အမျိုးသမီးမဝင်ရ

စေတီပုထိုးတွေ ပေါများလှတဲ့ မြန်မာပြည်ကို Land of Pagoda လို့ တင်စားခေါ်ဆိုကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း Land of Temple လို့ ဆိုစမှတ်ပြုကြပါတယ်။

စေတီပုထိုးတွေ ပေါများလှတဲ့ မြန်မာပြည်ကို Land of Pagoda လို့ တင်စားခေါ်ဆိုကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း Land of Temple လို့ ဆိုစမှတ်ပြုကြပါတယ်။

ထိုင်းဘုရင့်နိုင်ငံတော်ကို ရွှေရောင်တောက်ပတဲ့ ဘုန်းတော်ကြီးကျောင်းများနဲ့ အလှဆင်ထားတဲ့အပေါ်မှာ ထိုင်းအမျိုးသားတို့က ဝမ်းမြောက်ဂုဏ်ယူကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းလူမျိုးတို့ အလေးအမြတ်ပြုရာ ဘုန်းကြီးကျောင်းတော်အတွင်းမှာ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းအစဉ်လာကို အမျိုးသမီး အထက်လွှတ်တော်အမတ်တဦးက ဝေဖန်လိုက်မှုဟာ ထိုင်းဗုဒ္ဓဘာသာဝင်တွေအကြားမှာ စိတ်ဝမ်းကွဲပြားစရာ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသက ဘုန်းတော်ကြီးကျောင်းများက ဗုဒ္ဓရဲ့ ဓာတ်တော်များကို ဌာပနာရာ စေတီနဲ့ ကျောင်းဆောင်များအတွင်းကို “အမျိုးသမီးများမဝင်ရ” ဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲပြီး တားမြစ်ထားပါတယ်။ ချင်းမိုင်၊ ချင်းရိုင်းနဲ့ လန်းပန်းမြို့တွေမှာရှိကြတဲံ နာမည်ကြီးကျောင်းတော်တိုင်းက ဒီလိုတားမြစထားပြီး ဒီအစဉ်အလာကျင့်သုံးမှုဟာ နှစ်ပေါင်း ၇၀၀ ခန့် ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

ဒီတားမြစ်မှုကို အမျိုးသမီးအထက်လွှတ်တော်အမတ် ရာဘီရာ ဘရတ်ပွန်ပါနစ်ချ် (Rabiabrat Pongpanich) က ဒါဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံနေတာဖြစ်ပြီး ၁၉၉၇ ခုနှစ် အခြေခံဥပဒေပါ အမျိုးသမီးများရဲ့ တန်းတူအခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။ အမျိုးသား ဗုဒ္ဓဘာသာရေးရာဌာနဖြစ်တဲ့ National Buddhist Bureau ကို ဒီတားမြစ်မှုကို ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရာဘီရာဘရက်ပွန်ပါနစ်ခ်ျဟာ Khon Kaen ဒေသက ရွေးချယ်တင်မြှောက်ထားတဲ့ အထက်လွှတ်တော်အမတ် တဦးဖြစ်ပြီး အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးများ တန်းတူညီမျှရေးအတွက် ဘဝကို မြုပ်နှံထားသူပါ။ သူမက တလင်တမယားစနစ်ကျင့်သုံးဖို့၊ အမျိုးသားများ အိမ်ထောင်ရေးမဖောက်ပြန်ဖို့ လှုပ်ရှားဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်တွေ ဖက်ရှင်တွေနဲ့ မဂ္ဂဇင်းတွေမှာ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပြီး ဖြားယောင်းသွေးဆောင်မှုတွေ လုပ်နေတာကို မီဒီယာတွေကနေတဆင့် သူမရဲ့ဝေဖန်မှုကို မကြာခဏ တွေ့ရတတ်ပါတယ်လို့ Anucha Charoenopo ရေးသားတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရာဘီရာဘရက်ဟာ ကလေးသူငယ်များ အမျိုးသမီးများနဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ အထက်လွှတ်တော်ကော်မတီရဲ့ ဒုတိယဥက္ကဌဖြစ်သလို ပြည်ထဲရေးဌာနက အိမ်ရှင်မများအသင်း ဥက္ကဌလည်း ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ်များက ရာဘီရာဘရက်ရဲ့ ရဲရင့်ပြတ်သာမှု၊ ပွင့်လင်းမှု၊ အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်တတ်မှု၊ ရိုးသားဖြောင့်မတ်မှု စတဲ့ ကိုယ်ရည်ကိုယ်သွေးများကို လေးစားကြတယ်လို့ လွှတ်တော်အမတ်တဦးဖြစ်သူ Maleerat Kaewka က ပြောပါတယ်။ သူမရဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ဘုန်းတော်ကြီးကျောင်းတွေက အမျိုးသမီးများအပေါ် ကန့်သတ်မှု ဝေဖန်ထောက်ပြမှုကို အမျိုးသမီးရေးဝါဒီများက လက်ခံခဲ့ကြပေမယ့် မြောက်ပိုင်းဒေသသားများကတော့ သူတို့ရဲ့ ထုံးတမ်းစဉ်လာတွေကို ပုတ်ခတ်စော်ကားတယ်ဆိုပြီး ဒေါသထွက်ခဲ့ကြပါတယ်။

