ဆုပ်လဲစူး၊ စားလည်းရူး နေပြည်တော်မော်ဂျူလာအိမ်ထဲက ဘဝတွေ
လင်းဆက်မေ
နေပြည်တော်နွေနေ့လည်ခင်းရဲ့ လွင်တီးခေါင်ပြင်ထဲမှာ မော်ဂျူလာအိမ်တွေ စီစီရီရီနဲ့ ခပ်စိပ်စိပ် ရှိနေပါတယ်။
အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ်။ ပြင်းလွန်းတဲ့ နေရောင်ကိုအံတုရင်း ပြင်ပအပူချိန်ထက် ပိုတဲ့ ရင်တွင်းအပူကို ရင်ဆိုင်နေရတာကတော့ မော်ဂျူလာအိမ်တလုံးထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ငိုင်နေတဲ့ မနီလာပါ။
ကလေး ၂ဦးမိခင်ဖြစ်တဲ့ မနီလာဟာ “မနေရင် အိမ်သိမ်းမှာဆိုတော့ ပြန်နေရမှာပေါ့” လို့ တကိုယ်တည်း ရေရွတ်ပြောဆိုသလို ပြောနေပါတယ်။
မနီလာ(အမည်လွှဲ)က စစ်ကောင်စီလက်အောက်ခံ၊ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတယောက်ပါ။
မနှစ်က ငလျင်လှုပ်ချိန်မှာ သူနဲ့ ခင်ပွန်းဖြစ်သူတို့က ရုံးတက်နေပြီး၊ ကလေးတွေက မိဘတွေဆီကို ကျောင်းပိတ်ရက်အလည်ရောက်နေတာမို့ မိသားစုဝင် တဦးတယောက်မှထိခိုက်မှုမရှိခဲ့ကြပါဘူး။ လူတွေ မထိခိုက်ခဲ့ပေမယ့် ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာတိုက်တွေ ပြိုကျပျက်စီးသွားတဲ့အထဲ မနီလာတို့ တိုက်ကလည်း နေမရတဲ့ အနေအထားမို့လို့ မိဘတွေအိမ်ကို ပြန်ပြေးနေခဲ့ကြရပါတယ်။
ဝန်ထမ်းအများစုက လမ်းဘေးမှာ ငုတ်တုတ်မိုးလင်းခဲ့ရတဲ့ရက်တွေလည်း မနည်းခဲ့ပါဘူး။ နီးစပ်ရာမှာ ခိုလှုံစရာရှိသူတွေက သွားခိုလှုံကြပေမဲ့ ခိုလှုံစရာမရှိတဲ့ သူတွေကတော့ တိုက်ပြို၊ တိုက်ပျက်တွေရဲ့ ဘေးမှာပဲ ဖြစ်သလို နေရတာပါ။ တချို့ကလည်း မိသားစုဝင်တွေ တိုက်ပြိုတဲ့အထဲပိတ်မိနေတာမို့ စောင့်နေကြရတာလည်း ရှိခဲ့ကြပါတယ်။
မနီလာရဲ့ မိဘတွေက နေပြည်တော်မပေါ်ခင်ကတည်းကရှိနေတဲ့ မြို့ဟောင်းတခုဖြစ်တဲ့ ပျဉ်းမနားကပါ။ ပျဉ်းမနားကလည်း ထိခိုက်ဆုံးရှံးမှုတွေများပြားပေမဲ့ မနီလာရဲ့မိဘတွေအိမ်က အခြေအနေ သိပ်မဆိုးတာမို့ သိပ်မကျယ်လှတဲ့ မိဘတွေအိမ်မှာပဲ သူတို့မိသားစု ခိုလှုံခွင့်ရခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ဝန်ထမ်းတွေအတွက်ဝန်ကြီးဌာနက မော်ဂျူလာအိမ် တွေ စီစဉ်ပေးပါတယ်။ ဒါပေမဲ့ နေလို့အဆင်မပြေတာမို့ မနီလာတို့က ပစ္စည်းတွေလောက်ပဲထားပြီး၊ လူက ရံဖန်ရံခါလောက်ပဲ နေခဲ့ကြတယ်။ ကလေးတွေကိုလည်း မိဘတွေနဲ့ နီးတဲ့နေရာမှာ ကျောင်းပြောင်းထားလိုက်ပါတယ်။

