အဆိပ်သင့် မြစ်နံဘေးက အသံများ    

ရှင်ငြိမ်း၊ ဒေဝီ စုစည်းတင်ဆက်သည်။

ကရင်နီပြည်နယ်(ကယားပြည်နယ်)ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်တစိတ်တပိုင်းနဲ့ မိုလိုချောင်းက ရေနမူနာတွေမှာ အာဆင်းနစ် (Arsenic)အဆိပ်သင့်မှုပမာဏ အဆမတန်မြင့်မားနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေတွေကို ထိတွေ့ကိုင်တွယ်မိရင် သန့်စင်တဲ့ရေနဲ့ ပြန်လည်ဆေးကြောဖို့နဲ့ သံလွင်မြစ်ထဲမှာရှိတဲ့ ရေနေသတ္တဝါတွေ ချက်ပြုတ်စားသောက်တာတွေမပြုလုပ်ဖို့၊ စားသောက်လိုတယ်ဆိုရင် ဦးခေါင်းနဲ့ အတွင်းကလီစာတွေ မစားသောက်ဖို့နဲ့ မိုလိုချောင်းမှ ဘယ်လိုရေနေသတ္တဝါမဆို လုံးဝစားသောက်တာတွေမလုပ်ဖို့လည်း IEC က သတိပေး ထားပါတယ်။

အာဆင်းနစ်အဆိပ်သင့်ရေ သောက်သုံးတာ၊ ထိတွေ့သုံးစွဲတာတွေကြောင့် ရေတိုမှာ မူးဝေတာ၊ ပျို့အန်တာ၊ ဗိုက်နာတာ ဝမ်းလျောတာနဲ့ ကြွက်တက်တာတွေခံစားစေနိုင်ပြီး ရေရှည်မှာ အသည်း၊ အဆုတ်၊ ဆီးအိမ်နဲ့ အရေပြားကင်ဆာ၊ နှလုံး ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါတွေကြောင့် ကလေးသူငယ်တွေမှာ မှတ်ဉာဏ်ထိခိုက်တာတွေ ဖြစ်ပွားစေနိုင်ကြောင်း IEC က အသိပေးထားပါတယ်။

အခုလိုမြစ်ရေချောင်းရေတွေ အာဆင်းနစ်မြင့်မားတာကြောင့် ဘာတွေရင်ဆိုင်နေရလဲ၊ ဘယ်လို အခက်အခဲတွေရှိနေလဲ စတဲ့ မြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီး သံလွင်မြစ်နဲ့ မိုလိုချောင်းအနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတွေနဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တာဝန်ရှိသူရဲ့ စကားသံတွေကို HI – Honest Information က ဆက်သွယ်မေးမြန်း တင်ဆက်လိုက်ပါတယ်။

မိုလိုချောင်းအတွင်းခဲသတ္တုထုတ်လုပ်နေကြသူများ။ ဓာတ်ပုံ – IEC

ဒေါ်လှမြင့် (ကရင်နီပြည်နယ်၊ မော်ချီးဒေသ၊ ခဲသတ္တုတူးဖော်ရေးလုပ်ကွက်အနီးနေထိုင်သူ)

အရင်ကတော့ ဒီချောင်းရေကိုပဲ အားကိုးပြီး သုံးရေအဖြစ်တော့ ယူတာရှိတယ်။ အခုတော့ ဒါကြီးက ရေမဟုတ်တော့ဘူး။ အဆိပ်တွေ ဖြစ်နေပြီတဲ့။ ဒီမှာ ခဲတူးတာတွေ များလာကတည်းက ရေက နောက်ကျိပြီး အရောင်ပြောင်းနေတာတော့ သတိထားမိတယ်။ ဒါပေမဲ့ ‘အာဆင်းနစ်’ဆိုတဲ့ အဆိပ်ပါနေတာကိုတော့ အခု IEC က ထုတ်ပြန်ချက်ထုတ်မှပဲ အတိအကျ သိရတာပါ။

အရင်ကတော့ ရေကြောင့်လို့မသိဘဲ ယားနာတွေဖြစ်တယ်။ ဗိုက်ခဏခဏ နာတယ်။ ဒါလည်း ကျမတို့က သာမန်ပဲ ထင်တာပေါ့။ ကျမတို့ကတော့ ရေနောက်နေတာပဲ သိတာ။ အာဆင်းနစ်ဆိုတာကြီးက ဒီလောက်ကြောက်ဖို့ကောင်းမှန်း အခုမှ သိရတာ။ အိမ်မှာက ကလေးတွေရှိတယ်။ စားပင်သီးပင်လေးတွေ စိုက်ထားတာ ရှိတော့ အပင်တွေတောင် ရေမလောင်းရဲတော့ဘူး။ ချိုးရေလည်း အဲ့ရေပဲသုံးတာ။ ရေချိုသွားခပ်ဖို့ကလည်း လွယ်တာ မဟုတ်ဘူး။ တောင်ပေါ်တက်၊ တောင်အောက်ဆင်းနဲ့ တနာရီလောက် သွားရတယ်။ အများကြီးလည်း မသယ်နိုင်တော့ သောက်ဖို့ ချက်ပြုတ်ဖို့ မျက်နှာသစ် သွားတိုက်တာလည်း ရေချိုပဲသုံးရတယ်။ မဟုတ်ရင် အဲ့ဒီရေတွေနဲ့ မျက်နှာသစ်၊ သွားတိုက်တာများရင် စားကုန်တယ်။ သွားတွေဆို ဘာမှမဝါးနိုင်တော့ဘူး။ အပေါက်တွေနဲ့ မျက်နှာဆိုလည်း ကြာရင် မဲလာတာ။