ဒီဝေဖန်မှုကြောင့် အစပိုင်းမှာ ရာဘီရာဘရက်ကို မိစ္ဆဒိဌိအဖြစ် စွပ်စွဲခဲ့ကြပြီးနောက် သတ်ဖြတ်မယ့်အထိ ခြိမ်းခြောက်လာကြပါတယ်။ နောက်ပိုင်းမှာ လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်ဖို့အထိ တောင်းဆိုလာကြပါတယ်။ လက်မှတ်ရေးထိုးပြီး ထောက်ခံကြသူ ၅ သောင်းပြည့်ရင် လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုနိုင်တာမို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ ဆောင်ရွက်လာပါတယ်။

ထိုင်းမြောက်ပိုင်းဒေသက ဗုဒ္ဓဘာသာဝင်တဦးက ရာဘီရာဘရက်ဟာ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုကို ပုံဖော်တင်ပြမှု မပြုမီမှာ မြောက်ပိုင်းဒေသရဲ့ ဘာသာရေးထုံးတမ်းစဉ်လာတွေကို နားလည်ဖို့ ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။ နောက် သူမရဲ့ ဝေဖန်မှုအတွက် မြောက်ပိုင်းဒေသက ဗုဒ္ဓဘာသာဝင်တွေကို တောင်းပန်သင့်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားဗုဒ္ဓဘာသာရေးရာဌာန ဒါရိုက်တာဖြစ်သူ Udom Charoen ကတော့ ဒီလိုအငြင်းအခုံဖြစ်မှုကို ရပ်တန်းက ရပ်လိုက်ဖို့နဲ့ ဗုဒ္ဓဘာသာကို အနည်းအကျဉ်းသာ နားလည်သူ (ဒါမှမဟုတ်) လုံးဝမသိသူတွေအနေနဲ့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ဝေဖန်တိုက်ခိုက်ဖို့ မသင့်ဘူးလို့ တိုက်တန်းလိုက်ပါတယ်။

ဒီအငြင်းပွားမှုကြီးကို အဟောင်းနဲ့ အသစ်တို့ရဲ့ လွန်ဆွဲပွဲအဖြစ် Sanitsuda Ekachai က ဆိုပါတယ်။ သတ်ဖြတ်မယ့်အထိ ခြိမ်းခြောက်လာမှုဟာ ဒီအငြင်းပွားမှုရဲ့ အမြင့်ဆုံးအဆင့်အထိ ဖြစ်စေခဲ့တယ်လို့ သူမက သုံးသပ်ပါတယ်။

ဒီသတ်ဖြတ်မယ့်အထိ ခြိမ်းခြောက်လာပြီးတဲ့နောက်မှာ ရာဘီရာဘရက်က သူမရဲ့ ဝေဖန်မှုနဲ့ပတ်သက်ပြီး မြောက်ပိုင်းဒေသက ဗုဒ္ဓဘာသာဝင်တွေကို တောင်းပန်စကားပြောခဲ့ပါတယ်။ သူမက မြောက်ပိုင်းသားတွေ ဒီလောက်အထိ ဖြစ်မယ်လို့ မမျှော်လင့်ဘူးလို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ အမျိုးသမီးအခွင့်အရေးနဲ့ တန်းတူညီမျှရေး၊ အမျိုးသမီးများ ရဟန်းခံခွင့်ရရှိရေးနဲ့ တလင်တမယားစနစ် ဖော်ဆောင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုလိုက်ပါတယ်။ သူမရဲ့ဝေဖန်မှုအပေါ် အမျိုးသားဗုဒ္ဓဘာသာရေးရာဌာနရဲံ ဒါရိုက်တာဖြစ်သူ Udom Charoen ရဲ့ဖြေရှင်းမှုဟာ ရှင်းလင်းမှုမရှိဘူးလို့လည်း တုံ့ပြန်လိုက်ပါတယ်။