အခုတော့ မိသားစုပါအတူလာမနေရင် ဒီမော်ဂျူလာအိမ်တွေကို သိမ်းပစ်မယ်လို့ ဌာနပြောလာတော့ မနီလာတယောက် စဉ်းစားရခက်နေပါတော့တယ်။ အိုးပိုင်အိမ်ပိုင်မရှိတဲ့ဝန်ထမ်းမို့လို့ ရှိစုမဲ့စု အိမ်ထောင်ပစ္စည်းလေးတွေကိုတော့ ဒီမော်ဂျူလာအိမ်မှာပဲ သိမ်းဆည်းထားရတာပါ။ ဒီ ၁နှစ်တာ ကာလအတွင်း မိဘအိမ်မှာနေလိုက် တချို့ရက်တွေ ဒီအိမ်လေးမှာ နေလိုက်နဲ့ ဖြတ်သန်းခဲ့ကြတာပါ။ ကလေး ၂ယောက်ကတော့ လွင်တီးခေါင်ပြင်ထဲက မော်ဂျူလာအိမ်ထက် ဘိုးဘွားတွေအိမ်မှာ ပိုပျော်ကြ ပါတယ်။
အခုလို မိသားစုနဲ့ပါ ပြန်နေပြရမယ်၊ မနေရင် အိမ်ပြန်သိမ်းမယ်ရယ်လို့ ဖြစ်လာတော့ ကလေးတွေကိုလည်းတခါ ကျောင်းထပ်ပြောင်းရဦးမလား။ မိသားစုကရော ဒီနေရာမှာ နေနိုင်ပါ့မလား ဆိုတာမျိုး တွေးနေရပါတယ်။ အသိမ်းခံရရင် ရှိစုမဲ့စု ပစ္စည်းလေးတွေ ဘယ်နားသွားထားရမလဲ။ မိဘအိမ်မှာကလည်း လူပဲနေလို့ရတာပါ။ ပစ္စည်းတွေ ထားစရာနေရာမရှိပါဘူး။ နောက်ဆုံးဒီအိမ်မှာ မနေရလို့ ကိစ္စမရှိဘူးဆိုရင်တောင် တချိန် ဝန်ထမ်းအိမ်ရာတွေပြန်ဆောက်ပြီးရင်တော့ သူ့ဝန်ထမ်းတိုက်ခန်းကို ပြန်လိုချင်တာမို့ ဒီနေရာက ဖယ်လို့မဖြစ်နိုင်ပါဘူး။ အခုတော့ မနီလာ ဗျာများနေရပါပြီ။
အထက်မြန်မာပြည်က ပြည်သူပေါင်းများစွာရဲ့ အသက်တွေ၊ ဘဝတွေ စည်းစိမ်ဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ငလျင်ကြီးဖြစ်ခဲ့တာ ၁နှစ်ပတ်သာလည်သွားပေမဲ့ ထိခိုက်ခံစားခဲ့ရသူတွေအဖို့ မနေ့တနေ့ကလိုပါပဲ။ ထိခိုက်ခံစားရသူအများစုက အကူအညီ၊ အကာအကွယ်ဆိုတာလဲ လုံလုံလောက်လောက် မရခဲ့ကြတာမို့ ဘာမှပြန်ပြီး နလံမထူနိုင်သေးပါဘူး။
ငလျင်ကြောင့် အိမ်ခြေယာမဲ့ဖြစ်သွားတဲ့ ဝန်ထမ်းတွေအားလုံးအတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနအသီးသီးက စီစဉ်ပေးခဲ့တဲ့ မော်ဂျူလာအိမ်တွေက အင်မတန်ပူပါတယ်။ အေးတဲ့အချိန် ဆိုရင်လည်း အေးလွန်းပါတယ်။ တချို့က အမိုးပေါ်မှာ သက်ကယ်လေးဘာလေးတင်ပြီး အပူသက် သာအောင် လုပ်ကြပါတယ်။ နွေဆိုနေပူပြင်းပြီး ပြုတ်ထားသလိုပူ နေပြီးတော့ မိုးတွင်းကျတော့ အိမ်ထဲမိုးယိုပါသေးတယ်။ ဒီလိုအနေအထားမျိုးနဲ့ မည်ကာမတ္တ မော်ဂျူလာာအိမ်ပါ။
