အာဏာရှင်ကြောင့် အထည်ချုပ်စက်ရုံထဲရောက်သွားတဲ့ ခွဲစိတ်ခန်းက လက်တစုံ
မော့ဂျေ
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့က ဝန်ထမ်းဦးရေထောင်ချီနဲ့လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတရုံထဲမှာ ကြမ်းတိုက်တံတချောင်းနဲ့ အလုပ်ရှုပ်နေတဲ့ အသက် ၄၅ နှစ်အရွယ် သန့်ရှင်းရေးအမျိုးသမီးတဦး ရှိနေပါတယ်။
ခပ်မြင့်မြင့်စည်းထားတဲ့ ဂုတ်ဝဲဆံပင်ပေါ်မှာ အပြာရောင်တြိဂံခေါင်းစီးလေးကိုချည်၊ အပြာရောင် စက်ရုံအင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားတဲ့သူဟာ ကြမ်းပြင်သန့်ရှင်းရေးလုပ်နေရင်းက သူ့အနီးက ဖြတ်သွားတဲ့ ဝန်ထမ်းတိုင်းကို အပြုံးချိုချိုနဲ့ နှုတ်ဆက်လေ့ ရှိပါတယ်။ ဒါဟာ သူ့ရဲ့ နေ့စဉ်အလုပ်တခုပါ။
ဒီအလုပ်ကိုလျှောက်စဉ်က သူဟာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တာကို လူတွေ့မေးမြန်းတဲ့အလုပ်ခွင်အရာရှိကသိသွားတဲ့အခါ ဒီအလုပ်ကသူနဲ့ မသင့်တော်တဲ့အတွက် သူတို့ဆီမှာ သန့်ရှင်းရေးဝန်ထမ်း ဝင်လုပ်မယ့်အစား အခြားအလုပ်တခုခုကို ရွေးချယ်လုပ်ကိုင်ဖို့ အကြံပြုခဲ့တယ်။
ဒါပေမဲ့ သူကတော့ သူနဲ့ အသက် ၇၀ ကျော်အရွယ်မိခင်ရဲ့ ဝမ်းရေးက အရေးပေါ် ဖြေရှင်းဖို့ လိုအပ်နေတာဖြစ်လို့ ဒီသန့်ရှင်းရေးဝန်ထမ်းအလုပ်ကိုပဲ ခန့်ထားပေးဖို့ တောင်းတောင်းပန်ပန် ရွေးချယ်ခဲ့ပါရတယ်။
အခုတော့ ဒီအလုပ်မှာ ဝန်ထမ်းအဖြစ်လုပ်ခွင့်ရနေတာဟာ ၆ လတာကာလ ရှိခဲ့ပါပြီ။ ဒီအလုပ်ကို မရခင်က နေ့စားဘဝနဲ့ ထိုင်းနယ်စပ်က စိုက်ခင်းတွေမှာ အလုပ်လုပ်တာ၊ ပြောင်းခင်းရိတ်သိမ်းရာသီမှာ ပြောင်းဖူးချိုးတာ၊ ကြက်သွန်စည်းတာ၊ ပလစ်စတစ်အဟောင်းဆိုင်မှာ ပုလင်းအဖုံးခွဲတာ စတဲ့အလုပ်တွေကို မျိုးစုံအောင် လုပ်ခဲ့ဖူး ပါတယ်။
“တတ်ထားတဲ့ပညာနဲ့လုပ်စားရင် အဖမ်းခံရမယ်၊ တခြားလည်းဘာမှမတတ်တော့ ရွေးချယ်စရာ မရှိဘူး၊ လိုင်စင်မဲ့နေတဲ့လူတွေဆိုတော့ အတိတ်ကိုခေါက်ထားလိုက်၊ ခု ဝမ်းရေးကအဓိက၊ လိမ်ညာခိုးစားနေတာမှ မဟုတ်တာဘဲ” လို့ စိတ်ဒုံးဒုံးချထားတဲ့ ခပ်ပြတ်ပြတ်လေသံနဲ့သူက ဆိုပါတယ်။
မူလအသက်မွေးဝမ်းကျောင်းနဲ့သွေဖီနေတဲ့ ဒီလိုရောက်တတ်ရာရာအလုပ်တွေကို မငြီးမငြူတမ်းလုပ်ဖူးလာတဲ့ သူကတော့ တချိန်က တိုင်းအဆင့်ဆေးရုံကြီးရဲ့ အရေးကြီးတဲ့ ခွဲစိတ်ကုသရေးတွေမှာ ဆရာဝန်တိုင်းရဲ့ လက်စွဲ နှလုံး၊ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ဆိုင်ရာ ခွဲစိတ်ခန်း အထူးသူနာပြု ဒေါ်သူဇာပဲဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အွန်လိုင်းစာရင်းကောက်ခံမှုအရ ၂၀၂၂ ခုနှစ်က ထုတ်ပြန်တဲ့ ထုတ်ပြန် ချက်မှာ အကြမ်းမဖက်အာဏာဖီဆန်ခြင်းလှုပ်ရှားမှု (CDM) မှာပါဝင်သူ အသိအပညာရှင်၊ အတတ်ပညာရှင် နိုင်ငံ့ဝန်ထမ်း ၄ သိန်းကျော် (၄၁၇,၀၆၀ ဦး) ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီထဲက အချို့က အာဏာသိမ်း စစ်အုပ်စုရဲ့ လက်အောက်ကို အလုပ်ပြန်ဝင်ခဲ့ကြသူတွေရှိခဲ့ကြပေမယ့်၊ ဒေါ်သူဇာကတော့ အာဏာရှင်ဆန့်ကျင်ရေးကို အာဏာသိမ်းပြီး ၅ နှစ်တင်းတင်းပြည့်တဲ့အထိ ဆက်လက်ကိုင်စွဲ ထားတဲ့ အမျိုးသမီးတဦးပါ။
