“မြေပြင်က အက်ကြောင်းများ၊ စိတ်ထဲက ဒဏ်ရာများ”

ရှင်ငြိမ်း၊ ခင်ဘုန်းမို့

ရွာထိပ်က စိန်ပန်း၊ မကျည်းနဲ့ ကုက္ကိုလ်ပင်တန်းကြီးအောက်မှာ ညစ်ပတ်ပေရေနေတဲ့ အရုပ်မလေး တရုပ်ကို ရင်ခွင်မှာပိုက်ထားတဲ့ မိန်းကလေး တယောက်ဟာ ရွာလမ်းမကြီးအတိုင်း အဝေးတနေရာကို ငေးကြည့်နေပါတယ်။  

သူ့နှုတ်ကနေလည်း ရင်ခွင်ထဲက အရုပ်မလေးကို “အိပ်နော်… ဖေကြီး ပြန်လာရင် နှိုးမယ်နော်” လို့ တိုးတိုးလေး ချော့သိပ်နေတတ်ပါတယ်။

နေပူပြင်းပြင်းအောက်မှာ တရွာလုံးအတွက် အေးရိပ်ပေးရာနေရာတခု ဖြစ်တဲ့ ဒီသစ်ပင်ကြီးတွေဟာ သောကအပြည့်နဲ့ အမျိုးသမီးငယ်လေးတယောက်ရဲ့ ရင်ထဲက အပူတွေကိုတော့ မငြိမ်းအေးစေနိုင် သေးပါဘူး။

သက်မဲ့အရုပ်လေးတရုပ်ကို သက်ရှိကလေးတယောက်လို ချော့သိပ်နေတတ်တဲ့ အဲဒီမိန်းကလေး ကတော့  ၂၄ နှစ်အရွယ် မမေနှင်းပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်တိတိ၊ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးဟာ မေနှင်းရဲ့ဘဝကို မြေလှန်ပစ်ခဲ့ပါတယ်။

မေနှင်းဟာ ခင်ပွန်းဖြစ်သူနဲ့ မီးတွင်းကထွက်ခါစ ၄၉ ရက်သားအရွယ် သားငယ်လေးကို ငလျင်ကြောင့် ပြိုကျသွားတဲ့ အုတ်ပုံတွေအောက်မှာ ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ကြောင့် အိမ်ပြိုကျတဲ့အထဲမှာ ချစ်မြတ်နိုးရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ ထိတ်လန့်မှုနဲ့ ပြင်းထန်စိတ်ဒဏ်ရာက မေနှင်းရဲ့ အသိစိတ်ကို ပျောက်သွားစေခဲ့တယ်။

သူဟာ ပြိုကျယိုင်နဲ့နေတဲ့အိမ်ပျက်ကြီးထဲမှာ တခါတလေ ထမင်းအိုး အလွတ်ကြီးကို တည်နေတတ် သလို တခါတရံ ကောင်းကင်ကြီးကို ကြည့်ပြီး ပြုံးနေတတ်တယ်။

သူဟာ လွန်ခဲ့တဲ့ တနှစ်တာလုံးလုံး ရွာထိပ်က သစ်ပင်ကြီးအောက်မှာ ခင်ပွန်းဖြစ်သူ ပြန်လာမယ့် လမ်းကို စောင့်ရင်းနဲ့သာ ကုန်ဆုံးခဲ့တယ်။ မေနှင်းရဲ့စားသောက်မှုပုံစံမှာလည်း ပုံမှန်မဟုတ်တော့ဘဲ ရွာသားတွေက စာနာလို့ကျွေးတဲ့ ထမင်းထုပ်ကို “ယောက်ျား ပြန်လာရင် အတူစားမှာ”လို့ ဆိုကာ ဘေးမှာ ချထားတတ်ပြီး နေဝင်မိုးချုပ်လို့ ဗိုက်ဆာလွန်းမှသာ ပြန်စားလေ့ရှိတယ်။

အရင်တုန်းကဆို သွက်လက်ဖျတ်လတ်နေတတ်တဲ့မေနှင်းဟာ အခုတော့ တိတ်ဆိတ်လွန်းလှတယ်။

ဘေးက လူတွေက ဘာစကားပြောပြော သူကတော့ “သူတို့ အိပ်နေတာ၊ တိုးတိုးပြောပါ”လို့သာ ပြန်ပြောတတ်ပါတယ်။ 

