မမက်ချင်တဲ့အိပ်မက်ဆိုးတွေ 

ဒေဝီ

ဆယ်ကျော်အသက်အရွယ်သမီးဖြစ်သူကို သူငယ်ချင်းမွေးနေ့မှာ သူ့သူငယ်ချင်းတွေနဲ့အတူ လည်ပတ်သွားလာ ပြီး မုန့်စားဖို့ချိန်းဆိုထားတဲ့ ဆိုင်တဆိုင်ဆီ လိုက်ပို့ရင်း အရက်ဘီယာတွေ အများကြီးမသောက်ဖို့ ၊ မသိတဲ့ လူတွေနဲ့ မလိုက်သွားဖို့ ကိုမိုးဇက်တယောက်က မှာနေပါတယ်။

ဒါ့အပြင် ဒီဆိုင်ကနေ တခြားတနေရာကို ထပ်ရွှေ့တယ်ဆိုရင်လည်း ဘယ်ကို သွားတယ်ဆိုတာ အဖေ့ဆီကို ဖုန်းဆက်ဖို့ တွင်တွင်မှာနေခဲ့တယ်။

မုန့်စားဖို့ ချိန်းထားတဲ့ ဆိုင်ရှေ့မှာ သမီးကိုချထားခဲ့ပေမယ့် သူ့စိတ်ကတော့ အိမ်ပြန်မရောက်သေးပါဘူး။

သူတို့မိသားစုနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာက မူးယစ်ဆေးဝါးဆိုတာ လွယ်လင့်တကူ ရရှိနိုင်တဲ့အရာ ဖြစ်ပြီး လောင်းကစားနဲ့   မူးယစ်‌ဆေးဝါးကြောင့် ပစ္စည်းခိုးမှုတွေ၊ ပြန်ပေးဆွဲ လုယက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ရှိတော့ လုံခြုံမှုမရှိပါဘူး။

သမီးဖြစ်သူကို လူငယ်သဘာဝ ပျော်ပျော်ပါးပါးသွားလာတာ ခွင့်ပြုထားပေမယ့် မူးယစ်ဆေးဝါးတွေနဲ့ နီးစပ်သွားမှာ၊  နောက်ဆက်တွဲ အန္တရာယ်တွေ ကြုံလာမှာကို ဆယ်ကျော်သက်သမီးငယ်ရဲ့ ဖခင်ဖြစ်သူ ကိုမိုးဇက်တယောက် စိုးရိမ်ပူပင်နေပါတယ်။

အထူးသဖြင့် တရားဥပဒေစိုးမိုးမှု လျော့နည်းနေတဲ့ နယ်စပ်မြို့တွေမှာ မူးယစ်ဆေးဝါး ပျံ့နှံ့မှုက ထိန်းချုပ်ရခက်ပြီး ဘိန်းဖြူလို မူးယစ်ဆေးဝါးတွေသာမက WY  ၊ K ၊ Happy Water  လို စိတ်ကြွမူးယစ်ဆေးဝါးတွေကို  အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေကအစ သုံးစွဲမှုများလာကြပါတယ်။

ကိုယ့်သားသမီးတွေ ကာကွယ်ချင်စိတ်နဲ့ ကလေးတွေ သွားလာရာမှာ နီးနီးစပ်စပ်နဲ့ တတ်နိုင်သလောက် လိုက်ပါ စောင့်ရှောက်ပေမယ့် မျက်ကွယ် တနေရာရာမှာ မူးယစ်နွံနစ်မှာ၊ ရာဇဝတ်အမှုအခင်းတွေကြုံရမှာတွေကို ကြုံရမှာကို မိဘတွေမှာ စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် မိုင်းပန်မှာ အသက် ၁၆နှစ်အရွယ် ၁၂တန်းကျောင်းသူတဦး ကေတီဗီမှာ Happy Water သောက်သုံးပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့ လပိုင်းက ကေတီဗီမှာ ဆေးသုံးရင်း သတိလစ်သွားတဲ့အမျိုးသမီးကို လမ်းဘေးမှာစွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

ဒီလို အဖြစ်အပျက်တွေဟာ ကိုမိုးဇက်ကို သာမက လူငယ်လူရွယ်သားသမီးတွေရှိကြတဲ့ မိဘတိုင်းအတွက်တော့ ဘယ်တော့မှ မမက်ချင်တဲ့ အိပ်မက်ဆိုးတွေပါပဲ။

