နိုင်ငံရေးအကျဉ်းသူဖြစ်ခဲ့သူ နိုဘယ်အေးနှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်း။ ရှစ်လေးလုံးနှင့် နွေဦးတော်လှန်ရေးတို့တွင် ပါဝင်ခဲ့သည်။

အမေ့နှလုံးသားထဲက ရဲဘော်ရဲဘက် နိုဘယ်အေးဆိုတဲ့ လိပ်ပြာကလေး  

စုသွေးနီ

ထောင်နံရံအေးစက်စက်တွေကြား၊ အခန်းကျဥ်းလေးတခန်းထဲမှာ ဒေါ်အေးမြင့်သန်းနဲ့ မနိုဘယ်အေး ၂ယောက်အတူတူ နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ကြဖူးပါတယ်။ သူတို့ဟာ  မိခင်နဲ့သမီးဆိုတဲ့ သွေးသား တော်စပ်မှုသာမက ရဲဘော်ရဲဘက် နိုင်ငံရေးအကျဥ်းသားတွေ ဖြစ်ခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးလမ်းကြောင်းပေါ်မှာလည်း   သူတို့ ၂ယောက်လုံး ဆက်လျှောက်နိုင်ခဲ့ကြပေမယ့် ဒီခရီးရဲ့ အဆုံးကိုတော့ ၂ယောက်အတူတူမရောက်နိုင်ကြတော့ပါဘူး။ 

သူတို့ ၂ယောက်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေအကြောင်းက ပြောမကုန်အောင်ရှိနေပြီး အခုတော့ “မေမေကြီးရေ” ဆိုတဲ့အသံ မကြားရတော့ဘူးလို့ပြောဆိုချိန်မှာတော့ ကျလာတဲ့မျက်ရည်ကိုထိန်းထားပေမယ့် သူ့အသံကတော့ တိမ်ဝင်သွားခဲ့ပါတယ်။

 ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုပေါ်ပေါက်ချိန်မှာတော့ ဒေါ်အေးမြင့်သန်းကော မနိုဘယ်အေးပါ စစ်တပ်ရဲ့ အလိုရှိဆုံးလူ စာရင်းတွေထဲပါဝင်ကြသူတွေပါ။ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး နောက်မှာ မနိုဘယ်အေးဟာ သူယုံကြည်ရာ လက်နက်ကိုင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခရီးကို လျှောက်လှမ်းခဲ့ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဒေါ်အေးမြင့်သန်းတို့မိသားစုကို တနေရာစီဝေးကွာ သွားစေ ပြန်ပါတယ်။ 

သမီးဖြစ်သူက လက်နက်ကိုင်နယ်မြေမှာကျရာတာဝန်ထမ်းနေချိန်မှာဒေါ်အေးမြင့်သန်းကလည်း လွတ်မြောက် နယ်မြေတနေရာမှာ တော်လှန်ရေးအလုပ်တွေဆက်လုပ်နေခဲ့ပါတယ်။ ဒေါ်အေးမြင့်သန်းရဲ့တော်လှန်ရေးခရီးဟာ နွေဦးတော်လှန်ရေးမှ စခဲ့တာမဟုတ်ပါဘူး။ ၁၉၈၈လူထုအရေးတော်ပုံမတိုင်ခင်ကတည်းက သူ့ဘဝမှာ မတရားမှုကို ဆန့်ကျင်တော်လှန်လိုစိတ်တွေ အမြစ်တွယ်နေခဲ့တာပါ။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်ရဲ့လူတန်းစားမညီမျှမှု၊သမဝါယမစနစ်ရဲ့မမှန်မကန်လုပ်ရပ်တွေနဲ့ပါတီကောင်စီ လူကြီးတွေရဲ့ ရပ်ရွာအုပ်ချုပ်ရေးပိုင်းတွေမှာ မတရားလုပ်မှုတွေကို ကြုံတွေ့ခဲ့ရသူပါ။ ၁၉၈၇ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေငြာခဲ့တာကြောင့် ပြည်သူအများ ကြိုးစားစုဆောင်းထားတဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ 

အဲဒီဆုံးရှုံးမှုတွေထဲ ဒေါ်အေးမြင့်သန်းတို့မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

“အခုချိန်အထိ အဲဒီပိုက်ဆံတွေ ဘီဒိုထဲရှိသေးတယ်၊ အမှတ်တရအဖြစ်သိမ်းထားဆဲ၊ ရှိစုမဲ့စု စုဆောင်းထား ရတာ လေး ဆုံးရှုံးသွားတဲ့ခံစားမှုကိုမမေ့ဘူး”လို့ ဆိုပါတယ်။ 