သူဟာ NUG အစိုးရကထုတ်ပြန်တဲ့ စာရင်းထဲတယောက်အပါအဝင် ဟုတ်၊ မဟုတ်ကို သူ့ကိုယ်သူတောင် မသိတဲ့ အကြမ်းမဖက်အာဏာဖီဆန်နေဆဲ နိုင်ငံဝန်ထမ်းတယောက်ဖြစ်ပါတယ်။
အခုလက်ရှိမှာ စက်ရုံသန့်ရှင်းရေးဝန်ထမ်းအဖြစ် တံမြက်စည်းကိုင်နေတဲ့ သူ့ရဲ့လက်တွေဟာ တချိန်က တနေ့တာ ၂၄ နာရီမှာ ၁၂ နာရီလောက် ခွဲစိတ်ခန်းထဲမှာပဲ အချိန်ကုန်ဆုံးရင်း ခွဲစိတ်ခန်းသုံးကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ခဲ့တဲ့လက်တွေ ဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ဝန်းကျင်အထိ သူဟာ နိုင်ငံတကာဆရာဝန်တွေနဲ့ မြန်မာဆရာဝန်တွေ ပူးတွဲ ခွဲစိတ်မှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ သူနာပြုတဦးဖြစ်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အထိ ဩစတေးလျ၊ စင်ကာပူ နဲ့ မလေးရှားနိုင်ငံတို့က အဆင့်မြှင့်ဆေးရုံကြီးတွေမှာ ခွဲစိတ်ခန်းအထူးသူနာပြုအနေနဲ့ လုပ်ကိုင်ဖို့ ကမ်းလှမ်းတာတွေ ခံခဲ့ရဖူးတဲ့ စွမ်းဆောင်ရည်ရှိသူနာပြုတဦးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူတတ်ထားတဲ့ပညာဟာ မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက် အကျိုးပြုဖို့ သင်ကြားထားတာဆိုတဲ့ ခံယူချက်ကြောင့် ကမ်းလှမ်းတာတွေကို ငြင်းပယ်ခဲ့ဖူးပါတယ်။ သူဟာ ပြည်တွင်းက အဆင့်မြင့် ဆေးရုံကြီးတွေရဲ့ အရေးပေါ်ခွဲစိတ်မှုတွေမှာ မဖြစ်မနေပါဝင်ဖို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေကခေါ်လို့ သွားရောက် ခွဲစိတ်ကူခဲ့တာကလွဲရင် အစိုးရဆေးရုံကလွဲပြီး အခြားဆေးရုံနဲ့ဆေးခန်းတွေမှာ အချိန်ပိုင်း လုပ်ကိုင်ခဲ့ခြင်းတောင် မရှိခဲ့သူဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်ကပေးထားတဲ့ ဝန်ထမ်းအိမ်ယာမှာနေပြီး ခွဲခန်းဝင်ဖို့ ၂၄ နာရီ အဆင်သင့် ဖြစ်နေတဲ့သူပါ။
ပြည်သူကို အလုပ်အကျွေးပြုဖို့ မြန်မာပြည်က မခွာဘဲနေထိုင်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက် ၈ နာရီ ခွဲခန်းထဲက ထွက်လာတဲ့အချိန်မှာတော့ ဇဝေဇဝါ ဖြစ်သွားခဲ့ရပါတော့တယ်။
“ဆရာကြီးက ခွဲခန်းထဲရောက်တာနဲ့ ဒီရက်ပိုင်းအတွင်း ခွဲလူနာအကုန်ဖြတ်မယ်၊ အားတင်းထားကြဆိုတော့ ဘာလို့လဲလို့တော့ တွေးလိုက်မိသေးတယ်၊ ဆရာကြီး ခရီးထွက်စရာရှိတယ်ပဲမှတ်တာ၊ ခွဲခန်းအပြင်ရောက်လို့ သတင်းလည်း သိရရော လူက ဟာကနဲဖြစ်သွားတာ” လို့ ဒေါ်သူဇာက အဲ့နေ့က အခြေအနေကို ပြောပြပါတယ်။
အရေးပေါ်လူနာနဲ့ တပတ်အတွင်း ရက်သတ်မှတ်ထားတဲ့ လူနာတွေကို ဖေဖော်ဝါရီ ၄ ရက်နေ့အတွင်း အပြီးသတ် ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ပြီးနောက်မှာတော့ ဖေဖော်ဝါရီ ၅ ရက်နံနက် ခွဲစိတ်ခန်း ကနေထွက်တာနဲ့ ဒေါ်သူဇာတို့ဆေးရုံက ခွဲစိတ်ခန်း ၅ ခုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအားလုံး တပြိုင်နက် အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြပါတော့တယ်။