တအိမ်နဲ့တအိမ်ကကပ်တာမို့ အပြင်မှာရေထွက်ချိုးရတာကို မနီလာက ဆယ်ကျော်သက်အရွယ် သမီးကလေးအတွက်တော့ သဘောမတွေ့လှပါဘူး။
“အိမ်သာတက်ရတာကအစ မလွတ်လပ်ပါဘူး၊ ရေကလည်း လုံလုံလောက်မရှိ” လို့ မနီလာက ဆိုပါတယ်။
အမျိုးသမီးတွေမို့ လွတ်လွတ်လပ်လပ်လုံလုံခြုံခြုံနေချင်ပေမယ့် ဘုံအိမ်သာ၊ ဘုံရေချိုးခန်းကိုသုံးရတာ မနီလာတို့ သားအမိတွေအတွက် အတော်ကို ကသီလင်တနိုင်ပါတယ်။ အပျိုဖော်ဝင်စ လှသွေးကြွယ် လာတဲ့ သမီးမို့ ဒီလိုနေရတာကို ပိုပြီးစိုးရိမ်မကင်း ဖြစ်နေရပါတယ်။ ဝန်ထမ်းအိမ်ရာဖြစ်လို့ ဘဝတူ ဝန်ထမ်းတွေချည်းပဲမို့လို့ တအားမစိုးရိမ်ရဘူးဆိုပေမဲ့ ဒီခေတ်ကြီးထဲမှာတော့ သားရော၊ သမီးပါ စိတ်မချနိုင်ပါဘူးလို့ မနီလာက လေးလေးပင်ပင် ရင်ဖွင့်ပါတယ်။
မနီလာလိုပဲ မော်ဂျူလာအိမ်မှာ မဖြစ်မနေ ပြန်နေရမယ်လို့ ဖိအားပေးခံနေရတာကတော့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနက အရာထမ်းတယောက်ဖြစ်တဲ့ မနွယ်နွယ် (အမည်လွှဲ)ပဲ ဖြစ်ပါတယ်။
စစ်ကိုင်းဇာတိဖြစ်တဲ့ မနွယ်နွယ်ကတော့ စစ်ကောင်စီက စီစဉ်ပေးတဲ့မော်ဂျူလာအိမ်မှာ မနေနိုင်လို့ အိမ်ငှါးပြီးနေတာပါ။ ဝန်ထမ်းတိုက်ခန်း ပြန်နေလို့ရတဲ့ အချိန်မှာတော့ ပြန်နေမှာဖြစ်ပေမယ့် လောလောဆယ်တော့ စစ်ကောင်စီက စီစဉ်ပေးတဲ့ ယာယီမော်ဂျူလာအိမ်တွေထဲမှာ ဘယ်လိုမှ နေလို့အဆင်မပြေတာမို့ အိမ်ငှါးနေရတာပါ။
“နေ့ခင်းဆို မီးကင်ထားသလိုပူတာ၊ မိုးတုန်းကကျတော့လည်း မိုးတွေယိုတာ”လို့ မနွယ်နွယ်က ပြောပြပါတယ်။
လင်မယား ၂ယောက်တည်းရှိတာမို့ ၁၀ပေ ၊ပေ ၂၀ အိမ်လေးက မသေးပေမဲ့ ဘုံအိမ်သာ၊ ဘုံရေချိုးခန်း၊ ဘုံမီးဖိုချောင်မှာ သွားချက်ပြုတ်ရတာတွေက တော်တော်ကို အဆင်မပြေဘူးလို့ဆိုပါတယ်။
ညရေးညတာ အပေါ့အပါးသွားဖို့ကလည်း ကြောက်တယ်၊ အဖော်မပါဘဲမသွားရဲဘူး၊ တချိန်လုံး ယောကျ်ားကိုပဲ နှိုးနေရ၊ ခေါ်နေရတာ အဆင်မပြေဘူးလို့ မနွယ်နွယ်က ဆိုပါတယ်။
မနီလာနဲ့ မနွယ်နွယ်လိုပဲ ငလျင်ကြောင့် ထိခိုက်မှုတွေ နာလန်မထူနိုင်တာတွေထဲကမှ မခင်ခင်ကတော့ ပုံစံတမျိုးကွဲလို့ နေပါတယ်။
