အာဏာသိမ်းပြီး ၅နှစ်ကြား တိုးပွားလာတဲ့ အိမ်အကူကလေးလုပ်သားတွေ

လင်းဆက်မေ

အလုပ်ကအပြန် နေထိုင်ရာအခန်းဆီ တိုက်လှေကားအတိုင်းတက်လာတဲ့ မအိ(အမည်လွှဲ)တယောက် ကိုယ့်အခန်းကို မရောက်ခင်မှာ “အန်တီ” ဆိုတဲ့ ခေါ်သံခပ်တိုးတိုးလေးနဲ့အတူ တိုက်ခန်းတံခါးတချပ်ဖွင့်သံကို ရုတ်တရက် ကြားလိုက်ရတယ်။

ခေါ်သံကြားရာ အခန်းဘက်ကို ကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက မအိကို မှင်တက်သွားစေပါတယ်။ သံပန်းတံခါးကြားကနေ သူ့ကိုချောင်းကြည့်နေတဲ့ ကလေးမလေးရဲ့ မျက်လုံး၂ ဖက်လုံးဟာ ထိုးကြိတ်ခံထားရ သလို ညိုမဲဖူးရောင်နေပါတယ်။  လက်မောင်းသေးသေးလေး ၂ ဘက်ကလည်း အညိုအမဲစွဲလို့။

မအိတယောက် ငြိမ်သက်ဆွံ့အနေချိန်မှာပဲ ကလေးမလေးက “မုန့်ပါလားဟင် သမီးဗိုက်ဆာလို့ပါ” ဆိုပြီး တောင်းလိုက်တော့မှ အသိပြန်ဝင်လာပြီး ပါလာတဲ့ မုန့်လေးတထုတ်ကို ပေးလိုက်ပါတယ်။ ကလေးမလေးက ပျော်သွားပြီး သံပန်းကြားကနေ မုန့်လှမ်းယူရင်း ပြုံးပြပါတယ်။

ကလေးမလေးကို ကြည့်ရတာမသက်သာလွန်းလို့ “သမီး ဘာဖြစ်ထားတာလဲ” လို့မေးမိတော့ “ဦးဦးရိုက်တာ၊ ထိုးတာ” ဆိုပြီး ရိုက်ခံနေကြ ဘာမှမထူးသလိုလေး ပြန်ဖြေပါတယ်။

မအိတယောက် ရုတ်တရက်သိလိုက်ရတာက သူကြားနေကြ အောက်ထပ်တိုက်ခန်းက ဒေါသတကြီး အော်ဟစ်ဆူပူ ကြိမ်းမောင်းသံ၊ ပေါက်ခွဲရိုက်နှက်သံ၊ ခပ်တိုးတိုး ငိုယိုသံတွေက ဒီကလေးမလေးတို့အခန်းက ဆိုတာပါပဲ။

အသက် ၄၀ ကျော်အရွယ် မအိဟာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မြို့နယ်တခုက ကန်ထရိုက်တိုက်တခုမှာ မိဘတွေနဲ့ အတူနေတာပါ။ ဒီတိုက်ခန်းမှာ နေလာတာ ၇ နှစ်ဝန်းကျင် ရှိပြီမို့ တတိုက်တည်း နေကြသူတွေ အချင်းချင်း သာမက  အနီးအနား ပတ်ဝန်းကျင်နဲ့လည်း ရင်းနှီးခင်မင်ပြီး အပြန်အလှန် ဖေးမစောင့်ရှောက်ပြီး နေနေကြတာ ပါ။ မအိရုံးသွားရင် အိမ်မှာ ကျန်ခဲ့တဲ့ အရွယ်လွန်မိဘနှစ်ပါးကို စိတ်ချနိုင်တာကလည်း ပတ်ဝန်းကျင်ကောင်းလို့ ပါပဲ။

ဒီကလေးမလေးနေတဲ့အခန်းကတော့ မအိတို့အောက်ထပ်ကို ပြောင်းလာတာ မကြာသေးပါဘူး။ ပတ်ဝန်းကျင်နဲ့ လည်း ခပ်ကင်းကင်းနေတာမို့ သူတို့အကြောင်း ဘယ်သူမှ သိပ်မသိကြပါဘူး။