ကျောင်းသားလူငယ်တွေကို ရက်ရက်စက်စက်ပစ်သတ်တဲ့မြင်ကွင်းတွေ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရ တာတွေကို မမေ့နိုင်ဘူးလို့ဆိုပါတယ်။ တက်ကြွတဲ့လူငယ်တွေ စုစည်းပြီး ဆန္ဒပြပွဲတွေကိုဦးဆောင်ခဲ့ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာတော့ ဒေါ်အေးမြင့်သန်းဟာ ပါတီဝင်ခဲ့ပြီး ရပ်ကျေးတာဝန် မြို့နယ်တာဝန်နဲ့ ခရိုင်တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ မနိုဘယ်အေးကတော့ တက္ကသိုလ်ကျောင်းသူဘဝမှာ နိုင်ငံရေးလှုပ်ရှားမှုတွေရှိနေတာကို အမေဖြစ်သူကသိနေပေမယ့် မမေးခဲ့ပါဘူး။

 ဒါဟာ နိုင်ငံရေးစည်းစောင့်တာကြောင့်လို့ ဒေါ်အေးမြင့်သန်းက သူ့ရပ်တည်ချက်ပြောပါတယ်။ 

သူကိုယ်တိုင်လည်း ဝါရင့်နိုင်ငံရေးသမားကြီးဆီက သင်ယူမှတ်သားထားတာတွေ စာပေဖတ်ရှုတာတွေကြောင့် နိုင်ငံရေးသမားကျင့်ဝတ်၊ မြေအောက်လှုပ်ရှားမှုစည်းမျဥ်းစည်းကမ်းတွေကို သိနားလည်သလို မနိုဘယ်အေး ကလည်း ကလေးဘဝကတည်းက ဒါတွေကိုနားလည်နေခဲ့တယ်လို့ ပြန်ပြောပြပါတယ်။ 

အဲဒီနိုင်ငံရေးယုံကြည်ချက်တွေက သူတို့သားအမိနှစ်ယောက်ကို နိုင်ငံရေးအကျဥ်းသားဘဝဆီကို ပို့ဆောင်ခဲ့ ပါတယ်။

အမေနဲ့သမီးဟာ အဖမ်းခံရတဲ့အခြေအနေမတူပေမယ့် နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ တူညီတဲ့ တရားခွင်မှာ အတူရပ်ခဲ့ရပါတယ်။ အဲဒီနေ့က ဒေါ်အေးမြင့်သန်းကို ထောင်ဒဏ် (၂၁)နှစ်နဲ့ သမီးဖြစ်သူ မနိုဘယ်အေးကို ထောင်ဒဏ်  ၄၂ နှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီအကြောင်းပြန်ပြောတဲ့အချိန်မှာ ဒေါ်အေးမြင့်သန်းရဲ့ မျက်နှာပေါ်မှာ ထီမထင်အပြုံးတခုပေါ်လာပါတယ်။ 

အမိန့်ချနေချိန်မြင်ကွင်းကို ပြန်အမှတ်ရရင်း ဒေါ်အေးမြင့်သန်းက “ပုဒ်မတွေရွတ်တဲ့အချိန် တခုကို ၇နှစ်နဲ့ အကြိမ် ရေအလိုက် လိုက်ပေါင်းနေမိတယ်၊ နိုဘယ့်အလှည့်ရောက်တော့ စုစုပေါင်း ၄၂နှစ်လည်းဆိုရော နိုဘယ့်မျက်နှာ ဟာ “လုပ်စမ်း နင်တို့ဘယ်လောက်ချနိုင်မလဲ” ဆိုတဲ့ပုံစံမျက်နှာပေးမျိုးကို ပြန်မြင်ယောင်တယ်၊ ထောင်ထဲပြန် ရောက်တော့  ငါတို့ကို ၇အလီနဲ့ ချလိုက်တယ်ဆိုပြီး ဟာသလုပ်နေသေးတယ်”လို့ ဆိုပါတယ်။ 

အဲဒီတရားခွင်ကထွက်လာပြီးနောက် သူတို့သားအမိ ၂ယောက်ရဲ့ဘဝဟာ ထောင်အခန်းကျဥ်းလေးထဲမှာ ဆက်လက်ကုန်ဆုံးခဲ့ရပါတယ်။ ထောင်နံရံအေးစက်စက်တွေကြား အတူဖြတ်သန်းခဲ့ရတဲ့ နှစ်တွေဟာ နာကျင်စရာတွေကော၊ အားတင်းတောင့်ခံခဲ့ရတဲ့အမှတ်တရတွေပါ ပြည့်နှက်နေပါတယ်။ 

တခါတလေ သားအမိ ၂ယောက် စိတ်ဆိုးစိတ်ကောက်တာတွေ ရှိပေမယ့် သမီးဖြစ်သူ မနိုဘယ်အေးကပဲ ပြန်ချော့ခဲ့တာလို့ပြောချိန်မှာတော့  ဒေါ်အေးမြင့်သန်းဟာ စကားဆက်ပြောနိုင်ပဲ ခဏငြိမ်သက်သွားပါတယ်။