မခင်ခင်(အမည်လွှဲ)ကတော့ ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာ ထိခိုက်မှုဖြစ်တုန်းက နေပြည်တော်မှာရှိတဲ့ အစ်မဝမ်းကွဲအိမ်မှာ သွားနေလိုက်ပါတယ်။ အဆင်ပြေမယ်ထင်ပေမဲ့ လက်တွေ့မှာ မိသားစု ၂ စုပေါင်း နေကြရတဲ့အခါ အနည်းနဲ့အများ ပြဿနာဖြစ်ရပါတယ်။ ရုံးက အိမ်ယာမှာ ပြန်နေဖို့ခေါ်တဲ့ အခါမှာ တိုက်ရဲ့ကြံ့ခိုင်ရေးကို စိတ်မချရတော့ မခင်ခင်တို့ မနေရဲသေးပါဘူး။
ဒါပေမဲ့ အစ်မမိသားစုနဲ့ အမျိုးသားက အခြေအတင်တွေ ဖြစ်စကားများတဲ့အထိ ဖြစ်ခဲ့တော့ ခင်ပွန်းဖြစ်သူကလည်း တိုက်ကိုပဲ ပြန်မယ်လို့ပြောလာတယ်။
“ကျွန်မ မနေရဲသေးဘူး၊ ဘေးနားက တိုက်က လူသေထားတာ၊ တိုက်အောက်မှာ ပိနေပြီး ထုတ်လဲ မထုတ်ထားတာကြီးကို” လို့ပြောပါတယ်။
ဒီလိုနဲ့ မိသားစုရေးရာပြဿနာအခံလေးတွေကလည်း ရှိထားတာမို့ အခုတော့ “လင်မယားကွဲ တော့မယ် ထင်ပါရဲ့” ငလျင်ကပေးတဲ့ ဒုက္ခတွေပေါ့လို့ ဆိုလာပါတယ်။
တကယ်ဆိုရင် မိသားစုတစုအတွက် မော်ဂျူလာအိမ်တွေက ကျဉ်းကျဉ်းကြပ်ကြပ် ရှိလှပါတယ်။ ညွန်ကြားရေးမှူးနဲ့အထက်ဆိုရင် မော်ဂျူလာအိမ်ကို ၂လုံးတွဲဆင်ပေးပြီး အောက်ခြေဝန်ထမ်းအဆင့်တွေ အကုန်ကတော့ ၁လုံးပဲရတာပါ။
ပြည်ထဲရေးဝန်ကြီးဌာနကနေ ညွှန်ကြားရေးမှူးအဆင့်နဲ့ အငြိမ်းစားယူခဲ့တဲ့ ဒေါ်ရီသန့် (အမည်လွှဲ) ကတော့ “လွှတ်တော်ကို ပြင်မဲ့အစား ဝန်ထမ်းတွေအတွက်စဉ်းစားရမှာ၊ ပြင်ပေးရမှာလေ“လို့ ခပ်ညည်း ညည်းလေး ပြောပါတယ်။
ဒါပေမဲ့ တဆက်တည်းမှာပဲ ရယ်ဟဟနဲ့ “တချို့ဝန်ထမ်းတွေက အလုပ်လုပ်ချင်လို့ စီဒီအမ်တောင် မလုပ်တာလေ၊ ပြန်ကြည့်ပေးရမှာပေါ့“ ဆိုပြီး ပြောပါတယ်။ တကယ်ပဲ ဘဝတူ ဝန်ထမ်းတွေကြား ကိုယ်ချင်းစာ မျှော်လင့်ပြီးပြောသလား၊ ရွဲ့ပြောသလားဆိုတာကတော့ ဒေါ်ရီသန့်ပဲ သိနိုင်မှာပါ။
ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာ တိုက်တွေ ပြိုကြရာမှာ ဧက ၃၀၀၀၊ဧက ၄၀၀၀ တွေက တော်တော် အခြေအနေ ဆိုးပါတယ်။ ၄ထပ်တိုက်တွေမှာ တိုက်အချို့က မြေပေါ်မှာ ၃ထပ်ပဲ ပေါ်နေပြီး မြေညီတထပ် တထပ်လုံးပိကျသွားတာပါ။
ဧက ၁၀၀၀ ၊ ဧက ၂၀၀၀၊ ဧက ၃၀၀၀၊ ဧက၄၀၀၀ နဲ့ ဧက ၅၀၀၀ ဆိုတာတွေက တိုက်နံပတ်တွေကို အစွဲပြုပြီးခေါ်ကြတာပါ။