ပြီးတော့ ရေသယ်တာလည်း အမျိုးသမီးတွေ အများဆုံးလုပ်ရတယ်။ ယောကျာ်းသားတွေက စားသောက်ဖို့ရှာနေရတော့ လေ။ အမျိုးသမီးတွေလည်း ရေရဖို့ လုပ်နေတော့ တခြားအလုပ်ကို မလုပ်နိုင်တော့ဘူး။ ရေတပုံးရဖို့ အတော်ရုန်းကန် နေရတာ။ အမျိုးသမီးတွေက အိမ်မှုကိစ္စ တာဝန်ယူရတော့ ရေရဖို့အတွက် တနေ့ကို နာရီဝက်၊ တနာရီလောက် တောင် တက်တောင်ဆင်း လမ်းလျှောက်ပြီး ရေပုံးတွေ သယ်နေရတာ တကယ်ကို ပင်ပန်းပါတယ်။ ခုက စိုက်ထားတဲ့သီးနှံပင်တွေ ကိုလည်း ဒီရေလောင်းရင် အဆိပ်တွေ ပြန်ပါလာမလားဆိုပြီး တွေးပူနေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကတော့ တော်တော်စိတ်ပူစရာဖြစ်တယ်။ ပြီးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အရမ်းကြောက်တယ်။ အာရုံကြော ထိခိုက်မယ်၊ ကင်ဆာဖြစ်မယ်ဆိုတော့ ရင်ထဲမကောင်းဘူး။

စိုက်ပျိုးရေးမှာလည်း ဒီရေသွင်းရင် သီးနှံတွေထဲ အဆိပ်ပါလာမှာ စိုးရိမ်လို့ ဘာစိုက်ရမှန်းတောင် မသိတော့ဘူး။ အခု အဆိပ်ရေဆိုတာ သိသွားတော့ ဘာလုပ်ရမလဲလို့ ညတိုင်းတွေးဖြစ်တယ်။ စိတ်ပူနေတာပေါ့။ ကျမအမျိုးသားကလည်း ချောင်းထဲက ခဲတွေကို ဆယ်တာလုပ်တာ။ အဲ့တော့ သူက ချောင်းရေနဲ့အများဆုံးထိတွေ့သူဖြစ်တယ်။ အဲ့ဒါကြောင့် သူ့မှာယားနာလိုဟာတွေဖြစ် နေတာ။ တခြားရောဂါတော့ ဖြစ်၊ မဖြစ်မသိသေးဘူး။ သူ့အတွက်လည်း စိတ်ပူမိတယ်။ ဒီရေက အဆိပ်ရှိရေလို့မသိခင် ကတည်းက ဒီရေနဲ့သစ်ပင်စိုက်လို့လည်း မရဘူး။ ရလည်း စားပင်တွေက သိပ်မဖြစ်ထွန်း ဘူး။ အခု ဒီရေက အဆိပ်ရေမှန်း သိတော့ ကျမတို့ရှောင်ရမှာပေါ့။ ရေသန့်ရဖို့ ခက်ခဲလည်း လုပ်ရမှာပေါ့ ဘယ်တတ်နိုင် မလဲ။

ဒေါ်မူးဖော၊ ကိုယ်ဝန်ဆောင်အမျိုးသမီး (ဘားအံမြို့နယ်၊ မိကရင်ကျေးရွာ)

ကျမတို့က သံလွင်မြစ်ကမ်းဘေးနေကြတာ အခုလို မြစ်ရေမှာ အဆိပ်ပါနေပြီဆိုတော့ တော်တော်လေးကို အခက်တွေ့ရ တယ်။ တကယ်တော့ မြစ်ရေအရောင်က ပုံမှန်မဟုတ်ဘဲ နောက်ကျိပြီး ပြောင်းလဲနေတာ တော်တော်ကြာပါပြီ။ အနည်းဆုံးတော့ ၂ နှစ်၊ ၃ နှစ်လောက် ရှိတော့မယ်ထင်တယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ အဆိပ်ရေဖြစ်နေမှန်း မသိဘူးပေါ့။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့တွေ၊ မြစ်ချောင်းထိန်းသိမ်းရေးအဖွဲ့တွေကလာပြီး ပညာပေးတော့မှ ကျမတို့သိရတာပေါ့။ ဟိုတနှစ်ကလားမသိဘူး။ ပညာပေးလာလုပ်တယ်။ ကျမသေချာမသိတော့ဘူး။ ကျမတို့ မိဘတွေလက်ထက်ထဲက ဒီမြစ်ရေကိုပဲ သုံးရေသောက်ရေအဖြစ်သုံးခဲ့တာ။ သောက်ရေကတော့ ကျိုချက်သောက် တယ်။ ဘာတွေဖြစ်လာလဲဆိုတော့ လောလောဆယ်ကျမပေါ့။ ကျမကိုယ်ဝန်ပျက်ကျတာ ၃ ကြိမ်ရှိပြီ။ ယောကျာ်းကလည်း ပန်းသေပန်းညှိုးလားဖြစ်နေတယ်။ နောက် မကြာခဏ၊ မူးဝေအော့အန်တာဖြစ်တယ်။ ဒါလည်း သွေးတိုးလို့ဖြစ်တယ် ထင်တာပေါ့။ ကျမအမေဆို နှလုံးရောဂါနဲ့ မနှစ်က ဆုံးတယ်။ ရောဂါတွေကတော့ ဖြစ်ကြတယ်။ စုံနေတာပဲ။ ကျမတို့ ကတော့ ကိုဗစ်နောက်ဆက်တွဲဖြစ်တယ်လို့ထင်ခဲ့တာပေါ့။