“မေမေကြီးဆိုပြီး ပါးတွေကိုဘယ်ပြန်ညာပြန်နမ်းတာ၊ တခါတလေ လူငယ်စိတ်နဲ့ တဇွတ်ထိုးနိုင်ပေမယ့် အရမ်းချစ်တတ် ကြင်နာတတ်တယ်၊ အရမ်းလည်း အနစ်နာခံတတ်တာ”လို့ဒေါ်အေးမြင့်သန်းက တိုးတိုးလေး ဆိုပါတယ်။ 

ဒေါ်အေးမြင့်သန်းဟာ သားသမီး၄ယောက် မွေးဖွားခဲ့ပြီး မနိုဘယ်အေးက အကြီးဆုံးသမီးပါ။

အဲဒီ “နိုဘယ်အေး” ဆိုတဲ့ နာမည်ကိုတော့ သိပ္ပံပညာရှင် အဲဖရက်နိုဘယ်(Alfred Nobel)ကို အစွဲပြုထားတာ ဖြစ်ပြီး “မြင့်မြတ်တဲ့ မိန်းကလေး”ဆိုတဲ့ အဓိပ္ပါယ်ကိုရည်ညွှန်းချင်စိတ်နဲ့ ဒေါ်အေးမြင့်သန်းကိုယ်တိုင် တမြတ်တနိုး ပေးခဲ့တာလို့ ဆိုပါတယ်။

နှင်းမေအောင်ဆိုတာက ဖခင်ဖြစ်သူပေးထားတာဖြစ်ကြောင်းနဲ့ ထောင်ဝင်စာရင်းသွင်းချိန်မှာ နာမည် ၂ခုလုံးကို မှတ်တမ်းတင်ခဲ့ရတာကြောင့် နောက်ပိုင်းသတင်းဖော်ပြမှုတွေမှာ နိုဘယ်အေး (ခေါ်)နှင်းမေအောင်လို့ တွဲဖော်ပြ လာတာလို့ ဒေါ်အေးမြင့်သန်းကထပ်ဆင့်ရှင်းပြပါတယ်။

သားအမိနှစ်ယောက် အပြန်အလှန်အားပေးစောင့်ရှောက်ရင်း အဲဒီအချိန် နဝတ ၊ နအဖ အစိုးရက သူတို့သားအမိ ကို ဘယ်တော့မှပြန်မထွက်လာနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ချမှတ်ခဲ့တာပါ။ ထောင်ဝန်ထမ်းတွေရဲ့ဖိနှိပ်မှုတွေကို ဖတ်ရှုမှတ်သားထားတဲ့ စာပေအတွေ့အကြုံတွေ သင်ကြားနာယူခဲ့ရတဲ့ စီနီယာနိုင်ငံရေးသမားကြီးတွေရဲ့ အတွေ့အကြုံတွေနဲ့ တော်လှန်ဖြတ်သန်းခဲ့ရတာတွေကို စာရေးသားမှတ်တမ်းတင်ချင်ခဲ့တယ်လို့ ဒေါ်အေးမြင့်သန်းက ဆိုပါတယ်။

မနိုဘယ်အေးဟာ ငယ်စဥ်ကတည်းက စာပေဖတ်ရတာဝါသနာပါခဲ့ပြီး ၉တန်း၊ ၁၀တန်းလောက်မှာ အမေ့ဆီ ဖတ်ခွင့်တောင်းတဲ့စာအုပ်တွေက ဂျပန်နယ်ချဲ့ဆန့်ကျင်ရေး၊ တရုတ်ကွန်မြူနစ်တော်လှန်ရေးသမား အမျိုးသမီး ချောင်အိမန်(Zhao Yiman)ရဲ့ ပျောက်ကြားစနစ်နဲ့ ခုခံတော်လှန်ခဲ့ပုံ၊ အဖမ်းခံရချိန်မှာ အလွန်ရက်စက်တဲ့ ညှင်းပန်း နှိပ်စက်မှုတွေကို သေတဲ့အထိကြံ့ကြံ့ခံသွားပုံတွေကိုရေးထားတဲ့ “အလံမလဲစတမ်း”ဆိုတဲ့စာအုပ်၊ ဗီယက်နမ် တော်လှန်ရေး ရဲဘော် အို့ယန်ဟိုက်(Nguyen Van Troi)အကြောင်းရေးထားတဲ့ “သားကောင်း တစ်ယောက်”စတဲ့ စာအုပ်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။ 

ဆယ်ကျော်သက်အရွယ်ကဖတ်ရှုခဲ့တဲ့ အဲဒီတော်လှန်ရေးစာအုပ်တွေထဲကဇာတ်ကောင်တွေဟာ နောက်ပိုင်း မနိုဘယ်အေးရဲ့ဘဝထဲမှာ စာမျက်နှာပေါ်ကလူတွေမဟုတ်တော့ဘဲ စစ်ကြောရေးခန်းထဲက ရက်စက်ကြမ်းကြုတ် တဲ့ ညှင်းပန်းနှိပ်စက်မှုတွေရင်ဆိုင်ရချိန်မှာ စိတ်ဓာတ်ခွန်အားတွေဖြစ်စေခဲ့တယ်လို့ ဒေါ်အေးမြင့်သန်းက ဆိုပါတယ်။

