Home ဆောင်းပါး ပြေးနိုင်မှ လွတ်မယ်…

ပြေးနိုင်မှ လွတ်မယ်…

 

13720574_1723231174593274_143459474_oပစ်တိုင်းထောင်။            ။

မီးရောင်တွေနဲ့ တောက်ပလင်းထိန်နေပြီး သန့်ရှင်းကျယ်ဝန်းလှတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ ဈေးဝယ်ကုန် တိုက်တခုမှာတော့ အဝတ်အစားသစ်သစ်လွင်လွင်နဲ့ ဝယ်သူကဝယ်၊ ရောင်းသူကရောင်း၊ လူတွေအလုပ် ရှုပ်နေတာကို မြင်တွေ့ရပါမယ်။ ဒီနေရာရဲ့ သန့်စင်ခန်းထဲကို ဝင်ကြည့်မယ်ဆိုရင်လည်း သန့်ရှင်းရေး အလုပ် သမားတွေကို တူညီဝတ်စုံတွေနဲ့ အချို့လည်း ခေါင်းမှာ အဝတ်စလေးတွေ စည်းနှောင်ထားတာကို တွေ့ရ ပါလိမ့်မယ်။ ကုန်တိုက်တစ်ခုလုံး သန့်ရှင်းနေပြီး ယုတ်စွအဆုံး အိမ်သာထဲကို ဝင်သွားတာနဲ့ မွှေးရနံ့ သင်းသင်းနဲ့လေထုက ဆီးလို့ကြိုနေမှာပါ။

သန့်ရှင်းရေးလုပ်နေတဲ့ အလုပ်သမားအမျိုးသမီးလေးတွေရဲ့မျက်နှာမှာ အပြုံးလေးတွေ ဝေနေတာကိုလည်း တွေ့ကြရမှာပါ။ မျက်နှာမှာပြုံးနေပေမယ့် သူတို့ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားနေရသလဲဆိုတာကိုတော့ ကြည့်ရုံ နဲ့မသိနိုင်ပါဘူး။

တကယ်တော့ သူတို့ရင်ထဲမှာခံစားချက်တွေ အပြည့်ရှိနေပါတယ်။ ကုန်တိုက်တစ်ခုမှာ အိမ်သာသန့်ရှင်းရေး လုပ်နေတဲ့သက်သက်ခိုင်က သူမရဲ့အတွေ့အကြုံနဲ့ မလုံခြုံတဲ့ လုပ်ငန်းခွင်ဘဝကို ရင်ဖွင့်လာပါတယ်။

“ကျမအလုပ်လုပ်ရတာက ကုန်တိုက်အောက်ထပ်အိမ်သာမှာ အမျိုးသမီးအိမ်သာရော အမျိုးသားအိမ်သာပါ တာဝန်ယူရတယ်။ အိမ်သာလာတဲ့ အမျိုးသားတွေက“နောင့်..နောင့်” (မြန်မာလိုဆို ညီမ..ညီမ) လို့ခေါ်ပြီး ကိုယ်လည်းဗြုန်းကနဲမို့ လှည့်ကြည့်မိရင် ဘုရားရေ.. သူရဲ့လိင်တံကို ထုတ်လို့ခါပြသတဲ့။ ကြောက်ကြောက် နဲ့ကမန်းကတန်းထွက်ပြေးခဲ့ရတယ်။ တယောက်ထဲလည်း ငိုခဲ့ရတယ်”

အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ မလုံခြုံမှုကို သက်သက်ခိုင်က ပြောပြတာပါ။ အလုပ်ခွင်မှာတင် မကပါဘူး။ အလုပ်ခွင် ပြင်ပမှာလည်း မလုံခြုံမှုတွေကို တွေ့ရပါသေးတယ်။

“ ကျမထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ ကုန်တိုက်မှာ အလုပ်လုပ်တယ်။ ကျမနေရတဲ့ အခန်းနဲ့ အလုပ်က နည်းနည်းဝေးတော့ စက်ဘီးလေးနဲ့လာရတယ်။ ကျမက ညနေ(၂)နာရီမှ ည(၁၁) နာရီ အထိ အလုပ်ဝင်ရတယ်။ တနေ့အပြန်လမ်းမှာ အမျိုးသားတယောက်လိုက်လာတယ်။ သူကထိုင်းလိုပြော တယ်။ ညီမလေးဘယ်သွားမလို့လဲ။ လိုက်ပို့ရမလားတဲ့။ ထိကပါးရိကပါးပုံစံနဲ့ပေါ့။ ကျမလည်းရတယ် မလို ဘူးလို့ ပြောတယ်။ ပြီးတော့တခါတည်းပြောလိုက်တယ်။ ကျမမှာ ယောက်ျားရှိတယ်။ ကလေးလည်း (၃) ယောက်ရှိတယ်လို့ပြောတာ မယုံဘူးတဲ့။ နောက်ရက်တွေလည်း အဲဒီလိုပဲလိုက်တယ်။ ပြီးတော့ ကျမကို အဖြေပေးတဲ့။ ကျမလည်း ပြန်တိုင်ပင်လိုက်ဦးမယ်ဆိုတော့ ဘယ်သူနဲ့လဲတဲ့။ ကျမယောကျ်ားနဲ့လို့ ပြော လိုက်တယ်။ နောက်ရက်မှာ ကျမယောကျ်ားနဲ့မိတ်ဆက်ပေးလိုက်တယ်။ အဲဒီတော့မှ မလိုက်တော့ဘူး”

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ လုံးဝခိုကိုးရာမဲ့တော့ မဟုတ်ပါဘူး။ သူတို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတချို့လည်းရှိကြပါတယ်။

မဲဆောက်က ရောင်ခြည်ဦးအဖွဲ့ကတော့ အဲဒီအကူအညီပေးနေတဲ့အဖွဲ့တွေထဲက တဖွဲ့ပါ။ “ပညာပေးမှု တွေကိုလည်း ပုံမှန်လုပ်ပေးနေတာရှိသလို ရေဒီယိုမှတဆင့် အလုပ်သမားတွေအတွက် စကားလက်ဆောင် အသံလွှင့်ပေးတာလည်း ရှိတယ်” လို့ အလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦးရဲ့ ဥပ ဒေရေးရာ အထောက်အကူပြုဌာန တာဝန်ခံဖြစ်တဲ့ ကိုစိုးမိုးက ပြောပါတယ်။

“သင်တန်းတက်ချင်တဲ့ အမျိုးသမီးတွေကို ကျနော်တို့ဖိတ်တယ်။ ကုန်တိုက်က အမျိုးသမီးတွေလည်း ပါ ကောင်း ပါနိုင်တယ်။ ကျနော်တို့ကွင်းဆင်းတဲ့ စနေတနင်္ဂနွေလိုမျိုး နှစ်ရက်ပေါ့နော်။ ကျနော်တို့ လုပ်ဖြစ် တယ်။ နောက်တချက်က ရုံးမှာလည်း သင်တန်းပေးတယ်။ လူအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ ဒီ gender ပေးတယ်။ နောက်ကျနော်တို့ စကားလက်ဆောင်လေးတွေကို ရေဒီယိုကနေ အသံလွှင့်ပေးတယ်”

ကုန်တိုက်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေကတော့ အားလပ်ချိန် မရှိတာရော၊ အလုပ်ချိန်မှာ ရေဒီယို နား မထောင်နိုင်တာရော၊ ဒီလိုသင်တန်းမျိုးတွေ ပညာပေးတွေနဲ့ ဝေးနေကြရပါတယ်။

သက်သက်ခိုင်လိုပဲ သန့်ရှင်းရေးတာဝန်ကျတဲ့ နောက်တယောက်ကတော့ အိအိခိုင်ပါ။ သူက သူ့အတွေ့အ ကြုံကို အခုလိုပြောပြပါတယ်။

“ကျမက အပေါ်ထပ်အိမ်သာမှာ သန့်ရှင်းရေးလုပ်ပါတယ်။ တနေ့မှာ ကျမအိမ်သာဆေးနေတုန်း အမျိုးသား တယောက်တံခါးလာခေါက်တယ်။ (နောင့်) အိမ်သာတက်လို့ရမလားတဲ့။ ဟုတ်ကဲ့ ရပါတယ်ဆိုပြီး တံခါးဖွင့် ပေးလိုက်တော့ သူက ကျမကို ဘတ်(၂၀၀)ထုတ်ပေးတယ်။ ကိုယ်ကလည်း ကျေးဇူးတင်ပါတယ်ပေါ့။ အရင် ကလည်း အခုလို တချို့ဧည့်သည်တွေက ပေးတတ်တယ်လေ။ ကျမဘတ်(၂၀၀)ယူပြီး အိမ်သာလာဆေးကူ တဲ့သူငယ်ချင်းတယောက်ကို ရော့နင်(၁၀၀) ငါ(၁၀၀)ဆိုပြီးပေးနေတုန်း သူငယ်ချင်းက ပီ…ပီ (အစ်မ အစ်မ) လာ…လာ ခေါ်တယ်။ ကိုယ်ကလည်းမသိ၊ သူကလည်း မြန်မာလိုကောင်းကောင်း မတတ်တော့ ဆက် မပြောဘူး။ ကျမလက်ကို အတင်းဆွဲပြီး တံခါးဖွင့်ပြေးတယ်။ အပြင်ရောက်မှ ဘာတုန်းဟဲ့လို့ ပြော တော့ ဟိုလူကြီးလေ..သူဟာကြီးကိုင်ပြီး (အစ်မ) နောက်ကို လာနေတာတဲ့။ ကိုယ်က သူ့ကျောပေးထား တော့ မသိဘူးပေါ့။ ဘုရား..ဘုရား အဲဒီလိုကြီးလားဆိုပြီး စောစောက ပြောရောပေါ့ဟဲ့။ ငါသူပေးတဲ့ ပိုက်ဆံ ပြန်ပေးပြီး ပြောပစ်လိုက်မှာလို့။ ပြောသာပြောရတယ်။ ကိုယ်က ထိုင်းလိုလည်း ကောင်းကောင်းမပြော တတ်..”

ရောင်ခြည်ဦးအဖွဲ့ကတော့ အလုပ်သမားတွေအတွက် သူတို့ဘက်မှ ဥပဒေအရ အရေးယူလို့ရတဲ့ အမှုတွေ ဆိုရင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီးဆောင်ရွက်ပေးခဲ့တာတွေ ရှိတယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။

“ကျနော်တို့ရုံးကို ရောက်လာရင် ကျနော်တို့ ဒီဘက်မှာက network ရှိတယ်ခင်ဗျ။ အဓိက labor right ကို ကိုင်တာရှိတယ်။ ကျနော်တို့က IRC,BWU,SAW နဲ့ ရှေ့နေတွေနဲ့ တိုက်ရိုက်အဖွဲ့အစည်းတွေရှိတဲ့နေရာကို ချိတ်ဆက်ပေးတယ်။ အမှုတွေ ဘာတွေ သွားတိုင်ပြီဆိုတာနဲ့ ကျနော်တို့ကိုယ်တိုင် လိုက်သွားပေးတယ်။ ကျနော်တို့ကိုယ်တိုင်သွားပြီး အမှုဖွင့်ပေးတယ်”

ဒါပေမယ့် အလုပ်သမားအမှုအခင်းတွေ၊ အလုပ်ရှင် အလုပ်သမား ပြဿနာတွေက ထိပ်တန်းရောက်နေတဲ့ အတွက် ကုန်တိုက်က မိန်းကလေးတွေလို လုပ်ငန်းခွင်တွေက အမျိုးသမီးတွေရဲ့ လုံခြုံရေးလိုမျိုးကိုတော့ ထိထိရောက်ရောက် မလုပ်နိုင်ကြပါဘူး။