ကိုမိုးဇက်လိုပဲ ဆယ်ကျော်သက်အရွယ်သမီးလေးတဦးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်နန်းနီက ဒီလိုသတင်းတွေကြားရတိုင်း သူ့သမီး အပြင်သွားတဲ့အခါ ဆေးအခတ်ခံလိုက်ရမလား တွေးပူရတယ်လို့ ပြောပြပါတယ်။ မူးယစ်ဆေးတွေဟာ ဆေးပြား၊ အမှုန့်၊ အချိုရည်၊ ကော်ဖီစသဖြင့် ပုံစံမျိုးစုံနဲ့ ရှိနေတဲ့အတွက် ငယ်ရွယ်သူမိန်းကလေးတွေက မသိဘဲ သောက်သုံးမိနိုင်တာကြောင့် သမီးဖြစ်သူကိုလည်း အမြဲလိုလို သတိပေးပြောဆိုတာတွေ လုပ်နေရပါတယ်။

သူက ”သူတို့အရွယ်တွေက အရမ်းတင်းကျပ်ရင်လည်း စိတ်ထင်ရာလုပ်မှာစိုးတဲ့အတွက် သူ့ကိုတော့ ဘယ်နေရာ တွေ သွားရင် သတိထားရမယ်၊ မူးယစ်ဆေးဆိုးကျိုးတွေ၊ လိင်ပိုင်းဆိုင်ရာအသိပညာတွေကို သူတို့အရွယ် အလိုက် သိထားသင့် တာကို ပြောပြထားရတယ် “လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့  ပဋိပက္ခတွေနဲ့ မငြိမ်သက်တဲ့အခြေအနေတွေကြောင့် မူးယစ်ဆေးဝါးတွေက ပိုပျံ့နှံ့လျက်ရှိသလို၊ အထူးသဖြင့် စစ်ကောင်စီအုပ်ချုပ်နေတဲ့ လက်ထက်မှာ ပိုဆိုးရွားလာနေပြီး မူးယစ်ဆေးနဲ့ စိတ်ကြွဆေးဝါး တွေကို  စျေးပေါပေါနဲ့ လူတိုင်း လက်လှမ်းမှီမှီ သုံးစွဲမှုများလာတာက လူငယ်တွေအနာဂတ်အတွက် ခြိမ်းခြောက် မှုတခု ဖြစ်နေတယ်လို့ ကိုမိုးဇက်က ပြောပါတယ်။  

 “ဘိန်းဖြူတွေ ဘိန်းစာရွက်တွေအပြင် စိတ်ကြွဆေးဝါးတွေပါ သုံးစွဲတာတွေက ပုံမှန်လိုတောင် ဖြစ်လာတယ်၊ ဒီမှာတော့ အသက်အရွယ်မရွေး သုံးကြတယ်”လို့ သူက ဆက်ပြောတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေနဲ့ လူမှုစီးပွားအကြပ်အတည်းတွေကြောင့် လူငယ်တွေမှာ ကျောင်းမနေရတာ၊ စီးပွားရေးအခွင့်အလမ်းနဲ့ သင်ယူစရာတွေနည်းပါးလာတဲ့အခါ အနာဂတ် ပျောက်ပြီး မျှော်လင့်ချက် ပျက်သုဉ်းတာ၊ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးရတဲ့ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးကို လက်တည့်စမ်းရင်း သုံးလာကြတာတွေက ကိုမိုးဇက်တို့ဒေသမှာ သာမာန်မြင်ကွင်းတခုလို ဖြစ်နေပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့အလျောက် ငွေကြေးလည်းအရလွယ်သလို မူးယစ်ဆေးလောင်းကစား ‌အပျော်အပါးကိစ္စ တွေကလည်း အလွယ်ရနေတာကြောင့် သမီးမိန်းကလေးရှိသူတွေသာမက သားယောက်ျားလေးရှိတဲ့ အိမ်တိုင်း အတွက် တခုမဟုတ်တခု ပူပန်နေရတာလို့ ရှမ်းမြောက်ပိုင်းမှာနေထိုင်တဲ့ အသက်၃၀ အရွယ် ကိုတစ်က ပြောပါ တယ်။