“စစ်ကြောရေးကာလတလျှောက်သားအမိ ၂ယောက်လုံး ဘာတခုမှ မဖော်ထုတ်ခဲ့တာကြောင့် သူတို့ နောက်ဆက်တွဲ အဖြစ် အဖမ်းခံရသူမရှိခဲ့ဘူး” လို့လည်း ဒေါ်အေးမြင့်သန်းကဆိုပါတယ်။

အစောပိုင်းထောင်ကျချိန်တွေမှာလည်း သားအမိ ၂ယောက်ကို ထောင်တခုစီ ခွဲချုပ်နှောင်ခဲ့တာပါ။

နိုင်ငံရေး သမားတွေကို စိတ်ဓာတ်ပိုင်းညှိုးနွမ်းစေဖို့နဲ့ ထောင်ဝင်စာတွေ့ဖို့လာရတဲ့မိသားစုဝင်တွေ ပိုမိုခက်ခဲစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ဒေါ်အေးမြင့်သန်းကပြောပါတယ်။ 

ဒါ့အပြင် ဒေါ်အေးမြင့်သန်း နိုင်ငံရေးကနောက်ဆုတ်သွားစေဖို့ မိသားစုဝင်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ စည်းရုံး ဖိအားပေးခဲ့တယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့  မိသားစုဝင်တွေက သားအမိ ၂ယောက်ရဲ့ ရပ်တည်ချက်ကို အပြည့်အဝယုံကြည်ထောက်ခံပြီး အတူတူကြံ့ကြံ့ခံရပ်တည်ခဲ့ကြပါတယ်။ ခွဲနေရတဲ့အချိန်တွေမှာလည်း သမီးအတွက် စိတ်ပူပန်ခဲ့ရပါတယ်။ 

အတူနေခွင့်ရချိန်တွေမှာလည်း စိတ်မြန်လက်မြန်ရှိလွန်းတဲ့သမီးကို ဆိုဆုံးမရင်း ထောင်ဝန်ထမ်းတွေရဲ့ အနိုင်ကျင့်မှုတွေကို မိခင်တယောက်ရဲ့ မေတ္တာစိတ်၊ တော်လှန်သမားတယောက်ရဲ့ပါးနပ်မှုတွေနဲ့ အကာအကွယ် ပေးခဲ့ပါတယ်။

 “နိုဘယ့်ကို အနိုင်ကျင့်တာသိတယ်၊ အမေတယောက်အနေနဲ့ လက်မခံနိုင်ဘူး၊ ဒါပေမဲ့ ချက်ချင်းမတုံ့ပြန်ဘူး၊ အခွင့်သင့်လို့ ထောင်ပိုင်လာတဲ့အချိန်မှာ ကိုယ့်ရပ်တည်ချက်ကိုလည်းသိစေ၊ အခွင့်အရေးလည်း နားလည်တယ် ဆိုတာမျိုးနဲ့ လုပ်ခဲ့ရတာတွေရှိတယ်၊ ငါကိုယ်တိုင်လည်း ဘယ်တော့မှ ပုံစံ မထိုင်ခဲ့ဘူး” လို့ ဒေါ်အေးမြင့်သန်းက ပြန်ပြောပြပါတယ်။ 

သမီးဖြစ်သူ မနိုဘယ်အေးရဲ့ အမေကိုချစ်ခင် ဂရုစိုက်တဲ့ အပြုအမူလေးတွေကလည်း ဒေါ်အေးမြင့်သန်းရဲ့ နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်နေပါတယ်။ 

ဒေါ်အေးမြင့်သန်းပြောပြချက်အရ အကျဥ်းထောင်တွေမှာ ညဉ့်နက်သန်းခေါင် လူခြေတိတ်ချိန်ဆိုရင် “ထောင်အော်တယ်” လို့ခေါ်ကြတဲ့ ချောက်ခြားဖွယ် အသံတွေပေါ်ပေါက်လာတတ်ပါတယ်။ 

အကျဥ်းသားတွေကတော့ အဲဒီအချိန်ကို ထောင်အော့တယ် လို့ခေါ်ကြပါတယ်။

ညသန်းခေါင်ယံရောက်လာတာနဲ့ ထောင်အဆောင်အသီးသီးကနေ  ဘယ်သူ့အသံမှန်းမသိတဲ့ အော်ဟစ်သံတွေ ဟာ အမှောင်ထုထဲကို ဖြတ်သန်းပျံ့လွင့်လာတတ်တာမျိုးပါ။ နားမခံနိုင်လောက်အောင် စူးရှတဲ့အော်သံ ညည်းတွားသံတွေဟာ ညရဲ့တိတ်ဆိတ်မှုနဲ့အတူ ထောင်နံရံကြား ပိတ်လှောင်ခံထားရတဲ့ ဘဝတွေကို နာကျဥ်မှုနဲ့ စိတ်ချောက်ခြားမှုကိုဖြစ်စေတာမျိုးလို့ ဒေါ်အေးမြင့်သန်းကရှင်းပြပါတယ်။

