“မိန်းကလေးတွေက အထင်သေး အမြင်သေး ပိုခံရလို့ ပြန်လည်ဝင်ဆံ့ဖို့ ပိုခက်ခဲပါတယ်”

ရှင်ငြိမ်း ဆက်သွယ်မေးမြန်းသည်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအကျပ်အတည်းတွေ ပြင်းထန်လာတာနဲ့အမျှ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲမှုဟာ မြို့ပြဒေသတွေကနေ ကျေးလက်ဒေသတွေအထိ ပိုမိုကျယ်ပြန့်လာနေပါတယ်။

ဒီအခြေအနေဟာ အမျိုးသားတွေတင်မက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ်ပါ ထိခိုက်မှုတွေ ပိုမိုရှိလာပြီး၊ မိသားစုတွင်း အကြမ်းဖက်မှု၊ လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဖယ်ကျဉ်မှုနဲ့ ကလေးငယ်တွေ မူးယစ်ဆေးကွန်ရက်ထဲ ပါဝင် လာမှုတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာမှာ “တောက်ပသောရွှေရောင်အနာဂတ် မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်း” ကို ဖွင့်လှစ်ထားပြီး မူးယစ်ဆေးနဲ့ အရက်ဖြတ်ကုသပေးတာအပြင် ဆေးဖြတ်ပြီးသူတွေ လူမှုအသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ဆံ့နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာတွေပါ သင်ကြားပေးနေပါတယ်။ မူးယစ်ဆေးဖြတ်စခန်းအဖြစ် စတင်ခဲ့တဲ့ အချိန်ကနေ ယခုအချိန်အထိ ဆေးခန်း တရားဝင်ဖြစ်လာအောင်နဲ့ သုံးစွဲတဲ့ ဆေးတွေကို FDA တင်နိုင်အောင် ကြိုးစားခဲ့ပြီး ၃ နှစ်ကျော်၊ ၄ နှစ်အတွင်း  လက်ရှိမှာလူပေါင်း ၅၀၀၊ ၆၀၀ ကို မူးယစ်ဆေး ဖြတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစခန်းမှာ ရှမ်းပြည်၊ ကချင်ပြည်နယ်၊ ကော့သောင်း၊ မြိတ်၊ ရေး၊ ထားဝယ်၊ ကောလင်း စတဲ့ နိုင်ငံအနှံ့အပြားကနေ လာရောက်ပြီး မူးယစ်ဆေးနဲ့ အရက်ဖြတ်ကြသူတွေ ယာယီခိုလှုံနေကြပါတယ်။

စခန်းကို ဦးဆောင်နေတဲ့ “နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့” တည်ထောင်သူ ဦးမင်းကိုကတော့ မူးယစ်ဆေး သုံးစွဲသူတွေကို အပြစ်ရှိသူတွေအဖြစ်သာ မမြင်ဘဲ သူတို့နောက်ကွယ်က ဒုက္ခရောက်နေတဲ့ မိသားစုတွေနဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးနဲ့ အရက်သုံးစွဲမှုကြောင့် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဖယ်ကျဉ်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆေးဖြတ် ကုသမှုခံယူရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မူးယစ်ဆေးကွန်ရက်ထဲ ပါဝင်လာနေတဲ့ အခြေအနေတွေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေတဲ့ အခြေအနေတွေအကြောင်း ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာက “တောက်ပသောရွှေရောင်အနာဂတ် မူးယစ်ဆေးနဲ့ အရက်ဖြတ်စခန်း” နဲ့   နယ်လှည့်ကုသိုလ်ပြုနှလုံးလှဆရာဝန်များအဖွဲ့ တည်ထောင်သူ ဦးမင်းကို ကို HI – Honest Information က ဆက်သွယ် မေးမြန်းထားပါတယ်။

HI – Honest Information – ဒီလိုနေရာမျိုးမှာ ‘နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့’ နဲ့အတူ ဒီမူးယစ်ဆေး/အရက်ဖြတ်စခန်းကို စတင်တည်ထောင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့လဲ။ ဘယ်လိုတွန်းအားတွေ ဖြစ်ခဲ့တာလဲ။

ဦးမင်းကို –  နယ်လှည့်ကုသိုလ်ပြုနှလုံးလှ ဆရာဝန်များအဖွဲ့ကိုတော့ ၂၀၁၃ ရေဘေး တုန်းက စတင်ဖွဲ့စည်းခဲ့တာပါ။ အနယ်နယ် အရပ်ရပ် ကို သွားရောက် ထောက်ပံ့လှူဒါန်း ဆေးကုပေးရာကနေ ကျနော့် မိတ်ဆွေ ဆရာဝန်တွေ၊ အထူးကုကြီးတွေ၊ ဆေးခန်းပိုင်ရှင်တွေပါ လာရောက်ပူးပေါင်း ကုသိုလ်ယူကြလို့ သူတို့ကို ဂုဏ်ပြု တဲ့အနေနဲ့ “နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့” ဆိုပြီး ဖွဲ့ဖြစ်ခဲ့တာပါ။