ကလေးမလေးက နေ့စဉ်ရက်ဆက်ဆိုသလို ရိုက်နှက်ခံရတယ်။ အစားအသောက်လည်း ဝဝလင်လင် မစားရတာမို့ ဗိုက်ဆာနေတတ်ပြီး၊ အိမ်ရှင်တွေ မရှိတုန်းမှာ ရုံးကပြန်လာတဲ့ မအိကိုတွေ့လို့ အရဲစွန့် မုန့်တောင်းစားရာကနေ ဒီအခြေအနေတွေကို သိလိုက်ရတာပါ။ လက်မောင်းကလေးတွေ အညိုအမည်း စွဲနေအောင် အရိုက်ခံထားရတတ်သလို မျက်လုံးတွေ၊ ပါးစောင်တွေ ဖူးရောင်နေအောင်လည်း ထိုးကြိတ်ခံထားရတတ် ပါတယ်။ နှုတ်ခမ်းလေးတွေ ကွဲနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

တရက်တုန်းကဆိုရင် အိမ်ရှင်တွေအလုပ်မသွားခင်မှာ အော်ဟစ်ဆူပူငေါက်ငမ်းသံတွေ၊ ရိုက်နှက်သံတွေ ကြားရ တယ်။ အိမ်ရှင်တွေ ထွက်သွားချိန်မှာ မအိတယောက် အောက်ဆင်းကြည့်ပြီး တံခါးခေါက်လိုက်တော့ ကလေးမလေးက ငိုရက်သား တံခါးဖွင့်ပေးတယ်။ ကြောက်ပြီး  အသံတောင်မထွက်နိုင်ရှာတဲ့ကလေးမလေးကို  မအိ မမြင်ရက်နိုင်ဖြစ်ခဲ့ရပါတယ်။

“သနားလိုက်တာ၊ သနားလိုက်တာဆိုတဲ့စကားထက်ပိုပြီး ပြည့်စုံတဲ့စကား မရှာတတ်လို့ပါ၊ မြင်ရတာကတော့ တကယ့်ကို ဘယ်လိုမှ မခံစားရက်နိုင်ဘူး” လို့ မအိက သူမြင်တွေ့ကြားသိနေရတဲ့အခြေအနေနဲ့ပတ်သက်လို့  ပြန်ပြောပြပါတယ်။

“ရိုက်နှက်ဆူပူသံတွေ ကြားရပေမယ့် လင်မယားချင်းရန်ဖြစ်တယ်ထင်ပြီး မဆိုင်သလိုနေခဲ့တာကြာပြီ” လို့ မအိက ဆက်ပြောပါတယ်။

ဒါပေမဲ့ မတရားရိုက်နှက်နှိပ်စက်ခံနေရတာဟာ လူမမယ်ကလေးအရွယ်လေးဆိုတာကို သိလိုက်ရချိန်မှာ မအိတယောက် လက်ခံလို့မရသလို၊ ရတဲ့နည်းနဲ့ တားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမိစေခဲ့ပါတယ်။

အဲဒီကလေးမလေးဟာ အိမ်အလုပ်လည်းလုပ်ရ၊ နေ့စဉ်ဆိုသလို အရိုက်နှက်ခံနေရတဲ့အပြင် အစားအသောက် ဝဝလင်လင် မစားရဘူး။ အိပ်တော့လည်း ခွေးနဲ့အတူအိပ်ရတယ် ဆိုပြီးပြောပါတယ်။ ဒီလိုအခြအနေတွေကို ရုံးကပြန်လာတိုင်း မုန့်လေးဝင်ဝင်ကျွေးရာကနေ မအိက တစတစထပ်ပြီးသိသိလာရတာပါ။

အခြေအနေတွေ အားလုံးက အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ ဂယက်တွေလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တဦးကပြောပါတယ်။