တခြားအားကိုးစရာအဖွ့ဲတွေကတော့ အမျိုးသမီးအဖွဲ့အစည်းတွေပါ။

13833354_1723231167926608_600456455_o

ထိုင်းရောက်ရွေ့ပြောင်းအမျိုးသမီးအလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဘယ်လို ကူညီဖြေ ရှင်းပေးနေသလဲဆိုတာကိုတော့ အမျိုးသမီးရေးလှုပ်ရှားနေတဲ့အဖွဲ့တခုဖြစ်တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ အ ထွေထွေအတွင်းရေးမှူး မဇင်မာဖြိုးက အခုလိုရှင်းပြပါတယ်။

“အရင်တုန်းက မြန်မာ့အမျိုးသမီးသမဂ္ဂက နယ်စပ်ဘက်မှာ လုပ်ငန်းတွေ အဓိက အခြေချတုန်းကတော့ အလုပ်သမားတွေကြားထဲမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးတာတို့၊ အခြားအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာတို့ လုပ်ပေးတာရှိတယ်”။

ဒါပေမယ့်လည်း မဇင်မာဖြိုးက ကုန်တိုက်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက်တော့ လက် လှမ်း မမှီခဲ့ဘူးဆိုတာကိုလည်း ရှင်းပြပါတယ်။

“BWU ရဲ့အဖွဲ့ဝင်တချို့က အလုပ်သမားတွေကြားမှာ ရှိနေသေးတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု တွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကူညီပေးတာတော့ရှိတယ်။ ဒါပေမယ့်လည်း ခုနကလို ကုန်တိုက် တွေမှာဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတို့လို အခြားလုပ်ငန်းခွင်တွေမှာပါရှိတော့ လိုက်ပြီးတော့ ကူညီတာမျိုး၊ လိုက်ပြီးတော့ ပညာပေးတာမျိုးတော့ မရှိသလောက်တော့ နည်းတယ်လို့မြင်တယ်။ ဘာ ကြောင့်လည်းဆိုတော့ အလုပ်သမားတွေဘက်ကလည်း သူတို့အားတဲ့အချိန်နည်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီလိုမျိုး ကုန်တိုက်မှာ အလုပ်လုပ်နေကြတဲ့အမျိုးသမီးတွေအတွက် ဘယ်လိုအခက်အခဲကြုံနေရလဲ၊ လိင် ပိုင်းဆိုင်ရာ ဘယ်လိုထိပါးခံနေရလဲဆိုတာ လက်လှမ်းမှီဖို့ သိဖို့ကတော့ တော်တော်လေးခဲယဉ်းတာရှိ တယ်”

အခုလို အကြမ်းခံရမှုတွေ၊ နှောက်ယှက်ခံရမှုတွေကို အဓိကလျော့ကျဖို့ဆိုရင် ထိုင်းအစိုးရအနေနဲ့ အလုပ် ရှင်တွေကို ဖိအားပေးလုပ်ဆောင်မှ ဖြစ်နိုင်မယ်ဆိုတာကိုလည်း သူမအမြင်ကို ရှင်းပြပါတယ်။

“အဓိကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ နှောက်ယှက်မှုတွေကျတော့ ကိုယ်တွေ လက်လှမ်းမမှီတဲ့နေရာ မျိုးမှာ သူတို့တွေ အကြမ်းဖက်ခံရတာ အနှောက်အယှက်ခံရတာမျိုး လျှော့ချဖို့အတွက်ဆိုရင်တော့ ထိုင်းက အလုပ်သမားအဖွဲ့တွေကတဆင့် အစိုးရကို သူတို့ကို ကာကွယ်ပေးမယ့် ဥပဒေတွေရှိဖို့အတွက် မီးမောင်း ထိုးပြတာတို့ ပြီးတော့မှ ဒီအစိုးရကတဆင့် အလုပ်ရှင်ကို ဖိအားပေးမှ လုပ်နိုင်မယ်လို့မြင်တယ်”

လောလောဆယ်မှာတော့ ထိုင်းကုန်တိုက်တွေမှာ သန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအမျိုးသမီးတွေအနေနဲ့ မတော်မတရားလုပ်တာကြုံရရင် အဲဒီနေရာက အမြန်ဆုံးထွက်ပြေးဖို့ထက် တခြားဖြေရှင်းစရာ နည်းလမ်း မရှိသေးပါဘူး။

Related Articles