ဒါကတော့ မေနှင်းရဲ့ ခါးသီးလှတဲ့ ဘဝအချိုးအကွေ့အကြောင်းကို စစ်ကိုင်းမြို့က စေတနာ့ဝန်ထမ်းတဦး က အသေးစိတ်ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။ 

စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ရာမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈.၈ သန်း ပါဝင်တယ် လို့ UN Women က ဆိုထားပါတယ်။

စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ဒီသဘာဝဘေးဒဏ်ကြားမှာ မေနှင်းလိုမျိုး စိတ်ပိုင်းဆိုင်ရာ လုံးဝဥဿုံ ပြိုလဲသွားတဲ့ ဖြစ်စဉ်တွေရှိသလို၊ အဲဒီလောက် မဆိုးပေမယ့် နေ့စဉ်ဘဝမှာ စိုးရိမ် ထိတ်လန့် နေရသူတွေလည်း အများအပြားရှိနေဆဲဖြစ်ပါတယ်။

မေနှင်းဟာ အသိစိတ်လွတ်သွားတဲ့အထိ စိတ်ဒဏ်ရာ ပြင်းထန်ခဲ့ရပေမဲ့၊ တချို့အမျိုးသမီးတွေကတော့ ကြေကွဲမှုတွေကို ရင်မှာပိုက်ပြီး ရှေ့ဆက်ဖို့ ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။  အသက် ၄၀ အရွယ် ဒေါ်အေးမြဟာလည်း အဲဒီလို ရုန်းကန်နေရဆဲ အမျိုးသမီးတွေထဲက တဦးပါ။

စစ်ကိုင်းမြို့ခံတစ်ဦးဖြစ်တဲ့ ဒေါ်အေးမြတယောက် မိခင်၊ ခင်ပွန်းနဲ့ တူမတို့ကို ငလျင်ဒဏ်ကြောင့် ဆုံးရှုံးခဲ့ရပါတယ်။

“ငလျင်ပြီး ပထမဆုံး ၃လလောက်ကတော့ လူက လူမှန်းမသိဘူး သမီးရဲ့” လို့ သူက စကားကို စတင်ပါတယ်။

“အဲဒီတုန်းကတော့ ဘာလုပ်ရမှန်းမသိဘူး၊ ထိုင်ငိုနေရုံပဲ၊ ဒါပေမဲ့ ကိုယ့်နောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေ က ဗိုက်ဆာတယ်ဆိုတော့ ငိုနေလို့ မရတော့ဘူးလေ”လို့ ဒေါ်အေးမြက ဆက်ပြောပါတယ်။

ဒေါ်အေးမြတယောက် ပထမဆုံး အမိုးအကာရအောင် အရင်လုပ်ရတယ်။ ရရာ ဝါးလုံးတွေ၊ တာပေါ်လင်စတွေနဲ့ တဲထိုးပြီး နေခဲ့ရတယ်။ ပြတ်ရွှေ့ကြောတွေကြောင့် မငြိမ်သက်သေးတဲ့ မြေကြီးက ညဘက်ဆို နည်းနည်းလေး တုန်တာနဲ့ ကလေးတွေကို ဆွဲပြီး အပြင်ကို ပြေးရတာ အကြိမ်ကြိမ်ပါပဲ။

ဒေါ်အေးမြတို့လို အမျိုးသမီးတွေဟာ ဒီ ၁ နှစ်တာအတွင်းမှာ ကြောက်စိတ်ကို တာဝန်သိစိတ်နဲ့ အစားထိုးပြီး ရှင်သန်ခဲ့ကြရတာလို့ ဆိုရမှာဖြစ်ပါတယ်။