အာဏာသိမ်းလို့ အခုလိုတနိုင်ငံလုံး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က ဆုတ်ယုတ်သွား ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးသူငယ်တွေက အခုလိုထိခိုက်ခံစားရတာတွေရှိတယ်လို့ အမည် မဖော်လိုတဲ့တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“မိဘအလုပ်အကိုင် မပြေလည်တဲ့အခါ ကျောင်းကထွက်ပြီး အိမ်အတွက် ဝင်ငွေရှာပေးရတဲ့ အခြေအနေကနေ ဒီလို အကြမ်းဖက်နှိပ်စက်ခံဘဝတွေကို ရောက်လာရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကလေးသူငယ်အလုပ်သမားအရေအတွက် တိုးလာတာ၊ လျှော့ချဖို့ခက်ခဲနေတာ ကို စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်း သတင်းစာခေါင်းကြီးမှာတောင် “မိမိတို့နိုင်ငံတွင် ကလေး အလုပ်သမား ၁ ဒသမ ၁၂၅ သန်း ခန့်ရှိလာပြီး ပြည်တွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများနှင့် နိုင်ငံရေးအကျပ်အတည်းများက ကလေးအလုပ်သမား လျှော့ချရေး ဆောင် ရွက်ရာတွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများပင်ဖြစ်သည်” လို့ ဝန်ခံထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်နေတဲ့နေရာတွေမှာ ကျောင်းတွေ မဖွင့်လှစ်နိုင်တော့တာ၊ ကလေးတွေ ပညာသင်ဖို့ အခွင့်အရေးဆုံးရှုံးသွားတာ၊ မိဘတွေက စားဝတ်နေရေး ကြပ်တည်းလာတဲ့အခါ အခုလိုအခြေအနေမျိုးတွေ ဖြစ်လာကြပါတယ်။

မိသားစုအတွက် တဖက်တလမ်းက ဝင်ငွေရှာပေးရတဲ့ ကလေးတွေထဲက ၃ ပုံ ၁ ပုံက  အိမ်အကူလုပ်ကြရ တာပါ။ တချို့က စိုက်ပျိုးရေးလုပ်ငန်းတွေ၊  ကုန်ထုတ်လုပ်ငန်းတွေနဲ့ အရောင်းဆိုင်တွေမှာလည်း လုပ်ကြရ ပါတယ်။  ကလေးအများစုက လုပ်ခနည်းနည်းလေးနဲ့ အလုပ်ချိန်အကြာကြီး လုပ်ကိုင်နေရတာမျိုးလည်း ရှိနေတယ်လို့ မြန်မာ့အလင်းသတင်းစာ ခေါင်းကြီးမှာရေးထားပါတယ်။ 

မအိတို့တိုက်ခန်းရဲ့ အောက်ထပ်က ကလေးမလေးက အာဏာသိမ်းပြီးနောက်ပိုင်း  မိဘက အလုပ်အကိုင် အဆင် မပြေဖြစ်တော့  သမီးကိုကျောင်းထုတ်ပြီး  သူများအိမ်မှာ အလုပ်သမားအဖြစ်လွှတ်လို့ အလုပ်လာလုပ်ရတဲ့ ကလေးမလေးပါ။

လွန်ခဲ့တဲ့ ၅ နှစ်၊ စစ်တပ်အာဏာမသိမ်းခင်က ၃ တန်းတက်နေတဲ့ ညိုညို(အမည်လွှဲ)က ဧရာဝတီတိုင်းကပါ။ အာဏာသိမ်းပြီး နောက်တနှစ်မှာတော့ မိဘကကျောင်းမထားနိုင်တဲ့အပြင် အိမ်စရိတ်လည်းမလောက်မငှတာမို့ သူ့ကို နေပြည်တော်က အသိအိမ်မှာ အိမ်အကူနဲ့ ဈေးရောင်းကူဖို့ ပို့လိုက်တာပါ။  ရွာမှာရပ်ဆွေရပ်မျိုး ဖြစ်နေတာမို့ သမီးမိန်းကလေးပေမယ့် အဲဒီအိမ်ကိုစိတ်ချလက်ချ လွှတ်လိုက်ရဲတာပါ။

အခုတော့ ရောက်လာတာ ၄ နှစ်ကျော်လို့ ၅နှစ်ထဲ ရောက်လာပေမယ့် အိမ်လည်းပြန်လည်လို့ မရ၊ နေ့စဉ်ရက် ဆက်ဆိုသလို အဆူခံ၊ အငေါက်ခံ ဘဝနဲ့ပဲ ဖြတ်သန်းနေရပါတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံကို မနက်ပိုင်းရော ညပိုင်းပါ ရောင်းတဲ့ဆိုင်မို့ တနေ့တနေ့ လုပ်လိုက်ရတဲ့အလုပ်က ညိုညိုတယောက် ဘယ်တော့မှ မနားရပါဘူး။