အမျိုးသမီးဝါဒီတွေအနေနဲ့က ရာဘီရာဘရက်တင်ပြလိုက်တဲ့ကိစ္စရပ်ကို ဆက်လက်ဆွေးနွေးဖို့ အကြောင်းအချက်တွေ ရှိနေပါတယ်။ သူတို့ရဲ့ဆွေးနွေးမှုဟာ ဒီအငြင်းအခုံဖြစ်မှုမှာ အနိုင်ရဖို့အတွက် မဟုတ်ဘူး၊ စိတ်ရှည်သည်းခံတဲ့ လူ့ဘောင်အဖွဲ့အစည်းတရပ်ပေါ်ထွန်းစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးများ မဝင်ရဆိုသည့် တားမြစ်ချက်အပေါ် ရိုးရာအစဉ်အလာနှင့် ယုံကြည်ချက်တို့က ရှင်းလင်းပေးရန် “No Entry for Women” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ “ဒီလိုဖြစ်ပျက်ခဲ့တာတွေဟာ ကျမတို့ လူ့ဘောင်အဖွဲ့အစည်းတွင်းမှာ မတူကွဲပြားမှုတွေအပေါ် စိတ်ရှည်သည်းခံမှု နည်းနည်းပဲရှိတယ်ဆိုတာကို ပြသနေပါတယ်” လို့ မဟိဒေါတက္ကသိုလ်ရဲ့ အမျိုးသမီးရေးဝါဒီ ကရိတာရာ (Kritaya Archavanitkul) က ပြောပါတယ်။

အခုလို ရှေးရိုးစွဲဝါဒီတွေရဲ့ တိုက်ခိုက်မှုကို “ရာဘီရာဘရက်” တယောက်တည်းသာ ခံစားနေရတာမဟုတ်ဘူး။ မကြာသေးမီက ပညာရှင်နှစ်ဦးက ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံးလို့ဆိုတဲ့ ဘုရင်ရမ်ကမ်ဟမ်း (Ramkhamhaeng) ရဲ့ ကျောက်စာဟာ အစစ်မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တာကို ဆူခိုထိုင်းသားတွေက ဒေါသတကြီးနဲ့ တုန့်ပြန်ဆန္ဒပြခဲ့ကြတာ၊ နောင်လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ကိုရတ်ဒေသက ပြည်သူတွေလေးစားတဲ့ စစ်သူရဲကောင်း အမျိုးသမီးဖြစ်တဲ့ ခွန်းရင်းမို (Khunying Mo) ကို တကယ်ရှိခဲ့သလားလို့ မေးခွန်းထုတ်ခဲ့တဲ့အပေါ် ကိုရတ်ပြည်သူတွေက ဆန့်ကျင်ခဲ့တာတွေဟာ ကွဲပြားခြားနားတဲ့ အယူအဆတွေကို သည်းခံစိတ်မရှိကြောင်း ပြသနေတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ဒီအချက်တွေက ကျမတို့ လူ့ဘောင်အဖွဲ့အစည်းဟာ ဘယ်လောက်ရင့်ကျက်မှုရှိသလဲဆိုတာကို ပြသနေတာပဲ။ ဒီစိတ်ထားတွေဟာ လူ့ဘောင်အတွက် အန္တရာယ်ရှိ မရှိဆိုတာကို ဆန်းစစ်သင့်ပါတယ်”လို့ ကရိတာရာ မှတ်ချက်ချခဲ့ပါတယ်။