ကျမတို့ဟိုဘက်ထိပ်အိမ်က ကလေးဆို ၅ နှစ်လောက်ပဲရှိသေးတယ်။ အသက်ရှုကြပ်ပြီး ဆုံးသွားတာတဲ့။ ဒီအတိုင်း ချောင်းဆိုးတာလိုလို ဖျားတာလိုလိုနဲ့ဆုံးတာ။ ပညာလာပေးတော့ ဒီရေက အဆိပ်သင့်ရေ မသုံးနဲ့ဆိုတော့ ကျမတို့ ဘယ်ရေကို သုံးရမလဲ။ အခုလောလောဆယ်တော့ ဝေးဝေးလံလံ သွားခပ်ရတဲ့ စိမ့်စမ်းရေတွေ၊ ရေတံခွန်ငယ်လေးတွေ ရှိတယ်။ အဲ့ဒီကနေ ယူသုံးရတယ်။ ဒါပေမဲ့ အဲ့ဒီရေကလည်း နွေရာသီဆိုရင် ခမ်းခြောက်တတ်တော့ တခြားနေရာကနေ ယူသုံးရတာရှိတယ်။ အဆိုးဆုံးကတော့ ကျမကိုယ်ဝန် လွယ်ထားရတော့ အရင်လိုဖြစ်မှာတော့ စိုးရိမ်တယ်။ နေစားတော့ ဂရုစိုက်၊ ရေလည်း ချောင်းရေထက် တောင်ကျရေကို သောက်တယ်။ ပညာပေးအဖွဲ့တွေနဲ့ ဒေသခံအမျိုးသမီးအဖွဲ့အစည်း အချို့က လာပြီးပညာပေးတာ၊ ရေကို ဘယ်လို သန့်စင်အောင် လုပ်ရမလဲဆိုတာမျိုးတွေ လာပြောပြတာတော့ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာကတော့ သန့်ရှင်းတဲ့ ရေအရင်းအမြစ်တခု အမြန်ဆုံးရဖို့က ကျမတို့အတွက် အသက်ရှင်ရေးပဲ ဖြစ်နေ ပါပြီ။

ကျမတို့သံလွင်မြစ်ရေ မသုံးတာတော့ ကြာပြီပေါ့။ ဒါပေမဲ့ အရင်သုံးတဲ့နှစ်က ကြာခဲ့တော့ စိုးရိမ်မှုကတော့ ရှိနေသေးတယ်။ ပြီးရင် ဒီရေက ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတော့ မိခင်တယောက်အနေနဲ့ ရင်ထဲမှာ တုန်နေတာပဲ။ ကိုယ့်ကလေး လေးကို အဆိပ်ရည်တွေ တိုက်ကျွေးနေသလိုမျိုး ခံစားရလို့ပါ။ သောက်ရေသုံးရေရဖို့အတွက်လည်း ကျမတို့ အမျိုးသမီးတွေပဲ ရုန်းကန်နေရတာ။ ရေပုံးတွေကို ထမ်းပြီး တောင်တက်တောင်ဆင်း လမ်းလျှောက်ရတာက ကိုယ်ဝန်ဆောင်အတွက်တော့ မလွယ်ပါဘူး။ အိမ်က ကလေးတွေနဲ့ အမျိုးသားပဲသယ်တာများပါတယ်။ နောက် အရင်ကတော့ စိုက်ပျိုးရေးအတွက် ဒီရေပဲသုံးပြီး စိုက်စားခဲ့တော့ရှိတယ်။

မိုလိုချောင်းအတွင်းခဲသတ္တုထုတ်လုပ်နေကြသူများ။ ဓာတ်ပုံ – IEC

မနန်းမိုး (ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းထုံမြို့နယ်၊ မိုင်းလွန်းရွာ)

ဒီမြစ်ရေက ကျမတို့အတွက်တော့ အသက်သွေးကြောပဲလေ။ တနေ့တာ သောက်ဖို့၊ စားဖို့၊ ချက်ဖို့ပြုတ်ဖို့ကအစ အဝတ် လျှော်တာအဆုံး ဒီမြစ်ရေကိုပဲ အားကိုးနေခဲ့တာ။ ဒီရေက အာဆင်းနစ်အဆိပ်သင့်နေပြီဆိုတာကတော့ သိတာ ၃ နှစ်ရှိပြီ။ သိစကတော့ အရမ်းတုန်လှုပ်တာပေါ့။ တကယ်တော့ ဒီရေက ပုံမှန်မဟုတ်ဘူးဆိုတာ ကျမတို့ သဘာဝအရ သတိထားမိ တာက ၅ နှစ်လောက်တောင်ရှိပြီ။ ရေချိုးလိုက်ရင် တကိုယ်လုံး ယားယံလာတာမျိုး၊ အသားတွေပေါ်မှာ အဖုအပိမ့်တွေ ထွက်လာတာမျိုးတွေ ခံစားရတယ်။ နောက်ပြီး ရေတွေက ဝါညစ်ညစ်ပြောင်းလာတော့ ဖွဲတွေ၊ မီးသွေးတွေနဲ့ ရေစစ်သုံး သေးတယ်။ ဒါပေမဲ့ အဲ့ဒီရေတွေက သစ်သားတို့၊ သံတိုင်တွေတို့တောင် ခဏလေးနဲ့စားပစ်တာတွေ့တော့မှ ဒါအန္တရာယ် ရှိတယ်ဆိုတာ သိရတယ်။ ဒါပေမဲ့လည်း သူများတွေလည်း ဒီရေပဲသုံးနေတယ်။ တခြားရေရဖို့ကလည်း ကျမတို့တို့အတွက် ခက်ခဲတော့လေ ဒီရေပဲဆက်သုံးမိတာပေါ့။