အင်းမရွာမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ကုသိုလ်ပြု ဆေးကုပေး၊ ဆွမ်းကပ်၊ ထမင်းကျွေး လှူဒါန်းရာကနေ တနေ့တော့ အသက် ၇၀ ကျော် အမေအိုကြီး ၂ယောက်နဲ့ အဖေအိုကြီး ၁ယောက် ဒဏ်ရာတွေနဲ့ ဆေးကုဖို့ ရောက်လာ ကြတယ်။ မေးကြည့်တော့ “ချော်လဲတာ၊ ပြုတ်ကျတာ” လို့ ကွယ်ဝှက်ပြောကြပေမဲ့ ကျန်ခဲ့တဲ့လူနာတွေဆီကနေ အမှန် တကယ်ဖြစ်ကြောင်းကို သိလိုက်ရတယ်။ သူတို့ရဲ့ သားတွေက မူးယစ်ဆေးကြောင့် ကြောင်ပြီး အမေကို ထိုးကြိတ်တာ၊ အရက်ဖိုး ပိုက်ဆံတောင်းမရလို့ အဖေကို အုတ်ခဲနဲ့ ထုတာတွေကြောင့်ပါ။ ဒါကို မြင်တွေ့လိုက်ရတဲ့အခါ “ဒါဆိုရင်တော့ မူးယစ်ဆေးနဲ့ အရက်ဖြတ်တဲ့ ဆေးခန်းလေး ဖွင့်ပေးမှဖြစ်မယ်၊ ဒီအမေအိုကြီးတွေ ဒုက္ခရောက်နေပြီ၊ အနယ်နယ် အရပ်ရပ် မှာလည်း မိဘတွေ စိတ်သောကရောက်နေကြတာ အများကြီးပဲ” ဆိုတဲ့ စိတ်နဲ့ ဖွင့်ဖြစ်ခဲ့တာဖြစ်ပြီး ဒါဟာ ကျနော့်အတွက် အဓိကတွန်းအား ဖြစ်ခဲ့တာပါ။

HI – ဒီဧရာဝတီတိုင်းဒေသတဝိုက်မှာ မူးယစ်ဆေးဝါးနဲ့ အရက်စွဲတဲ့ပြဿနာက ဘယ်လောက်အထိ ကြီးမားနေလို့ အခုလို ဒီမှာစခန်းတည်ထောင်ရတာလဲ။ ရှမ်းမြောက်၊ ကချင်နဲ့ အခုဆိုရင် မန်းလေးဘက် မှာပါ မူးယစ်ဆေးကိစ္စက အတော်ဆိုးတယ်လို့ ကြားတယ်။ ဆရာကရော ဘယ်လိုမြင်ပါသလဲ။ အဲ့ဒီဘက်တွေရော လုပ်ကိုင် ဖို့ရှိပါသလား။

ဦးမင်းကို – မူးယစ်ဆေးဝါးပြဿနာက ဧရာဝတီတိုင်းမှာတင် မကပါဘူး၊ နေရာအနှံ့အပြားမှာ တအားကြီး ပေါများပြီး ဆိုးရွားနေတာပါ။ ရှမ်းမြောက်၊ ကချင်နဲ့ မန္တလေးဘက်တွေမှာဆိုရင်လည်း အတော်ကို ဆိုးပါတယ်။ သက်ဆိုင်ရာတွေက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးက အောက်ခြေလူတန်းစားတွေအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြတာဖြစ်လို့ ဖမ်းဆီးရုံနဲ့ မနိုင်နိုင်ဘူးလို့ မြင်ပါတယ်။ ကျနော်တို့အနေနဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက်တွေမှာလည်း ဒီမူးယစ်ဆေးဖြတ်စခန်းတွေ ဆက်လက်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ် ခင်ဗျ။

HI –  ဒီစခန်းဖွင့်ဖို့ အခက်အခဲတွေရှိလား၊ ဖွင့်တဲ့အချိန်မှာရော ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရသေးလဲ။ စခန်းစဖွင့်တော့ လူနာတွေက ဘယ်လိုပုံစံ၊ ဘယ်ဒေသတွေကနေ လာရောက်ကြတာလဲ။

ဦးမင်းကို – စခန်းစဖွင့်တဲ့အချိန်မှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆေးခန်း တရားဝင်ဖြစ်လာ အောင်နဲ့ သုံးစွဲတဲ့ ဆေးတွေကို FDA တင်နိုင်အောင် ကြိုးစားခဲ့ရတာတွေ ရှိပါတယ်။ စခန်းကို ရောက်လာတဲ့ လူနာ တော်တော်များများကတော့ မိဘတွေကို စော်ကား ပုန်ကန်ပြီးမှ ရောက်လာကြတာ များပါတယ်။ ဒေသတွေအနေနဲ့ကတော့ ရှမ်းပြည်၊ ကချင်ပြည်နယ်၊ ကော့သောင်း၊ မြိတ်၊ ရေး၊ ထားဝယ်၊ ကောလင်း စတဲ့ နိုင်ငံအနှံ့အပြားကနေ လာရောက်ကြ တာပါ။