၂၀၀၀ ပြည့်လွန်နှစ်၊ အသက် ၂၂ နှစ် သူနာပြု တက္ကသိုလ်ဆင်းပြီးတဲ့ အချိန်ကစပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ သူဟာ ခွဲစိပ်ခန်း သီးသန့်မရှိလို့ အရေးပေါ် အသေးစားခွဲစိပ်မှုအချို့ကို ဆရာဝန်တွေနဲ့အတူ သီးသန့်လူနာခန်းတွေကို သန့်ရှင်းရေးလုပ်ပြီး ခွဲစိပ်ခဲ့ရတာမျိုးတွေကိုလည်း ကြုံခဲ့ရဖူးပါတယ်။ စစ်တပ်အုပ်ချုပ်စဉ်အဲဒီကာလမှာ အခြေခံဆေးဝါးထောက်ပံ့မှုဆိုတာ စာရင်းသာရှိပြီး သာမန်ဖျားနာပျောက်ဆေးကအစ ဆေးရုံက ပေးတာမရှိဘဲ လူနာကိုဝယ်ယူသုံးစွဲစေခဲ့တဲ့ အခြေအနေတွေကိုလည်းကိုယ်တွေ့ကြုံခဲ့ရပါတယ်။
“စစ်ဆေးရုံသာ ခွဲစိတ်ခန်းတိုးလာတာ၊ တို့အရပ်သားဆေးရုံတွေဆိုတာ အမေစုလက်ထက်မှ ခွဲစိတ်ခန်းအင်္ဂါနဲ့ အညီ ပစ္စည်းလေး စစုံလာတာလေ၊ သူတို့လက်ထက်ကဆို အသားစချုပ်တဲ့အပ်ကအစ လူနာရှင်က မပေးနိုင်ရင် မချုပ်နဲ့ဆိုတဲ့ အချိုးမျိုးတွေ၊ သူတို့ကပဲ တပြန်တစီးအာဏာသိမ်းတော့ အရင်လိုအခြေအနေတော့ ပြန်မရောက်ချင်ဘူး” လို့ ဒေါ်သူဇာက ဆိုပါတယ်။
လူထုရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြောင်းလဲစပြုလာတဲ့အခြေအနေတွေကို စတင် ခံစားခွင့်ရှိလာတဲ့နောက်ပိုင်းမှာ အရင်လိုစစ်အုပ်ချုပ်ရေးနဲ့ အာဏာရှင်စနစ်အောက်ကို ပြန်မရောက် စေချင်တဲ့အတွက် အကြမ်းမဖက်အာဏာ ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာလို့ သူက ဆိုပါတယ်။
စစ်ကောင်စီက ဒီလှုပ်ရှားမှုကိုရပ်တန့်ပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ ဒေါ်သူဇာတို့ကိုဖိအားပေးခဲ့ပေမယ့် အလုပ်ပြန်မဝင်ဘဲ ဆန္ဒထုတ်ဖော်ရာမှာ လိုက်ပါခဲ့ပါတယ်။ ဒီလိုပါဝင်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ပထမအကြိမ်စစ်ကြောရေးစခန်းမှာ ၅ ရက် ကြာ စစ်ဆေးခံခဲ့ရပါတယ်။
စစ်ကြောရေးခန်းထဲမှာ သူနာပြုမှန်းမသိခင်တုန်းက ဆံပင်ဆောင့်ဆွဲတာ၊ ပုံစံထိုင်ခိုင်းတာ၊ ပါးရင်းနားရင်း ရိုက်တာတွေကို ခံနေရပေမယ့် ဘာတခုမှ ထုတ်မပြောတဲ့သူ့ကိုကြည့်ရင်း မနေနိုင်တော့တဲ့ အတူဖမ်းခံရတဲ့သူက ဒေါ်သူဇာဟာ ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြုဖြစ်လို့ ဒီလောက်အထိမလုပ်ဖို့ ကာကွယ်တောင်းပန်ကြတဲ့ မိတ်ဆွေ တွေနဲ့လည်း သူကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဒီလိုကူညီကာကွယ်ပေးတာဟာ သူ့အတွက် ကံကောင်းခြင်း မဟုတ်ခဲ့ပြန်ပါဘူး။
အလုပ်ပြန်ဝင်ဖို့ ခံဝန်လက်မှတ်ရေးထိုးခိုင်းတာကို မထိုးတဲ့အတွက် စစ်ကြောရေးခန်းထဲက စစ်သားတွေက “ဒီလက်တွေက ဆေးမကုဘဲ ဘာလို့ဆန္ဒပြတာလဲ” ဆိုပြီး ဆေးထိုးအပ်နဲ့ ထိုးတာ၊ “ဒီလက်က ဆန္ဒပြတာလား၊ ဒီခေါင်းက ဆန္ဒပြတာလား” ဆိုပြီး ခွဲခန်းသုံးဓားနဲ့ အရေပြား အပေါ်ယံလှီးဖြတ်တာ၊ ဆံပင်ကို ဖြတ်ပစ်တာစတဲ့ လူမဆန်မှုတွေကို ကျူးလွန်ခဲ့ပါတော့တယ်။ အချိန်မီကုသခွင့် မရခဲ့တဲ့အတွက် အခုချိန်ထိ သူ့လက် ၂ဖက်နဲ့ ဦးရေပြားမှာ ဒဏ်ရာတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့နောက်လိုက်တွေဟာ ဒေါ်သူဇာတို့လို့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို တန်ဖိုးထားရကောင်းမှန်းမသိသလို သူတို့ခိုင်းတာ လုပ်စေချင်ကြသူတွေဖြစ်ပါတယ်။ ခိုင်းတာမလုပ်တဲ့ ပညာရှင်တွေကို ဖမ်းဆီးနှိပ်စက်တာအပြင် သူတို့တတ်မြောက်ထားတဲ့ပညာရပ်နဲ့ ဆက်ပြီးအသက်မွေးကျောင်း ပြုခွင့်မရအောင် လုပ်ငန်းခွင်ကနေ ထုတ်ပယ်တာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ရရှိထားတဲ့ ပညာအရည်အချင်း အသိအမှတ်ပြုလက်မှတ်တွေကို သက်တမ်းတိုးခွင့် မပေးတာ၊ ပြန်လည်သိမ်းဆည်းတာတွေပြုလုပ်ပြီး ဘယ်နိုင်ငံမှာမှ အလုပ်လုပ်ကိုင်ခွင့်မရရှိအောင် အမည်ပျက်စာရင်း ထည့်သွင်းခဲ့ကြပါတယ်။
ပထမအကြိမ်စစ်ကြောရေးကလွတ်မြောက်ပြီး ဝန်ထမ်းအိမ်ယာကပါထွက်ခွာခဲ့ရတဲ့ ဒေါ်သူဇာကို နိုင်ငံတကာ အဆင့်မီ ဆေးရုံကြီးတွေက အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုဟာ မြန်မာပြည်မှာပဲနေပြီး၊ မြန်မာလူမျိုးတွေအတွက် အလုပ်အကျွေးပြုမယ်လို့ ဆုံးဖြတ်ထားတဲ့ ဒေါ်သူဇာလို ကျွမ်းကျင်ပညာရှင် တယောက်ကို အဝေးဆီတွန်းပို့ခဲ့ပါတယ်။
အာဏာသိမ်းပြီး ၅ လဝန်းကျင်အကြာမှာ အလုပ်နဲ့ ဘဝရပ်တည်ရေးအတွက် မြန်မာနိုင်ငံကထွက်ခွာဖို့ဆုံးဖြတ်ပြီး ကမ်းလှမ်းလာတဲ့ နိုင်ငံရပ်ခြားဆေးရုံတခုကအလုပ်ကို လက်ခံခဲ့ပါတော့တယ်။ ဒါပေမဲ့ အလုပ်အတွက် မြန်မာနိုင်ငံကနေထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ ဇွန်လနှောင်းပိုင်းမှာတော့ အာဏာသိမ်းအစိုးရက အမည်ပျက် စာရင်းသွင်းခဲ့တာကြောင့် နိုင်ငံကူးလက်မှတ်ပိတ်သိမ်းခံရတဲ့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြန်လှည့်ခဲ့ရပြန်ပါတယ်။
“လူတွေဝိုင်းကြည့်ကြတာလေ၊ လေဆိပ်မှာ စစ်ဆေး၊ ဖမ်းမလိုတွေဖြစ်တော့ အထူးအဆန်းပေါ့၊ ဝိုင်းကြည့် ကြတာဆိုတာ” လို့ လေဆိပ်မှာကြုံခဲ့ရတဲ့သူ့အဖြစ်အပျက်ကို ဒေါ်သူဇာက ရယ်ရယ်မောမော ပြန်ပြောပြပါတယ်။
အဲဒီနောက် သူဟာ မြန်မာပြည်တွင်းကပုဂ္ဂလိကဆေးရုံကြီးတခုမှာ သိုသိုသိပ်သိပ် အလုပ်ဝင်ခဲ့ပေမယ့် အာဏာသိမ်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းဆီ ဒုတိယအကြိမ်ပို့ခဲ့ပြန်ပါတယ်။
ဒုတိယအကြိမ်စစ်ကြောရေးအတွေ့အကြုံတွေကိုတော့ ဒေါ်သူဇာတယောက် မေ့ထားချင်ပုံရပါတယ်။ အသေးစိတ်တွေကို ပြန်မပြောချင်တော့တဲ့သူက စစ်ကြောရေး မှာ ၅ ရက်လား၊ ၁၀ ရက်လား ကြာခဲ့တာကိုတောင် သူမမှတ်မိတော့ဘူးလို့ ပြောပါတယ်။ သူပြောပြတာ တခုကတော့ အလုပ်ခွင်ပြန်ဝင်ဖို့ အတင်းဖိအားပေး ခိုင်းစေတာမျိုး ရှိခဲ့တယ်ဆိုတဲ့အချက်ပါပဲ။
“ဒီအကြောင်းကို ပြန်မပြောချင်တော့ဘူး၊ ကျော်လိုက်ရအောင်၊ တကြိမ်ထက်တကြိမ်က ပိုဆိုးရွားတာပဲ” လို့ ပြောရင်း၊ သူလက်က အမာရွတ်တွေကိုဖိချေလိုက်၊ ခေါင်းကအမာရွတ်တွေနေရာကို စမ်းလိုက်နဲ့ အသံတွေ တိတ်ဆိတ်ပြီး လူကလည်းငြိမ်သက်သွားခဲ့ပါတယ်။ သူ့ရဲ့ နာကျင်ခဲ့ရတဲ့ အတိတ်ကဒဏ်ရာတခုကို အပြီးတိုင် မေ့ထားလိုက်ချင်တဲ့အသွင်ကို သူ့ဆီမှာ အတိုင်းသားမြင်နေရပါတယ်။