နောက်ပိုင်းကျမှ ဟိုအဖွဲ့အစည်းတွေ လာပြီး ရေကိုစစ်ဆေးတယ်၊ ပညာပေး တာတွေ လုပ်တော့မှ ဒါဟာ အာဆင်းနစ် အဆိပ်သင့်တာ၊ အန္တရာယ်ရှိတယ်ဆိုတာကို တိတိကျကျသိခဲ့ရတာ။ အာဆင်းနစ်ဓာတ်က ဘယ်လောက် ကြောက်စရာ ဖြစ်တယ်လည်း သိခဲ့တယ်။ ပြီးရင် ဒီရေကို သောက်ရင် ဗိုက်နာ၊ ဝမ်းလျောတာတင် မဟုတ်ဘူး၊ ရေရှည်မှာ ကင်ဆာတွေ ဖြစ်နိုင်တယ်၊ နှလုံးရောဂါတွေ ဖြစ်နိုင်တယ်လို့ ပြောတယ်။

ပိုစိုးရိမ်တာက ကျမတို့ ကလေးတွေအတွက်ပဲ။ ကလေးတွေဆိုရင် မှတ်ဉာဏ်တွေ ထိခိုက်ပြီး ဉာဏ်မကောင်းတာတွေ ဖြစ်တတ်တယ်ဆိုတော့ မိခင်တယောက်အနေနဲ့ ရင်တထိတ်ထိတ်ပဲ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ၊ ကျမတို့မှာ အစားထိုး သုံးစရာ တခြားရေအရင်း အမြစ်မှ မရှိတာ။ အခုဆိုရင် ရေကောင်းရေသန့်ရဖို့ ကျမတို့ အမျိုးသမီးတွေမှာ ပိုပြီး ရုန်းကန် နေရတယ်။ ရေရှည်ဝယ် သောက်ဖို့ကလည်းမဖြစ်နိုင်ဘူး။ နွေဆိုရင် ရေရှားတော့ ကျမတို့ဘက်ကို ရေလာမပို့တော့ဘူး။ အဲ့ဒီပြဿနာရှိတယ်။ အဲတော့ ရေရနိုင်မယ့် နေရာတွေမှာ ဝေးလည်းသွားခပ်ရတယ်။ အဲ့တော့ ရေကို အနည်ထိုင်အောင် စောင့်ရတာ၊ ကျိုချက်ရတာတွေ လုပ်ရတယ်။ အဲ့ဒီအတွက် တနေ့ကို ၃ နာရီ၊ ၄ နာရီလောက်က ကုန်သွားပြီ။ အိမ်အလုပ် လည်း မနိုင်တော့ဘူး။ ပင်ပန်းတာလည်း အလွန်ပဲ။ အဆိပ်ရှိမှန်း သိသိကြီးနဲ့ပဲ ကိုယ့်ကလေးတွေကို ဒီရေပဲ တိုက်နေရတဲ့ ဘဝက တကယ်ကို ခါးသီးလွန်းပါတယ်။

Dimple

ကရင်နီဒေသခံ

သံလွင်မြစ်ရေက နောက်တယ်။ သုံးတာကတော့ ရေအခက်အခဲဖြစ်တဲ့အချိန် ချိုးဖို့လောက်ကိုပဲသုံးတဲ့အခါ ချိုးပြီးရင် ယားတယ်။ ကုတ်နေရတာ။ ခြင်ကိုက်လည်းယားတယ်ဆိုတော့ သိပ်မသိဘူးပေါ့။  တခြားသူတွေလည်းဖြစ်ကြတယ်။ ယားတာတွေ၊ အနာတွေ ။ မြစ်အနားမှာ ရွှေကျင်တော့ အမှုန်အမှုန်လေးတွေပါတယ်။ မြစ်ရေက ပုံမှန်ဆိုတအားနောက်တယ် အနားတဝိုက်ကသူတွေကတော့ အဝတ်လျှော်တာလောက် တခါတလေ ရေချိုးတာလောက်‌တော့လုပ်ကြတယ်။ မြစ်ရေက နေ့စဉ်ဘဝမှာ အရမ်းကြီးတော့ မသုံးကြပါဘူး။ ရေမလာတဲ့ အခါကျမှသာ သုံးကြတာ။ ဟင်းချက်တာတို့ကျ သိုလှောင်ထားတဲ့ရေသုံးတယ်။ မသုံးသင့်ဘူးလို့ တားမြစ်ချက်ရှိပေမယ့် မြစ်ချောင်းအင်းအိုင်အနီးနေတဲ့သူတွေကတော့ ဒါနဲ့ပတ်သတ်ပြီး အသက်မွေးဝမ်းကြောင်းရတာများတယ်။ မြစ်ကြောင်းသွားလာရေးလုပ်တာတွေ၊ တွေ့သလောက်ကတော့ ရွှေကျင်ဖို့အတွက် ရှာတဲ့ပုံစံများတယ် ဒီမှာရေပေးတာရှိတယ်လေ၊ သောက်သုံးရေအတွက်လည်း ရေစက်တွေရှိပါတယ်။

တခြားသောအရာဆိုရင် ဘုရားကျောင်းတွေက ရေပြတ်တာ၊ ရေမပေးတဲ့အချိန် အခါဆို မြစ်ရေ သုံးတယ်။ နွေရာသီဆို သုံးကြတယ်။ အဓိကကတော့ အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုတာမျိုးများတယ်ပေါ့ နေ့စဉ်နဲ့အမျှ မြစ်ထဲရွှေကျင်တာတွေရှိနေ‌တော့ လက်တွေနဲ့ထိတွေ့နေတော့ ရေရှည်မှာဆိုရင်တော့ တခုခုဖြစ်မလားမသိဘူး။ မြစ်ရေ မသုံးဖို့ ထုတ်ပြန်တာကတော့ ဒေသခံတွေအများစုကတော့ မသိလောက်သေးဘူး။ မြစ်ရေ အရမ်းမသုံးတာ ကြောင့်လည်းပါမယ်။ တခါတလေ ရေအခက်အခဲဖြစ်ချိန်မှ ချောင်းရေကိုသုံးရတာရှိတယ်။ ရေကနောက်တော့ ကြည်သွားအောင် အနည်ထိုင်ပြီးစောင့်ဆိုင်းသုံးရတာရှိတယ်။ ရေချိုးတာ အိမ်သာသုံးတာတော့ မြစ်ချောင်းရေသုံးရတာပဲ။ မိုးတွင်းဆို တအားနောက်ကျိနေတာ။