HI – ဆေးဖြတ်တဲ့နေရာမှာ လုံးဝပြတ်သွားတဲ့အထိ ဖြတ်ပေးတာလား။ တချို့က ဖြတ်ပြီးလည်း ပြန်စွဲတာမျိုးတွေရှိတော့လေ။

ဦးမင်းကို – လုံးဝပြတ်သွားတာမျိုး ရှိသလို မိဘတွေရဲ့ အုပ်ထိန်းမှု မကောင်းလို့ မူးယစ်ဆေး ပြန်သုံးမိသွားတာမျိုးလည်း ရှိပါတယ်။ ကျနော်တို့ကတော့ တခါလာဖြတ်လို့ ဘယ်နှစ်ကြိမ် ပြန်ဖြစ်ဖြစ်၊ လာသမျှ လူနာတိုင်း ကို လက်ခံပေးပါတယ်။

HI – တခါဖြတ်ပေးရင် လူဘယ်နှယောက်လောက်လက်ခံပါသလဲ။ အမျိုးသမီးတွေကရော ဘယ်လောက်လောက်ပါဝင် တတ်လဲ။

ဦးမင်းကို – လက်ရှိ ကျနော်တို့စခန်းမှာ လူနာ အယောက် ၉၀ ကျော်လောက် ရှိပါတယ်။ အမျိုးသမီးတွေကတော့ ကြိုကြားကြိုကြား ပုံစံမျိုးနဲ့ တခါလာရင် ၂ ယောက်၊ ၃ ယောက်လောက် ပါဝင်လေ့ ရှိပါတယ် ခင်ဗျ။

HI – အခုဆေးဖြတ်ပေးနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ လက်ရှိထိ အမျိုးသမီးဘယ်နှစ်ဦး ပါဝင် ဆေးဖြတ်ပေးခဲ့လဲ။ ဆေးဖြတ်တာအပြင် အရက်လည်းဖြတ်တယ်ဆိုတော့ ဆေးစွဲ၊ အရက်စွဲသူတွေ အာဏာသိမ်းပြီး နောက်ပိုင်း ပိုများလာတယ်ထင်လား။ ဆရာ့အမြင်နဲ့ တွေ့ရတဲ့အခြေအနေကို ပြောပြပေးပါရှင့်။

ဦးမင်းကို –အခု ဆေးဖြတ်ပေးနေတာဆိုရင် ၃ နှစ်ကျော်၊ ၄ နှစ်ထဲ ဝင်လာပါပြီ။ လူပေါင်း ၅၀၀၊ ၆၀၀ ကို လုံးဝ အဖိတ်အစင်မရှိဘဲ ဖြတ်ပေးနိုင်ခဲ့ပါတယ်။ အရက်စွဲသူတွေလည်း အတူတူပါပဲ၊ တအားများပါတယ်။ ဧရာဝတီတိုင်းမှာဆို ရွာတွေမှာ ပျော်စရာနေရာ မရှိကြတော့ အလုပ်လုပ်ပြီးတာနဲ့ အရက်နဲ့ပဲ ပျော်ကြရင်း အရက်စွဲတာက ဓလေ့လိုတောင် ဖြစ်နေကြတာပါ။ ကျနော်တို့က မူးယစ်ဆေးရော အရက်ရော ၂ခုလုံးကို အပြီးတိုင် ဖြတ်ပေးနေတာ ဖြစ်ပါတယ်။

HI – ဆရာတို့အဖွဲ့ဟာ ဆေးကုသပေးရုံတင်မကဘဲ ‘ပညာဒါနအသက်မွေးဝမ်းကြောင်းကျောင်း’ ပါ တွဲဖက်ဖွင့်လှစ် ထားတာ တွေ့ရပါတယ်။ ဒီကျောင်းမှာ ဘာတွေသင်ပါသလဲ။ ဘယ်သူတွေသင်ကြပါသလဲ။

ဦးမင်းကို  – ကျေးလက်က ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ရရာအလုပ် လုပ်ကြ တော့ လစာ မကောင်းကြဘူး။ ဒါကြောင့် အတတ်ပညာတခုခု ရှိရင် လစာကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဖွင့်ခဲ့တာပါ။ ခုနောက် ပိုင်းကျတော့ ဆေးဖြတ်ဖို့ ရောက်လာတဲ့ ကလေးတွေကို ဆေးဝါးအတတ်ပညာ၊ ကားမောင်းအတတ်ပညာ၊ ပန်းချီ၊ ပန်းပု အတတ်ပညာတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

HI – မူးယစ်ဆေးဖြတ်တဲ့ ဖြစ်စဉ်မှာ အသက်မွေးဝမ်းကြောင်းပညာ သင်ပေးဖို့ ဘာကြောင့် လိုအပ်တာလဲ။ ဒါက ဆေးဖြတ် ပြီးသူတွေ လူ့အဖွဲ့အစည်းထဲ ပြန်ဝင်ဆံ့ဖို့ ဘယ်လောက်အထိ အရေးပါတယ်ထင်လဲ။