ဧက ၁၀၀၀၊ ၂၀၀၀ လောက်က တိုက်တွေကတော့ ကြီးကြီးမားမား သိပ်မဖြစ်ပါဘူး။
တိုက်နံပတ် ၄၃၀၉ ဆိုရင် ဧက ၄၀၀၀ ကလို့ ပြောကြပါတယ်။ အဲဒီတိုက်ဆိုရင် မြေညီတလွှာလုံးပိကျသွားတာပါ။ မြန်မာ့မီးရထားက ဝန်ထမ်းအိမ်ယာ လို့သိရပါတယ်။ ဧက ၂၀၀၀ ၊ ၃၀၀၀ က တိုက်တွေ ၁၀ လုံးဝန်းကျင် ပြိုကျပျက်စီးတာကို HI က သတင်းထောက်က မြေပြင်မှာ သွားရောက်ကြည့်ရှုထားတာဖြစ်ပါတယ်။
တိုက် ၂၃၅၄ ဆိုရင် ၃ လွှာလုံး ပိဝင်သွားပြီး ၁ လွှာ ပဲ မြေပေါ်မှာ ကျန်နေတော့တာပါ။ တိုက် ၂၃၆၇ ဆိုရင်လဲ ၁လွှာပဲကျန်တာပါ၊ မြေပေါ်မှာတောင် အတည့်အတိုင်းမကျန်ဘဲ စောင်းစောင်းလေး ပဲကျန် ပြီးပေါ်နေတာပါ။ မြေညီထပ်က တိုက်ပိသွားတဲ့သူတွေထဲမှာ လုံးဝပြန်မဖော်နိုင်တဲ့သူတွေ အများအပြားပါ။
ဒီလိုဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမဲ့ သတင်းလုံးဝမထုတ်ပြန်တာရယ်၊ ဖုန်းနဲ့အင်တာနက်လိုင်းစတဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာမို့ ငလျင်ဖြစ်ပြီးအတော်ကြာတဲ့အထိ လူအများစုက နေပြည်တော်ငလျင်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မသိခဲ့ကြပါဘူး။ ဘယ်လောက်တောင် သေကြေလိုက်ကြ သလဲဆိုတာကိုလည်း လူတွေက မသိကြပါဘူး။ စစ်ကောင်စီဟာ သူတို့ရဲ့ ထောက်တိုင်လို့ခေါ်လို့ရတဲ့ အောက်ခြေဝန်ထမ်းတွေအတွက်တောင်မှ ဒီလို စီမံခန့်ခွဲခဲ့တာဖြစ်ပါတယ်။
စက်မှုဝန်ကြီးဌာနက မမိုးမိုး(အမည်လွှဲ)ဆိုရင် သားအမိ ၃ယောက် အတူနေတာပါ။ ငလျင်လှုပ်တဲ့နေ့က အမေက ခရီးလွန်နေတယ်၊ သူကလည်းရုံးရောက်နေတာမို့ ဘာမှမဖြစ်ခဲ့ပေမဲ့ အိမ်မှာကျန်နေခဲ့တဲ့ မောင်ဖြစ်သူကတော့ တိုက်ပြိုပျက်ကျတဲ့အထဲမှာ ပါသွားခဲ့ပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ အလောင်းတော့ပြန်ရခဲ့ပါတယ်။
“သူများတွေဆို အလောင်းတောင်ပြန်မရဘူး၊ ကိုယ်က ကံကောင်းလို့” ဆိုပြီး မမိုးမိုးက ပြောပါတယ်။
“အလောင်းပြန်ရပေမဲ့ စိတ်ထဲမှာတော့ ခံစားနေရတုန်းပါပဲ၊ အခုအချိန်အထိ တရက်မပျက် သတိရနေတုန်းပဲ” လို့ ဆိုပါတယ်။