မနက် ၄ နာရီ လောက်ကတည်းက ချက်ပြုတ်တာကို ကူလုပ်၊ ဆိုင်ဖွင့်တော့ဈေးကူရောင်း၊ နေ့လယ်ကျတော့ အိမ်အလုပ်တွေလုပ်၊ ညနေရောင်းဖို့ ချက်တာကို တခါပြန်ကူလုပ်နဲ့ မျက်စိ ၂ လုံးပွင့်တဲ့ မနက် ၄ နာရီကတည်းက လုပ်လိုက်ရတာ၊ ည မိုးချုပ်တော့မှပဲ နားရပါတော့တယ်။

အလုပ်ပင်ပန်းတာရယ်၊ အဆူခံရတာရယ်ပေါင်းတော့ အမြဲတမ်း မှုန်ကုပ်ကုပ်လေးဖြစ်နေတဲ့ ညိုညိုက “အိပ်ရေး  ဝဝလေး အိပ်ရရင် တော်ပါပြီ” လို့ ဆိုပါတယ်။

“လစာတွေကလည်း အမေတို့ကြိုကြိုထုတ်ထားကြတာ ဘယ်တော့များမှ ကျေမှာလဲမသိ” ဆိုပြီး ပြန်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာကို မျက်ရည်လေးဝဲလို့ ပြောပါတယ်။

အခွံနွှာနေတဲ့ကြက်သွန်တွေက အသစ်မို့မွှန်ပြီး မျက်ရည်ကျတာလား၊ သူ့ဘဝသူအားငယ်လို့ မျက်ရည်ဝဲသလား ညိုညိုသာပဲ သိနိုင်မှာပါ။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ၁၄ နှစ်အောက်ဆိုရင် အလုပ်လုပ်ခွင့် မရှိပါဘူး။ ခိုင်းစေခွင့်လည်း မရှိပါ ဘူး။ ၁၄ နှစ်ကျော်လို့ အလုပ်လုပ်ခွင့်ရရလည်း  အလုပ်ချိန်က ၄ နာရီထက် ပိုလို့ မရပါဘူး။ ဒါတွေကို လူသိ နည်းတယ်လို့ အထက်တန်းရှေ့နေ အမျိုးသမီးတဦးက ရှင်းပြပါတယ်။

ဒါပေမဲ့ ဥပဒေဟာ ဥပဒေစာအုပ်ထဲက ဥပဒေသက်သက်ပါပဲ။ လက်တွေ့ပြင်ပမှာတော့ မအိတို့အိမ်အောက်ထပ် က အိမ်အကူ ကလေးမလေးနဲ့ ညိုညိုတို့လို လူမသိသူမသိ ဖြစ်စဉ်တွေအပြင် သတင်းမီဒီယာတွေမှာ လူသိထင်ရှားဖော်ပြခံရတဲ့ကိစ္စတွေက အမြောက်အများ ရှိနေပါတယ်။

ကာကွယ်စောင့်ရှောက်မှုအပြည့်အဝမရရှိတဲ့ မြန်မာပြည်က ကလေးငယ်တွေကို အာဏာသိမ်းမှု၊ တိုင်းပြည် မတည်ငြိမ်မှုတွေက ဒုက္ခတွင်းထဲကို ထပ်ပြီးတွန်းပို့နေတယ်ဆိုတာ  ဒီလိုဖြစ်စဉ်တွေက သက်သေပြနေပါတယ်။

၂၀၂၅ နိုဝင်ဘာလမှာဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း၊  မှော်ဘီမြို့နယ်က ဖြစ်စဉ်မှာဆိုရင် ကလေးမလေးက တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ရတာပါ။ ဂေဟာပိုင်ရှင်က ရိုက်နှက်နှိပ်စက်လွန်းလို့ မခံနိုင်ဘဲ ထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ပတ်ဝန်းကျင်ကသိပြီး လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလို့သာ ကလေးငယ်ကို ရိုက်နှက်နှိပ်စက်တဲ့ အမျိုးသမီးကို အရေးယူဖို့ ဖြစ်လာခဲ့တာပါ။