ဦးမင်းကို – အသက်မွေးဝမ်းကျောင်းအနေနဲ့ ဆေးဝါးပညာကို အဓိက သင်ပေးပါတယ်။ ဆေးဖြတ်ရာမှာ လူမှုအသိုင်း အဝိုင်းထဲ ပြန်ဝင်ဆံ့ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးက အလွန်အရေးကြီးပါတယ်။ ဆေးရုံကြီးတွေမှာ ပါမောက္ခကြီးတွေနဲ့ ဖြတ်လို့ရပေမဲ့ ဖြတ်ပေးရုံနဲ့ မပြီးပါဘူး။

ကျနော်တို့ စခန်းမှာ မနက် ၁ကြိမ်၊ ညနေ ၁ကြိမ် ဘုရားရှိခိုး၊ တရားထိုင်၊ ပုတီးစိပ်ခိုင်းရတယ်၊ ပရဟိတတွေ ခိုင်းရတယ်။ နောက်ပြီး လက်ဝှေ့၊ အလေးမ၊ ခြင်းခတ်၊ ဘောလုံး၊ ရေကူးစတဲ့ အားကစားတွေ လုပ်ခိုင်းပါတယ်။ ဒါမှ သူတို့ ဦးနှောက်တွေ ပြန်လည်ကြည်လင်လာပြီး လူ့ဘောင်ထဲ အဆင်ပြေပြေ ပြန်ဝင်ဆံ့နိုင်မှာ ဖြစ်ပါတယ်။

HI – စခန်းရဲ့အမည်ကို ‘တောက်ပသောရွှေရောင်အနာဂတ်’ လို့ ပေးထားတဲ့အတိုင်း ဆရာတို့ စခန်းကနေ ဘဝသစ်ပြန် စနိုင်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ အောင်မြင်မှုရှိခဲ့ရင် မျှဝေပေးနိုင်မလား။

ဦးမင်းကို – လက်ရှိမှာဆိုရင် စခန်းကနေ ဆေးဖြတ်ပြီး ဘဝသစ်မှာ ဆေးခန်းထိုင်နေသူနဲ့ ဆေးကျောင်းတက်နေသူ အပါအဝင် ဆရာဝန် ၆ ယောက် ထူးထူးခြားခြား ပြန်လည်မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သင်္ဘောသားတွေ၊ အရာရှိတွေလည်း အများကြီး ပါပါတယ်။ နောက်ပြီး အသည်းရောဂါ အဆင့် ၃ ရောက်ပြီး ဗိုက်တွေပူ၊ မျက်လုံးတွေဝါနေတဲ့ နောက်ဆုံးအဆင့် လူနာတွေကိုတောင် စနစ်တကျ ကုသပေးလိုက်လို့ ပြန်လည်ကျန်းမာ လာတာမျိုးတွေလည်း မြင်တွေ့ခဲ့ရတာဟာ ကျနော်တို့ အတွက် အင်မတန် ဝမ်းသာပီတိဖြစ်ရတဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။

HI – အခုလို ကာလမျိုးမှာ ဆေးခန်း၊ ဆေးဖြတ်စခန်းနဲ့ သက်မွေးကျောင်း ၃ခုလုံးကို ကုသိုလ်ဖြစ် လည်ပတ်နေရတဲ့အခါ ဆေးဝါးရရှိမှု၊ စားနပ်ရိက္ခာနဲ့ ရေရှည်ရပ်တည်ရေးအတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါသလဲ။

ဦးမင်းကို  – ၁ရက်ကို ကျောင်းသားတွေကို ထမင်း ၆ ထပ် ကျွေးရတာဖြစ်လို့ ဆန်တအိတ် ဆိုရင် ၁ရက်ပဲ ခံပါတယ်။ ဆေးဝါး၊ ဆန်၊ နို့နဲ့ ရိက္ခာ ထောက်ပံ့ဖို့အတွက် တော်တော်လေး ရှာဖွေရပါတယ်။ အရင်က ရာနှုန်းပြည့် အခမဲ့ ဖြတ်ပေးခဲ့ပေမဲ့ အခုလို အစားအသောက် စရိတ်ကြီးမားလာချိန်မှာတော့ အပြည့်အဝ အခမဲ့ မလုပ်ပေးနိုင်တော့ဘဲ စရိတ်မျှပေး ပုံစံလေးနဲ့ ဆောင်ရွက်နေရပါတယ်။