မိသားစုဝင်ငွေကို အဓိကရှာဖွေပေးနေတဲ့ ခင်ပွန်းဖြစ်သူနဲ့ တူမဖြစ်သူတို့ကို တပြိုင်တည်း ဆုံးရှုံး လိုက်ရတဲ့ သူက “အလုပ်ကတော့ ရရာလုပ်တာပဲ၊ အရင်က အိမ်မှာပဲနေတာ၊ အခုတော့ လမ်းခင်းတဲ့ နေရာမှာ ကျောက်ထမ်းတယ်၊ စိုက်ပျိုးရေးခြံတွေမှာ အငှားလိုက်တယ်၊ မိန်းမသားမို့လို့ ဆိုပြီး နားနေလို့ မရ ဘူးလေ၊ ကိုယ်ကမှ မရုန်းရင် ကလေးတွေရဲ့ အနာဂတ်က ငလျင်ထဲမှာတင် ပါသွားတော့မှာပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့ တခါတရံမှာ ဘာမှ လုပ်ချင်စိတ်မရှိတော့သလို၊ ငလျင်ကာလတုန်းက ဖြစ်စဉ်မှာ သူတခုခု လုပ်လိုက်နိုင်ရင် အခြေအနေပိုကောင်းမှာပဲ ဆိုတဲ့အတွေးနဲ့ သူ့ကိုယ်သူ အပြစ်ရှိသူလိုမျိုး ဒေါအေးမြ တယောက် ခံစားနေရဆဲဖြစ်ပါတယ်။

“ခေါင်းတွေ အရမ်းကိုက်တယ်၊ ရင်ဘတ်ထဲ မှာ တခုခုနဲ့ ဖိထားသလိုမျိုး အသက်ရှူရတာ မဝဘူး၊ စိတ်တိုလွယ်လာတယ်၊ ကလေးတွေကိုလည်း အရင်လို စိတ်မရှည်နိုင်တော့ဘူး” လို့ ဒေါ်အေးမြက ရင်ဖွင့်ပါတယ်။

စီးပွားရေးအရ ရုန်းကန်ရရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုလည်း သူနဲ့ တရပ်ကွက် တည်းနေ အမျိုးသမီးတွေ ဘယ်လို ကုစားခဲ့ကြသလဲဆိုတာကို သူက အခုလိုဆက်ပြောပါတယ်။

“အဓိကကတော့ တယောက်နဲ့တယောက် အားပေးကြတာပဲ။ ညနေဘက်ဆို ရပ်ကွက်ထဲက အမျိုး သမီးတွေ စုပြီး စကားပြောကြတယ်၊ နှစ်သိမ့်ပေးတယ်၊ အားပေးတယ်ဆိုတော့ စိတ်သက်သာရာ ရတာ ပေါ့၊ ပြီးတော့ ဘုရားတရား ပိုလုပ်ဖြစ်လာတယ်၊ အရာရာက မြဲဘူးဆိုတာကို ကိုယ်တွေ့ကြုံလိုက်ရ တော့ စိတ်ကို လွှတ်ချတတ်အောင် ကြိုးစားရတာပေါ့”

ဒေါ်အေးမြရဲ့ အသံက တည်ငြိမ်နေပေမဲ့ သူ့ရဲ့လက်ဖဝါးကြမ်းကြမ်းတွေကတော့ ဒီတနှစ်တာအတွင်း သူဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုကို ဖော်ပြနေပါတယ်။

သူတို့မိသားစုဟာ ငလျင်မလှုပ်ခင်က ပျဉ်ထောင်အိမ်နဲ့ နေခဲ့ကြပြီး၊ အခုအချိန်မှာ တဲအိမ်လေး ဖြစ်သွားပေမဲ့ လုံခြုံအောင်ပြင်ဆင်ခဲ့တယ်။ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေကလည်း ကျောင်းပြန်တက်နေကြပြီး ဘဝကိုဖြတ်သန်းနေတယ် လို့ သူက ပြောပြပါတယ်။

ဒါပေမဲ့ တနှစ်ပြည့်လာတဲ့အခုချိန်အထိ ညဘက် အိပ်မပျော်တာ၊ အသံအကျယ်ကြီးတခုခု ကြားလိုက် တာနဲ့ ရင်တွေ တုန်လာပြီး အိမ်ထဲမှာ နေရတာကိုက တခုခုဖြစ်တော့မလိုလိုနဲ့ စိုးရိမ်စိတ်က အမြဲ ရှိနေတာတွေကတော့ ခံစားနေရတုန်းပါ။