အဲဒီလိုအချိန်မှာ မနိုဘယ်အေးဟာ အမေကို တင်းတင်းကြပ်ကြပ်ထွေးဖက်ထားပြီး မကြောက်ဖို့ အားပေး နှစ်သိမ့်ခဲ့တယ်လို့ဆိုပါတယ်။ 

“မေမေကြီး မကြောက်နဲ့နော် သမီးရှိတယ်၊ ကိုယ်ကလည်း “မေမေကြီးရှိတယ်” သမီးမကြောက်နဲ့သာ ပြောနေတာ တကယ်တုန်နေတာက ကိုယ်တိုင်ပဲ၊ ဆီးတွေမထိန်းနိုင်တဲ့အထိပဲ၊ သူ့ခမျာလျှော်ရတာ” လို့ ဒေါ်အေးမြင့်သန်းကပြောပြချိန်မှာတော့ သမီးကိုလွမ်းဆွတ်သတိရတဲ့ အရိပ်အယောင်တွေက သူ့ မျက်နှာပေါ်မှာ ထင်ဟပ်နေပါတယ်။ 

ထောင်ထဲမှာ ၇နှစ်ပြည့်ဖို့ ရက်အနည်းငယ်အလိုမှာ ဒေါ်အေးမြင့်သန်းတို့သားအမိ ၂ယောက်အတွက် မျှော်လင့် မထားတဲ့နေ့တနေ့ တကယ်ပဲ ရောက်လာပါတယ်။ တချိန်တုန်းကတရားခွင်တခုမှာ အတူတူရပ်ခဲ့ရ၊ အတူတူ ထောင်ချမှတ်ခံခဲ့ရတဲ့ သားအမိ ၂ယောက်ဟာ လွတ်ငြိမ်းသက်သာခွင့်နဲ့ အတူတကွ အိမ်ပြန်ခဲ့ကြရပါတယ်။ 

ဒေါ်အေးမြင့်သန်းအတွက်တော့ မမေ့နိုင်တဲ့နေ့ တနေ့ဖြစ်ခဲ့ပါတယ်။ သားအမိ ၂ယောက်ရဲ့ အကျဥ်းထောင်တံခါး ပွင့်သွားသလို၊ သူတို့ရဲ့ နိုင်ငံရေးခရီးကလည်း အဆုံးမသတ်သွားခဲ့ပါဘူး။ မနိုဘယ်အေးက ဗကသတာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့ပြီးဒေါ်အေးမြင့်သန်းကတော့ သူပါဝင်လှုပ်ရှားခဲ့တဲ့ NLD တာဝန်တွေထမ်းဆောင်ရင်း နိုင်ငံရေးခရီးဆက်ကြပါတယ်။ 

နွေဦးတော်လှန်ရေးပေါ်ပေါက်ချိန်မှာတော့ သားအမိ ၂ယောက်ဟာ တနေရာစီ တိမ်းရှောင်ခဲ့ရပြန်ပါတယ်။ မနိုဘယ်အေးဟာ သူမယုံကြည်ရာ လက်နက်ကိုင်တော်လှန်ရေးလမ်းကိုရွေးချယ်ခဲ့ပေမယ့် မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းကို အသိမပေးခဲ့သလို အဆက်အသွယ်လည်းမလုပ်ခဲ့ပါဘူး။ 

ဒါပေမဲ့ ဒေါ်အေးမြင့်သန်းကတော့ သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးစည်းကမ်းကို အပြည့်အဝ နားလည် ပေးခဲ့တယ်လို့ဆို ပါတယ်။ သမီးဖြစ်သူနဲ့ နောက်တကြိမ်ပြန်မဆုံနိုင်တော့တဲ့အထိအဲဒီစည်းကမ်းကို လိုက်နာ ခဲ့တယ်လို့ ဒေါ်အေးမြင့်သန်းကပြောပါတယ်။

 အဲဒီတိတ်ဆိတ်မှုရဲ့ အဓိပ္ပါယ်ကိုတော့ မိသားစုဝင်တိုင်း နားမလည်နိုင်ပါဘူး။

“သူ့ရဲ့မောင်အငယ်ကတော့ နိုဘယ် မေမေကြီးအပေါ်ရိုင်းတယ်လို့ထင်တယ်၊ ကျမက ဘာမှမပြောပဲ ငြိမ်နေ လိုက်တယ်၊ အဲဒါ နိုဘယ်က အမေကိုကာကွယ်သွားတာဆိုတာ သားဖြစ်သူဘယ်သိမှာလဲ”လို့ သူကရှင်းပြ ပါတယ်။ 