ချူလာလောင်ကွန် တက္ကသိုလ်က ဒဿနိကဗေဒဌာနက အမျိုးသမီးပါမောက္ခဖြစ်သူ ဆုဝန်နာ (Suwanna Satha) ကတော့ “ယုံကြည်မှုနဲ့ ရိုးရာအစဉ်အလာတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ အနှစ်သာရတခုဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကို တစုံတရာက ထိခိုက်လာရင် လူ့အသိုင်းအဝိုင်းက ပြန်လည်တိုက်ခိုက်မှာပဲ” ဆိုပြီး မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ကြဉ်ဖို့အတွက်ဆိုရင် ဒါကို မေတ္တာစေတနာထားပြီး ကိုင်တွယ်ရမှာဖြစ်ကြောင်း တင်ပြပါတယ်။ တဆက်တည်းမှာပဲ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသူတွေက ဘာကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းထားရသလဲဆိုတာကို ရင့်ကျက်သည်းခံစိတ်နဲ့ အကျိုးသင့်အကြောင်းသင့် တင်ပြဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆူဝန်နာက ထောက်ပြတာကတော့ ဗုဒ္ဓလက်ထက်တော်အခါက ဇာတ်အနိမ့်အမြင့် ခွဲခြားဆက်ဆံတဲ့စနစ်ကို ဘယ်လိုကိုင်တွယ်သလဲဆိုတာပါ။ ဗုဒ္ဓလက်ထက်အခါက ဗြဟ္မဏတွေက သူတို့ဟာ ဗြမ္မာကြီးခံတွင်းက မွေးဖွားလာသူတွေဖြစ်လို့ ပိုမိုမြင့်မြတ်တယ်လို့ဆိုပြီး လူမှုရေးအရ အထက်စီးက ရယူခဲ့ကြပါတယ်။ (အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူအယူအဆမှာ ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿနဲ့ သုဒ္ဒဟု လေးမျိုးခွဲခြားထားပြီး ဗြဟ္မဏက အမြတ်ဆုံးလို့ ဆိုပါတယ်)။ ဗုဒ္ဓက ဒီလိုခွဲခြားဆက်ဆံတာကို ဆန့်ကျင်ခဲ့ပါတယ်။ ဗုဒ္ဓက ဗြဟ္မဏတွေ အကုန်လုံးဟာ သူတို့မိခင် ဗြဟ္မဏေးမရဲ့ ဝမ်းဗိုက် (သားအိမ်) အတွင်းက မွေးဖွားလာသူတွေလို့ ဆိုခဲ့တဲ့အကြောင်း ဆုဝန်နာက ထောက်ပြပါတယ်။

နောက်ပြီး ဗြဟ္မဏတွေက ဂင်္ဂါဖြစ်ရေကို ချိုးရင် အကုသိုလ်တရားတွေ ကင်းစင်တယ်ဆိုတဲ့ အစဉ်အလာအယူအဆကို ဗုဒ္ဓက ဒီလိုသာမှန်ကန်ရင် ဂင်္ဂါမြစ်တွင်းက လိပ်တွေငါးတွေ နိဗ္ဗာန်ရောက်ကြမှာပဲလို့ ဆိုခဲ့ကြောင်းကို ဆုဝန်နာက ပြန်လည်တင်ပြပါတယ်။

ဗုဒ္ဓရဲ့မှတ်ချက်အပေါ် အဲဒီခေတ်က လူအချို့က ဘယ်လောက်ထိ အမျက်ဒေါသထွက်ကြမလဲဆိုတာကို သူမက မေးမြန်းလိုက်ပါတယ်။

“ကံမကောင်း အကြောင်းမလှစွာနဲ့ ဗုဒ္ဓရှုမြင်ခဲ့သလို ခွဲခြားဆက်ဆံမှုတွေအပေါ် စိန်ခေါ်ခဲ့တဲ့ စံနမူနာတွေဟာ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာအစဉ်အလာအောက်မှာ ပျောက်ကွယ်နေရတယ်”လို့ သူမက ဆန်းစစ်တင်ပြပါတယ်။

“နောက် ဗုဒ္ဓဘာသာတရားဟာ ထုံးတမ်းစဉ်လာတွေထက် မြင့်မြတ်ရမယ်၊ ရိုးရာအစဉ်အလာတွေကို ကျော်လွန်ဖို့ ဗုဒ္ဓဘာသာတရားက လမ်းပြရမယ်၊ ဒါတွေကို မျက်စိမှိတ်ပြီး မယုံကြည်အပ်ဘူး”လို့ ဆူဝန်နာက ပြောပါတယ်။ ဆက်ပြီးတော့ ရိုးရာအစဉ်အလာတွေဟာ တနေရာနဲ့တနေရာ မတူညီဘူး။ ရိုးရာအစဉ်အလာတွေဟာ ဗုဒ္ဓဘာသာရဲ့ အစိတ်အပိုင်းမဟုတ်ဘူးဆိုတာကို နားလည်ရင် ဒီပြဿနာအတွက် အများကြီးအထောက်အကူဖြစ်နိုင်တယ်လို့ သူမက ပြောပါတယ်။