တချို့  မရင်းနှီးတဲ့ သူတွေဆို ချောင်းရေကိုသောက်ကြည့်ပြီး အန်ထွက်တာရှိတယ် ။ ညှီစို့စို့နဲ့ဆိုတော့။ တချို့ရဲဘော်တွေ ဆိုရင်တော့ ဆင်းချိုးကြတယ်၊ ပြီးရင် ယားနာတွေဖြစ်ကြ၊ အရေကြည်ဖုတွေ ပေါက်ပြီးတော့ အမာရွတ်တွေဖြစ်ကြတယ်။ ရဲဘော်တွေကတော့ မသိကြတော့ သုံးကြတာပေါ့။ ဒေသခံတွေကတော့ တားပါတယ် ရေမကူးဖို့တွေ၊ မြစ်ထဲ လူသေလောင်းတွေလည်း မျောလာတာရှိတယ်။ မသုံးတာတော့ မသုံးသင့်တော့ဘူး ပေါ့နော်။

ဥဥ

Founder -Clean Mountains

သံလွင်မြစ်ထဲ အာဆင်းနစ်များလာတဲ့အကြောင်းရင်းကတော့ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့်ပေါ့။ ကျွန်မ ပြီးခဲ့တဲလတွေတုန်းက သံလွင်မြစ်ကို ကရင်ရယ်၊ ထိုင်းရယ်၊ ကရင်နီအစပ်ကို ခရီးသွားလာဖြစ်တဲ့အခါ ဘာတွေ တွေ့လာရလဲဆို သံလွင်မြစ်ကြောင်း တလျှောက်မှာ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေက ပိုများလာခဲ့တယ်ပေါ့။ ဘာလို့တွင်တွင်ကျယ်ကျယ်လုပ်လာရလဲဆို စစ်ရဲ့ဘေးဒဏ်ကြောင့်လို့ပြောရမှာပေါ့ တော်တော်များများက စစ်ရေးဘတ်ဂျတ် လိုလာပြီဆိုရင် သဘာဝသယံဇာတထဲကနေ သုံးစွဲနေကြတာဖြစ်တဲ့အတွက် စစ်ရေးတင်းမာမှု ကြာလေလေ သဘာဝသယံဇာတ ပြုန်းတီးလေလေပဲပေါ့။

တချို့ကျတော့လည်း တော်လှန်ရေးလိုအပ်ချက်အရ သုံးတယ်ဆိုပေမယ့် တချို့ကျတော့ ကိုယ့်အိတ်ကပ် ဖောင်းစားရေးလုပ်တယ်။ တချို့ကျတော့လည်း နိုင်ငံခြားစျေးကွက်ကို ပြန်ရောင်းဖို့အတွက် ပြည်သူလူထုကို ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာကိုမသိတဲ့ အုပ်ချုပ်သူ လူတန်းစားအစုအဖွဲ့ကြောင့်လို့လည်း မြင်မိတယ်။

မြစ်ရေ ညစ်ညမ်းလာတာကို ဒေသခံတွေ သိလားမေးရင် ကျွန်မ ချင်းမိုင်တက္ကသိုလ်က စာတမ်းထုတ်ပြန်ပြီးကတည်းက သံလွင်မြစ်ဘက်အခြမ်းကိုရောက်ခဲ့တယ်ပေါ့။ တပ်မဟာ ၅  ထိုင်း -ကရင်နီအစပ်ပေါ့။ ထိုင်းဘက်ခြမ်းတော့ မပြောတက်ပေမယ့် ကရင် နဲ့ ကရင်နီဘက်က ဒေသခံတွေကတော့  မသိထားဘူး။ အချက်အလက်မရထားဘူး ကျန်းမာရေးဗဟုသုတမရထားဘူးပေါ့။

အခုလက်တလောမှာ ကရင်နီဘက်ခြမ်းက IEC ဘက်က စာတမ်းထုတ်ပြန်လိုက်ပေမယ့် တကယ် အခြေခံလူတန်းစားတွေ အထိ ရောက်၊ မရောက်ကတော့ တိုင်းတာကြည့်လို့မရသေးဘူး‌‌ပေါ့။ ကျွန်မအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းတွေ ရောက်ခဲ့တုန်းက သူတို့တွေအနေနဲ့ ရေထုညစ်ညမ်းမှု အာဆင်းနစ်နဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဗဟုသုတတွေ မသိထားဘူး မရှိထားဘူးဆိုတာ သိရတယ်။

ဒီမြစ်ချောင်းက သူတို့အတွက် ဘယ်လောက်အသုံးဝင်လဲဆို သူတို့နားမှာက အခက်အခဲအကြပ်အတည်းကြောင့် ဝယ်စားစရာငါးမရှိတော့ ရှာစားရတယ်။ သံလွင်မြစ်ထဲကနေ ငါး၊ ပုစွန် စသဖြင့် မှီခိုနေရတယ်။ နောက်တခုကျတော့ ကရင်နီဘက်ခြမ်းမှာဆို တောင်ကျချောင်းရေကို ထမင်းချက်တဲ့နေရာမှာ သုံးပေမယ့် ကျန်တဲ့သံလွင်မြစ်ထဲကရေကိုတော့ ချိုးရေအဖြစ် တကိုယ်ရေသန့်ရှင်းရေးအဖြစ်သုံးနေရဆဲဖြစ်တယ်ပေါ့။