“အိမ်ကို ပြန်ပြင်ပြီးသွားပေမဲ့ စိတ်ထဲက အိမ်ကတော့ အခုထိ ပြိုနေတုန်းပဲလို့ ခံစားရတယ်”လို့ သူက ပြောပါတယ်။

ဒေါ်အေးမြလိုပဲ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရသူတွေရှိသလိုမျိုးပဲ အပြင်ပန်းမှာ အဆင်ပြေနေပုံရပေမဲ့ စိတ်ထဲက အိမ်ပျက်ကြီးကို ပြန်ပြင်လို့မရသေးတဲ့ သူတွေလည်း ရှိနေပါသေး တယ်။   

မျက်စိမှိတ်လိုက်တာနဲ့ အဲဒီနေ့က အော်ဟစ်သံတွေ၊ ဖုန်မှုန့်တွေ၊ အလုအယက်ပြေးခဲ့ရတာတွေ ပြိုကျ ပျက်စီးတာတွေကို တစိမ့်စိမ့် ပြန်မြင်နေရတာမျိုးတွေ ခံစားနေရတယ်လို့ ငလျင်သင့်အမျိုးသမီးတွေက ဆိုပါတယ်။

ဒါ့အပြင် သူတို့တွေဟာ ဒီတနှစ်တာကာလအတွင်း အိပ်မပျော်တာ၊ ခေါင်းကိုက်တာ၊ အစာစားချင်စိတ် မရှိတာနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှုတွေလည်း ခံစားနေရတယ်လို့ တညီတညွတ်တည်း ပြောကြ ပါတယ်။

မန္တလေးမြို့ခံ ဒေါ်စုစု၊ မမေနဲ့ ဂရေစ့်တို့ဟာတော့ အဲဒီစိတ်ဒဏ်ရာတွေကို နေ့စဉ်ဘဝထဲမှာ အံတုရှင်သန် နေကြတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

မန္တလေးမြို့ခံ ဒေါ်စုစုအတွက်တော့ ၂၀၂၆ ခုနှစ်ထဲအထိ ပါလာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်လေး တွေဟာ အိပ်မက်ဆိုးတခုလိုပါပဲ။

“အိမ်မှာ တယောက်ယောက် လမ်းကြမ်းကြမ်းလျှောက်ရင်တောင် ငလျင်လားဆိုပြီး စိတ်ပူနေတတ် တယ်”လို့ သူက ဆိုပါတယ်။

သူအဖို့ ငလျင်လှုပ်ချိန်မှာ ကလေး ၈ ယောက်ကို ရင်ခွင်ထဲ တင်းကြပ်နေအောင် ဖက်ထားခဲ့ရတဲ့ အကြောက်တရားဟာ ၁ နှစ်ကြာတဲ့အထိ မပြယ်သေးပါဘူး။

ဒါပေမဲ့ “ကိုယ်က ကြောက်နေလို့ မဖြစ်ဘူး” ဆိုတဲ့ စိတ်နဲ့ ကလေးတွေရှေ့မှာ အားတင်းရင်း၊ အရေးပေါ် အိတ်ကို အမြဲအသင့်ပြင်ထားတဲ့ အလေ့အထနဲ့ စိတ်မလုံခြုံမှုကို ကုစားနေရဆဲဖြစ်ပါတယ်။

ဒီဇိုင်နာတဦးဖြစ်တဲ့ မမေကတော့ အလုံပိတ်အခန်းတွေနဲ့ အထပ်မြင့်တွေကို ကြောက်လန့်တဲ့ PTSD (စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ) လက္ခဏာတွေကို ခံစားနေရသူပါ။

ငလျင်အပြီးမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ၊ အပြင်မှာ အိပ်စက်ရလို့ အမျိုးသမီး သဘာဝ အရ ကြုံတွေ့ရတဲ့ အခက်အခဲတွေက သူ့ကို ပိုပြီး စိတ်ဓာတ်ကျစေခဲ့ပါတယ်။ ဒါပေမဲ့ မမေဟာ စိတ်ချ ယုံကြည်ရတဲ့ သတင်းတွေကို စောင့်ကြည့်ရင်း၊ သတိနဲ့ ယှဉ်တွဲနေထိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီလိုမှောင်မိုက်နေတဲ့ အခြေအနေကြားထဲမှာ ဆရာမလေး ဂရေစ့်ကတော့ စေတနာ့ဝန်ထမ်း (Volunteer) လုပ်ငန်းတွေက တဆင့် သူ့ရဲ့ စိတ်ဒဏ်ရာကို ခွန်အားအဖြစ် ပြောင်းလဲခဲ့သူပါ။

