Home ဆောင်းပါး ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာက မိသားစုများဘဝကို တပ်လှန့်လိုက်သော သေနတ်သံများ

ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာက မိသားစုများဘဝကို တပ်လှန့်လိုက်သော သေနတ်သံများ

Photo: Kaw Kaw (HI)

ကောကော်။            ။

ရွာအနီး သေနတ်သံများ ရုတ်တရက်ကြားရသည်။ သူမက ရင်ခွင်ထဲမှ (၂)လသားကလေးငယ်ကို ပိုက်ကာ ဘယ်နှင့်ညာ လက်တဖက်စီတွင်လည်း ကလေး(၂)ယောက်ကို ဆွဲပြီး အိမ်ဝိုင်းထဲမှ ထွက်ပြေးလာခဲ့သည်။ ကျန်ကလေးအကြီးတွေက စာသင်ကျောင်းမှာ ရောက်နေကြသည်။ အချိန်က မနက် (၁၀) နာရီဝန်းကျင် ..။

ဘာအထုတ်မှ မယူနိုင်ပဲ ကလေးတွေဆွဲပြီး ထွက်ပြေးနေသော သူမ၏စိတ်က ကလေးအကြီးတွေဆီကို ရောက်နေသည်။

မအေးခင်တို့မိသားစုနေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာသည် ပြီးခဲ့သော ဒီဇင်ဘာ (၁၁) ရက်နေ့က  ရခိုင်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ငြိမ်းချမ်းစွာ နေလာခဲ့သည့် မိသားစုများ ဖရိုဖရဲဖြစ်ကုန်ခြင်းဖြစ်သည်။

“မိသားစုတွေက အကုန်တကွဲတပြားဖြစ်နေတာ၊ အဲဒီအချိန်က ယောက်ျားတွေက လယ်၊ ခြံထဲရောက် ကုန်ပြီး ကလေးတွေကလည်း ကျောင်းတက်နေကြတာ။ ကြားရတဲ့သေနတ်သံက လက်နက်ကြီးသံတွေ လည်းပါတယ်။ အရင်က ဒီရွာမှာ အေးအေးချမ်းချမ်းပဲ အလုပ်လုပ်လာကြတာ။ တခါမှ တိုက်ပွဲလဲ မဖြစ် ဖူးဘူး၊ ရခိုင်မှာ ပဋိပက္ခဖြစ်နေကြပေမဲ့ ဒီမှာ မကြုံခဲ့ဘူး” ဟု မအေးခင်က ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာသည် ရခိုင်တိုင်းရင်းသားလူမျိုးများ နေထိုင်သောရွာဖြစ်ပြီး  အေးချမ်းစွာဖြင့် တောင်ယာ၊ လယ်ယာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိက လုပ်ကိုင်ကြကာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ပဋိပက္ခများနှင့်လည်း ကင်းဝေးခဲ့ရာနေရာဖြစ်သည်။ အမျိုးသားတချို့မှာ ကြုံရာကျ ဘန်းအလုပ်ကို လုပ်ကိုင်ကြပြီး အများစုက ယာအလုပ်၊ ခြံအလုပ်များ လုပ်ကိုင်သည်။ ကံပြင်ရွာ၏ မြောက်ဘက် အသဲချောင်းအနီးတွင် AA နှင့် မြန်မာ့တပ်မတော်တို့၏ ပစ်ခတ်မှုကြောင့် ရွာသူရွာသား (၂၀၀)ကျော်ခန့်သည် အထိတ်တလန့်နှင့် နေအိမ်များကိုစွန့်ခွာကာ ဘေးကင်းမည့် စည်တောင်ကျေးရွာသို့ ယာယီတိမ်းရှောင်ခဲ့ကြရသည်။

Photo: Kaw Kaw (HI)

မနက် (၁၀) နာရီအချိန်သည် ကလေးများ စာသင်ကျောင်းတွင် ရောက်ရှိနေသည့်အချိန်၊ အိမ်သားများ လယ်ထဲတွင် စပါးရိတ်သိမ်းနေသည့် အချိန်ကောင်းလည်း ဖြစ်သည်။ ထိုအချိန်တွင် လက်နက်ကြီးသံ၊ သေ နတ်သံများ ရုတ်တရက်ကြားကြရသဖြင့် အလွန်ထိတ်လန့်သွားကြောင်း မအေးခင်ကပြောသည်။