သူ့ရဲ့ ဆွေမျိုးတော်စပ်သူ ညီတဦးမှာလည်း ကိုဗစ်ကတည်းက ကျောင်းမတက်ရတဲ့နောက် အချိန်ပြည့် ဂိမ်းကစားတဲ့ဘက် ရောက်သလို အပေါင်းအသင်းတွေနဲ့ ဆေးအတူသုံးလာတဲ့အထိဖြစ်လာတာကြောင့် မိဘတွေမှာ မြို့ပြကိုပို့ပြီး သင်တန်းတွေ တက်၊ နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်နိုင်ဖို့  လမ်းကြောင်း ပြောင်းပေးခဲ့ရတယ်လို့ သူကဆိုတယ်။

“ဒီဘက်မှာက ဒါတွေက မထူးဆန်းတဲ့ကိစ္စလိုပဲ၊ တချို့မိဘတွေကလည်း ဘိန်းမထိုးရင်ပြီးရော အရက်သောက် ဆေးရှုတာ လောက်ကိုတော့ လွတ်ထားရတာလည်းရှိတယ်၊ ကိုယ့်ကလေး စကျွံလာတယ်ဆိုကတည်း ဒီရပ်ဝန်း ကနေကင်းအောင် သေချာလေးတော့ လမ်းကြောင်းပြောင်းပေးသင့်တယ်” လို့ ကိုတစ်က ဘဝတူ မိဘတွေကို အကြံပြုပါတယ်။

ရှမ်းပြည်နယ်စပ်ဒေသတွေမှာက ဘိန်းဖြူနဲ့ ဆေးပြားတွေက အရင်ကတည်းကရှိနေပြီး အလုပ်ကြမ်း ပင်ပင်ပန်းပန်းလုပ်တဲ့သူ တွေအသုံးများကြပေမယ့် လက်ရှိမှာ ရွာတွေမှာတောင် အလွယ်တကူ သုံးလို့ရတဲ့ အခြေအနေဖြစ်နေပြီး အရွယ်ရောက်ပြီးသား ယောကျာ်းလေး၊ မိန်းကလေး လူငယ်တဝက်လောက်က ဆေးနဲ့ မကင်းကြဘူးလို့လို့  ကိုမိုးစက်ကဆိုပါတယ်။

“ အရွယ်ငယ်ငယ်လေးတွေလည်း ဆေးထိုးတာ လမ်းဘေးခြုံထဲ ဆေးထိုးအပ်တွေချည်း ဆေးပြားတွေရော သုံးကြတယ်၊ အုပ်ချုပ်တဲ့သူတွေကိုယ်တိုင်က စိတ်မဝင်စားကြတော့ ဘာမှမထူးသလိုပဲ “လို့ သူက ထောက်ပြ ပါတယ်။

ဆေးသမားတွေမှာလည်း ဆေးဖိုးလိုအပ်ရင် နေအိမ်တွေဖောက်ထွင်းပြီး ပစ္စည်းခိုးတာ၊ ခိုးယူနေရင်း လူမိလို့ သတ်ပြီး ထွက်ပြေးတာတွေကလည်း ရွာဝန်းကျင်မှာ ကြုံတွေနေကျအခြေအနေဖြစ်ပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးတာ အရေးယူတာတွေက မရှိသလောက်ဖြစ်နေတယ်လို့ သူကဆက်ပြောတယ်။  

မူးယစ်ဆေးဝါးပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တာက အခုမှတော့မဟုတ်ပါဘူး။ အစိုးရအဆက်ဆက်လက်ထက်မှာ မူးယစ်ဆေး ကင်းစင်ရေးတွေကို တခမ်းတနား ပြုလုပ်တာ၊ တန်နဲ့ချီတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေ ဖမ်းဆီးပြတာ ရှိပေမယ့်လည်း ပျောက်ကွယ် မသွားတဲ့အပြင် ပိုတောင်တိုးလာတယ်လို့ အသက် ၂၀ကျော်အရွယ် သမီးလေးတဦးရဲ့ မိခင်ဖြစ်တဲ့ တာချီလိတ်ဒေသခံ ဒေါ်နန်းကြွယ်က ပြောတယ်