ဗုဒ္ဓသာဟာ နေရာဒေသ တခုနဲ့တခု မတူညီပါဘူး။ သီရိလင်္ကာနိုင်ငံမှာ အမျိုးသမီးများကို ရဟန်းခံခွင့်ပေးပြီး ဗုဒ္ဓရဲ့ဓာတ်တော်များ ဌာပနာရာ နေရာများအတွင်းကို အမျိုးသမီးများ ဝင်ခွင့်ရကြပါတယ်လို့ ထိုင်းလူမျိုးပညာရှင် ရဟန်းတော်ဖြစ်တဲ့ ဖရားမေတ္တာနန်ဒို (Phra Mettanando) က ထောက်ပြပါတယ်။ သူက ဆက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကို မြန်မာတွေက နှစ်ပေါင်းများစွာ (၁၅၅၈-၁၇၇၄ ထိ နှစ်ရာစုခန့်) အုပ်ချုပ်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေမှာ စေတီပုထိုးများအတွင်း အမျိုးသမီးများမဝင်ရဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ ဒီလိုဝင်ခွင့်မပြုတာဟာ အိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံ အကြွင်းအကျန်တွေပဲ ဖြစ်ရမယ်လို့ သူက ဆိုပါတယ်။

ဒီအယူအဆဟာ အမျိုးသမီးများ ဥတုသွေးကြောင့် ညစ်ညမ်းမှုရှိတယ်ဆိုတဲ့ အယူအဆကြောင့် လူအများ အလေးအမြတ်ပြုရာ ဘုရားကျောင်းဆောင်များအတွင်းကို ဝင်ခွင့်မပေးခြင်းဖြစ်တယ်။ ဒါဟာ ဗုဒ္ဓလက်ထက်မတိုင်မီကတည်းက ကျင့်သုံးလာခဲ့တဲ့ ဗြဟ္မဏအယူအဆသာဖြစ်တယ်လို့ ဖရားမေတ္တာနန်ဒိုက ဆက်လက်ပြောပါတယ်။ ဒီလိုထုံးတမ်းစဉ်လာတွေကို ကျော်လွန်ဖို့ရာအတွက် လူမှုရေးရာအရ အထက်အောက် တည်ရှိနေမှုတွေ၊ တန်းတူညီမျှမှုမရှိတာတွေနဲ့ ထိန်းချုပ်ထားတဲ့ အစဉ်အလာတွေကို နားလည်ဖို့လိုအပ်ကြောင်း ချင်းမိုင်တက္ကသိုလ် အမျိုးသမီးရေးရာဌာနမှ မနုဿဗေဒပညာရှင် ချာလက်ချိုင်း (Chalardchai Ramitanond) က ဆိုပါတယ်။

သူက ရိုးရာအစဉ်အလာဆိုတာ အာဏာရဲ့ ဆက်နွယ်မှုဖြစ်တယ်။ ဒီစည်းမျဉ်းတွေဟာ လူတဦးက အခြားတဦးနဲ့ ဆက်ဆံရာမှာ ဘယ်လိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာတွေကို ဆုံးဖြတ်ပေးထားတယ်။ တကယ်လို့ လူ့ဘောင်အဖွဲ့အစည်းကို ယောက်ျားတွေ လွှမ်းမိုးထားမယ်ဆိုရင် သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေမှာ ယောက်ျားတွေက ပိုပြီး အသာစီးရနေမှာဖြစ်တယ်လို့ ချာလက်ချိုင်းက ပြောပါတယ်။

“ဗုဒ္ဓဘာသာဟာ သက်ရှိတွေ ဘယ်လိုတည်ရှိတယ်၊ ဘယ်လိုဆက်နွယ်နေတယ်ဆိုတဲ့ သစ္စာတရားကို ပြဆိုထားတယ်။ သဘာဝတရားနဲ့ လူ့အဖွဲ့အစည်း ဘယ်လိုဆက်နွယ်တယ်ဆိုတာကို ဖွင့်ဆိုထားတယ်။ ဗုဒ္ဓဘာသာဟာ အသိပညာရဲ့ အရင်းအမြစ် အခြေခံတခုဖြစ်တယ်။ အသိပညာဟာ အာဏာလည်းဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးများကို အလေးအမြတ်ပြုရာနယ်ပယ်အတွင်းကို ဝင်ရောက်ခွင့်မပြုတာဟာ ယောက်ျားများလွှမ်းမိုးထားတဲ့ အစဉ်အလာတရပ်ဖြစ်တယ်။ ဘယ်လိုပဲဆိုတို ဒီကိစ္စဟာ အမျိုးသမီးများကို အသိပညာရပ်ဆိုင်ရာ နယ်ပယ်ကနေ ဖယ်ရှားထားလိုက်တာပဲဖြစ်တယ်လို့ ချာလက်ချိုင်းက ဆိုပါတယ်။