HI – မူးယစ်ဆေးသုံးစွဲသူတွေအပေါ် ပတ်ဝန်းကျင်က ကြည့်တဲ့အကြည့်မှာ Gender အလိုက် ကွာခြားမှု ရှိပါသလား။ အထူးသဖြင့် အမျိုးသမီး ဆေးစွဲသူတွေဟာ အမျိုးသားတွေထက် ပိုပြီး ပြင်းထန်တဲ့ ပတ်ဝန်းကျင် ရဲ့ ကဲ့ရဲ့ရှုတ်ချတာ ဒါမဟုတ် ဖယ်ကြဉ်ခံရတာမျိုးရော ရှိပါသလား။ ဆရာရဲ့တွေ့ရှိချက်ပေါ့။

ဦးမင်းကို – ပတ်ဝန်းကျင်က မူးယစ်ဆေးသုံးစွဲသူတွေကို လုံးဝ အထင်မကြီးဘဲ အထင်သေးကြပါတယ်။ အမျိုးသမီးတွေဆိုရင် ပိုပြီး နှိမ်ခံရ၊ ကဲ့ရဲ့ရှုံ့ချခံရတယ် အချို့ဆို HIV ပါ ကူးစက်ခံရတာတွေ ကြုံရပါတယ်။ မယုံသင်္ကာ အကြည့်၊ ရွံရှာတဲ့ အကြည့်တွေနဲ့ ကြည့်ကြတဲ့အတွက် သူတို့လည်းကြာလေ ပတ်ဝန်းကျင်နဲ့ ဝေးပြီး ဘေးရောက်လေ ဖြစ်သွားကြရပါတယ်။

HI – အမျိုးသမီးတွေ ဆေးဖြတ်စခန်းကို လာရောက်ပြီး ကုသမှုခံယူဖို့ ခက်ခဲစေတဲ့ အဓိက အတားအဆီးတွေက ဘာတွေလဲ။ ဥပမာ- ကလေးသူငယ် စောင့်ရှောက်ရမှု၊ အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် လုံခြုံစိတ်ချရတဲ့ အမျိုးသမီးသီးသန့်နေရာ မရှိမှု စတာတွေက သက်ရောက်မှုရှိပါသလား။

ဦးမင်းကို – အမျိုးသမီးတွေကို ဆေးဖြတ်ရတာ အလွန် ခက်ခဲပါတယ်။ အော်ဟစ်ဆဲဆိုတတ်ကြပြီး အမျိုးသားတွေလို ရေအတင်းချိုးပေးတာမျိုး ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့လည်း မရပါဘူး။ ဒါကြောင့် သီးသန့် ဆရာမတွေ ထားပေးပြီး ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံ ဖြတ်ပေးရပါတယ်။

ကလေးသူငယ် စောင့်ရှောက်ရမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း အများကြီး သက်ဆိုင်ပါတယ်။ မူးယစ်ဆေးနဲ့ အရက် ကြောင့် မိန်းမနဲ့ သားသမီးတင် မကဘူး၊ အမေအိုတွေပါ ထိုးကြိတ်ခံရတာ၊ ဓားနဲ့ ခြိမ်းခြောက်ခံရတာ၊ လည်ပင်းကို ကတ်ကြေးနဲ့ လှီးခံရတာတွေအထိ ဆိုးရွားစွာ အကြမ်းဖက် ခံနေကြရတာ။  ကျနော့်ဆေးခန်းမှာ အများကြီး ကြုံရပါတယ်။

HI – အခုတာဝန်ယူထားတဲ့ စခန်းမှာ အမျိုးသမီးတွေနဲ့ LGBTQ+ အုပ်စုတွေအတွက် သီးသန့်လုံခြုံ တဲ့ နေရာထိုင်ခင်း၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်မှုတွေအတွက် သီးသန့် နှစ်သိမ့်ဆွေးနွေးတာတွေကို ဘယ်လို စီစဉ် ပေးထားပါသလဲ။

ဦးမင်းကို  – အမျိုးသမီးတွေနဲ့ LGBTQ+ အုပ်စုတွေကို အမျိုးသမီးတွေနဲ့ တန်းတူ စနစ်တကျ နေရာချပေးထားပါတယ်။ အနီးကပ် စောင့်ရှောက်ဖို့ ဆရာမ ထားပေးပြီး အိပ်ခန်း နာရီများအတိုင်း စည်းကမ်းနဲ့ ထားပါ တယ်။ စိတ်ပိုင်းဆိုင်ရာအတွက် အပတ်စဉ် မိဘကျေးဇူးသိတတ်အောင်နဲ့ မူးယစ်ဆေး၊ အရက်ရဲ့ ဆိုးကျိုးတွေကို ဟောပြော ပို့ချပေးရာမှာ အများစုက လိမ္မာပါးနပ်တဲ့ သားသမီးတွေ ပြန်ဖြစ်လာကြပါတယ်။

HI  – ဆေးဖြတ်ပြီးသွားတဲ့ အမျိုးသမီးတွေ လူမှုအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့ ကြိုးစားတဲ့အခါ အမျိုးသားတွေထက် ဘယ်လိုအခက်အခဲမျိုးတွေ ပိုကြုံတွေ့ရလေ့ရှိလဲ။ သူတို့အတွက် သီးသန့် အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ရှိပါသလား။