သူက အရင်ကဆို တလုံးကို ဘတ် ၇၀ဘတ် ၁၀၀၊ အခုဆို တလုံး ၁၀ ဘတ်၊ ၁၀၀ဖိုးဆို အများကြီးရတယ်လက်ဖက်ရည်ဘီယာထက်ကို စျေးချိုနေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ဆေးသုံးတဲ့သူတွေမှာလည်း ဆေးအရှိန်နဲ့ လန်းဆန်းပြီးတက်ကြွနေပေမယ့် အရှိန်ပြေတဲ့အခါ စိတ်အလို မကျတာ ဒေါသထွက်လွယ်တာမျိုးတွေရှိသလို တချို့ကလည်း အိမ်တွင်းအကြမ်းဖက်တာ၊ စုံတွဲတွေအချင်းချင်း အကြမ်းဖက် ရိုက်နှက်တာတွေလည်း မျက်မြင်တွေ့နေရတယ်လို့သူကဆက်ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး ( UNODC ) ရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ထုတ်ပြန်ချက်တွေ အရ  မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၁၀နှစ်အတွင်း အမြင့်ဆုံးကိုရောက်ရှိနေပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အရင်အရပ်သားအစိုးရလက်ထက် မှာ နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ မူးယစ်ဆေးဝါးပပျောက်ရေး စီမံချက် တွေကြောင့် မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့နည်းသွား ပေမယ့် ဘိန်းမဟုတ်တဲ့ WY လိုမျိုး စိတ်ကြွဆေးပြား၊ Ice ၊ K စတာတွေက ပိုများလာပြီး စစ်အာဏာသိမ်းပြီး နောက် ကြုံလာတဲ့ ပဋိပက္ခအခြေအနေကြောင့် ထိန်းသိမ်းမနိုင်လောက်အောင်ကို များပြားလာတယ်လို့ ဆိုတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုဟာ ဓာတုဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကား မှုတွေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ မြင့်တက်စေခဲ့တယ်လို့ UNODC ကထုတ်ပြန်ထားပါတယ်။

နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး ပျံ့နှံ့မှုအခြေအနေ အရင်ထက်ဆိုးရွားလာသလို မူးယစ်ဆေးဝါးဖြတ်‌ဖို့ ရောက်လာသူတွေလည်း များလာတယ်လို့ မူဆယ်မြို့ ဘဝသစ် လူငယ်ပြုစု ပျိုးထောင်ရေးသင်တန်းကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အများအာဖြင့် မူးယစ်ဆေးဖြတ်ဖို့ ရောက်လာသူတွေထဲ အသက် ၁၂ နှစ် ၁၃ နှစ်ကနေ အသက်၆၀ကျော်၊ ၇၀ကျော် အရွယ်တွေ အထိပါဝင်ကြသလို မူးယစ်ဆေးဖြတ်သူတွေမှာ ကူးစက်ရောဂါနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပါ တဆက်တည်းကြုံရတာတွေ့ရ တယ်လို့ သူကဆက်ပြောတယ်။

“သူတို့ကဆေးထိုးအပ်ပေါင်းသုံးတော့ ကူးစက်ရောဂါတွေပါ ရှိတယ်၊ အဓိက က ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာပေးလေးတွေ လိုအပ်တယ်”လို့ ယင်းတာဝန်ရှိသူက ပြောပါတယ်။

မူးယစ်ဆေးဝါး အလွယ်ရတာကြောင့်ရော ငွေကြေးတက်နိုင်တာကြောင့်ရော မိဘတွေမှာလည်း သားသမီးတွေ သုံးစွဲ လာတာကို ထိန်းချုပ်ဖို့ ခဲယဉ်းပေမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြသနာတွေ မကြုံဖို့အတွက် သတိပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောတယ်။

နယ်စပ်မြို့တွေမှာ ဘိန်းဖြူ၊ ဆေးပြား၊ ဘိန်းစာရွက်အပြင် Party Drug လို့ခေါ်တဲ့ ကက်တမင်းရှုတာ၊  Happy Water သောက်တာတွေက လူငယ်တွေကြား ခေတ်စားနေတာလည်း နှစ်အနည်းငယ်ကြာနေပြီလို့ မူဆယ်ဒေသခံ အသက် ၃၀ ကျော်အရွယ် မဒီးဒီးက ပြောတယ်။