“အမျိုးသမီးများကို ရဟန်းခံခွင့်က ငြင်းပယ်တာဟာ သူတို့ရဲ့ အသိပညာရယူခြင်းကို ငြင်းပယ်တာဖြစ်တယ်။ ဒီနည်းနဲ့ အမျိုးသမီးများကို အသိပညာ ကင်းမဲ့လာစေပါတယ်”လို့ သူက ဆိုပါတယ်။

အခြားပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာနပါပွန်း (Napoporn Havanond) ကတော့ “ဘာသာတရားဆိုတာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဘာသာတရားအတွင်းမှာ ဒီလိုခွဲခြားမှုတွေကို လက်ခံထားမယ်ဆိုရင် ဒါဟာ အန္တရာယ်ရှိပါတယ်”လို့ ပြောပါတယ်။ ဆက်ပြီး သူမက ပြောပြတာကတော့ လူမှုရေးပုံစံအသစ်တွေဟာ ပြောင်းလဲမှုတွေ ရှိလာနေပြီ။ ရှေးအစဉ်အလာတွေ ဆက်လက်ရှင်သန်ဖို့ဆိုရင် ၎င်းတို့ဟာ အတွေးအခေါ်အယူအဆအသစ်တွေနဲ့ မေးမြန်းဆန်းစစ်မှုတွေကို လမ်းဖွင့်ပေးဖို့လိုအပ်မယ်။ အစဉ်အလာတွေကို ရိုသေလိုက်နာဖို့ တောင်းဆိုရုံသက်သက်ဆိုရင် ဒါတွေဟာ ရေရှည်တည်တံ့မှာမဟုတ်ဘူးလို့ သူမက ထောက်ပြပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆန်နစ်ဆူဒါအကာချိုင်း (Sanitsuda Ekachai) ကတော့ အမျိုးသမီးတွေကို ဒီလိုဝင်ရောက်ခွင့်မပေးတာဟာ အမျိုးသမီးများကို နိမ့်ကျသူတွေ၊ မသန့်ရှင်းသူတွေလို့ ဆိုလိုတာဖြစ်တယ်လို့ သူမရဲ့အမြင်ကို တင်ပြပါတယ်။  နောက်ပြီး အမျိုးသားဗုဒ္ဓဘာသာရေးရာဌာနအနေနဲ့ ဒီမေးခွန်းကို ဖြေရှင်းသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အစိတ်အပိုင်းတရပ်လား၊ ဒါမှမဟုတ် ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကို ဖြေရှင်းရမယ်၊ ဒါပေမဲ့ အမျိုးသား ဗုဒ္ဓဘာသာရေးရာဌာနအနေနဲ့ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဆက်လက်ပြီး သူမက ရာဘီရာဘရက်ရဲ့ တောင်းဆိုမှုဟာ လွယ်လွယ်နဲ့ဖြစ်လာမှာတော့မဟုတ်ဘူး။ နောက် ဥပဒေတွေနဲ့ အဓမ္မ ပြောင်းလဲပစ်လို့လည်း မရနိုင်ဘူးလို့ ထောက်ပြပါတယ်။ တကယ်လို့ ဒီထုံးတမ်းစဉ်လာတွေကို ပြောင်းလဲမယ်ဆိုရင် အမျိုးသမီးများကိုယ်တိုင် ပါဝင်လာဖို့၊  နောက် အောက်ခြေအဆင့်ကနေ စတင်တဲ့ ပြောင်းလဲမှုမျိုးဖြစ်ဖို့ လိုအပ်ပါကြောင်း သူမရဲ့ သုံးသပ်ချက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အလေးထားနားထောင်မှု၊ ရှင်းလင်းတင်ပြမှု၊ စိတ်ရှည်မှုများ အထူးလိုအပ်နေပြီး အချိန်နဲ့ ဂရုဏာတရားများလည်း လိုအပ်တယ်လို့ သူမက တင်ပြခဲ့ကာ ဒါဟာ ဗုဒ္ဓဟောကြားတဲ့လမ်းစဉ်၊ ကျမတို့ လိုက်နာရမယ့်လမ်းစဉ်ဟုဆိုရင်း သူမရဲ့ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီပြဿနာကို စိတ်ဝင်တစားလေ့လာခဲ့ကြသလို ဆွေးနွေးသုံးသပ်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူတွေအနေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဒီအဖြစ်အပျက်အပေါ် ဆက်လက်ပြောဆိုစရာတွေ ရှိနေမှာ အသေအချာပါ။ ဖြစ်ပျက်နေတဲ့ အငြင်းပွားမှုအပေါ်မှာ အနိုင်ရဖို့ဆိုတာထက် စိတ်ရှည်သည်းခံပြီး ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ်ပေါ်ထွန်းရေးအတွက် လေ့ကျင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေ ခေတ်မီနေတာနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကိုလည်း ဒီအဖြစ်အပျက်မှာ ကျမတို့ တွေ့ရှိနေရပါတယ်။