ဒေါ်အေးမြင့်သန်းကတော့ သမီးဖြစ်သူနဲ့မတွေ့ဆုံရပေမယ့် သမီးရဲ့သတင်းစကားတွေကို တခြားနည်းနဲ့ ခံစားသိရှိခဲ့တယ်လို့ ဆိုပါတယ်။

 “လူကြုံနဲ့လာကန်တော့တဲ့ ပစ္စည်းတွေမြင်လိုက်တာနဲ့ ဒါဟာနိုဘယ်ပို့လိုက်တယ်ဆိုတာသိတယ်၊ အမေ ကြိုက်တတ်တဲ့ ကော်ဖီတံဆိပ်နဲ့ မုန့်ပုံး အဲလောက်အသေးစိပ်သိတာသူပဲရှိတယ်လေ၊ ရပ်ထားတဲ့ကားထဲမှာ သူ ရှိနေမှန်းလည်း ကျမသိတယ်၊ ဒါပေမဲ့ မတွေ့ခဲ့ပါဘူး”လို့ ပြောရင်း ဒေါ်အေးမြင့်သန်းက သက်ပြင်းတချက်ချကာ ခဏတာ ငြိမ်သက်သွားပါတယ်။ 

အဲဒီတွေ့ဆုံခွင့်မရတဲ့နေ့ဟာ သားအမိ ၂ယောက်ရဲ့ နောက်ဆုံးအနီးကပ်ရှိခဲ့နေ့ ဖြစ်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ မနိုဘယ်အေး အဖမ်းခံရတဲ့သတင်းကို  ကြားသိခဲ့ရပါတယ်။ တော်လှန်ရေးလုပ်တဲ့သမီး တနေ့နေ့တချိန်ချိန်မှာ အဖမ်းခံရနိုင်တယ်ဆိုတာ ဒေါ်အေးမြင့်သန်း ကြိုတင်တွက်ဆထားပြီးသားပါ။

အရင်ကလည်း မနိုဘယ်အေးဟာ အကြိမ်ကြိမ် အဖမ်းခံရ ထောင်ချခံခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် သမီးဖြစ်သူ ကောင်းကောင်းဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပြီးသားဖြစ်နေပါတယ်။ ဒါပေမဲ့ ဒေါ်အေးမြင့်သန်း မျှော်လင့်ထားသလို ဖြစ်မလာပါဘူး။ 

လွန်ခဲ့တဲ့ ၂နှစ်ခွဲ (၂၀၂၄၊ ဖေဖော်ဝါရီ ၈ ရက်နေ့)က ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ သားအိမ် ကင်ဆာ ရောဂါကြောင့် လမ်းမလျှောက်နိုင်လောက်အောင် ကိုက်ခဲတဲ့ဝေဒနာကို အပြင်းအထန် ခံစားနေရသူ မနိုဘယ်အေးကို ထွက်ပြေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ် လိုက်ကြပါတယ်။  အမေတယောက်အဖို့  အဲဒီသတင်းဟာ သမီးဖြစ်သူနဲ့ပတ်သက်တဲ့ နောက်ဆုံး မျှော်လင့်ချက် ကို ရပ်တန့်စေခဲ့ပါတယ်။

 “နိုဘယ်ဟာ ဘယ်တော့မှ ရင်မဆိုင်ဘဲထွက်ပြေးမယ့်လူမျိုးမဟုတ်ဘူး၊ ကျမသမီးဘယ်လိုလူလဲဆိုတာ ကောင်းကောင်းကြီးသိနေတယ်၊ အာဏာရှင်တွေဟာ ဘယ်တုန်းကမှ အမှန်မပြောခဲ့ဘူး”လို့ပြောပြီး ဒေါ်အေးမြင့်သန်းရဲ့ မျက်နှာဟာ အနည်းငယ်မော့တက်လာကာ အံကို တင်းတင်းကြိတ်ထားတာ မြင်ရပါတယ်။ 

ဒေါ်အေးမြင့်သန်းဟာ သမီးဖြစ်သူကိုနောက်ဆုံးအနေနဲ့ တွေ့မြင်ခွင့်၊ သင်္ဂြိုလ်ခွင့်မရခဲ့ပါဘူး၊ မနိုဘယ်အေး ကျဆုံးတဲ့အကြောင်း သတင်းမီဒီယာတွေက ဖော်ပြလာချိန်အထိ စစ်တပ်က အဲဒီဖြစ်ရပ်ကို ငြင်းဆိုနေခဲ့ပါတယ်၊ နောက်ဆုံးမှာတော့ မနိုဘယ်အေးနဲ့အတူ တော်လှန်ရေးရဲဘော်တယောက်ကိုပါ ပစ်သတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြ ပါတယ်။ 

မနိုဘယ်အေးရဲ့ နာရေးကို နိုင်ငံရေး ရဲဘော်ရဲဘက် အနည်းငယ်နဲ့ ဆွမ်းကပ်လှူဒါန်းမှုပဲ လုပ်နိုင်ခဲ့တယ်လို့ဆို ပါတယ်။

“ကျမမှာ တာဝန်အကြွေးရှိနေသေးတယ်၊ နိုဘယ့်အတွက် ကိုယ်တိုင်ကိုယ်ကျ အလှူမလုပ်ပေးရသေးဘူး၊ 

အဲဒီအတွက်လည်း စိတ်မကောင်းဘူး၊ ငါ့သမီးဘယ်လိုများ ခံစားသွားရမလဲလို့ တွေးမိပါတယ်”လို့ပြောရင်း ဒေါ်အေးမြင့်သန်းအသံဟာ တိုးသွားပါတယ်။

မအေဖြစ်သူကို နောက်ထပ်နာကျဥ်စေတဲ့အကြောင်းက မနိုဘယ်အေးတယောက် ကင်ဆာရောဂါခံစားနေရတယ် ဆိုတာကို သူကျဆုံးပြီး အချိန်တော်တော်ကြာမှ သိခဲ့ရတာပါ။ 

ရဲဘော်ရဲဘတ်တွေက ဝိုင်းဝန်းထောက်ပံ့ထားတဲ့ ဆေးကုသစရိတ်တွေကိုလည်း တော်လှန်ရေးထဲ ထည့်ဝင်သုံးစွဲ ခဲ့ပြီး ဆေးမကုပဲ ထောက်ပို့လုပ်ငန်းတွေလုပ်နေခဲ့တယ်လို့ သိရတဲ့အခါ “ဖြစ်မှဖြစ်ရလေ”လို့ ဒေါ်အေးမြင့်သန်းက ဆိုပါတယ်။

 မနိုဘယ်အေးမှာ ကင်ဆာရောဂါဖြစ်နေတယ်ဆိုတ အစောပိုင်းကတည်းက သိခဲ့ရင်လည်း ဒေါ်အေးမြင့်သန်းက သမီးဖြစ်သူရဲ့ နိုင်ငံရေးယုံကြည်ချက်ကို တားမြစ်မှာမဟုတ်ပေမယ့် မိခင်တယောက်အနေနဲ့  ဆေးကုသမှု ခံယူဖို့တော့ တိုက်တွန်းမိမှာဖြစ်တယ်လို့ပြောပါတယ်။

“သူ့ရဲ့ယုံကြည်ချက်ကိုတားရင် တရားခံဖြစ်မှာလေ၊ သမီးဘက်မှာ မေမေကြီးအမြဲရှိတယ်၊ အားမငယ်ဖို့ပြောမယ်၊ ဖြစ်လာတဲ့အခြေအနေကို အကောင်းဆုံးလက်ခံဖို့ပြောမယ်၊ ဆေးကုသမှုခံယူဖို့ပြောမယ်”လို့ ဆိုပါတယ်။ 

မနိုဘယ်အေးနဲ့ပတ်သက်ပြီး သတိရစရာတွေက အများကြီးရှိနေဆဲပါပဲလို့ ဒေါ်အေးမြင့်သန်းကဆိုပါတယ်။ ထောင်ထဲမှာအတူနေခဲ့ရတုန်းက သူကိုယ်တိုင်ထိုးထားတဲ့ တက်တင်းပုဝါလေးကို မနိုဘယ်အေးက အနားတွေ သပ်ပေးခဲ့တာ၊ မနိုဘယ်အေးကလည်း “မေမေကြီးအတွက်”ဆိုပြီး ထိုးပေးထားတဲ့ပုဝါလေးတွေကို အခုထိ အမှတ်တရသိမ်းထားဆဲဖြစ်ပါတယ်။ 

ဒေါ်အေးမြင့်သန်း ထိုင်နေကျထိုင်ခုံရဲ့ရှေ့စားပွဲပေါ်က လက်ဖက်ဘူးကို လက်နဲ့ညွှန်ပြရင်း “နိုဘယ်က လက်ဖက် သိပ်ကြိုက်တာလေ၊ အဲဒီလက်ဖက်ဘူးဖွင့်လိုက်တိုင်း နိုဘယ့်မျက်နှာပဲမြင်နေလို့ မစားဖြစ်တာ”လို့ ပြောပါတယ်။

လွတ်မြောက်နယ်မြေတခုမှာ တိမ်းရှောင်နေထိုင်ရင်း ဒေါ်အေးမြင့်သန်းဟာ တော်လှန်ရေးကာလအတွင်း သား သမီးတွေနဲ့တနေရာစီဝေးကွာနေပြီး ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားချိန်ကလည်း နောက်ဆုံးအကြိမ် တွေ့ခွင့်၊ သင်္ဂြိုဟ်ခွင့်မရခဲ့ပါဘူး။ 

“အစ်ကိုမောင်နဲ့ နိုဘယ့်ကို သတိမရတဲ့နေ့ မရှိပါဘူး၊ အိပ်မက်မက်တိုင်းလည် အမျှဝေပေးတယ်၊ လိပ်ပြာလေး တကောင်လောက် ဝင်လာရင် “အကိုမောင်လား” ၊ “နိုဘယ်လား”ဆိုပြီး စကားပြောဖြစ်တဲ့အထိပဲ”လို့ သူက လေသံခပ်တိုးတိုးနဲ့  ဖွင့်ဟပါတယ်။ 

အသက် ၇၀ ကျော်ရှိနေပြီဖြစ်တဲ့ ဒေါ်အေးမြင့်သန်းဟာ ကျန်းမာရေးချို့ယွင်းလာတာကြောင့် လမ်းကို ကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး

လွတ်မြောက်နယ်မြေမှာ တကိုယ်တည်းနေထိုင်နေရပေမယ့် နိုင်ငံရေးဖြတ်သန်းမှုတွေအကြောင်း ပြောတဲ့ အခါမှာတော့ အသံက ခိုင်မာပြတ်သားနေဆဲ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးက အားနည်းလာ ပေမယ့် သူမရဲ့ယုံကြည်ချက်ကတော့ မပြောင်းလဲခဲ့ပါဘူး။

 “သေတဲ့အထိ NLDအတွက် အလုပ်လုပ်သွားမယ်”လို့ အခိုင်အမာပြောဆိုပါတယ်။

သမီးတယောက်အဖြစ်သာမက နိုင်ငံရေးသမားတယောက်၊ ရဲဘော်ရဲဘက်တယောက်အနေနဲ့ပါ  မနိုဘယ်အေးရဲ့ စွန့်စားမှုနဲ့ သတ္တိကိုလေးစားတယ်လို့ ဆိုပါတယ်။ 

သားအမိ ၂ယောက်ဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက်အပိုင်းမှာ တူညီတာတွေရှိပေမယ့် မနိုဘယ်အေးလို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့တော့ ကိုယ့်မှာ သတ္တိမရှိခဲ့ဘူးလို့ ဒေါ်အေးမြင့်သန်းက ဝန်ခံပြောဆိုပါတယ်။ 

လွတ်လပ်စွာ ပျံသန်းရမယ့် လူငယ်ဘဝကို အကျဥ်းထောင်နံရံတွေကြား ဖြတ်သန်းခဲ့ရပေမယ့် မနိုဘယ်အေးဟာ မိသားစုအပေါ် တာဝန်ကျေတဲ့ သမီးကြီးတယောက်၊ ခေတ်ကတောင်းဆိုလာတဲ့ နိုင်ငံရေးတာဝန်ကိုလည်း မရှောင်လွဲဘဲ ထမ်းဆောင်ခဲ့တဲ့ လူငယ်တယောက်အဖြစ် ဒေါ်အေးမြင့်သန်းရဲ့ အမှတ်တရတွေနဲ့ ယုံကြည်ချက် တွေထဲမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ 

မနိုဘယ်အေးအတွက်သာမက တော်လှန်ရေးမှာ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ သူရဲကောင်းအားလုံးအတွက်၊ မတရား ဖမ်းဆီး နှိပ်စက်လို့ အသက်ပေးသွားရတဲ့ တော်လှန်ရဲဘော်အားလုံးအတွက် တရားမျှတမှုရဖို့၊ အပြစ်ရှိသူတွေကို ခုံရုံးတင်စီရင်နိုင်ဖို့က အဖြစ်ချင်ဆုံးဆန္ဒပဲလို့ဆိုပါတယ်။ 

“နိုဘယ့်အတွက်ပဲဆိုရင် ကျမကအတ္တကြီးလွန်းတဲ့ မိခင်တယောက်ဖြစ်သွားမှာပေါ့”လို့ သူမရဲ့လက်ခံထားမှုကို ထုတ်ဖော်ပြောပါတယ်။

သမီးကိုသတိရတဲ့အခါတိုင်း ထုတ်ကြည့်မိတတ်တဲ့ မနိုဘယ်အေးရဲ့ ကိုယ်ရေးအကျဥ်းပါဝင်တဲ့ ပန်းဖလက်လေးနဲ့ ဗွီနိုင်းပိုစတာတခုဟာ သူ့ အတွက်တော့ အဖိုးတန်အမှတ်တရတွေ ဖြစ်နေဆဲပါ။ 

မြန်မာပြည်ပြန်ချင်တဲ့စိတ်ဆန္ဒပြင်းပြနေသလို နောက်ဆုံးအချိန်ကိုလည်း မြန်မာပြည်မှာပဲ ကုန်ဆုံးချင်တဲ့ ဒေါ်အေးမြင့်သန်းက “အကယ်၍များ ကျမကိုယ်တိုင် အသက်မသေခဲ့ရင်ပေါ့၊ မြန်မာပြည်ပြန်နိုင်ခဲ့ရင် အပါသယ် သွားမယ်၊ နိုဘယ့်အတွက် ကိုယ်တိုင်အလှူလုပ်ပေးဦးမယ်”လို့ တိုးတိုးလေးပြောလိုက်ပါတယ်။