WY လို စိတ်ကြွဆေးပြားတွေက ဆေးပြား တပြားကို ကျပ်ငွေ ငါးရာ၊ တထောင်နဲ့ ပေါပေါ‌ လောလော ဝယ်ယူလို့ရနေတော့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေလည်း သုံးတာ များလာသလို တချို့က မိသားစုလိုက် သုံးစွဲနေကြတာတွေလည်း တွေ့ရတယ်လို့ သူကပြောတယ်။

ဒါ့အပြင်အမျိုးသမီးတွေကြားသုံးစွဲမှု များလာတဲ့ Party Drug လို့ခေါ်တဲ့ Happy Water က  အက်တစီ၊ မက်သာဖက် တမင်း၊ ဒိုင်ယာဇီပင်နဲ့ ကက်တမင်းတို့လို မူးယစ်ဆေးဝါးတွေရောစပ်ထားတဲ့ စိတ်ကြွဆေးတမျိုးဖြစ်ပြီး ရေ၊ အရက်၊ အချိုရည် တို့နဲ့ ရောစပ်သောက်သုံးကြတဲ့အခါ စိတ်ကိုတက်ကြွစေပြီး မမောမပန်းဘဲ ကခုန်ပျော်ပါးနိုင်တဲ့အတွက် လူငယ်တွေကြား အပျော်အပါးကိစ္စတွေမှာ မပါမဖြစ်လို့ ဆိုပါတယ်။

ဒီဆေးဝါးတွေက ဆယ်ကျော်သက် လူငယ်တွေကြားမှာကို  သာမန်တွေ့ဆုံရင်တောင် အပျော်အနေနဲ့ သုံးစွဲလေ့ရှိကြတဲ့အတွက် ကျန်းမာရေးထိခိုက်လာမှာ၊ ဆေးသုံးနေချိန် သတိလက်လွတ်နဲ့  လိင်ကိစ္စတွေမှာ အထိန်းကွပ်မဲ့ ဖြစ်လာမှာကို စိတ်ပူရတယ်လို့ မဒီးဒီးက  ပြောပါတယ်။

မူဆယ်မြို့ပေါ်နဲ့ ရပ်ကွက်တွေမှာကို လောင်းကစားရုံတွေနဲ့ ကေတီဗီတွေက ပေါများလာသလို အဲ့ဒီနေရာ တွေမှာ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတွေ သတိလစ်လို့ ဆေးရုံရောက်တာ၊ ဆေးရှိန်လွန်ပြီး နှလုံးရပ် သေဆုံးတာ တွေကလည်း သူတို့ဒေသခံတွေအတွက်တော့ မကြာမကြာ ကြားနေ၊ သိနေရတဲ့ အကြောင်းအရာတွေပါပဲ။  

မဒီးဒီးက “ကောင်မလေးတွေ ဆေးရှိန်လွန်လို့ သေတာ၊ ဆေးအတူသုံးရင်း လိင်ကိစ္စဖြစ်သွားတာတွေအစော်ကားခံရတာတွေကလည်း ခု၊ ၂ ခုမကတော့ဘူး၊ တချို့ဖြစ်စဉ်တွေပဲ အွန်လိုင်းပေါ်တက်လာတာ လိုင်းပေါ်မတက်ပဲ ဖြစ်သွားတာတွေက အများကြီးရှိတယ်”လို့ မဒီးဒီးပြောတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုတွေနဲ့ ဖမ်းဆီးရမိမှု အခြေအနေတွေကို သုတေသနပြု လေ့လာထားတဲ့ ISP-Myanmar (မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု)  အချက်အလက်တွေ အရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေ အနက်အိုက်စ် (Ice) လို့ ခေါ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါး တွေက အများဆုံး ဖြစ်ပါတယ်။

ဒုတိယအများဆုံးကတော့ K လို့ခေါ်တဲ့ ကတ်တမင်းက  ၃၂ ရာခိုင်နှုန်း၊ WY ဆေးပြားတွေက တတိယအများဆုံးနဲ့  ဘိန်းဖြူ ကတော့ သုံးရာခိုင်နှုန်းပဲရှိတာကြောင့် လူအများ စောင့်ကြည့်လေ့လာနေတဲ့ ဘိန်းထက်တောင် အခြားမူးယစ်ဆေးတွေက ပြည်တွင်းမှာ သုံးစွဲမှု အတော်လေး များနေတယ်လို့ စစ်တမ်းမှာဖော်ပြထားတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကို နိုင်ငံရေး  လုပ်တာကလွဲရင် ကျန်တဲ့မူးယစ်ဆေးဝါး၊ အရက်၊ မကောင်းမှုဒုစရိုက် လုပ်ငန်းတွေမှာ ပျော်ဝင်အောင်ခွင့်ပြုပေးတာကြောင့်လည်း မူးယစ်ဆေးဝါးပြသနာက ပိုမိုဆိုးရွားလာတယ်လို့ အရပ်သား အစိုးရ လက်ထက်မှာ ရှမ်းပြည်နယ်က ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးက သုံးသပ်ပါတယ်။