နောက်ဆုံးတော့ ဒေါ်သူဇာတယောက် ဒီစစ်ကြောရေး ငရဲခန်းကလွတ်ဖို့အဓိကလို့တွေးပြီး၊ ဒီဒဏ်ရာတွေ ကုသပြီးလို့ ဆရာဝန်ကလုပ်ငန်းခွင်ပြန်ဝင်ဖို့ သင့်တော်တယ်လို့ဆုံးဖြတ်ရင် အလုပ်ပြန်ဝင်ပါ့မယ်ဆိုတဲ့ ကတိစာကို လက်မှတ်ရေးထိုးပေးလိုက်တဲ့အခါ ဒုတိယအကြိမ်ထပ်မံ လွတ်မြောက်ခဲ့ပါတော့တယ်။
ဒါပေမဲ့ အာဏာရှင်စနစ်အောက်မှာ ဆက်နေမယ့်အစား တဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အသက် ၇၀ အရွယ် မိခင်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာ ထိုင်း – မြန်မာနယ်စပ်ကို ဒေါ်သူဇာတယောက် ရွှေ့ပြောင်း တိမ်းရှောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက်မြန်မာပြည်ဘက်ခြမ်းနယ်စပ်တနေရာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှာ သားအမိတွေခိုလှုံရင်း ဆေးတပ်ဖွဲ့ မှာ သူနိုင်ရာတာဝန်ကို ဆက်လက်ထမ်းရွက်ခဲ့ပါတယ်။
ဒါပေမဲ့ နယ်မြေမတည်ငြိမ်ဘဲ တိုက်ပွဲတွေမကြာခဏဖြစ်တာ၊ တော်လှန်ရေးတပ်တွေ မကြာခဏ နေရာရွှေ့ပြောင်းရတဲ့အခါ အရွယ်အိုမိခင်ကို ရဲဘော်တွေကထမ်းပိုးသွားလာရတာမျိုးတွေဟာ သူတို့သားအမိကြောင့် ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြပြီဆိုတဲ့ ခံစားချက်ကို ထပ်တိုးစေခဲ့ပြီး အဲ့ကနေ ရွှေ့ပြောင်းဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ပြန်ပါတယ်။
သူတို့သားအမိဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ကို အထောက်အထားမဲ့ နိုင်ငံခြားသားအဖြစ် ဝင်ရောက်ခဲ့ကြပါတော့တယ်။
မဲဆောက်မြို့ကိုရောက်စက နီးစပ်ရာမိတ်ဆွေတွေရဲ့ မိတ်ဆက်ပေးမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ သူကျွမ်းကျင်ရာ သူနာပြုအလုပ်ကို လျှောက်ထားခဲ့ပါသေးတယ်။ ပညာအရည်အချင်းကို သဘောကျပေမယ့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိတာ၊ လုပ်ငန်းလိုအပ်ချက်အဖြစ် သတ်မှတ်ထားတဲ့ မြန်မာပြည် နယ်စပ်ဒေသ တိုင်းရင်းသား ဘာသာစကားတခုခုကို မတတ်မြောက်တာတွေကြောင့် အခွင့်အရေး မရခဲ့ပါဘူး။
သူ့ပညာအရည်အချင်းကိုသိတဲ့ မြန်မာပြည်သားတွေက ဆေးကုပေးဖို့တိုက်တွန်းလို့ နီးစပ်ရာ မြန်မာ့အသိုင်း အဝိုင်းမှာ မြန်မာပြည်သားအချင်းချင်းဆေးဝါးကုသပေးတာမျိုးလုပ်ခဲ့ပေမယ့် ထိုင်းနိုင်ငံသား ဆေးကုခန်းတခု ကနေ မကျေမနပ်ဖြစ်ပြီး တိုင်ကြားခံရလုနီးပါးဖြစ်ခဲ့တဲ့အတွက် ရပ်လိုက်ပါတော့တယ်။
“ငါဒီပညာတတ်တာပဲ ဒါနဲ့ပဲလုပ်စားမယ်ဆိုပြီး ခေါင်းမာလို့မရဘူးလေ၊ တရားမဝင်ဆေးကုရင် ထောင်ကျပြီး မိသားစုဒုက္ခရောက်တာထက်စာရင် သန့်ရှင်းရေး ဝင်လုပ်ရတာက လိပ်ပြာသန့်ရတယ်” လို့ သူက ဆိုပါတယ်။
ဒီလိုနဲ့ ဒေါ်သူဇာဟာ သူတတ်ကျွမ်းတဲ့ သူနာပြုအလုပ်ကို စွန့်လွှတ်ပြီး မိခင်ကိုစောင့်ရှောက်နိုင်ဖို့အတွက် ရရာအလုပ်မျိုးစုံကို ကျပန်းဝင်လုပ်ရင်း ဘဝတူတွေနဲ့အတူ စုပေါင်းငှားရမ်းနေထိုင်တဲ့ နေရာတခုမှာ နေထိုင်စရိတ် တလကို ဘတ် ၅၀၀ နှုန်း မျှဝေကျခံပြီး နေထိုင်ခဲ့ကြပါတယ်။