အင်းလေးဒေသမှာ အိမ်တွေကို ကိုယ့်ခွန်ကိုယ့်အားနဲ့ ပြန်ဆောက်နေတဲ့ အမျိုးသမီးတွေကို မြင်တွေ့ရ ချိန်မှာ”အမျိုးသမီးတွေဟာ ခံနိုင်ရည်အားကောင်းကြတယ်”ဆိုတဲ့ အသိနဲ့အတူ သူကိုယ်တိုင်လည်း ပြန်လည်ရုန်းထနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီတခါမသေတာ နောက်တခါမသေတော့ဘူး” လို့ ရယ်မောရင်း ပြောနိုင်တဲ့အထိ မမေဟာ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို တည်ဆောက်ခဲ့ပါတယ်။

ငလျင်ဘေးဒဏ်ကနေ ရှင်သန်လွတ်မြောက်ခဲ့တဲ့ အမျိုးသမီး အများစုဟာ ဘာသာရေးအဆုံးအမတွေနဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းကျောင်းကြတာကိုတွေ့ရပါတယ်။ တချို့လည်း အဖွဲ့အစည်းအသီးသီးက လုပ်ဆောင်ပေးတဲ့ စိတ်ကျန်း မာရေး စောင့်ရှောက်မှု အစီအစဉ်တွေမှာ ပါဝင်ပြီး ကိုယ်ရဲ့ ခံစားချက် တွေကို ထုတ်ဖော်ပြောဆိုရင်း ကုစားနေတာလည်းရှိပါတယ်။

စစ်ကိုင်းမြို့ခံ ဒေါ်သန်းက “တချို့ကတော့ ဘုရား၊ တရားလုပ်ရင်း စိတ်အေးချမ်းမှု ရှာကြတယ်၊ တချို့ကျတော့လည်း လူမှုကူညီရေးအသင်းတွေကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှု (Counseling) တွေကို တက်ရောက်ပြီး ကုစားကြတယ်၊ အဓိကကတော့ အချိန်ပေါ့၊ အချိန်ကပဲ ဒဏ်ရာတွေကို တဖြည်းဖြည်း သက်သာစေလိမ့်မယ်လို့တော့ ယုံကြည်ရတာပဲ”လို့ ဆိုပါတယ်။

သွေးနုသားနုနဲ့ ကံကြမ္မာဆိုးကို ရင်ဆိုင်လိုက်ရတဲ့ မေနှင်းလို စိတ်ပိုင်းဒဏ်ရာပြင်းထန်တဲ့အထိ ခံစားရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး “ရူးသွားပြီ” ဆိုတဲ့ အမြင်နဲ့ ပစ်ပယ်ထားမယ့်အစား သူတို့အတွက် အထူးပြု စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်လို့ အထွေထွေရောဂါကု ဒေါက်တာ နောင်နောင်က အကြံပြုပါတယ်။

အမျိုးသမီးတွေဟာ မိသားစုဝင်တွေကို ဆုံးရှုံးရတဲ့အခါ ကိုယ်ကိုကိုယ် ကာကွယ်ရမယ့် တာဝန်ပျက် ကွက်ခဲ့သလို အပြစ်ရှိစိတ်ကို အပြင်းအထန်ခံစားရလေ့ရှိပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုက လူတယောက်ရဲ့ ခံနိုင်ရည်ထက် ကျော်လွန်သွားတဲ့အခါ ဦးနှောက်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် “Off” ခလုတ်ကို နှိပ်လိုက်သလိုမျိုး အသိစိတ်တွေ ဝေဝါးသွားစေတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