မူးယစ်ဆေးဝါးတွေက လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်ဆိုပေမယ့်  မူးယစ်ဆေးပျံ့နှံမှုကို တားဆီးဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေမရှိရင်တော့ အမျိုးသား၊ အမျိုးသမီး လူငယ်တွေမှာ မူးယစ်ဆေးထဲ နစ်နေဦးမှာပဲလို့ သူကဆက်ပြောတယ်။

“အရင်လိုမျိုး အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ဦးဆောင်တဲ့ မူးယစ်ဆေး တားဆီးရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်တာမျိုး၊ နောက်လူငယ်တွေအတွက်လည်း မှန်ကန်တဲ့ အပန်းဖြေစရာ စိတ်ထွက်ပေါက်တွေရှိနေရင်တော့  လုံးဝ ပျောက်သွားမှာ မဟုတ်ပေမယ့် လျော့ကျသွားမယ်”လို့ အရပ်သား အစိုးရ လက်ထက်မှာ ရှမ်းပြည်နယ်က ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူကဆိုတယ်။

စစ်ကောင်စီက မူးယစ်ဆေးနဲ့ပတ်သက်ပြီးဖမ်းဆီးရရှိမှုတွေ မကြာခဏထုတ်ပြန်လေ့ရှိပေမယ့် တကယ့်အရင်းအမြစ်တွေနဲ့ အောက်ခြေပိုင်းတွေမှာတော့ အရေးယူဖို့ လျစ်လျူရှုထားဆဲဖြစ်ပြီး ဒါက မျိုးဆက်သစ်လူငယ်တွေအတွက် အန္တရာယ်တခုဖြစ်စေသလို မိဘတွေအတွက်လည်း ခြောက်လှန့်နေတဲ့ ကိစ္စလို့ ဒေသခံတွေက တညီတညွတ်တည်း လက်ခံထားကြပါတယ်။

လက်ရှိမှာ တရားဥပေဒလျော့ရဲပြီး မူးယစ်ဆေးသုံးစွဲသူတွေ၊ ပျံ့နှံ့တဲ့နေရာတွေကိုလည်း မျက်ကွယ်ပြုနေတာ တွေကြောင့် ပိုဆိုးလာသလိုဖြစ်တဲ့အတွက် ဒါတွေကို တိတိကျကျ အရေးယူမှုတွေမလုပ်ဘူးဆိုရင် မိဘတိုင်းဟာ  ကိုယ်သားသမီးအတွက် မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေ ကြုံရမှာကို အမြဲတစေ စိုးရိမ်နေရဦးမှာလို့ ကိုမိုးဇက်ကပြောပါတယ်။

ကလေး ၃ဦး ဖခင်ဖြစ်တဲ့ ကိုမိုးဇက်က “ကျွန်တော့်သမီးလေးတွေက အပျိုပေါက်လေးတွေဖြစ်လာတော့ ပူနေ ရတာ၊ ဆေးသမားတွေက အန္တရာယ်ပြုတာတွေလည်း ရှိတော့ ကလေးတွေ နောက်ကနေလိုက်နေရတယ်”လို့ ပြောပါတယ်။

ဒါက မူးယစ်ဆေးနဲ့ အန္တရာယ်တွေ ပိုပြီးနီးကပ်လာတဲ့ ရပ်ဝန်းတခုမှာ ကိုမိုးဇက်လို မိဘတွေအဖို့ ကိုယ့်သားသမီး တွေ သားကောင်မဖြစ်စေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုတင်ကာကွယ်ဖို့ ကြိုးစားနေကြရတာကို ပြသနေတဲ့ အရာပဲ ဖြစ်ပါတယ်။