ဒီနှစ် ဇန်နဝါရီလကမှပေါ်လာတဲ့ တောင်ဥက္ကလာက ကလေးမလေးဖြစ်စဉ်ကျပြန်တော့ မိဘကကျွေးမွေး စောင့်ရှောက်ဖို့ခက်ခဲလို့ ကောင်းကောင်းမွန်မွန်မွေးစားမယ်၊ ကျောင်းထားပေးမယ်ဆိုတဲ့သူတွေရဲ့လက်ထဲ ထည့်လိုက်တာပါ။ အသက် ၁၁ နှစ်ရှိလာပြီဖြစ်တဲ့ ကလေးမလေးကို စမွေးစားကတည်းက အစားအစာ ကောင်းကောင်း မကျွေးဘူး။ ကျောင်းလည်း ထားမပေးဘူး။ မွေးထားတဲ့ခွေးနဲ့ အတူအိပ်ရတယ်၊ ရိုက်နှက် နှိပ်စက်တယ်လို့လဲ သတင်းတွေမှာ ဖော်ပြပါတယ်။  

အဖြစ်အပျက် ၂ ခုလုံးမှာ အွန်လိုင်းမှာပြန်နှံ့ပြီး လူတွေသိကုန်တာမို့ ကျုးလွန်သူတွေကို အရေးယူတာမျိုးလုပ်နိုင် ခဲ့တာပါ။

တခြားဖြစ်စဉ်တွေဟာ လူသိမှ အရေးယူအပြစ်ပေးတာမျိုး လုပ်နိုင်တဲ့အနေအထားဖြစ်ပေမယ့် မအိကတော့ သူ့မျက်စိရှေ့မှာမြင်နေရတဲ့ လူမသိသူမသိဒီကလေးမလေးကို ရအောင်ကယ်ထုတ်မယ်၊ ရပ်ကွက်ထဲက လူရင်းတွေရဲ့ အကူအညီနဲ့ သက်သေတွေစုဆောင်းပြီး ကူညီမယ်လို့ စိတ်အားထက်သန်နေပါတယ်။

ထိထိရောက်ရောက် ကူညီနိုင်ဖို့အတွက် လူမှုကူညီရေးအသင်းတွေနဲ့လည်း ချိတ်ဆက်ထားသလို၊ ရှေ့နေနဲ့လည်း တိုင်ပင်ထားတယ်လို့ပြောပြပါတယ်။

တိုင်ပင်ထားတဲ့ အထက်တန်းရှေ့နေက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အရ အသက် ၁၈နှစ်မပြည့်သေးသူက ကလေးပဲဖြစ်တယ်၊  ကလေးသူငယ်ရဲ့ အကောင်းဆုံးအကျိုးစီးပွားလို့ဆိုတဲ့  အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေး ဆိုတာတွေကို မိဘ ဒါမှမဟုတ် အုပ်ထိန်းသူက ဆောင်ရွက်ပေး ရမယ်လို့ မအိကို ရှင်းပြထားပါတယ်။

ကလေးသူငယ်ဥပဒေမှာ ကလေးသူငယ်ကို ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ် ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း၊ ခေါင်းပုံဖြတ်ခြင်း (Exploitation)၊ လိင်ကိစ္စ  ၊  မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်စေခြင်း၊  ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း (Worst forms of child labour) ခွဲခြားဆက်ဆံခြင်း၊ ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခြင်းနဲ့လျစ်လျူရှုခြင်း၊ ကလေးသူငယ်၏ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေတာ သို့မဟုတ် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသော အလုပ်ခိုင်းစေခြင်း၊ လက်နက်ကိုင် ပဋိပက္ခ အတွင်း ပါဝင်ပတ်သက်စေခြင်း စတဲ့အချက်တွေကို ကျူးလွန်ရင် ကျူးလွန်မှုအလိုက် အနည်းဆုံး ထောင်ဒဏ် ၁လ၊ ဒဏ်ငွေ ၁သိန်းကနေ ဒဏ်ငွေသိန်းတရာ ထောင်ဒဏ် နှစ်၂၀ အထိကျနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ ရဲ့ ၂၀၂၅ ခုနှစ်က ထုတ်ပြန်တဲ့ UNICEF Myanmar Humanitarian Situation Report အမှတ် ၁၀ မှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပဋိပက္ခများ အရှိန်မြင့်လာခြင်း၊ ရာသီဥတု ဖောက်ပြန်မှုများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းအန္တရာယ်များ ပျံ့နှံ့နေခြင်းအပြင် အရေးပေါ်အသက်ကယ် ဝန်ဆောင်မှုများရရှိနိုင်မှု အခွင့်အလမ်းနည်းပါးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆက်လက် ဆိုးရွားနေဆဲဖြစ်သည်လို့ ဖော်ပြထားပါတယ်။