ဒီလို အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အသက်ရှင်နေပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်ကတော့ ငလျင် လှုပ်ခဲ့တဲ့ အချိန် နာရီမှာပဲ တန့်နေခဲ့ပါတယ်။ သူတို့ဟာ အလုပ်မလုပ်နိုင်တော့ဘူး၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် မနေနိုင်တော့ဘူး။ ဒါဟာ ငလျင်ဘေးအပြီး တနှစ်အကြာမှာ ကျန်ရစ်သူတွေ ရင်ဆိုင် နေရတဲ့ အသံတိတ်ကြေကွဲမှုတွေ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးပညာရှင် Jue Jue’s Safe Space founder မဂျူးဂျူးမင်းသူကတော့ “သတိ” ဆိုတဲ့ လက်နက်ကို အသုံးပြုဖို့ အကြံပြုပါတယ်။

စိုးရိမ်မှုတွေများလာပြီဆိုရင် ကိုယ်နဲ့ထိစပ်နေတဲ့ အရာဝတ္တုတွေကိုသတိပြုတာမျိုး ကိုယ်က ကြမ်းပြင် ပေါ် ထိုင်နေလား၊  ခုံပေါ်မှာထိုင်နေလား၊ အိပ်ရာပေါ်မှာထိုင်နေလား၊ ဒါမှမဟုတ် လမ်းလျှောက် နေတဲ့ အချိန်လား၊ တခုခုနဲ့ ကိုယ်ထိတွေ့နေတဲ့ရုပ်ဝတ္တုကို သတိပြုလိုက်တာ၊ မျက်စိထဲမှာ မြင်လိုက်တဲ့ အရာတွေကို သတိပြုလိုက်တာ အနံ့အရသာ တွေ အကြားအာရုံတွေ ကိုယ့်ရဲ့သတိကို ပြန်ပြီး အသုံးပြု ပြီးတော့ ကိုယ့်ရဲ့စိတ်ကို ပြန်လည်တည်ငြိမ်အောင် တည်ဆောက်လို့ ရတယ်လို့ ရှင်းပြပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကုစားဖို့ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ရင်ဖွင့်စကားပြောတာမျိုးတွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ စနစ်တကျ စစ်ဆေးတာမျိုးတွေ၊ စိတ်တည်ငြိမ်အောင် ယောဂလေ့ကျင့်ခန်းလုပ်တာ၊ အားကစား လုပ်တာ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေသူငယ်ချင်းတွေနဲ့ စကားပြောတာ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်တာမျိုးတွေ ပြုလုပ်သင့်တယ်လို့ မဂျူးဂျူးမင်းသူက အကြံပြုပါတယ်။

အရေးကြီးဆုံးကတော့ အမျိုးသမီးတွေအနေနဲ့ သူများကို ကူညီချင်တဲ့ စိတ်ရှိသလို ကိုယ့်ကိုကိုယ် လည်း ပြန်ချစ်တတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း သူက ထောက်ပြထားပါတယ်။

၂၀၂၅ စစ်ကိုင်းငလျင်ကြီးအပြီး တနှစ်အကြာမှာ မြေပြင်ပေါ်က အက်ကြောင်းတွေဟာ တဖြည်းဖြည်း ပြန်စေ့လာနိုင်ပေမဲ့ အမျိုးသမီးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာတွေကတော့ ကုစားနေရဆဲပါ။  

မေနှင်းလို လမ်းပျောက်နေသူတွေရှိသလို၊ ဒေါ်အေးမြ၊ ဒေါ်စုစု၊ မမေနဲ့ ဂရေစ့်တို့လို သတိနဲ့ အားတင်း ကာ ရှေ့ဆက်နေသူတွေလည်း ရှိနေပါတယ်။ သူတို့အားလုံးဟာ ပြိုကျပျက်စီးမှုတွေကြားကနေ ဘဝကို အသစ်တဖန် ပြန်လည်ထုဆစ်နေကြတဲ့ ခိုင်မာတဲ့ နှလုံးသားပိုင်ရှင် အမျိုးသမီးတွေလို့ ဆိုရမှာဖြစ်ပါ တယ်။

သဘာဝဘေးဒဏ်ကို ကျော်ဖြတ်ပြီးနောက် မျက်စိနဲ့ မမြင်နိုင်တဲ့ ဒီလို စိတ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်ဖို့အတွက် နားလည်မှုနှင့် အကူအညီတွေက အရေးကြီးဆုံးဖြစ်နေဆဲဖြစ်ပါတယ်။