အခုအချိန်အထိလဲ မမိုးမိုးက အဲဒီအကြောင်းစကားစပ်မိရင် မျက်ရည်ဝဲနေဆဲ။ မမိုးမိုးရဲ့အမေဆိုလဲ ၆ လလောက် စိတ်မူမမှန်သလိုဖြစ်ခဲ့ရတာပါ။ အခုတော့ တရားစခန်းတွေမှာပဲ အချိန်ကုန်နေပါတော့တယ်။
မမိုးမိုးကလည်း မမေ့နိုင်သေးတာမို့၊ တယောက်ထဲဆိုရင် အိပ်မပျော်လို့ အမေမရှိတဲ့ရက်တွေမှာ မော်ဂျူလာအိမ်မှာ တယောက်ထဲမနေဘဲ ဌာနတူ သူငယ်ချင်းအမျိုးသမီးတယောက်ရဲ့ အိမ်မှာ လိုက်နေတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးကြတာကို အခု ၁နှစ်ကျော်လာတဲ့အထိ ပြန်လည်ထူထောင်ဖို့ အကူအညီမရတာမျိုးတွေ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အထက်မြန်မာပြည်က ပြည်သူတွေလိုပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ အလုပ်ဆက်လုပ်ဖို့ ရွေးချယ်ခဲ့ကြတဲ့ ဝန်ထမ်းတွေလည်း ခံစားနေကြရဆဲဖြစ်ပါတယ်။
စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်။ အသက်ရှင်လျှက် ၆၅၃ ကယ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ အဲဒီ ပမာဏ ထက်များနိုင်ကြောင်း ကူညီကယ်ဆယ်ခဲ့သူတွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြကြ ပါတယ်။ ပျက်စီးဆုံးရှုံးမှုကလည်း ကျပ်သန်းပေါင်း ၇၉ သိန်းကျော်ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
ဒီလိုပျက်စီးဆုံးရှုံးမှုများလှတဲ့ ငလျင်မှာ အစိုးရလို့ခံယူထားတဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ အားနည်းခဲ့သလို ပြန်လည်တည်ဆောက်ရေးမှာလည်း ၁နှစ်ပြည့်တဲ့အထိ မြေပြင်မှာထိရောက်တဲ့အကူအညီမရဘူး၊ စိတ်မချရတဲ့အဆောက်အဦတွေ ပြိုကျနေတဲ့အဆောက်အဦတွေ ဖြိုဖျက်ရာမှာတောင် ကိုယ်ထူကိုယ်ထလုပ်ကိုင်ခဲ့ရတယ်လို့ မီဒီယာတွေ က ဖော်ပြပါတယ်။
ဝန်ကြီးဌာန ရုံး၊ ဆေးရုံ ဝန်ထမ်းအိမ်ရာတွေကို ဦးစားပေးပြင်ခဲ့တယ်လို့သတင်းတွေမှာ ထုတ်ပြန်ထား ပေမဲ့ လက်တွေ့မှာတော့ ဝန်ထမ်းအိမ်ရာတွေက မြေပုံအတိုင်းပဲရှိနေသေးတဲ့ တိုက်တွေ ထုနဲ့ဒေးပါပဲ။
တဖက်မှာလည်း ငလျင်သဘာဝဘေးဆိုးကနေ အသက်ရှင်သန်ကျန်ရစ်နေကြသူတွေဖြစ်တဲ့ စစ်ကောင်စီလက်အောက်ကဝန်ထမ်း မနီလာတို့တွေဟာ လက်တွေ့မှာ အမှုထမ်းတွေဖြစ်နေလို့ ဆိုပြီး ထူးထူးခြားခြား စီမံပေးတာမျိုးတွေ ခံစားခွင့်မရှိခဲ့ကြပါဘူး။
