“ဖြစ်တည်မှုကြောင့် ထပ်ဆင့် ဖိနှိပ်ခံရတဲ့ LGBT နိုင်ကျဉ်းတွေ”

ခင်ဘုန်းမို့

နွေဦးတော်လှန်ရေးစာမျက်နှာအစပိုင်းတွေမှာ သက်တန့်ရောင်အလံတွေကို ကိုင်ပြီး သပိတ်တပ်ဦး အသီးသီးမှာ ပါဝင်ခဲ့ကြတဲ့ လိင်စိတ်ခံယူမှု မတူကွဲပြားသူ (LGBTIQ) တွေဟာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံကြရတဲ့အခါ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ထပ်ဆင့် ခွဲခြားဆက်ဆံမှု တွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

အာဏာရှင်တွေရဲ့ အချုပ်အနှောင်တွေကြားမှာ ဖမ်းဆီးခံရသူတိုင်းဟာ လူ့အခွင့်အရေးကို အစွမ်းကုန် ချိုးဖောက်ခံခဲ့ကြရပြီး အဲဒီလို အခြေအနေထဲမှာမှ လိင်စိတ်ခံယူမှုမတူကွဲပြားတဲ့ LGBTIQ တွေက ထပ်ဆင့်ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။  

စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတဝှမ်းက  လိင်စိတ်ခံယူမှု မတူကွဲပြားသူ(LGBTIQ) အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး၊ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့သူ ၂ဦး ရှိခဲ့သလို၊  LGBTIQ ပေါင်း ၈၅ ဦးထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့  အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်က စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ လူထုရဲ့ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို စစ်တပ်က ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖြိုခွဲတာ၊ လူပေါင်းများစွာကို ဥပဒေမဲ့ သတ်ဖြတ်တာတွေ ကျူးလွန်ပြီးတဲ့နောက်မှာ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ်ကို တွန်းပို့ခံလိုက်ရပြီး လူငယ်လူရွယ်အများစုဟာ စစ်သင်တန်းတက်တာ၊ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြပါတော့တယ်။

အသက် ၂၄ နှစ်ကနေ ၃၅ နှစ်ကြားမှာရှိကြတဲ့ LGBT လူငယ် လူရွယ်တွေဖြစ်တဲ့ သော်သော်၊ ငြိမ်းနဲ့ လီယိုတို့ဟာ ဒီလို ဆုံးဖြတ်ခဲ့ကြတဲ့လူငယ်တွေထဲမှာ ပါဝင်ခဲ့ကြပါတယ်။  ဒါကြောင့်ပဲ နောက်ဆက်တွဲ အဖြစ် စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းနှိပ်စက်တာတွေကို ခံရပြီး လွတ်မြောက်လာခဲ့ကြပြီဖြစ်ပေမယ့် သူတို့နာမည်ရင်းတွေကို ထုတ်ဖော် ပြောဆိုလို့ စိုးရိမ်ပူပင်မှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးချုပ်နှောင်ထားတဲ့  LGBT တွေအပေါ် သူတို့ရဲ့ လိင်စိတ် တိမ်းညွတ်မှုကွဲပြားတဲ့ ဖြစ်တည်မှုအပေါ် ပစ်မှတ်ထားပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ကြ ရတယ်လို့ သူတို့ ၃ယောက်က ထုတ်ဖော်ပြောဆိုကြပါတယ်။

စစ်သင်တန်းတက်ပြီး မြေအောက်တော်လှန်ရေးလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ရိုက်နှက်၊ နှိပ်စက်ခံခဲ့ရ လီယိုက “Gay ဆိုတာသိတဲ့အချိန်မှာ စပြီးတော့ စော်ကားတယ်၊ သူ့တို့ရဲ့ထုံးစံအတိုင်း ‌ေ-ာက်ခြောက်တွေ မင်းတို့ကဘာကောင်မို့လို့ အကြမ်းဖက်တာလဲ၊ ‌ေ-ာက်ရှက်မရှိဘူးလား အဲ့လိုတွေပြောတယ်”လို့ သူ့အတွေ့အကြုံကို HI Honest Information ကို ပြောပြပါတယ်။

