်နေရတဲ့
ကလေးငယ်လေးတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

အရွယ်မရောက်သေးပဲ
အုန်ခဲသယ်၊ မဆလာရွက်
လက်ဖက်ရည်ဆိုင်စားပွဲထိုးနဲ့
ဘဝဒဏ်ခံနေရတဲ့
ကလေးငယ်တွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

ဆေးရုံဆေးခန်းမသွားနိုင်လို့
ကွမ်းယာဆိုင်ကဆေးတွေ
ဝယ်သောက်နေရတဲ့
လူမမာမိသားစုတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။
တနေ့နှစ်နပ်ထမင်းကို
နှပ်မှန်အောင်မစားနိုင်လို့
ထမင်းရည်ဝယ်သောက်နေရတဲ့
မိသားစုတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

ဝမ်းရေးတစ်ထွာအတွက်
ကာရာအိုကေဆိုင်တွေမှာ
ဖျော်ဖြေရေးလုပ်နေရရှာတဲ့
အမျိုးကောင်းမိန်းကလေးငယ်တွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

အရွယ်လေးကခပ်ငယ်ငယ်နဲ့
ကိုယ်နဲ့မတော်သေးတဲ့
ယူနီဖောင်းအကြီးကြီးတွေဝတ်ထားကြတဲ့
ကလေးစစ်သားလေးတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

အထက်တန်းစာမေးပွဲချိန်
တက္ကသိုလ်စာမေးပွဲချိန်တွေမှာ
စာလုံးခပ်သေးသေး
စာအုပ်လေးတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

လမ်းပေါ်မှာခွက်ဆွဲပြီး
တောင်းရမ်းနေရရှာတဲ့
အဘိုးအို၊ အမယ်အိုတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

အသားအရေက မွဲခြောက်ခြောက်
ရွဲနေတဲ့ မျက်ဝန်းအစုံ
လက်ဖျားမှာက စီးကရက်မီးတိုနဲ့
ကျောင်းသားအရွယ်
လူငယ်လေးတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

ဘယ်တုန်းကဘယ်ရွာဆီမှာ
“သူပုန်”ဆိုတာကို အကြောင်းပြလို့
မတော်မတရားစော်ကားခံခဲ့ရတဲ့
မိန်းမကြီးငယ်တွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခံနေရလို့
ပြေးလွှားပုန်းအောင်းနေကြရတဲ့
တိုင်းရင်းသားမိသားစုတွေတွေ့ရင်
ငါတောက်ခေါက်မိတယ်။

ဒီလိုနဲ့ဒီလိုနဲ့ပေါ့
ငါ့တောက်ခေါက်သံတွေဟာ
နေ့စဉ်နဲ့အမျှများပြားလာရင်း
တနေ့မှာတော့
ပြည်သူတွေရဲ့တောက်ခေါက်သံတွေနဲ့အတူ
အားလုံးစုပေါင်းလို့
တုန်ဟီးမြည်ဟိန်းလိုက်တာ
“အာဏာရှင်စနစ်”ဆိုတဲ့
အဆောက်အအုံကြီး
ပြိုလဲသွားပါရောလား။
နှစ်ထောင်းအားရဖွယ်
ကောင်းလိုက်ပါဘိ။

(ခင်မမမျိုး၊ ချိုးလင်းပြာအမျိုးသမီးစာစောင် Volume(54) ဧပြီလ ၂၀၀၉ ခုနှစ်)