“တခြား(ဝန်ကြီး)ဌာနတွေက ထောက်ပံ့ကြေးရတယ်၊ တချို့ဆို ၄၊ ၅သိန်း ရတယ်တဲ့၊ ကျွန်မတို့တော့ ဆန် ၊ ဆီ၊ ကြက်ဥ၊ အာဟာရထုတ် (Comressed Ration Bar/Energy Bar) အဲဒီလောက်ပဲရတယ်” လို့ (ပုံထဲက Energy Bar အထုတ်လေးကိုပြပြီး) သူ့အခြေအနေကို ပြောပါတယ်။
“အထက်အဆင့်က ရာထူးကြီးတွေတော့ ရလားမသိဘူး၊ ကျွန်မတို့ကတော့ ဘာမှမရဘူး”လို့ ပြောပါတယ်။
အရင်လို ဝန်ထမ်းအိမ်ယာတိုက်ကောင်းကောင်းမွန်မွန်မှာ ပြန်နေရဖို့ဆိုတာ အခုအခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အနည်းဆုံး နောက်ထပ် ၁ နှစ်လောက်နေမှ တည်ဆောက်ရေးလုပ်ငန်းတွေ စဖို့လမ်းစမြင်ရမှာလို့ မြန်မာ့မီးရထား ဘဏ္ဍာရေးဌာနက ဝန်ထမ်းတဦးက ခန့်မှန်းပါတယ်။
စက်မှုဝန်ကြီးဌာနက အမှုထမ်းတယောက် ဖြစ်တဲ့ မမျိုးမျိုး(အမည်လွှဲ)ကတော့ ဧက ၅၀၀၀ ကျော်ကပါ။
သူကလည်း “တိုက်က ပြင်ဆင်တာတွေ မစသေးဘူး။ ဘယ်အချိန်အထိ ဒီလိုနေရမလဲ မသိနိုင်ပါဘူး” လို့ ဆိုပါတယ်။
ပိုင်ဆိုင်မှုဆိုလို့ ဝန်ထမ်းတိုက်ခန်းပဲရှိခဲ့တဲ့ ဝန်ထမ်းမိသားစုတွေအဖို့ ခေါင်မလုံ၊ ရေမရှိ၊ လုံခြုံမှု မခံစားရ တဲ့ လွင်တီးခေါင်ပြင်ထဲက ၁၀ပေ၊ ပေ ၂၀ အကျယ်အဝန်းနဲ့ ပူလှောင်အိုက်စပ်နေတဲ့ မော်ဂျူလာအိမ်ထဲမှာမနေထိုင်ဘူးဆိုရင် ဘယ်ချိန်ပြန်ဆောက်နိုင်မယ်မှန်းမရေရာတဲ့ ဝန်ထမ်းတိုက်ခန်း ကိုပါ ဆုံးရှုံးရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ထောက်ပံ့ကြေးမရသလို၊ ယာယီစီစဉ်ပေးထားတဲ့အိမ်က ကောင်းလားဆိုတော့လဲ မကောင်း၊ အဆင်မပြေလို့ တခြားနေရာမှာ သွားနေမယ်ဆိုရင်လည်း အိမ်ပြန်သိမ်းဦးမယ်ဆိုတော့ မနီလာ၊ မခင်ခင်၊ မမိုးမိုးနဲ့ မနွယ်နွယ်တို့လို ဝန်ထမ်းတွေအဖို့ ဆုပ်လဲစူး၊ စားလည်းရူး ဖြစ်နေကြပါတယ်။
ရစ်ခ်တာစကေး ၇.၇ အင်အားရှိတဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ တနှစ်ပြည့်ခဲ့ပေမယ့် မနီလာတို့လို မော်ဂျူလာအိမ်ထဲက ဘဝတွေရဲ့ အပူကတော့ မငြိမ်းသေးပါဘူး။
အိမ်ပြိုကျပျက်စီးမှုတွေကို အစားထိုးဖို့ တည်ဆောက်ထားတဲ့ ယာယီအိမ်တွေထဲမှာ သူတို့ဘဝတွေက ယာယီမဟုတ်တော့တဲ့ အခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။