အဲဒီအချိန်မှာ ကျွန်မ မေးတဲ့မေးခွန်းရှိတယ် ရေထဲမှာ အာဆင်းနစ်များလာပြီ စားလို့ရှိရင် မူးတာတွေ အော့အန်တာတွေ ဖြစ်တယ်။ အဲ့ဒီငါးတွေရော ဒီရက်ပိုင်းမှာ စားမိလားပေါ့။ လက်ရှိအကြပ်တည်းမှာ လူတိုင်းက စိတ်ဖိစီးလို့ မူးနေတာနဲ့တင် ဒီငါးတွေစားလို့ မူးလို့မူးမှန်းတောင်မသိတဲ့ အချို့ ဒေသခံတွေလည်း ပြန်ပြီး အဲ့ဒီလိုတုံ့ပြန်တယ်ပေါ့။

လူထုဘက်က ကျွန်မအမြင်ကတော့ ဘယ်လောက်ပဲအစိုးရဌာတွေအနေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျန်းမာရေးအရ ထုတ်ပြန်ပေမယ့်လည်း လက်ရှိအချိန်ခါမှာ ပိုကောင်းတဲ့ဖြေရှင်းချက်တွေ ဖြေရှင်းမှုတွေမပေးနိုင်သေးတာဖြစ်တဲ့အတွက် ပြည်သူလူထုက ငတ်ရင် ဒီထဲကစားရမှာပဲပေါ့၊ မလွှဲမရှောင်သာဘဲနဲ့ ဝမ်းရေးအတွက် စားသုံးနေတဲ့သူတွေ ရောင်းချနေမယ့်သူတွေ ရှိမယ်လို့မြင်တယ်။

အမျိုးသမီးတွေအတွက်ဆို ကိုယ့်ရဲ့တကိုယ်ရေသန့်ရှင်းရေးအတွက်ကတော့ တော်တ်ေလေးအရေးကြီးတဲ့ ကဏ္ဍ ထဲမှာပါတယ်။ ကရင်နီမှာကျတော့ တောင်ပေါ်ဘက်ခြမ်းနဲ့ သံလွင်ဘက်ခြမ်းမှာဆိုရင် တောင်ပေါ်ဘက်ခြမ်း အဓိက  ဒီးမော့ဆိုဘက်ခြမ်းမှာဆို ရေရှားတယ်။ ရေသန့်ဖြစ်ဖို့ထက်စာရင် ရေဖြစ်ရင်ပြီးရော သုံးစွဲနေရတဲ့အရာမျိုးရှိတယ်။ ဒီဘက်က မြစ်ချောင်းတွေနဲ့နီးတဲ့ ကရင်နီဘက်ခြမ်းဆို မြစ်ချောင်းတွေတော့ပေါပါရဲ့၊ သန့်လား၊ မသန့်လား ရေမဝယ်သုံးရဖို့ အရေး နီးစပ်ရာချောင်းတွေကတဆင့် ရေချိုးရတာမျိုး၊ သုံးရတာမျိုးရှိတဲ့အတွက်  ရေချိုရေသန့်ရဖို့က ဒီအချိန်မှာ ခက်ခဲနေတုန်း ပဲ‌‌ပေါ့။

ရေချိုရေသန့်လို့ ပြောဖို့ထက်စာရင် ရေရဖို့ကတောင် တော်တော်ရှားပါးတာ။ တချို့စစ်ရှောင်စခန်းတွေမှာဆို သုံး၊ လေးရက်နေလို့မှ တခါရေအလှည့်ကျချိုးရတာမျိုး၊ ပြီးရင် ဟင်းသီးဟင်းရွက်ဆေးပြီးသားရေကို အိမ်သာမှာ ပြန်သုံးရတာ သေသေချာချာ စီမံခန့်ခွဲရတဲ့ စနစ်အထိကို ဖြစ်တယ်ပေါ့။ နောက်တခုက ရေဝယ်သုံးနိုင်တဲ့သူတွေက ရေဝယ်သုံးတယ်၊ ရေဝယ်မသုံးနိုင်တဲ့သူတွေကကျတော့ ရေကန်တွေ၊ ရေတွင်းတွေ၊ စိမ့်စမ်းရေ ထွက်တဲ့နေရာတွေမှာ ရေလိုက်ခပ်ရတဲ့ထိ ဖြစ်တယ်ပေါ့။

ကျွန်မအနေနဲ့အမြင်ကတော့ ရေကိုမသုံးစွဲသင့်ဘူး ရေထဲမှာရှိတဲ့ သားငါးတွေကို မစားသုံးသင့်ဘူးလို့ ထုတ်ပြန်တာနဲ့တပြိုင်တည်း ဒီရေကို အဆိပ်သင့်စေတဲ့ အဆိပ်အတောက်တွေကိုရော ဘယ်လိုလျှော့ချမလဲ၊ လူတွေအပေါ်မှာရော သဘာဝပတ်ဝန်းကျင် အပေါ်မှာရော ထိခိုက်မှုနည်းအောင်ဘယ်လိုစီမံဆောင်ရွက် မလဲ၊ ပါဝင်မလဲဆိုတဲ့ အမြင်တွေကို ပတ်ဝန်းကျင်ရှု့ထောင့်ကနေ မျှော်လင့်မိတယ်။ သံလွင်မြစ်ပြဿနာက အဖွဲ့အစည်းအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ နိုင်ငံအချင်းချင်းပါ ပူးပေါင်းအဖြေရှာသင့်တဲ့ ကိစ္စရပ်လို့မြင်ပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ဦးဗညား