ဒီနေရာမှာ ထိုင်းလူမျိုးပညာရှင်တဦးဖြစ်တဲ့ ရဟန်းတော်ဖရားမေတ္တာနန်ဒိုပြောလိုက်တဲ့အချက်ဟာ ကျမတို့ မြန်မာပြည်က အမျိုးသမီးများအတွက် ပိုပြီးစဉ်းစားသင့်တဲ့အချက် ဖြစ်လာပါတယ်။ သူပြောတဲ့အချက်ကတော့ “ဗုဒ္ဓသာဟာ နေရာဒေသ တခုနဲ့တခု မတူညီပါဘူး။ သီရိလင်္ကာနိုင်ငံမှာ အမျိုးသမီးများကို ရဟန်းခံခွင့်ပေးပြီး ဗုဒ္ဓရဲ့ဓာတ်တော်များ ဌာပနာရာ နေရာများအတွင်းကို အမျိုးသမီးများ ဝင်ခွင့်ရကြပါတယ်လို့ ထိုင်းလူမျိုးပညာရှင် ရဟန်းတော်ဖြစ်တဲ့ ဖရားမေတ္တာနန်ဒို (Phra Mettanando) က ထောက်ပြပါတယ်။ သူက ဆက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကို မြန်မာတွေက နှစ်ပေါင်းများစွာ (၁၅၅၈-၁၇၇၄ ထိ နှစ်ရာစုခန့်) အုပ်ချုပ်ခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေမှာ စေတီပုထိုးများအတွင်း အမျိုးသမီးများမဝင်ရဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ ဒီလိုဝင်ခွင့်မပြုတာဟာ အိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံ အကြွင်းအကျန်တွေပဲ ဖြစ်ရမယ်” ဆိုတာပါ။

ဒီအယူအဆဟာ အမျိုးသမီးဥတုသွေးကြောင့် ညစ်ညမ်းမှုရှိတယ်လို့ ယုံကြည်ခဲ့ကြတဲ့ ဗုဒ္ဓလက်ထက်မတိုင်မီကတည်းက ကျင့်သုံးလာခဲ့တဲ့ ဗြဟ္မဏအယူအဆလို့လည်း ပြောထားပါတယ်။

ကျမတို့အနေနဲ့ ထိုင်းနိုင်ငံက အမျိုးသမီးပညာတတ်တွေ ဒီကိစ္စအပေါ် သဘောထားအမြင်တွေ ပြောဆိုလာတာကို နှစ်သက်တဲ့အလျောက် မြန်မာပြည်ကနေ ခရီးသွားဟန်လွှဲရောက်ရှိလာတဲ့ အမျိုးသမီးများနဲ့ အမြင်ဖလှယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပညာတတ်အမျိုးသမီးတယောက်လည်းဖြစ်ပြီး နာမည်ကြီးအနုပညာရှင်တဦးလည်းဖြစ်တဲ့ အရွယ်ရောက်အမျိုးသမီးတဦးကို ကျမတို့ စကားပြောဖို့ ကြိုးစားကြည့်တဲ့အခါမှာ သူဟာ ကမ္ဘောဒီးယားနိုင်ငံ နာမည်ကျော် ANGKOR WAT ဘုရားကို ဖူးခဲ့ရစဉ် ဘုရားဌာပနာများရှိတဲ့နေရာကို မတက်ခဲ့ပါဘူးတဲ့။ တက်ခွင့်ရှိပေမယ့် သူကိုယ်တိုင်ကကို မတက်ချင်တာ၊ မတက်သင့်ဘူးလို့ ထင်နေတာပါတဲ့။