လက်တွေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့ ကလေးငယ်  ၆သန်းကျော် ရှိနေပြီးတော့ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးငယ်များသည် အကြမ်းဖက်ခံရခြင်း၊ မိသားစုနှင့်ကွဲကွာခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လျစ်လျူရှုခံရခြင်းစသည့် ဘေးအန္တရာယ်များကို ပိုမိုရင်ဆိုင်လာရသည်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ရဲ့ အစီရင်ခံစာ အမှတ် ၁၀ မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဌာန်းထားသလို  ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကိုလည်း လက်မှတ်ထိုးထားပါတယ်။ အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Help Line Phone No- 1566 သို့ သတင်းပို့နိုင်တယ်လို့လဲ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကြေငြာထားပါတယ်။

လက်တွေ့မှာ ကလေးသူငယ်တွေကို တကယ်ပဲ ကာကွယ်ပေးနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်ဆိုတာ အခုအကျုးလွန် ခံရထားရတဲ့ ကလေးမလေးတွေရဲ့ ဖြစ်စဉ်က သက်သေပြနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး HI – Honest Information မှာဖော်ပြမယ့် ဒီဆောင်းပါးကိုရေးသားဖို့ ဇန်နဝါရီ ၂၇ ရက်မှာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီဆောင်းပါးကို ရေးသားနေချိန် အထိ ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပါဘူး။ 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)ကတော့ အမျိုးသမီးငယ်လေးတွေနဲ့ပတ်သက်ပြီး သီးသန့် လုပ်ဆောင်နေတာမျိုး မရှိသေးပေမယ့် ပညာရေးကဏ္ဍကို ပံ့ပိုးကူညီခြင်းနဲ့  ကလေးအလုပ်သမား လျှော့ချရေး (ARISE) စီမံကိန်းကိုတော့ လုပ်ကိုင်နေတယ်၊ အဆိုးရွားဆုံးသော ကလေးအလုပ်သမားပုံစံများ လျော့နည်းသွား စေဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ စုံစမ်းမေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်။

လတ်တလောအကူအညီလိုအပ်နေပြီး အသက်ဘေးနဲ့ နီးစပ်တဲ့ ညှင်းပန်းနှိပ်စက်ခံရခြင်းတွေအပေါ် ချက်ချင်းအရေးပေါ်ကူညီပေးနိုင်ရေးအတွက်က တိကျတဲ့ အဖြေတခုခု မရှိနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဖော်ပြခဲ့တဲ့ အိမ်အကူမိန်းကလေးငယ်တွေရဲ့ ကိစ္စရပ်မျိုးတွေအပါအဝင် ကလေးသူငယ်တွေရဲ့ အရေးအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့က ကမ္ဘာ့အစိုးရအသီးသီးကို ပူးပေါင်း တောင်းဆိုထားတဲ့အချက်တွေ ရှိပါတယ်။

အဲဒီအချက်တွေက အန္တရာယ်ရှိသော ကလေးသူငယ်များ၊ အထူးသဖြင့် အဆိုးရွားဆုံးသော ကလေးအလုပ်သမားပုံစံများနှင့်ရင်ဆိုင်နေရသူများကိုဖော်ထုတ်ရန်၊ တားဆီးရန်နှင့် တုံ့ပြန်ရန်အတွက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စနစ်များကို အားကောင်းအောင် ဆောင်ရွက်ရန်ဆိုတဲ့အချက် အပါအဝင် အချက် ၅ ချက်ပဲဖြစ်ပါတယ်။