အမှန်တိုင်းပြောရရင်တော့ ဒီအာဆင်းနစ်နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်မှုကိုတော့ ဒီနှစ် ၂၀၂၆၊ ဇန်နဝါရီလ ကုန်ပိုင်း လောက်မှာမှ အတိအကျ အဖြေသိရတာပေါ့။ အဲဒီမတိုင်ခင်မှာ အားလုံးသိတဲ့အတိုင်းပဲ ထိုင်းက သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနဲ့ ချင်းမိုင်တက္ကသိုလ်ကနေ သုတေသနနဲ့အတူ သံလွင်မြစ်ကြောင်းမှာ ရေနမူနာတွေ၊ မြေနမူနာတွေ၊ ငါးနမူနာတွေ၊ သစ်ပင်စားပင် နမူနာတွေ စစ်ဆေးပြီးတော့မှ ဒီအာဆင်းနစ်ဓာတ်ပါဝင်မှု မြင့်တက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်။

အဲ့ဒါနဲ့ ကျနော်တို့လည်း ချင်းမိုင်တက္ကသိုလ်ရဲ့အကူအညီနဲ့ သင်တန်းတွေတက်၊ စစ်ဆေးမှုတွေလုပ်တော့ ဇန်နဝါရီလကုန် လောက်မှာမှ ဒီအဖြေကို အတိအကျသိခဲ့ရတယ်။ အဲတော့ ဆိုလိုတဲ့ အဓိပ္ပာယ်က ဒီမတိုင်ခင်မှာ ဘယ်သူမှ သတိမထားမိခဲ့ ဘူး။ ဒီသံလွင်မြစ်ရေပေါ်မှာဖြစ်ဖြစ်၊ မိုလိုချောင်း ရေပေါ်မှာဖြစ်ဖြစ် အာဆင်းနစ်အဆိပ် ပါဝင်မှုကို ဘယ်သူမှ သတိမထားမိခဲ့ဘူး။

အခု ကျနော်တို့ သတိပေးနှိုးဆော်စာတော့ ထွက်လာပြီ။ အဲဒီဟာလည်း ပညာပေးခြင်းအစရဲ့ Process တခုပေါ့။ အသိ ပေးထားတယ်၊ နောက်ပြီးတော့ ဘယ်လိုမျိုး နေထိုင်စားသောက်သင့်လဲ ဆိုတာတော့ ကျွန်တော်တို့ ပြောထားတာရှိတယ်။ တချိန်တည်းမှာပဲ ဒီဟာက ကျွန်တော်တို့ IEC ဦးစီးကောင်စီကနေ တွေ့ရှိချက်ကို ပြည်သူ့ထံအသိ ပေးခြင်း ဖြစ်တယ်။ IEC ရဲ့ကျန်းမာရေးဌာနက မြို့နယ်အလိုက် ဦးစီးမှူးတွေက တဆင့် သက်ဆိုင်ရာဒေသမှာ ပညာပေးလုပ်ငန်းတွေကိုတော့ ကျနော်တို့ Plan တခုအနေနဲ့ ချမှတ်ပြီးတော့မှ လုပ်သွားဖို့ရှိပါတယ်။

ဒီဖြစ်စဉ်ပဲပြောပြော၊ သတ္တုပါဝင်မှုပဲပြောပြော ရှမ်းနဲ့ ကရင်နယ်စပ်ကနေ သံလွင်အဆုံး၊ ကရင်အဆုံး ဖြစ်တဲ့ ရှမ်း၊ ကရင်နီနဲ့ ကရင်နယ်စပ်ထိ စစ်တဲ့အချိန်မှာ အာဆင်းနစ်ဓာတ်ကတော့ အများကြီး၊ အဆ ၄ ဆ၊ ၉ ဆထိတော့ ပါဝင်မှုကတော့ ရှိနေပြီ။ မော်ချီးကနေ စီးဆင်းလာတဲ့ မိုလို ချောင်းကတဆင့် ပိုပြီးတော့ မြင့်လာတာတွေ့ရတယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ပြည်နယ်ထဲမှာ ကျနော်တို့နိုင်တဲ့ဟာကိုတော့ အစီအမံချပြီးတော့ ကျန်းမာရေးအရဖြစ်စေ၊ ဒီအဆိပ် အတောက် ပါဝင်မှု ပမာဏလျော့ကျစေဖို့ လုပ်သွားမယ့် တာဝန်ကတော့ ကျနော်တို့မှာရှိတယ်။

တချိန်တည်းမှာပဲ သံလွင်မြစ်အထက်ပိုင်းကနေ အတတ်နိုင်ဆုံး ရေအရင်းမြစ်တွေ အဆိပ်အတောက်ဖြစ်မှု လျော့ကျ နိုင်အောင်တော့ ကျနော်တို့ကတော့ နှိုးဆော်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကတော့ တဖြည်းဖြည်း အချိန်ယူပြီးတော့မှ စီမံခန့်ခွဲထိန်းသိမ်းရမယ့် လုပ်ငန်းစဉ်တခုပါ။

ကျနော်တို့ပြည်နယ်ရဲ့သံလွင်မြစ်ရေသုံးစွဲမှုပုံစံနဲ့ မိုလိုချောင်း ရေသုံးစွဲမှု ပုံစံက မတူပါဘူး။ ဥပမာပေးရင် မိုလိုချောင်းက မော်ချီအထက်ပိုင်းကနေ စီးဆင်းလာပြီးတော့ သံလွင်မြစ်ထဲကို စီးဆင်းတယ်။ မိုလိုချောင်းဟာ မော်ချီအထက်ပိုင်းကနေ သန့်စင်တဲ့ရေအနေနဲ့ စီးဆင်းတယ်။ ဒါပေမဲ့ မော်ချီကနေစတင်ပြီး ခဲလုပ်ငန်းကနေ ထွက်လာတဲ့ရေက ချောင်းထဲကို ရောက်သွားတော့ နောက်သွားတယ်။ အဲဒါလည်း အခုမှ နောက်တာ မဟုတ်ပါဘူး။ ဒီသတ္တုထုတ်လုပ်မှုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၊ ၅၀ လောက်ကတည်းကလို့ ပြောလို့ရတယ်။