ဦးမင်းကို  – မိန်းကလေးတွေက အထင်သေး အမြင်သေး ပိုခံရလို့ ပြန်လည်ဝင်ဆံ့ဖို့ ပိုခက်ခဲ ပါတယ်။ သူတို့အတွက် သီးသန့် အသက်မွေးဝမ်းကျောင်း နည်းလမ်းရယ်လို့ သီးသန့် မရှိသေးပေမဲ့ ဆေးဝါးဆိုင်ရာ အသက်မွေးဝမ်းကျောင်း အတတ်ပညာကိုတော့ သင်ကြားပေးလျက် ရှိပါတယ်။

HI မှာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် ကလေးငယ်တွေ မူးယစ် ဆေးဝါး သယ်ယူပို့ဆောင်ရေးနဲ့ ရောင်း ဝယ်ဖြန့်ဖြူးရေး ကွန်ရက်တွေထဲ ရောက်နေတာကို စခန်းတာဝန်ခံအနေနဲ့ ဘယ်လောက်အထိ တွေ့ကြုံနေရပါသလဲ။ အခြေအနေက ဘယ်လောက်အထိ စိုးရိမ်စရာ ကောင်းနေပြီလဲ။ ဘယ် အသက်အရွယ် အပိုင်းခြားတွေ များပါသလဲ။

ဦးမင်းကို – ၁၃ နှစ်၊ ၁၄ နှစ်အရွယ် သမီးပျိုလေးတွေအပါအဝင် အသက်မပြည့်သေးတဲ့ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေးတွေပါ မူးယစ်ဆေး ရောင်းချ သယ်ယူနေကြတာ ကြားနေရပါတယ်။ မန္တလေးဘက်မှာဆိုရင် “ဦးလေး ပါဆယ်လား၊ ပါဆယ်လား” ဆိုတဲ့ လျှို့ဝှက်စကားလုံးတွေသုံးပြီး ရောင်းနေကြတာ တွေ့ရတယ်။ ဒါဟာ ကလေးတွေရဲ့ အနာဂတ်အတွက် တကယ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

HI – မူးယစ်ဆေးဂိုဏ်းတွေက ဘာကြောင့် ဒီလို အသက်မပြည့်သေးတဲ့ ကလေးတွေကို ပစ်မှတ် ထားပြီး အသုံးချနေကြတာလဲ။ သူတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆွဲဆောင်၊ စည်းရုံး သို့မဟုတ် ခြိမ်းခြောက်ပြီး ကွန်ရက်ထဲ ဆွဲသွင်းလေ့ရှိလဲ။

ဦးမင်းကို – ဟုတ်ပါတယ်၊ ဂိုဏ်းတွေက ကလေးတွေကို အသုံးချနေကြတာပါ။ “ပါဆယ်လား” ဆိုပြီး စည်းရုံးခိုင်းတာ၊ ခြိမ်းခြောက်တာ၊ မိန်းမတွေနဲ့ မြှူဆွယ်တာနဲ့ အပေါင်းအသင်းတွေကို အလကား ပေးသုံးပြီး သိမ်းသွင်း တာမျိုးတွေနဲ့ ကွန်ရက်ထဲ ဆွဲသွင်းကြတာ ဖြစ်ပါတယ်။

HI – ဆေးဖြတ်စခန်းကို ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကုသပေးတဲ့ အခါ လူကြီးတွေကို ကုသတာထက် ဘယ်လိုမျိုး အထူးဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမျိုး ပိုပြီး လိုအပ်ပါသလဲ။

ဦးမင်းကို – ကလေးတွေက စိတ်နုနယ်သေးလို့ ပြောစကားနားထောင်ပြီး ကုရတာ ပိုလွယ်၊ ပိုမြန်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မခိုင်မာသေးတော့ အပေါင်းအသင်းတွေနဲ့ ပြန်တွေ့ရင် ပြန်သောက်မိ၊ ပြန်လုပ်မိလွယ်တဲ့အတွက် အရောင် ပြောင်းလွယ်တာကို အထူးဂရုစိုက် စောင့်ရှောက်ပေးရပါတယ်။

HI – လက်ရှိ နိုင်ငံရေး၊ လူမှုစီးပွား ကြပ်တည်းမှုတွေနဲ့ ပဋိပက္ခတွေက အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေကို မူးယစ်ဆေးဝါး ကွန်ရက်တွေထဲ ပိုမိုကျရောက်သွားစေဖို့ ဘယ်လိုမျိုး တွန်းအားပေးနေလဲ။

ဦးမင်းကို – နိုင်ငံရေး၊ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ရရာအလုပ် လုပ်ကြရင်း မူးယစ်ဆေးဝါး ရောင်းရတာက လက်ဖျားငွေသီးတော့ ရောင်းကြတာ ပိုများလာတယ်။ အခုဆို ကျောင်းသူမိန်းကလေးတွေ၊ ကျောင်းသား ကလေးငယ်လေးတွေပါ မူးယစ်ဆေး သုံးစွဲနေကြတာတွေ့ရလို့ အတော်ကို စိုးရိမ်စရာ ကောင်းနေပါပြီ။