သူ့ကိုကြည့်ရတာလည်း ကျမတို့နဲ့ စကားပြောရာမှာ တော်တော်လန့်နေတဲ့ပုံပေါ်နေပါတယ်။ စိတ်ကျဉ်းကြပ်ပြီး တိုက်စစ် (သို့မဟုတ်) ခံစစ်တခုခုအတွက် ကြိုတင်ပြင်ဆင်ထားပုံလည်း ရပါတယ်။ ကျမတို့ကလည်း နိုင်ငံရေးစကားမပြောဘူး၊ လက်ရှိစစ်အစိုးရကို ဘယ်လိုမြင်သလဲဆိုတာတွေ မမေးဘူးဆိုတဲ့ နားလည်မှုနဲ့ ပြည်တွင်းက ထွက်လာတဲ့လူတွေကို တွေ့ဆုံကြတာပါ။ ကျမတို့အနေနဲ့ သူတို့နဲ့ မိတ်ဆွေလုပ်ချင်တာ အဓိကပါ။ ဒါနဲ့ပဲ သူ့ကို အားနာနာနဲ့ အဲဒီနေ့စကားဝိုင်းကို ရောက်တတ်ရာရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနေ့က သူပြန်သွားတော့ ငယ်စဉ်ကတည်းက မိဘတွေ တောခိုရာမှာပါခဲ့လို့ တောထဲမှာ ဖြစ်သလို ပြောက်ကျားပညာရေးစနစ်နဲ့ စခန်းသွားခဲ့ရတဲ့ အခု ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကျမတို့ရဲ့ရုံးက လက်ထောက်အကူ ကောင်မလေးကတော့ “မေးခွန်းထုတ်ခြင်းဟာ အဖြေရခြင်းရဲ့ သော့ချက်ဆို.. အခုတော့ ဘာမှလည်း မေးခွန်းပြန်မထုတ်ကြပါလား” လို့ ကျမတို့ကို အပြစ်တင်ပါတယ်။

“အန်တီတို့ မျက်ရိပ်မျက်ကဲမပြနေရင် သမီးက မေးခွန်းမေးတော့မလို့” လို့လည်း သူက ဆက်ပြောပါသေးတယ်။ ကျမက ဒီကလေးမ အပြစ်တင်စကားကို လက်ခံရင်းနဲ့ပဲ “ကဲ မေးခွင့်ရမယ်ဆိုရင် သမီးက ဘာမေးမလို့လဲ” လို့ ပြုံးရယ်စနောက်ရင်း မေးလိုက်ပါတယ်။ သူက “အန်တီရယ် အန်တီ့လို ပညာတတ်ပြီး အောင်မြင်မှုတွေ အများကြီးရနေတဲ့ အမျိုးသမီးကြီးတယောက်က ကိုယ့်ကိုယ်ကိုယ် ယုတ်ညံ့တယ်လို့ စိတ်မလုံစရာ ဘာအကြောင်းတွေများရှိလို့လဲ” လို့ မေးလိုက်မှာပေါ့တဲ့။

“ဘုရား.. ဘုရား။ မေးများမေးဖြစ်ခဲ့ရင် ကျမတို့သွားရမယ့်ခရီး ဒီထက်ပိုဝေးသွားပါဦးမယ်”လို့သာ တွေးမိရင်း မြန်မာနိုင်ငံက အမျိုးသမီးများ ဒီအဖြစ်အပျက်ကို ကျမတို့နဲ့အတူ စဉ်းစားကြဖို့ ဝေမျှလိုက်ပါရစေ။

ကိုးကား

၁။ Bangkok Post နှင့် Nation သတင်းစာများမှ သတင်းများ

၂။ Bangkok Post မှ Sanitsuda Ekachai ရေးသည့် Debate not demagogues (၂၉-၇-၂၀၀၄)

၃။ Bangkok Post မှ Anucha Charoenpo ရေးသည့် Senator’s Candour Angers Society (၂၆-၇-၂၀၀၄)

၄။ Bangkok Post ၏ Sanitsuda ရေးသားသည့် Forcing Change doesn’t work (၈-၇-၂၀၀၄)

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်ထုတ်ဝေသည့် ချိုးလင်းပြာအမျိုးသမီးစာစောင် အမှတ် ၃/၂၀၀၄ ခုနှစ်၊ စက်တင်ဘာလထုတ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် မေတာရာ၏ “အမျိုးသမီးများမဝင်ရ”ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။