အဲဒီ ရေချောင်းက ရေကိုတော့ ဘယ်သူမှ မသုံးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရေက အရမ်းနောက်တယ်။ ခဲတွေ ဆေးထားတဲ့ရေတွေပေါ့။ နေ့စဉ်နဲ့အမျှ ခဲဆေးရေတွေက ချောင်း ထဲ စီးနေတော့ ခဲဆေးတဲ့ရေတွေကြောင့် နောက်ကျိ သွားတယ်။ မိုလိုချောင်းတလျှောက်နေတဲ့သူတွေကတော့ အဲ့ဒီ ချောင်းရေကိုမသုံးဘူး။ အနီးနားက စိမ့်စမ်းရေတွေကတဆင့် ရေပိုက်သွယ်တန်းပြီးသုံးတယ်။ ဒါကတော့ နှစ်ပေါင်းကြာ ပြီ ဖြစ်တဲ့ဟာပါ။

 ဒါပေမဲ့ တခုပဲဖြစ်တာက မိုလိုချောင်းထဲက ခဲတွေကို ဆယ်ယူတာရှိတယ်။ အဲ့ဒီခဲဆိပ်ရေတွေကို ထိတွေ့ရတဲ့ အတွက်ကြောင့် ကျန်းမာရေးပြဿနာရှိတယ်။ နောက်ပြီး မတော်တဆသောက်မိရင်း ခန္ဓာကိုယ်ထဲဝင်သွားနိုင်တယ်။ ဒါကတော့ မိုလိုချောင်းရဲ့ အခြေအနေပါ။

သံလွင်မြစ်တလျှောက်ကိုတော့ အခုနောက်ပိုင်း စစ်ရေးကာလမှာ ဒီအဆိပ်သင့်မှုက ဘယ်လောက်ရှိလဲ၊ ဘယ်အချိန်က စလဲဆိုတာ ကျနော်တို့ မသိတဲ့ပြဿနာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဘာကိုသွားကြည့်လို့ရလဲဆိုတော့ ဒီ ၂၀၂၅ ရဲ့ နှစ်ဦး ပိုင်းလောက်မှာ ရှမ်းလူ့အခွင့်အရေးအဖွဲ့(Shan Human Rights Foundation)ကနေ ဒီသံလွင်မြစ် အထက်ပိုင်းမှာရှိတဲ့ ဝ ပြည်နယ်(UWSA control area)နဲ့ တချို့နေရာတွေမှာ ခဲသတ္တုလုပ်ငန်းတွေ၊ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ၊ မြေရှားသတ္တု တွေထုတ်လုပ်တဲ့ လုပ်ငန်းတွေကနေ ရေတွေက သံလွင်မြစ်ထဲကို စီးဆင်းနိုင်ခြေရှိတယ်၊ စီးဆင်းနေတယ် ဆိုပြီးတော့ Report ထွက်ထားတာ ရှိပါတယ်။

ကျနော်ထင်တာကတော့ အရင်အရင်က အဲလောက်ထိတော့ သတ္တုပါဝင်မှုနှုန်းမများဘူး ဒါပေမဲ့ နောက်ပိုင်း ဒီသတ္တု လုပ်ငန်းတွေ၊ ခဲလုပ်ငန်းတွေ၊ ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် သံလွင်မြစ်ရေက ပိုဆိုးရွားလာတာပေါ့။ အဲတော့ ရေတလျှောက် ကရင်နီမှာ ရှိနေတဲ့ သံလွင်မြစ်ကိုတော့ သုံးစွဲတဲ့လူတွေက နည်းပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း တချို့ စစ်ရှောင်စခန်းတွေ၊ စစ်ရှောင်တွေက သံလွင်မြစ်အနီးအနားမှာ နေတာရှိတယ်။

ကျနော်တို့ အားလုံးကိုကြည့်လိုက်တော့ တချို့ရွာတွေက သံလွင်ဘေးမှာ ရှိပါတယ်။ အဲဒီရွာတွေက သံလွင်မြစ်ရေကို သုံးစွဲလေ့မရှိဘူး။ ပြဿနာက ဘာလဲဆိုတော့ သံလွင်မြစ်အနီးအနားမှာ ရှိနေတဲ့ နုံးတင်မြေနုတွေပေါ်မှာ စိုက်ပျိုးရေး တွေလုပ်တာတော့ရှိတယ်။ နောက်ပြီးတော့မှ ဒီရေထဲက၊ ချောင်းထဲက၊ မြစ်ထဲက ငါးတွေကို ဖမ်းယူစားသောက်တယ်။ ရေချိုးတယ်။ ဒါတွေက ခဲဆိပ်သင့်မှုဒဏ်ကို ခံရနိုင်ချေရှိတယ်။ ဒါကြောင့် ရေကိုထိတွေ့ပြီးနောက်ပိုင်းမှာ အတတ်နိုင်ဆုံး သန့်စင်တဲ့ရေနဲ့ ပြန်ပြီးတော့မှ ဆေးကြောဖို့အတွက် ကျနော်တို့နှိုးဆော်ထားတာပါ။

ကျနော်တို့ ဆက်လုပ်ဖို့လိုအပ်တာက ဒီငါးတွေ အဆိပ်သင့်မှု ဘယ်လောက်ထိမြင့်နေလဲဆိုတာ သိဖို့ ဓာတ်ခွဲခန်းပို့ဖို့ လို အပ်တယ်။ နောက် နုံးမြေ၊ သဲမြေ၊ နွ့မြေတွေကိုလည်း ဓာတ်ခွဲဖို့လိုတယ်။ နောက် အဲ့ဒီမြေပေါ်မှာစိုက်ထားတဲ့ စိုက်ပျိုးသီး နှံတွေကို ဓာတ်ခွဲခန်းပို့ဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်။