CDM ဝန်ထမ်းတယောက်အနေနဲ့ ခံစားခွင့်တွေကိုလည်း သူသေချာမရရှိခဲ့ပါဘူး။ သူ့အတွက် ထောက်ပံ့ကြေး ဆိုတာ နယ်စပ်မှာအခြေစိုက်တဲ့အရပ်ဘက်အဖွဲ့အစည်းတခုကနေ ဘတ်ဂျက်ရှိရင်ရှိသလို လစဉ်ပေးတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ စတဲ့ အရေးပေါ် စားနပ်ရိက္ခာတချို့ပဲ ဖြစ်ပါတယ်။
“ဆရာမရေ အချက်အလက်လေးတွေပေးပါဦးဆိုလို့ပေးလိုက်တယ်၊ ပြီးတော့ ဘာမှ မဘာတော့ဘူး၊ ဆိုတော့ ဒီအကြောင်းကြီး ထပ်ခါထပ်ခါပြောနေရတာ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်နှိပ်စက်နေရသလိုပဲ”လို့ ဒေါ်သူဇာ က ဆိုပါတယ်။
သူ့အဆင်မပြေမှုတွေကို ထုတ်ပြောဖို့ ရှက်တာ၊ အစောပိုင်းမှာ နိုင်ငံရပ်ခြားက သူ့ကို ကမ်းလှမ်းခဲ့တဲ့ မိတ်ဆွေ ဆရာဝန်တွေနဲ့ အဆက်အသွယ်ရပြီး သူတို့သားအမိနေထိုင်စားသောက်စရိတ်အတွက် လုံလောက်တဲ့ပမာဏ ကူညီပေးတာတွေကို ဆက်ပြီးလက်ခံနေဖို့အားနာလာတာတွေကြောင့် အားလုံးနဲ့အဆက်အသွယ် ဖြတ်တောက် ပြီး ကြုံရာကျပန်း အလုပ်ကို တိုးတိုးတိတ်တိတ် ကြိတ်ပြီးလုပ်ကိုင်ခဲ့ပါတော့တယ်။
ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းမှာ တရားဝင်အလုပ်လုပ်ဖို့ အလုပ်သမားကဒ်လုပ်ပေးမယ့်အဖွဲ့တခုက ကိုယ်ရေးအချက်အလက်တွေနဲ့ လိုအပ်တာတွေကို တောင်းယူသွားပေမယ့် ဘာအထောက်အထားကတ်မှ မရရှိခဲ့တဲ့နောက်ပိုင်း သူ့ကို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေက ငွေကြေးဝိုင်းဝန်းစုဆောင်း လုပ်ကိုင်ပေးခဲ့ကြ ပါတယ်။
၂၀၀၁ ခုနှစ်မှာ သူနာပြုအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး၊ အထွေထွေသူနာပြု၊ ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြု၊ နှလုံး၊ ရင်ခေါင်းနဲ့ဝမ်းဗိုက်ဆိုင်ရာခွဲစိတ်ခန်းအထူးသူနာပြုအဖြစ် စုစုပေါင်း နှစ် ၂၀ ကျော် ရပ်တည်ခဲ့တဲ့ ဒေါ်သူဇာ တယောက် အခုတော့ ထိုင်းနိုင်ငံရဲ့ အခြေခံအလုပ်သမား (Blue Collor Worker) အသိအမှတ်ပြုကဒ်ပြားကို ကိုင်ထားသူတဦး ဖြစ်နေပါပြီ။
ဒေါ်သူဇာနဲ့အတူတိမ်းရှောင်လာတဲ့ ငယ်ရွယ်တဲ့သူနာပြုဆရာမလေးတချို့က မော်တာစက်ချုပ်သင်ယူပြီး အထည် ချုပ်၊ ပါကင်ပိတ်၊ ချည်မွှေးညှပ် စတဲ့အလုပ်တွေကို ရွေးချယ်လုပ်ကိုင်ခွင့်ရကြပါတယ်။ ဒေါ်သူဇာတို့လို အသက်အရွယ်ကျတော့ အထည်ချုပ်နဲ့စက်မှုလက်မှုစက်ရုံတွေက စက်ရုံလုပ်သားအဖြစ်ခေါ်တာထက် စက်ရုံ အောက်ခြေသိမ်းအလုပ်တွေအတွက်သာ အဓိက ခေါ်ယူကြတာပါ။
“CDM စစ်စစ်တွေက အခွင့်ထူးခံတွေမဟုတ်ဘူးလေ၊ ဒီအချိန်အသက်ဆက်ရှင်နေဖို့ အတိတ်ကို ခဏမေ့ထား ရမှာပဲ” လို ဒေါ်သူဇာက ဆိုပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒေါ်သူဇာတယောက် အတိတ်ကို မမေ့ဘူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ နေ့လယ်ပိုင်းမှာ စက်ရုံသန့်ရှင်းရေးဝန်ထမ်းဒေါ်သူဇာဟာ ညဘက်အနားယူချိန်တွေမှာ သူပိုင်ဆိုင်တဲ့ တခုတည်းသောကွန်ပျူတာလေးတလုံးကို အသုံးပြုပြီး ဆေးပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေ နောက်ကောက်မကျစေဖို့ဆိုပြီး သူတတ်နိုင်စွမ်းရှိတဲ့နည်းနဲ့ လေ့လာမှတ်သားနေဆဲဖြစ်ပါတယ်။
“လက်မပျက်သွားအောင် ဟိုနည်းနည်းဒီနည်းနည်းစုဝယ်ပြီး သွေးကြောတွေ၊ အသားတွေချုပ်တာ အမေ မမြင်အောင် လေ့ကျင့်ရတယ်” လို့ သူက အရွှန်းဖောက်ပါသေးတယ်။
မွေးထားတဲ့အမေမို့ သူ့သမီးတယောက် သူနာပြုအလုပ်အပေါ် သံယောဇဉ်မပြတ်ဘဲ ညဘက်အိပ်ချိန်တွေမှာ ခိုးပြီးလေ့ကျင့်နေတာကို သိနေပေမယ့် မမြင်ချင်ယောင် ဆောင်ထားရတယ်လို့ ဒေါ်သူဇာရဲ့မိခင်က ဆိုပါတယ်။
အသက် ၇၂ နှစ်အရွယ် မိခင်ဖြစ်သူက “ငယ်ကတည်းက ခွဲစိပ်ဆရာဝန်ကြီးလုပ်မှာဆိုပြီး ကြွေးကြော်ခဲ့တဲ့ အမကြီးလေ သူက” လို့ ပြောပြပါတယ်။
သူတို့ခေတ်က ဆေးတက္ကသိုလ်အမှတ်ကမြင့်တဲ့အတွက် ဆေးကျောင်းကိုအမှတ်မမီတဲ့အခါ သူနာပြုတက္ကသိုလ် လျှောက်ခဲ့တာဖြစ်တယ်လို့လည်း မိခင်ဖြစ်သူက ဖြည့်စွက်ပြောပြပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို သူတို့ရရှိထားတဲ့ ပညာအရည်အချင်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက အတည်ပြုချက်တောင်းဆိုတိုင်း အမည်ပျက်စာရင်း သွင်းထားကြောင်းနဲ့ အသိအမှတ်မပြုကြောင်းကို ထုတ်ပြန်ပေးပို့လေ့ရှိပါတယ်။ စီဒီအမ်လှုပ်ရှားမှုမှာပါဝင်တဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေကို နိုင်ငံတကာဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံက အဆင့်မြင့်တက္ကသိုလ်တွေကို ဖြစ်စေ တက်ရောက်ခွင့်မရအောင် စစ်တပ်ဟာ နည်းမျိုးစုံနဲ့ လိုက်လံနှောက်ယှက်တာတွေ ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ ၁၉၉၀ ပြည့်လွန်ကာလတုန်းက နည်းလမ်းတွေအတိုင်း ကျောင်းတက်သူတိုင်း စာမေးပွဲ အအောင်ပေး၊ ရက်တိုလပြတ် ဆရာဖြစ်၊ သမားဖြစ် လက်ပူတိုက်သင်တန်းတွေပေးပြီး ပညာရှင် လိုအပ်ချက်ကို အစားထိုးနေပါတယ်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် ထိုင်း – မြန်မာနယ်စပ်နဲ့ အခြားသော နိုင်ငံအသီးသီးကို ရွှေ့ပြောင်းရောက်ရှိသွားတဲ့ ဆေးပညာ၊ အင်ဂျင်နီယာစတဲ့ စက်မှုလက်မှုအတတ်ပညာရှင်တွေတော့ ရှင်သန်ရပ်တည်ရေးအတွက် ခိုလှုံနေရတဲ့ နိုင်ငံအသီးသီးက ရရာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။
သက်ဆိုင်ရာအထောက်အထားတွေကို လက်ခံတဲ့နိုင်ငံအချို့မှာတော့ နေထိုင်ရာနိုင်ငံကသတ်မှတ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်တွေကို ပြန်လည်သင်ကြားလေ့ကျင့်ဖြေဆိုပြီး လုပ်ငန်းခွင်ဝင်ရောက်ခွင့် ရရှိနိုင်ကြပါတယ်။ ဒါပေမဲ့ ဒါက လူနည်းစုအတွက်ပဲ ဖြစ်ပါတယ်။
အထောက်အထားစာရွက်စာတမ်းကစလို့ အိုးပစ်၊ အိမ်ပစ်၊ အဝတ်တထည် ကိုယ်တခုနဲ့ အာဏာရှင် အန္တရာယ်ကြားကနေ ထွက်ပြေးလွတ်မြောက်လာကြရတဲ့ ပညာရှင်အများစု အတွက်ကတော့ လုပ်ငန်းခွင် ဝင်နိုင်ရေးထက် နေထိုင်ရပ်တည်နိုင်ရေးအတွက် ဝမ်းစာရှာဖွေဖို့က အရေးပေါ် လိုအပ်ချက် ဖြစ်နေဆဲပါ။
၂၀၂၆ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလ ၅ နှစ် ကြာခဲ့ပေမယ့် အသိပညာရှင်၊ အတတ်ပညာရှင်တွေ လူမှန်၊ နေရာမှန် ရောက်ရှိရေးအတွက် အလှမ်းဝေးဆဲဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကပြည်သူအချို့က ဒေါ်သူဇာတို့လို ရရာအလုပ် လုပ်ကိုင်နေကြရတဲ့ ပညာရှင်တွေကို သက်ဆိုင်ရာ မွမ်းမံသင်တန်းတွေပေးပြီး အလုပ်ခန့်ထားတာတွေပြုလုပ်ပေးဖို့ဆွေးနွေးနေကြတာရှိသလို၊ ကိုယ့်တိုင်းပြည်ကိုယ်ပြန်သွားဖို့ လိုလားနေတဲ့ နိုင်ငံသားတွေကလည်း ဒုနဲ့ဒေးပါပဲ။
ဒေါ်သူဇာအလုပ်လုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းရဲ့ လုပ်ငန်းခွင်အရာရှိကတော့ သူ့ကို မြန်မာနိုင်ငံက နိုင်ငံကူး လက်မှတ် ထုတ်ယူရရှိနိုင်မယ်ဆိုရင် လုပ်ငန်းခွင်သူနာပြုအနေနဲ့ ပြောင်းလဲလျှောက်ထားဖို့ မကြာခဏ တိုက်တွန်း လေ့ရှိပါတယ်။
သူ့အပေါ်ထားတဲ့စေတနာအတွက် ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောရင်း ရင်ထဲမှာမချိပြုံး ပြုံးနေရတဲ့ ဒေါ်သူဇာဟာ အာဏာရှင်ပြုတ်ကျလို့ ကိုယ့်နိုင်ငံကိုယ်ပြန်ခွင့်ရရင် သူတတ်ထားတဲ့ပညာနဲ့ ပြည်သူကို အလုပ်အကျွေး ပြန်ပြုမယ်ဆိုတဲ့စိတ်ကို ဖက်တွယ်ထားသူဖြစ်ပါတယ်။
စက်ရုံသန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်ခန့်ပေးခဲ့တဲ့ လုပ်ငန်းခွင်အရာရှိဟာ မြန်မာပြည်အာဏာသိမ်းတာ ၅နှစ်ပြည့်နှစ်ပတ်လည်အလိုတရက်မှာ သူ့စေတနာနဲ့ ဒေါ်သူဇာရဲ့ အရည်အချင်းကို သူတတ်နိုင်တဲ့ဘက်ကနေ ပေါင်းစပ်ကူညီဖို့အတွက် လက်တွေ့အကောင်အထည်ဖော်လိုက်ပါတော့တယ်။
ပြီးခဲ့တဲ့ တပတ်မှာတော့ သူနာပြုတဖြစ်လဲ သန့်ရှင်းရေးဝန်ထမ်း ဒေါ်သူဇာရဲ့ အမည်ကို လုပ်ငန်းခွင်အရာရှိက ဇန်နဝါရီလဝန်ထမ်းသစ်စာရင်းထဲမှာထည့်သွင်းပြီး အထည်ချုပ် အလုပ်သမား ၃၀ ကျော်ပါဝင်တဲ့ စက်လိုင်းတလိုင်းကို အုပ်ချုပ်ဖို့ အစမ်းကာလ ၁ပတ် လုပ်ကိုင်စေခဲ့ပါတယ်။ ထွက်ရှိရမယ့် အထည်အရေအတွက်ကို တနေ့တာ သတ်မှတ်ချိန်အတွင်း အချိန်မီထုတ်လုပ်ပေးနိုင်အောင် ကြီးကြပ်နိုင်တဲ့ အရည်အချင်း ပြည့်မီတဲ့အတွက် ထိုင်းအခေါ် ‘ဝဏ္ဏ’ မြန်မာအခေါ် ‘စက်လိုင်းအုပ်ချုပ်သူ စူပါ’ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတော့တယ်။
အစမ်းခန့်ကာလအောင်မြင်ပြီး ဒီလို ရုတ်တရက်ပြောင်းလဲသွားတဲ့အခွင့်အလမ်းကြောင့် ပျော်နေတဲ့ဒေါ်သူဇာက “သူများနိုင်ငံသားတွေက သူတို့လုပ်လို့ရတဲ့ဘောင်ထဲကနေ ပညာတတ်တွေကိုဆွဲခေါ်ပြီး ရာထူးတိုးပေးတယ်၊ တန်ဖိုးထားတာချင်းကွာတယ်”လို့ ဆိုခဲ့ပါတယ်။
အခုတော့ သူဟာ နေ့ဘက်မှာ ဝမ်းရေးအတွက် သူ့အသက်မွေးဝမ်းကျောင်းကျွမ်းကျင်ပညာနဲ့ သက်ဆိုင်မှုမရှိတဲ့ အထည်ချုပ်လိုင်းတခုရဲ့ ဦးဆောင်ကြီးကြပ်သူ အဖြစ်လုပ်ကိုင်၊ ညဘက်မှာ သူ့ဘဝရဲ့ တန်ဖိုးထားရာဆေးပညာကို နေ့စဉ်မပြတ် အချိန်တခုပေးလေ့လာရင်း နိုင်ငံအတွက် ဆုံးရှုံးသွားတဲ့ အတတ်ပညာရှင်တယောက်မဖြစ်စေဖို့ ခံယူချက်တခုနဲ့ မဆုတ်နစ် ကြိုးစားနေဆဲဖြစ်ပါတယ်။
*ဆောင်းပါးဖော်ပြခါနီးအချိန်မှာပဲ ဒေါ်သူဇာဟာ မူလသန့်ရှင်းရေးအလုပ်ကနေ စက်လိုင်းအုပ်ချုပ်သူအဖြစ် ပြောင်းလဲအလုပ်လုပ်ခွင့်ရတယ်လို့ သတင်းထောက်ကို ပြောပြပါတယ်။ ကာယကံသတင်းရင်းမြစ်ရဲ့ မေတ္တာရပ်ခံချက်အရ အမည်လွှဲ အသုံးပြုထားပါတယ်*