HI  – မိဘတွေအနေနဲ့ မိမိတို့ရဲ့ ဆယ်ကျော်သက် သားသမီးတွေ မူးယစ်ဆေးဝါး ရောင်းဝယ်မှု သို့မဟုတ် သုံးစွဲမှု ကွန်ရက် တွေထဲ ရောက်မသွားအောင် ဘယ်လို လက္ခဏာရပ်တွေကို ကြိုတင်သတိပြု စောင့်ကြည့် ရမလဲ။ ဘယ်လို ကာကွယ်ပေးနိုင်မလဲ။

ဦးမင်းကို  – ယနေ့ခေတ် လူငယ်တွေက လက်တည့်စမ်းချင်ကြတာများလို့ မိဘတွေအနေနဲ့ သားသမီးတွေကို စနစ်တကျ ဖိဖိစီးစီး သွန်သင်ဆုံးမ ထိန်းကွပ် စောင့်ကြည့်ရပါမယ်။ မိဘအုပ်ထိန်းမှု မကောင်းရင် သားသမီးတွေ မူးယစ်/အရက် သမားဘဝ ရောက်သွားနိုင်ပါတယ်။

HI – လက်ရှိ မူးယစ်ဆေးဖြတ်စခန်းတွေ အနေနဲ့ ဒီလို နူးညံ့သိမ်မွေ့ပြီး ထိခိုက်လွယ်တဲ့ လူအုပ်စုတွေ (အမျိုးသမီးနှင့် ကလေးသူငယ်များ) ကို ပိုမိုထိရောက်စွာ ကူညီပေးနိုင်ဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုအသိုင်းအဝိုင်းဆီကနေ ဘယ်လို ပံ့ပိုးကူညီမှုတွေ အရေးတကြီး လိုအပ်နေပါသလဲ။

ဦးမင်းကို – အနုပညာရှင်တွေအနေနဲ့ လာရောက်အားပေးစကားပြောတာ၊ ဖျော်ဖြေပေးတာ၊ စိတ်ဓာတ်ခွန် အား ပေးတာမျိုးတွေ လိုအပ်ပါတယ်။ လူကြီးပိုင်းတွေကလည်း လာရောက် ငေါက်ငမ်းတာမျိုးမဟုတ်ဘဲ ဘဝသစ်မှာ ရပ်တည်နိုင်ဖို့ ဆုံးမစကားနဲ့ ဟောပြောပေးတာမျိုး အကူအညီတွေ အများကြီး လိုအပ်နေပါတယ်ခင်ဗျ။

HI – ဆေးစွဲတာနဲ့ အရက်စွဲတာမှာ အမျိုးသမီးတွေက ဘယ်ကိစ္စရပ်တွေမှာ အဖြစ်များတာ တွေ့ရတတ်ပါသလဲရှင့်။

ဦးမင်းကို – မိဘတွေ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ထွက်ပေါက်ရှာရာကနေ စွဲသွားတာ၊ ဘဝမှာ မုဒိမ်းကျင့် (Rape) ခံရပြီး နာကြည်းစိတ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သုံးစွဲရာက စွဲသွားတာ၊ ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ အပျော်လွန်ပြီး စွဲသွားတာမျိုးတွေ ဖြစ်ကြပါတယ်။ အရင်က ဘီယာနဲ့ အရက်စွဲတာ ပိုများပေမဲ့ အခုနောက်ပိုင်း အမျိုးသမီး တွေမှာပါ မူးယစ် ဆေးကို တကူးတက ချိန်ရွယ်သုံးစွဲ စွဲလမ်းတာတွေ တော်တော်လေး တွေ့လာရပါတယ်။

HI  – အမျိုးသမီးတွေ ဘာကြောင့် ဆေးစွဲ၊ အရက်စွဲဖြစ်ကြတယ်လို့ထင်ပါသလဲ။

ဦးမင်းကို – အဓိကကတော့ မိဘအိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် စိတ်ထွက်ပေါက် ရှာကြတာနဲ့၊ ချစ်သူ/ ယောက်ျားဖြစ်သူက စွန့်ပစ်သွားလို့ စိတ်ကို လုံးဝ မျောချလိုက်ကြရာကနေ ဆေးစွဲ၊ အရက်စွဲ ဖြစ်သွားကြတာ များပါတယ်။

HI  ဆေးစွဲ၊ အရက်စွဲဖြတ်ပေးဖူးခဲ့တဲ့ အမျိုးသမီးတွေရဲ့နောက်ခံအကြောင်းအရာ တွေထဲမှာ ရင်နာစရာကောင်းတဲ့ အဖြစ် အပျက်မျိုးရှိရင် အကျဉ်းချုံးပြောပြပေးပါ။