LGBT ဖြစ်တည်မှုကိုသိတဲ့အခါ  သာမန်ထက်ပိုပြီးတော့ ရွံ့ရှာစရာကောင်းတဲ့ စကားတွေပြောတာ၊ ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ နှိပ်စက်မှုတွေလည်း ခံစားခဲ့ရတယ်လို့ လီယိုက ဆိုပါ တယ်။

အဲ့ဒီနေ့ကဖြစ်စဉ်အသေးစိတ်ကို ပြန်မပြောပြ ချင်လောက်အောင် စိတ်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး “ဘောင်းဘီတွေ ချွတ်တယ်၊ ရေလောင်းချတယ်၊ တုတ်တွေနဲ့ရိုက်တယ်၊ မူးလဲတဲ့အထိဖြစ်သွားတယ်၊ အစုံပဲဘယ်လိုမှ မခံစားနိုင်တဲ့အရာကြီးပေါ့၊ တော်တော်ဆိုးသွမ်းတဲ့နေ့ကြီး၊  အဲ့အချိန်ကြီးကို       တွေးကို မတွေးချင်ဘူး”လို့ လီယီုက ဆက်ပြီးပြောပြပါတယ်။

ဒီလို အတွေ့အကြုံတွေက လီယိုတယောက်တည်းအတွက်မဟုတ်ပါဘူး။  စစ်ကြောရေးမှာ နှိပ်စက်တဲ့ ဒဏ်ကြောင့် မခံနိုင်တော့တဲ့အဆုံး သူနဲ့ဆက်စပ်ပတ်သက်သူတွေကို ဖော်ကောင်လုပ်မိမှာစိုးတဲ့စိတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ဖူးတဲ့ ငြိမ်းရဲ့ အဖြစ်အပျက်လည်း ရှိပါသေးတယ်။

ငြိမ်းဟာ စစ်ကြောရေးကို ၂ရက်နဲ့ ၃ညဖြတ်သန်းခဲ့ရပါတယ်။ အ‌‌ခြောက်လား ဆိုပြီး မေးတာ၊ ဖုန်းထဲက အကြောင်းတွေမေးပြီး ရိုက်တာ၊ ကြိုးနဲ့တုတ်ထားတာ၊ ထမင်းမကျွေး၊ ရေမတိုက်ဘဲ ထားခံခဲ့ရတယ်လို့ သူကပြောပြပါတယ်။

“လူကအရမ်းပင်ပန်းနေတော့ အရမ်းသေချင်နေတယ်။ တချို့ဟာတွေဖော်လိုက်မိမှာလည်း ကိုယ့်ကို ကိုယ် စိတ်မချဘူး၊ အရမ်းပင်ပန်းပြီးပြောမိသွားမှာ ကြောက်တယ်၊ သေချာတာတော့ ငါအသက်ရှူတာ ရပ်သွားရင် ဒီကိစ္စပြီးသွားမယ်ဆိုပြီးတော့ ထွက်ပေါက်ရှာမိတယ်”လို့ ငြိမ်းကပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ခေါင်းဆောင်အနေနဲ့ တက်တက်ကြွကြွသတ္တိရှိရှိနဲ့ ပါဝင်ခဲ့တဲ့ သူကို သူများထက်ပိုပြီး နှိပ်ကွပ်တာမျိုးကြုံခဲ့တယ်လို့ဆိုပါတယ်။

“ခဏခဏ ပြောတာ ဂန်-ဒူးလား အ‌ခြောက်လား၊ ဟုတ်ပါတယ်လို့ဖြေလည်း ဒီစကားကိုပဲ ခဏခဏ မေးနေတာ၊ ဒါလည်းမြန်မာ့လူ့ဘောင်အဖွဲ့အစည်းထဲမှာ နှိပ်ကွပ်တဲ့နည်းတမျိုးပဲလေ”လို့ နူးနူးညံ့ညံ့ ဟန်ပန်ရှိတဲ့ ငြိမ်းက ပြောပါတယ်။

ဒါ့အပြင် အဘိုးကြီး ၂ယောက်ကိုခေါပြီး မုဒိမ်းကျင့်ခိုင်းမယ်ဆိုတာမျိုးတွေလည်း ပြောဆိုခြိမ်းခြောက် တာခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ထဲက သော်သော်ကတော့ စစ်သင်တန်းဆင်းလာတာကို သူ့အသိတချို့က ဒလန်လုပ်တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ လီယိုနဲ့ငြိမ်းက စစ်ကြောရေးကို ဖြတ်သန်းခဲ့ရပေမယ့် သော်သော်ကတော့ စစ်ကြောရေးကို မဖြတ်သန်း ခဲ့ရဘဲ ရဲစခန်းရဲ့အချုပ်ထဲမှာနေပြီး ၃ရက်လောက်အစစ်ခံခဲ့ရပါတယ်။ အဲ့ဒီမှာလည်း သူဟာ LGBT ဖြစ်တည်မှုကို နှိမ့်ချစော်ကားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ကာလတုန်းက ဟော်မုန်းဆေးသောက်ထားတဲ့အရှိန်ရှိနေသေးတဲ့အတွက် ရင်သားတွေ ရှိနေတာကို ယောကျာ်းလေးအဝတ်အစားဝတ်ရတဲ့အခါ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သော်သော်က ဆိုပါတယ်။

“စွပ်ကျယ်ဝတ်ထားလို့အောက်မှာ ရင်သားတွေရှိနေတယ်ဆို ယောကျာ်းကြီးဖြစ်ပြီးနို့ကြီးက အကြီးကြီး ပဲလို့ အဲ့လိုပြောတာမျိုးတွေရှိတယ်၊  မုတ်ဆိတ်မွေးထွက်လာရင် ရိတ်လို့မရဘူး၊ အဲ့အခါ ရုပ်ကြီးကို ကြည့်ပါဦး၊ အခု လူမှန်နေရာမှန်ဖြစ်တာ အဲ့လိုပြောတာမျိုးတွေရှိတယ်”လို့  စိတ်ပိုင်းဆိုင်ရာ နစ်နာအောင် ဖိနှိပ်ခံရမှုတွေအပေါ် သော်သော်က ပြောပြပါတယ်။

စစ်တပ်ဟာ စစ်ကြောရေးငရဲခန်းမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေကို အမျိုးသားနဲ့ အမျိုးသမီးတွေအပေါ်ထက် LGBT တွေအပေါ် နှစ်ဆ ပိုတဲ့ ဖိနှိပ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ လွတ်မြောက်လာတဲ့ LGBT တွေက ဆိုပါတယ်။

လက်ရှိ မြန်မာ့ဥပဒေဟာ  LGBT တွေကို အကာအကွယ်ပေးဖို့ထက် ဖိနှိပ်ဖို့ကိုပဲ ဦးတည်နေပြီး ထောင်တွင်းမှာ ကျူးလွန်ခံရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တိုင်ကြားဖို့ ယန္တရားလုံးဝ မရှိသလို၊ တိုင်ကြားခဲ့ရင်လည်း ထပ်ဆင့် နှိပ်စက် ခံရမှာကို စိုးရိမ်နေရတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ CAN Myanmar တည်ထောင်သူ စောဇင်မောင်စိုးက မှတ်ချက်ပြုပါတယ်။

 သူက “စစ်ကြောရေးနဲ့ ထောင်တွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ လက်နက်တခုလို ဖြစ်နေ ပါတယ်၊ LGBT နိုင်ကျဉ်းတွေဟာ  အကာအကွယ်မဲ့နေပါတယ်” လို့ HI Honest Information ကို ပြော ပါတယ်။

လီယို၊ ငြိမ်းနဲ့ သော်သော်တို့လို LGBT ဖြစ်တည်မှုကို ဖော်ထုတ်ပြောဆိုထားသူတွေဟာ စခန်းအချုပ်၊ စစ်ကြောရေးတွေကို လွန်မြောက်ပြီး အင်းစိန်ထောင်ကို ရောက်တဲ့အခါမှာ Gay တိုက်လို့ခေါ်တဲ့ နပ္ပလိင်ဆောင်မှာသီးသန့် အကျဉ်းကျခံကြရပါတယ်။ LGBT ဖြစ်တည်မှုကို ဖော်ထုတ်မပြောဆိုထား ရင်တော့ ယောကျာ်းဆောင်မှာပဲနေရပါတယ်။ Gay တိုက်ကိုရောက်ရင်တော့ တခြားအကျဉ်းသား တွေနဲ့ မတူတဲ့ ဖိနှိပ်မှုတွေနဲ့ရင်ဆိုင်ကြရပါတယ်။

ထောင်ကိုစရောက်တဲ့အချိန်မှာလည်း တကိုယ်လုံးစစ်ဆေးလို့ အင်္ကျီတွေချွတ်ရတဲ့အခါ ရင်သားတွေ ကို ဖော်ပြီး အပေါ်ပိုင်းဗလာနဲ့ အကျဉ်းသားတွေရှေ့မှာနေရတာ တော်တော်ဒုက္ခ ရောက်ခဲ့ရတယ်လို့ သော်သော်ကပြောပါတယ်။

“ဒီအရာတွေကျွန်မမပြချင်ဘူး၊  ဖော်ပြဖို့အဆင်မပြေတဲ့နေရာဖြစ်တဲ့အတွက်မပြချင်ဘူး၊ အတင်းအကြပ် လူအယောက် လေး၊ ငါးရာလောက်ရှိနေတဲ့ ပတ်ချာလည်ကြီးမှာ ထောင်သားတွေ လည်း သွားလာနေတဲ့နေရာမှာ အကျီကျွတ်ကြီးနဲ့ ရင်သားကြီးနဲ့  ဆံပင်ဖားလျားကြီးနဲ့ရှိခဲ့ရတာ”လို့ သော်သော်ကအဲ့တုန်းက အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။

Gay တိုက်ထဲကိုရောက်တဲ့အချိန်မှာ တခြားအကျဉ်းသားတွေရတဲ့ အခွင့်အရေးတွေတောင်မရတဲ့အပြင် တန်း မဖွင့်တာ၊ ထောင်ဝန်းထဲထွက်ခွင့်မရတာ၊ လမ်းလျှောက်လို့မရတာ၊ ထောင်ဝန်းထဲကဘုရား သွားလို့ မရတာ၊ စာအုပ်ငှားလို့မရတာ၊ ထောင်ဆေးခန်းပေးမသွားတာ၊ ဆေးရုံဆောင်က အမှိုက်တွေ ကောက်ရတာ၊ ဆေးရုံဆောင်သန့်ရှင်းရေးဆို LGBT အကျဉ်းသားတွေကိုပဲ သီးသန့်ခိုင်းတာမျိုးတွေရှိတယ်လို့ လွတ်မြောက်လာတဲ့ LGBT နိုင်ငံရေးအကျဉ်းသားတွေက HI Honest Information ကို ပြောပါတယ်။

“အပြင်ကိုထုတ်လိုက်တယ်ဆိုရင်     ထောင်သားတွေနဲ့ ဂေးတွေနဲ့ လိင်ကိစ္စတွေ ရှုပ်ကုန်မယ်ဆိုပြီး Gay တွေကို တန်းဖွင့်မပေးတော့ဘူး”လို့ သော်သော်က ပြောပြပါတယ်။

အကျဉ်းထောင်ထဲမှာ  စိတ်ရောဂါသည်တွေ၊ တီဗီရောဂါသည်တွေကို တိုက်ပိတ်တာက ရောဂါသည် ဖြစ်လို့ ကူးစက်ရောဂါဖြစ်လို့ဆိုတဲ့အကြောင်းပြချက်ရှိပေမယ့် LGBT တွေကိုတိုက်ပိတ်ထားတာ ကတော့ တမင်ဖိနှိပ်မှုပဲဖြစ်တယ်လို့ LGBT နိုင်ကျဉ်းတွေကဆိုပါတယ်။

“ကျွန်မတို့ထွက်လို့ရတာလည်းတခုပဲ၊ ထောင်ကဖျော်ဖြေရေးပွဲတွေလုပ်တဲ့အချိန်၊ ထွက်ရတယ်ဆိုတာ လည်း လူနည်းစုပဲထွက်ရတာ၊ ပွဲကြည့်တောင် မထုတ်ဘူး”လို့ သော်သော်က သူ့အတွေ့အကြုံကို ပြောပါတယ်။

ဒါကတော့ အင်းစိန်ထောင်မှာ သူကြုံခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်။

ရန်ကုန်မဟုတ်ဘဲ နယ်မြို့တခုက ကထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ငြိမ်းအတွက်တော့  LGBT သီးသန့် နေရတာမျိုးမဟုတ်ဘဲ အမျိုးသားဆောင်မှာ နေထိုင်ခဲ့ရပါတယ်။ 

ထောင်ထဲမှာ အကျဉ်းသားတွေတန်းစီပြီး အိပ်ရတဲ့အခါ သူ့ကို အမျိုးသားအကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးမယ့်သူ အန္တရာယ်ရှိသူ၊ စိတ်မချရတဲ့သူလိုမျိုး ထောင်ဝန်ထမ်းတွေက တံဆိပ်ကပ် ပြောဆိုတာမျိုးတွေကြုံတွေ့ရသူ ဖြစ်ပါတယ်။

တန်းစီးနဲ့ထောင်ဝန်ထမ်းတွေ၊ နိုင်ကျဉ်းမဟုတ်တဲ့ တခြားအမှုနဲ့ ထောင်ကျနေသူတွေက သူ့ရဲ့ ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတာ၊ သားကောင်တကောင်အဖြစ်မြင်ပြီး  ထိခိုက်ပြောဆို တာတွေကို အရှေ့မှာရော၊ နောက်ကွယ်မှာရော ပြောဆိုတာမျိုးတွေကြုံတွေ့ရတယ်လို့ဆိုပါတယ်။

“ကိုယ်က LGBT ဖြစ်ပေမယ်လည်း ပရမ်းပတာနေခဲ့တာမျိုးမဟုတ်ဘူး၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် လူမှုရေးမှာပဲဖြစ်ဖြစ်”လို့ ငြိမ်းက ဆိုပါတယ်။

LGBT အကျဉ်းသားတွေဟာ ဒီလို လူသားဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ခွဲခြားမှုတွေအပြင် အလုပ်ကြမ်း တွေကိုလည်း တခြားအကျဉ်းသားတွေထက် ပိုလုပ်ရတာမျိုးတွေလည်းကြုံကြရပါတယ်။  

ထောင်ထဲမှာ အုတ်သယ်ရတာမျိုးဆို တခြားအကျဉ်းသား တွေက တစ်ခါထွက်သယ်ရင် LGBT တွေက နှစ်ခါထွက်ရတယ်လို့ သော်သော်က ပြောပြပါတယ်။  တဆောင်လုံးက အကျဉ်းသားတွေ ပစ်ထားတဲ့ စားကြွင်းစားကျန်အမှိုက်တွေအပါအဝင် လောက်တွေတွယ်ပြီး၊ နံစော်နေတဲ့အမှိုက်တွေကို LGBT အကျဉ်းသားတွေက သယ်ပြီးပစ်ရတာမျိုးကို တာဝန်တခုအဖြစ်လုပ်ကြရပါတယ်။  

“တလလုံးထားထားတဲ့ အမှိုက်ပုံကို သယ်ရတာဖြစ်တဲ့အတွက် အိတ်တွေကရိပြီး ပေါက်ပြဲနေတာ၊ အမှိုက်သယ်ပြီးပြီဆို  တကိုယ်လုံးအနံ့တွေကစွဲနေတာ”လို့ သော်သော် က အတွေ့အကြုံတချို့ကို ပြန်ပြောပြပါတယ်။  

တချို့အကျဉ်းထောင်ဝန်ထမ်းတွေအနေနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံကြတာရှိသလို၊ ဖြစ်တည်မှုကို ပစ်မှတ်ထားပြီးပြောနေတာမျိုးတွေက သူတို့ ကြုံတွေ့ရတဲ့ အကျဉ်းသားဘဝအတွေ့အကြုံတွေပါပဲ။

လီယိုရဲ့ အတွေ့အကြုံတခုအရ  ထောင်အရာရှိတဦးက သူတို့အဆောင်ကို ရှာဖွေရေးလုပ်ချိန်မှာ LGBT ဖြစ်နေတဲ့ သူတို့ကို “မင်းတို့ ယောက်ကျားကြီးတန်မယ့်နဲ့ ခြောက်နေတာ ‌ေ-ာက်ရှက်မရှိဘူးလား၊ မင်းတို့ကြောင့်မင်းတို့မိဘတွေ အရှက်ရစေရတယ်” ဆိုတဲ့စကားမျိုးအပြင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ ပြောဆိုတာမျိုးတွေ ရင်ဆိုင်ခဲ့ရပါတယ်။

ထောင်ထဲမှာအဆင်မပြေတာတွေရှိလို့ တာဝန်ရှိသူတွေလာရင်တင်ပြမယ်လို့တွေးပေမယ့် ထောင်ပိုင် တွေ၊ ရာထူးကြီးသူတွေ ဘယ်သူကမှ  ဂေးတိုက်ကို လာမကြည့်ကြဘူးလို့ LGBT နိုင်ကျဉ်းတွေက ပြောပါတယ်။

ဒီလို အကျဉ်းထောင်တွေထဲကပြန်လည်လွှတ်မြောက်လာတဲ့အခါမှာလည်း စစ်ကြောရေးဒဏ်၊ အကျဉ်းထောင်အတွင်းက အနေအထိုင် အစားအသောက်ဆင်းရဲမှုတွေကြောင့် အရေပြားမှိုစွဲတာ၊ အစာအိမ်ရောဂါ၊ အာဟာရချို့တဲ့လို့ မျက်လုံးမှုန်တာ၊ နားမကြားတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါ ဝေဒနာတွေနဲ့ ဆက်လက်ရင်ဆိုင်ကြရပြန်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရောဂါတွေအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ကလည်း အနာမကျက်သေးပါဘူး။ ယူနီဖောင်းတွေမြင်ရင်ကြောက်တာ၊ ခွေးဟောင်သံ၊ ဆိုင်ကယ်သံ ကြားရင် စိတ်ခြောက်ခြားတာ စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရှင်တွဲနေထိုင်နေကြရပါတယ်။  ဒီကြားထဲက ဘဝကိုအစကပြန်စကြရတဲ့အခါ စားဝတ်နေရေး၊ ရပ်တည်ရေးတွေမှာလည်း အခက်အခဲ တွေနဲ့ ကြုံတွေ့နေကြရတယ်လို့ LGBT နိုင်ကျဉ်းတွေက ဆိုပါတယ်။

“ရောဂါတွေခံစားရတိုင်း ဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်တွေ မျက်စိထဲပြန်မြင်လာတယ်၊ စိတ်က ဘယ်လိုမှ အဆင်မပြေဘူး၊ လက်ရှိလည်း  Counselling ယူနေရတဲ့အခြေအနေဖြစ်တယ်” လို့ အကျဉ်းထောင်ထဲမှာ ၁ နှစ်ကျော် အကျဉ်းချခံခဲ့ရတဲ့ သော်သော်က ဆိုပါတယ်။

နိုင်ငံရေးယုံကြည်ချက်ကို ဖိနှိပ်မှု၊ မိရိုးဖလာ အကျဉ်းထောင်စနစ်ရဲ့ ကျား၊ မ ဂျန်ဒါခွဲခြားမှု၊ လူ့အဖွဲ့အစည်းက ယုံကြည်ထားတဲ့ အယူအဆနဲ့ အစွဲအလမ်းအမှားတွေ စတဲ့ ဖိနှိပ်မှု သုံးထပ်ကွမ်းကို လိင်စိတ်ခံယူမှုမတူညီတဲ့ LGBT နိုင်ငံရေးအကျဉ်းသားတွေ ခံနေရတယ်လို့  CAN Myanmar တည်ထောင်သူက သုံးသပ်ပါတယ်။

“အကျဉ်းထောင်ဆိုတာက Binary System (ကျား သို့မဟုတ် မ) အပေါ်မှာပဲ တည်ဆောက်ထားတာ ဖြစ်လို့ Transgender တွေအတွက် လုံခြုံမှု အကင်းမဲ့ဆုံး နေရာဖြစ်နေတယ်”လို့  စောဇင်မောင်စိုးက ပြောပါတယ်။

အာဏာပိုင်တွေဟာ LGBT နိုင်ကျဉ်းတွေကို စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်ဖို့အတွက် သူတို့ရဲ့ ဖြစ်တည်မှု ကို အသုံးချပြီး လှောင်ပြောင်တာ၊ အတင်းအကြပ် ဆံပင်ညှပ်ခိုင်းတာ၊ ဝတ်စားဆင်ယင်မှုကို ကန့်သတ် တာတွေ လုပ်တာက လူတယောက်ရဲ့ ပင်ကိုယ်တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တမင်ဖျက်ဆီးတာ ဖြစ်တယ် လို့ သူကမှတ်ချက်ပြုပါတယ်။

LGBT တွေ ဥပမာ – Trans woman တွေဟာ ထောင်ထဲမှာ ဟော်မုန်းဆေး မရတော့တဲ့အတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန် ခံစားရတာ၊ HIV ပိုးရှိသူ နိုင်ကျဉ်းတွေအတွက် ART ဆေးဝါး ပုံမှန်မရရှိတာစတဲ့အရာတွေက အသက်ရှင်သန်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

အလားတူ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်ကလည်း  LGBT နိုင်ကျဉ်းတွေကို ဂုဏ်သိက္ခာပိုင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး နှုတ်နဲ့ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ စော်ကားမှုတွေက အရင်ကလည်းရှိခဲ့ပြီး အခုအခါမှာတော့ ပိုဆိုးလာတယ်လို့ ထောက်ပြပြောဆိုပါတယ်။

ဦးအောင်မျိုးကျော်က “LGBT နိုင်ကျဉ်းတွေက တခြားနိုင်ကျဉ်းတွေထက်စာရင် ပိုပြီးတော့ အခက်အခဲ တွေ စိန်ခေါ်မှုတွေ ကြုံရတယ်၊ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာမပြောနဲ့ အပြင်လောကမှာ တောင်မှ LGBT တွေဆိုရင် ခွဲခြားဆက်ဆံတာတွေ နှိမ်ချပြီးတော့ဆက်ဆံတဲ့ ကိစ္စတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေသေးတယ်”လို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့   သူတို့ရဲ့ မိသားစုတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စားဝတ်နေရေးတစုံတရာအဆင်ပြေစေဖို့အတွက် လူမှုအကူအညီ တွေကို ထောက်ပံ့ပေးတာ၊ AAPP Counseling Program ကနေ စိတ်ဓါတ် မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ကူညီရေးစီစဉ်ပေးတာတွေရှိတဲ့အတွက် ဆက်သွယ်နိုင်တယ်လို့  AAPP ရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းပြသခဲ့တဲ့ လီယို၊ ငြိမ်းနဲ့ သော်သော်တို့ ၃ ယောက်ဟာ  ထောင်က ထွက်လာပြီးနောက်ပိုင်း ရရာအလုပ်လုပ်ကိုင်ပြီး အထဲမှာကျန်ခဲ့တဲ့ အိမ်ကထောင်ဝင်စာမပို့နိုင်တဲ့ LGBT နိုင်ကျဉ်းတွေကို ပြန်ကြည့်ရှုစောင့်ရှောက်ချင်စိတ်နဲ့ ရတဲ့ငွေ‌လေးနဲ့ ပြန်ထောက်ပံ့တာမျိုးတွေကို တပိုင်တနိုင် ဆက်လုပ်နေကြတယ်လို့ ဆိုပါတယ်။  

သူတို့ဟာ ကိုယ်တိုင်လည်းဖိနှိပ်မှုတွေအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ကြရပေမယ့် အကျဉ်းထောင်ထဲမှာ ကျန်ခဲ့တဲ့ နွေဦးတော်လှန်ရေးကိုအတူတူလျှောက်လှမ်းခဲ့ကြတဲ့သူတွေအတွက် အားတင်းပြီး နေထိုင် နေကြတာကို သူတို့ပြောစကားတွေထဲမှာ တွေ့ရပါတယ်။

ဒါအပြင် သူတို့အပါအဝင် တော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ LGBT နိုင်ကျဉ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ပြန်လည်ကုစားပေးနိုင်မယ့် အကူအညီနဲ့ စောင့်ရှောက်မှုတွေကို လည်း တော်လှန်ရေးအင်အားစုတွေဆီက မျှော်လင့်နေကြတာကို အခုလို သော်သော် ပြောလိုက်တဲ့ စကားက ဖော်ပြနေပါတယ်။

“ပြန်ပြီးကူညီပေးနိုင်ကြမယ်ဆိုရင်တော့ ခံစားနေရတာတွေ ပြန်ပြီးသက်သာလာနိုင်မယ်၊ နေ့စဉ်ဘဝမှာ ဒုက္ခရောက်နေရင်တောင် ခံသာနိုင်မယ်”