UNICEF နဲ့ ILO တို့ရဲ့ ဒီလိုတောင်းဆိုချက်နဲ့ပတ်သက်ပြီး “ဒီအချက်တွေကို စစ်မှန်တဲ့၊ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတရပ်သာဆိုရင်တော့ ဖြည့်ဆည်းပေးမှာပေါ့” လို့ တရားလွှတ်တော်ရှေ့နေတဦးက  တွေးတွေးဆဆနဲ့ ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်းအစီအစဉ်တွေ လုပ်ကိုင်ခဲ့တဲ့ တက်ကြွ လှုပ်ရှားသူတယောက်က မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကတည်းက ကလေးအလုပ်သမားက ရှိခဲ့ပြီး အစိုးရကသာ ကလေးသူငယ်အရေးကိစ္စအပါအဝင်  လူ့အခွင့်အရေးကိစ္စတွေကို လုပ်ပေးမယ်ဆိုရင်  အများပြည်သူကလည်း ဒါနဲ့ပတ်သက်တဲ့ အသိပညာတွေရှိလာသလို အလုပ်ရှင်တွေကလည်း ဒါကို လိုက်နာရတယ်လို့ ပြောပါတယ်။ 

သူက “အခုကျတော့ လူ့အခွင့်အရေးဆိုတာ၊ ကလေးသူငယ်အခွင့်အရေးဆိုတာတွေက ချိုနဲ့လား မေးရမယ့် အနေအထား ဖြစ်နေပြီ” လို့ သုံးသပ်ပါတယ်။

ရှေ့က ဖြစ်ပျက်ခဲ့တဲ့ ကလေးလုပ်သားတွေရဲ့ နှိပ်စက်ညှင်းပန်းခံရမှုနဲ့ ကလေးအခွင့်အရေး ချိုးဖောက်ခံနေရမှု တိုင်းဟာ အနီးဝန်းကျင်က ပြည်သူလူထုအချင်းချင်းဝိုင်းဝန်းကူမှုကြောင့် လွတ်မြောက်ခဲ့ကြရတာဖြစ်တဲ့အတွက် ဆက်လက်ပြီးလည်း ပြည်သူက ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ သူက တိုက်တွန်းပါတယ်။

ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုမှာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့  ကလေးသူငယ် ၈၂ ဦးကို တွေ့ရှိခဲ့ပြီး၊ ၎င်းတို့ကို လူမှုဖြစ်ရပ် စီမံခန့်ခွဲမှု နည်းလမ်းများနဲ့အညီ ဆောင်ရွက်ပေးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဒီအရေအတွက်က ကလေးအလုပ်သမားအချိုးနဲ့တွက်ရင် ဘာမှ မပြောပလောက်ပါဘူး။ မြေပြင်မှာ တကယ် ကြုံနေရတဲ့ ကလေးသူငယ် အရေအတွက်နဲ့နှိုင်းယှဉ်ရင် ဝန်ကြီးဌာနက ကာကွယ်ပေးနိုင်တဲ့ အရေအတွက်ဟာ ဘာမှ ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။

အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေက အဓိကတာဝန်ယူဖြေရှင်းရမယ့်ကိစ္စဖြစ်ပေမယ့်  သာမာန်ပြည်သူ တယောက်ဖြစ်တဲ့ မအိကတော့  သူမျက်စိရှေ့မှာ မြင်နေရတဲ့ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံ၊ နှိပ်စက်ခံနေရတဲ့ အိမ်အကူမိန်းကလေးငယ်ကို သူတတ်နိုင်စွမ်းရှိသလောက် ကာကွယ်စောင့်ရှောက်ဖို့ စိတ်အားထက်သန်လျှက်ရှိပါတယ်။

“ကလေးမလေးကို ရအောင်ကူညီမယ်၊ ဒီလို အဖြစ်တွေ ထပ်မဖြစ်အောင်လည်း လူတွေအချင်းချင်း ရိုင်းပင်းစောင့်ရှောက် ကူညီတာမျိုး လုပ်ပေးကြစေချင်တယ်”လို့ မအိက ဆိုပါတယ်။

Author: