နာရီမရှိသော စက်ရုပ်များ

နန်းလောင်

မနက် ၅ နာရီခွဲ၊ လမ်းမီးတိုင်အောက်က မိုးစက်မိုးပေါက်လေးတွေ ကျနေသည်။ ကောင်းကင်တခုလုံး တိမ်မည်းမည်းကြီးဖြင့် ဖုံးအုပ်ထားလေသည်။

မိုးကြီးမရွာသေးခင်မှာပင် အသက် ၃၀ အရွယ် မသီတာ (အမည်လွှဲ)၏ ခြေလှမ်းများက မှောင်ရိပ်ထဲ တွင် ခပ်သုတ်သုတ် ရွေ့နေပြီဖြစ်သည်။ သူ၏ ညာဘက်လက်ညှိုးတွင် မနေ့က အပ်ချုပ်စက်နင်းရင်း အပ်စူးထားသည့် နေရာက ပလာစတာလေးက စိုထိုင်းထိုင်း ဖြစ်နေဆဲ။

စက်ရုံတွင် တနေ့လျှင် အထည်ရာဂဏန်း ချုပ်ရသဖြင့် ခါးရိုးများ ထုံကျဉ်နေသော်လည်း အိမ်ပြန် ရောက်လျှင်လည်း ထမင်းဟင်းချက်၊ ကလေးထိန်းစသည့် နောက်ထပ် အလုပ်များက သူ့ကို တန်းစီ စောင့်ကြိုနေပါသေးသည်။

“စက်ရုပ်တွေမှာတောင် အလုပ်လုပ်ရမယ့်အချိန်၊ အားသွင်းရမယ့်အချိန်ဆိုပြီး နာရီနဲ့ သတ်မှတ်ထား တာ ရှိတယ်၊ ကျမတို့ဘဝကတော့ မျက်လုံးပွင့်တာနဲ့ အလုပ်ချိန် စပြီပဲ၊ နာရီဆိုတာ မရှိတော့ပါဘူး” ဟု မသီတာက ခပ်ဟဟ ရယ်ရင်း ပြောပြသည်။

ယခုကဲ့သို့ မနက်စောစော မှောင်ရိပ်ထဲ အလုပ်ကပြန်ရသည်မှာ အန္တရာယ်များမှန်း သူသိသည်။ သို့သော် ရွေးချယ်စရာမရှိ။  

လက်ရှိ မြန်မာနိုင်ငံ၏ ခါးသီးလှသော နိုင်ငံရေးပဋိပက္ခ၊ စစ်မှုထမ်းဥပဒေဂယက်များနှင့် စီးပွားပျက် ကပ်ကြီးအောက်တွင် အိမ်ထောင်စုအများစုအပြားထဲက အမျိုးသားများသည် ပုံစံမျိုးစုံဖြင့် တဖြည်းဖြည်း ပျောက်ကွယ်နေကြရသည်။

စစ်မှုထမ်းပေါ်တာဆွဲခံရခြင်း၊ တိုက်ပွဲများအတွင်း ကျဆုံးသွားခြင်း၊ အာဏာရှင်ကို ဖီဆန်သည့်အတွက် ဖမ်းဆီးထောင်ချခံရခြင်း သို့မဟုတ် စစ်မှုထမ်းရန် စာရင်းပါလာသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းစသည့် အကြောင်းရင်း အမျိုးမျိုးကြောင့် အမျိုးသမီးများကို  မိသားစုဝမ်းရေး အတွက် တဦးတည်း ဒိုင်ခံဖြေရှင်းရသည့် အခြေအနေဆီ တွန်းပို့လိုက်သလို ဖြစ်လာခဲ့ကြသည်။

မသီတာလိုပင် အသက် ၂၄ နှစ်အရွယ် မနွယ်(အမည်လွှဲ)၏ အဖြစ်အပျက်ကလည်း  ယင်းပကတိတရား များကို မီးမောင်းထိုးပြနေသည်။  

သူ၏အမျိုးသားသည် စစ်မှုထမ်းဥပဒေဖိအားများကြားမှ တဖက်ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်း နှင့် ခိုးဝင်ရန် ဆုံးဖြတ်ခဲ့သည်။

“သူထွက်သွားတာ ၃ လရှိပြီ၊ အကျိုးဆောင်ကတော့ ဟိုဘက်ကမ်း ရောက်ပြီပြောတာပဲ၊ ဒါပေမဲ့ ဒီနေ့ အထိ သူဆီက ဘာဖုန်းသံ၊ ဘာအသံမှ မကြားရသေးဘူး၊  အသက်ရှိသေးရဲ့လားဆိုတာတောင် မသေ ချာဘူး” ဟု မနွယ်က ကလေးနို့ဘူးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်ဝဲလျက် ပြောသည်။

ယခုအခါ သူသည် ကလေးနို့ဖိုးနှင့် မိသားစုစားဝတ်နေရေးအတွက် အထည်ချုပ်စက်ရုံတွင် ညဉ့်နက် သည်အထိ အချိန်ပို (OT) ဆင်းကာ တယောက်တည်း ခါးစည်းရုန်းကန်နေရသည်။

မသီတာနှင့် မနွယ် နည်းတူ အသက် ၄၀ ကျော်အရွယ်ဒေါ်အေးမြင့် (အမည်လွှဲ) ၏ ဘဝသည်လည်း ကြမ်းတမ်းလွန်းလှသည်။

လင်ယောက်ျားနှင့် သားဖြစ်သူမှာ အာဏာသိမ်းကာလအတွင်း စစ်ရှောင်ပြေးရင်း ပျောက်ဆုံးသွားခဲ့ပြီး မိသားစုတခုလုံး၏ စားဝတ်နေရေးက ဒေါ်အေးမြင့် ၏ ပုခုံးပေါ်သို့ အလုံးစုံ ကျရောက်လာသည်။

အုတ်ခဲများကို တနေ့လုံး ထမ်းပိုးရသည့် နေ့စားအလုပ်ကြမ်းကြောင့် သူ၏ လက်ဖဝါးများမှာ ကွဲအက် ကြမ်းတမ်းနေပြီး ပခုံးသားများမှာလည်း ပွန်းပဲ့နေလေပြီ။

“ယောက်ျားတွေခမျာလည်း ဘေးလွတ်ရာ ရှောင်နေရရှာရတော့ အိမ်ကမိန်းမတွေပဲ ဝင်လုပ်ကြ ရတာပေါ့၊ အပြင်မှာ အလုပ်ကြမ်းလုပ်ပြီး အိမ်ပြန်လာရင်လည်း ကလေးအဝတ်လျှော်၊ ထမင်းဟင်း ချက်ရတဲ့ အလုပ်က ကိုယ့်တာဝန်ပဲ ဖြစ်နေတုန်းပဲ” ဟု ဒေါ်အေးမြင့်က သက်ပြင်းချရင်း ဆိုသည်။

မသီတာ၊ မနွယ်နှင့် ဒေါ်အေးမြင့်လို သက်လတ်ပိုင်းအရွယ် အမျိုးသမီးများသာမက အသက်ကြီးပိုင်း အရွယ် မိခင်များပင် ဤလှိုင်းလုံးကြီးထဲမှ မလွတ်မြောက်နိုင်ပါ။

အသက် ၅၅ နှစ်အရွယ် ဒေါ်လှ (အမည်လွှဲ)သည် ယခင်က သားဖြစ်သူ ရှာဖွေကျွေးမွေးသည့်အတွက် အိမ်တွင် အေးအေးလူလူနေခဲ့ရသော်လည်း အခုတော့ လမ်းဘေးတွင် မုန့်ဟင်းခါးထုတ်ရောင်းသည့် အလုပ်ကို မိုးမလင်းခင်ကတည်းက ထလုပ်နေရသည်။

“သားကအထဲမှာလေ၊ သူမရှိကတည်းက ကိုယ့်ဘာသာ လုပ်စားရတာပဲ၊ သူ့ကိုလည်း တဖန်ပြန် ထောက်ပံ့ ရင်းပေါ့၊ အမေတခု သားတခု ဆိုတော့ ဒီလိုပဲ ရုန်းကန်နေရတာပေါ့ ” ဟု ဒေါ်လှက ဆိုသည်။

မုန့်ဟင်းခါးဟင်းရည်အိုးဘေးတွေ ထိုင်ကာ ချွေးစို့နေသည့် ဒေါ်လှ၏ မျက်ဝန်းများ အရည်လဲ့လာပြီး အသံများ တိုးဝင်သွားသည်။  

ဤသို့ဖြင့် အသက်အရွယ်စုံ အမျိုးသမီးများသည် ပြင်ပလုပ်ငန်းခွင်၏ ပင်ပန်းမှုသာမက အမျိုးသမီး ဖြစ်ခြင်းကြောင့် သမားရိုးကျ သတ်မှတ်ထားသည့် အိမ်မှုကိစ္စများကိုပါ ထပ်မံထမ်းပိုးရသဖြင့် “ထပ် ကွမ်း ဝန်ထုပ်ဝန်ပိုး”ကို အလူးအလဲ ခံနေကြရသည်။  

ထိုသို့ ခါးသီးသော လက်တွေ့ဘဝကို ရုန်းကန်နေရသကဲ့သို့ အလုပ်ခွင်တွင်လည်း ကျား၊ မ တန်းတူ ခွဲခြားဆက်ဆံမှုများက ရှိနေဆဲဖြစ်သည်။

အလုပ်သမားအရေး ဆောင်ရွက်သူတဦးက “လက်ရှိ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးဆိုက်တွေကို ကြည့်ပါ၊ အမျိုးသားတယောက်က တနေ့ကို နေ့စားခ ၁သောင်းရရင် တူညီတဲ့ လုပ်အားကို ပေးတဲ့ အမျိုးသမီးကိုကျတော့ ၇ထောင်၊ ၈ထောင်လောက်ပဲ ပေးတယ်၊ ဒီလို လုပ်အားခ နှိမ်ခံရမှုတွေက အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ၂ထပ်ကွမ်း ဖိစီးမှုတွေ ဖြစ်စေပါတယ်” ဟု ထောက်ပြသည်။

အဆိုပါ လုပ်ခလစာကွာဟမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UN Women Data Hub နှင့် UNDP Myanmar တို့၏ မြန်မာနိုင်ငံဆိုင်ရာ စစ်တမ်းများတွင်လည်း အကျပ်အတည်း ကာလအတွင်း အမျိုးသမီးများသည် တူညီသော သို့မဟုတ် ပိုမိုပြင်းထန်သော အလုပ်ကြမ်းကဏ္ဍ များတွင် ဝင်ရောက်လုပ်ကိုင်နေရသော်လည်း အမျိုးသားများထက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လုပ်ခလစာ လျော့နည်းခွဲခြားခံနေရဆဲဖြစ်ကြောင်း၊ တဖက်တွင်လည်း အိမ်တွင်းရှိ လုပ်ခလစာမရသော ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဝန်ထုပ်ဝန်ပိုးများမှာ ပိုမိုတိုးပွားလာကြောင်း ဖော်ပြထားသည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ ပြင်းထန်ပြီး ရေရှည်ခါးစည်းခံရသည့် နာတာရှည် စိတ်ဖိစီးမှု များကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ အဆုံးစွန်ထိ ကုန်ခမ်းသွားခြင်းကို “Burnout” (အစွမ်းကုန် ကုန်ခမ်းခြင်း ဝေဒနာ) ဟု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစံနှုန်းအဖြစ် သတ်မှတ်ထား သည်။  

လက်ရှိ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ခေတ်ဆိုး၏ဒဏ်ကို ခံနေရသည့် အမျိုးသမီးများ၏ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုများသည် သာမန်ပင်ပန်းရုံတင်မကဘဲ ပြင်းထန်သော စိုးရိမ်ပူပန်မှုများနှင့် စိတ်ဓာတ် ကျခြင်းများဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

အမေရိကန် စိတ်ပညာအသင်း (APA) ၏ ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်များအရ ထိုသို့သော နာတာရှည် စိတ်ဖိစီးမှုကို ရေရှည်ခါးစည်းခံရခြင်းကြောင့် ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှုဟော်မုန်းများ စဉ်ဆက်မပြတ် မြင့်မားလာပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အမျိုးသမီးများတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ် နာတာရှည်ရောဂါနှင့် ခုခံအားစနစ် ယိုယွင်းကျဆင်းမှုကဲ့သို့သော ရုပ်ပိုင်း ဆိုင်ရာ နာတာရှည်ဝေဒနာများ တိုက်ရိုက် စွဲကပ်လာနိုင်ကြောင်း ညွှန်းဆိုသက်သေပြထားသည်။