ဦးမင်းကို – ကျနော့်ဆီမှာ ဆေးဖြတ်နေတဲ့ အမျိုးသမီးတယောက်ရဲ့ ဖြစ်ရပ်ကတော့ အင်မတန် ရင်နာဖို့ကောင်းပါ တယ်။ သူ့မှာ ၅ နှစ်၊ ၇ နှစ်နဲ့ ၁၃ နှစ်အရွယ် သမီးလေး ၃ ယောက်ရှိပြီး လမ်းဘေးမှာ ပုလင်းကောက်၊ တာလပတ်အမိုးနဲ့ ဆိုင်ကြိုဆိုင်ကြား အိပ်ရရင်း ကလေးတွေကို ရှာကျွေးနေရတာပါ။ သူ့ယောက်ျားက မူးယစ်ဆေး သုံးစွဲ/ရောင်းဝယ်မှုနဲ့ ထောင်ထဲမှာ ရောဂါတွေရပြီး ၈ နှစ်၊ ၉ နှစ်မက ထောင်ကျနေတာပါ။

ဒီအမျိုးသမီးဟာ ကလေးတွေ အနာဂတ်ကို မစဉ်းစားနိုင်တော့ဘဲ မူးယစ်ဆေး အလွန်အကျူး သုံးစွဲထားမိလို့ ရယ်လိုက်၊ ငိုလိုက် စကားတွေ လျှောက်ပြောလိုက်နဲ့ စိတ်မမှန်တော့ပါဘူး။ အခုတော့ ကျနော် ကလေးလေးတွေကို သနားလို့ ခေါ်ယူ စောင့်ရှောက်ပေးထားပြီး အမေဖြစ်သူကိုလည်း ဆေးစနစ်တကျ ဖြတ်ပေးနေတာမို့ နည်းနည်းတော့ ပြောင်းလဲတိုးတက် လာပါပြီ။ ဒါပေမဲ့ ဒီမိသားစုလေးရဲ့ အဖြစ်ကတော့ ကျနော့်ဘဝမှာ မေ့မရနိုင်တဲ့ တကယ့် ရင်နာစရာ အဖြစ်အပျက်ပါပဲ။

HI – ဆရာ့အနေနဲ့ ဒီအင်းမကျေးရွာက စခန်းကို အခြေခံပြီး ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ မျှော်မှန်းထား ပါသလဲ။

ဦးမင်းကို – အတတ်နိုင်ဆုံး ကလေးတွေကို လူကောင်းလူတော်၊ မိဘကျေးဇူး သိတတ်သူတွေ ဖြစ်အောင် ပြုစုပျိုး ထောင်ပေးသွားမယ်။ ပြီးရင် ဒီလို ဆေးဖြတ်စခန်းခွဲနဲ့ ဆေးခန်းခွဲတွေကိုလည်း အများကြီး ထပ်မံ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပါတယ်။

HI – ဒီလိုလူမှုကူညီရေးနဲ့ မူးယစ်ဆေးဖြတ်ရေး လုပ်ငန်းတွေမှာ ပြည်သူလူထု ဒါမှမဟုတ် အလှူရှင်တွေဘက်က ဘယ်လိုမျိုး ပူးပေါင်းပါဝင်လာစေချင်လဲ။

ဦးမင်းကို – လူအများက မူးယစ်ဆေးသမား၊ အရက်သမားတွေကို မိဘနဲ့ ဆွေမျိုးကို ဒုက္ခပေး သူတွေဆိုပြီး အပေါ်ယံကို ကြည့်ကာ ပစ်ပယ်ထားတတ်ကြပါတယ်။ ကျနော်ကတော့ အပြင်ပန်းကို မကြည့်ဘဲ ထွင်းဖောက် ကြည့်ပါတယ်။ ကျနော်က သူတို့ကို အပေါ်ယံပဲ မမြင်ဘူး၊ ဆေးသမား အရက်သမားလို့ ကျနော် မမြင်ဘူး။ သူ့နောက်ကွယ် က သောကရောက်နေတဲ့ မိသားစုကိုပဲ ကျနော် ထွင်းဖောက်မြင်တာပါ။ သူတို့ နောက်ကွယ်မှာ စိတ်သောက ရောက်နေရတဲ့ အမေအို၊ အဖေအိုကြီးတွေ၊ အရှက်ရနေတဲ့ မိသားစုတွေ၊ ငတ်ပြတ်နေတဲ့ မိန်းမနဲ့ ကလေးလေးတွေကို မြင်လို့ ဒီလူတွေကို အိမ်ပေါ်ခေါ်တင်ပြီး ဆေးဖြတ်ပေးနေတာပါ။

အလှူရှင်တွေအနေနဲ့ ဒါဟာ တကယ့် စိတ်သောကရောက်နေတဲ့ မိသားစုတစုလုံးကို ကူညီပေးတာဖြစ်လို့ ဆန်၊ ဆီ သို့မဟုတ် တကျပ်တပြားပဲဖြစ်ဖြစ် လှူဒါန်းပေးကြရင် ကျနော့်အတွက် တက်တက်ကြွကြွနဲ့ အများကြီး အားဖြစ်ရပါတယ် ခင်ဗျ။