အသက်(၂၅)နှစ်အရွယ်ရှိ မလှသိန်းမှာလည်း ကိုယ်ဝန်အရင့်အမာနှင့် ကျည်ဆံတွေကြားထဲကနေ ထွက် ပြေးလာခဲ့ရသူဖြစ်သည်။ ဗိုက်ထဲမှ ကလေးကို မွေးဖွားရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် ယခုကဲ့သို့ ကြောက်စရာကောင်းသော အဖြစ်အပျက်မျိုး ကြုံတွေ့ရမည်ဟု သူမတခါမှ မမျှော်လင့်ထားပါ။ ရွာတွင် နေထိုင်ပြီး အေးချမ်းစွာ ကလေးမီးဖွားဖို့ စဉ်းစားထားသူဖြစ်သည်။

ယခုလို အထိတ်တလန့်နှင့် ထွက်ပြေးလာသည့် အတွေ့အကြုံကို မလှသိန်းက ပြောပြပါသည်။

῝သေနတ်သံကြားလို့ ရွာကနေ ထွက်ပြေးလာတဲ့အချိန် လမ်းမှာလဲကျလိုက်၊ ပြန်ထလိုက်နဲ့ ဆက်ပြေး ရတယ်။ ကြောက်လဲအရမ်းကြောက်နေတယ်။ ချော်လဲတော့ ဗိုက်ထဲက ကလေးအတွက်လည်း စိတ်ပူတယ်῎

Photo: Kaw Kaw (HI)

စည်တောင်ကျေးရွာတွင် ယာယီခုံလှုံနေစဉ် စည်တောင်ကျေးရွာရှိ ရွာသူရွာသားတွေက ကူညီပေးကြပြီး အထွေထွေအုပ်ချုပ်ရေးမှူးမှ ဆန်ဆီဆား စသည့် စားသောက်စရာတို့ကို လှူတန်းပေးသည်ဟု ကံပြင်ရွာနေ စေတနာ့ဝန်ထမ်းဖြစ်သူ ကိုဖိုးသိန်းက ပြောသည်။

ကံပြင်ရွာမှ စစ်ဘေးရှောင် ရွာသူရွာသား (၂၀၀)ကျော်ခန့်သည် လက်ရှိတွင် ကံပြင်ရွာကို ပြန်လည် ရောက်ရှိ လာပြီဖြစ်သော်လည်း လုံခြုံရေးအရ စိတ်မအေးနိုင်သေးသည့် အခြေအနေတွင်ရှိနေသည်ဟု ကိုဖိုးသိန်းက ပြောသည်။

῝ခုချိန်မှာတော့ အခြေအနေကောင်းလို့ ရွာကို ပြန်သွားကြပြီဆိုပေမဲ့ အရင်လို လုပ်ကိုင် စားသောက်ဖို့တော့ ထိတ်လန့်နေရတာပေါ့။ ဘယ်တော့ သေနတ်သံတွေ ထပ်ကြားရမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စိတ်မ အေးနိုင်ကြဘူး။ တိုက်ပွဲဖြစ်တာ မကောင်းဘူး၊ ပြည်သူတွေပဲ ဒုက္ခရောက်တာ။ အဓိက မိခင်နဲ့ ကလေးတွေ ပိုဒုက္ခရောက်ရတယ်῎

ရခိုင်ပြည်နယ်အတွင်း AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ဘူးသီးတောင်မြို့နယ်အပါအဝင် ရသေ့တောင်မြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာအချို့ရှိပြည်သူများသည် လက်ရှိအသက်မွေးဝမ်းကျောင်းလုပ်ကိုင်လျက်ရှိသော လယ်ယာလုပ်ငန်းခွင်ထဲသို့  ပြန်လည်ဝင်ရောက်လုပ်ကိုင်ရန် မဝံ့မရဲ ဖြစ်နေကြသည်။

AA,TNLA, MNDAA တို့ မဟာမိတ်(၃)ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီဇင်ဘာလ(၁၂)ရက်နေ့ အပြန်အလှန် Statement တွေထုတ်ကြပြီးနောက် ရခိုင်ပြည်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာနေ ပါတယ်။

“စစ်ပွဲကြောင့် ဘူးသီးတောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ နယ်စပ်တလျှောက် ကျေးရွာများက ဒေသခံတွေ ဘေးလွတ်ရာသို့ အသုတ်လိုက် အသုတ်လိုက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်၊ အဲဒီအထဲမှာ အမျိုး သမီးတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ အများအပြားပါဝင်နေပါတယ်။ ကျမတို့ အမျိုးသမီးနဲ့ ရင် သွေးငယ်တွေအတွက် လုပ်ဆောင်မှုတခုခု ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေကြပါတယ်။”

NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော ALP ခေါ် ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက သူတို့ စီစဉ်ဆောင်ရွက်နေကြောင်းပြောသည်။

 

Related Articles