ထိုထက် ပိုမိုဆိုးရွားသည်မှာ လူမှုရေးအရ ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များပင် ဖြစ်သည်။

အိမ်ထောင်စုတခု၏ ပင်မဒေါက်တိုင်ဖြစ်သော အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည့်အခါ မိသားစုတွင်း ဆက်ဆံရေးများ ဝေးကွာလာခြင်း၊ ကလေးငယ်များအပေါ် စိတ်မရှည်တော့ဘဲ အိမ်တွင်း အကြမ်းဖက်မှု ပုံစံငယ်များ သတိမထားမိဘဲ ဖြစ်ပွားလာခြင်းနှင့် မိခင်များ၏ Burnout ဖြစ်မှုကြောင့် နောက်ဆက်တွဲအနေဖြင့် ကလေးငယ်များ ကျောင်းထုတ်ခံရခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ကလေးသူငယ် ပြုစုစောင့်ရှောက်မှုစနစ်တခုလုံး ပြိုလဲခြင်းစသည့် “ဆိုးကျိုးသံသရာစက်ဝန်း” ကို လူမှုအဖွဲ့အစည်းအတွင်း ကွင်းဆက်လိုက် ဖြစ်လာစေနိုင်ကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင် များက သတိပေးထားကြသည်။

အကျပ်အတည်းကာလကြီးထဲတွင် မိသားစုများ မငတ်ပြတ်အောင် မိမိကိုယ်ကိုယ်ရင်း၍ ဆွဲထူနေကြ သည့် အဆိုပါ အမျိုးသမီးများ၏ နောက်ကွယ်တွင်မူ သူတို့ကိုယ်တိုင်အတွက် ဖျားနာခွင့်၊ နားနေခွင့် သို့မဟုတ် ပင်ပန်းလွန်း၍ အားရပါးရ ငိုကြွေးခွင့်ပင် မရှိရှာပေ။

“ငါ့ကလေးတွေအတွက် ဆိုတဲ့ စိတ်နဲ့ မနက်ဆိုလည်း အတင်းကုန်းရုန်းထရတာပဲ၊ အခုချိန်မှာ လဲကျ သွားလို့ မရဘူးလေ၊ သူတို့ ရှေ့ရေးက အဝေးကြီးလိုသေးတယ်” ဟု မသီတာက အပ်စူးထားသည့် ညာဘက်လက်ညှိုးကို ပလာစတာအသစ် လဲလှယ်ကပ်ရင်း စကားဆိုသည်။

နိုင်ငံတနိုင်ငံ၏ ပကတိ အကျပ်အတည်းကို တိုင်းတာရာတွင် ထိုနိုင်ငံရှိ အမျိုးသမီးများ၏ ပခုံးပေါ်က ဝန်ထုတ်ဝန်ပိုးနှင့်သူတို့၏ မျက်ရည်များကို ကြည့်ရုံဖြင့် သိနိုင်ပါသည်။ အိမ်တွင်းအလုပ်ရော အိမ်ပြင် အလုပ်ပါ ဒိုင်ခံရုန်းကန်နေရသည့် အမျိုးသမီးထု၏ စိတ်ပိုင်းဆိုင်ရာ ဝေဒနာသည် တကိုယ်ရည် ပြဿာနာ မဟုတ်ပဲ လက်ရှိ ခေတ်စနစ်က ပေးလိုက်သည့် ၂ထပ်ကွမ်းဒဏ်ရာများသာ ဖြစ်သည်။

“ရတဲ့ ပိုက်ဆံ၊ နေ့စဉ်ကုန်နေတဲ့ ကုန်ကျစရိတ်တွေကလည်း မလောက်ငှနေတော့ ပိုပြီး စိတ်ဆင်းရဲ ရတယ်၊ အလုပ်လုပ်ရတာပဲ အဖက်တင်တယ်”ဟု မအေးမြင့်က ပြောသည်။

တာဝန်ဝတ္တရားများ၊ စိုးရိမ်ပူပန်မှုများနှင့် လုပ်အားခ အနှိမ်ခံရမှုများကြားတွင် သူတို့သည် ခလုပ်နှိပ်၍ ပိတ်ပစ်၍မရသော “နာရီမရှိသည့် စက်ရုပ်များ” အဖြစ် အသံတိတ် လည်ပတ်နေရရှာသည်။