သူယုံကြည်ရတဲ့သူ့အဖေတောင်မှ၊ သူယုံကြည်ရတဲ့ သူ့ဦးလေးတောင်မှ သူ့ကိုမုဒိမ်းကျင့် နေတယ်

(စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်ကအမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ၊ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကြုံရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အကြောင်းကို ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)ရဲ့ ဥက္ကဌ မော်ဖရေးမြာနဲ့ ဆက်သွယ် မေးမြန်းချက်)

ခင်ဘုန်းမို့  

ကရင်နီအမျိုးသမီးအစည်းအရုံးက “လုံခြုံရာနေရာမရှိ ယုံကြည်စရာလူမရှိ” အစီရင်ခံစာကို ၂၀၂၅ နိုဝင်ဘာ ၂၅ က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ  စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုနောက်ပိုင်း ကရင်နီပြည်အတွင်းမှာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို ဖော်ပြ ထားပါတယ်။

ဒီစာအုပ်ထုတ်ဝေလိုက်ပြီးနောက်ပိုင်းမှာ အမျိုးသားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တချို့နဲ့  တပ်ဖွဲ့ဝင်တချို့ဆီမှာ ဝေဖန်မှု၊ မေးခွန်းထုတ်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလို ဝေဖန်မှုမြင့်တက်စေခဲ့တဲ့ စာအုပ်ပါအကြောင်းအရာတွေအပြင် ကရင်နီပြည်မှာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေရတဲ့အကြောင်းတွေ၊ ဒါတွေကို ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး  ကရင်နီအမျိုးသမီး အစည်းအရုံး(KNWO) ဥက္ကဌ မော်ဖရေးမြာ ကို HI – Honest Information က အခုလိုဆက်သွယ် မေးမြန်းထားပါတယ်။

HI – Honest Information  – လုံခြုံရာနေရာမရှိ ယုံကြည်စရာလူမရှိ အစီရင်ခံစာထုတ်ဝေဖြစ်တဲ့ အကြောင်းလေးမျှဝေပေးပါဦး။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) –   ဒီစာအုပ်မထုတ်ခင် ကျွန်မတို့  KNWO  အနေနဲ့  ကရင်နီပြည်နယ်မှာ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းဖို့ကြိုးစားပြီးနောက်ပိုင်း နိုင်ငံရေး အရပဲပြောပြော ဝန်ဆောင်မှုပဲပြောပြော အထူးသဖြင့် အမျိုးသမီးတွေအတွက် ကြိုတင်ကာကွယ်မှုတွေနဲ့တုန့်ပြန် ဆောင်ရွက်မှုအပိုင်းတွေကို တခြားအစုအဖွဲ့တွေနဲ့အတူတူ တစိုက်မတ်မတ်နဲ့ လုပ်ကြတယ်။

အထူးသဖြင့် စစ်ကောင်စီက အရပ်သားပြည်သူတွေ၊ လူမှုအစုအဖွဲ့တွေကို တိုက်ခိုက်တာမျိုးတွေ၊ ခြိမ်းခြောက်မှုတွေ ရှိလာတဲ့ပေါ်မှာ စိန်ခေါ်မှုအခက်အခဲတွေလည်း ကြုံရတယ်။  အဲ့ဒီထဲမှာမှ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုတွေက တနေ့တနေ့ပိုဆိုးလာတယ်။ KNWO ကလည်း ဒါနဲ့ပတ်သက်ပြီး လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ရေးတွေ တစိုက်မတ်မတ် လုပ်ပေးတယ်။   

နောက်တခုကကျတော့ သူတို့(ကာယကံရှင်)ရဲ့ ဆန္ဒအရ သွားလိုတဲ့ တရားမျှတမှု နည်းလမ်းကို ပူးပေါင်း ပါဝင်ပေးတာ၊ သူတို့ရဲ့ခွင့်ပြုချက်နဲ့အတူ အချက်အလက် ပုံမှန်ကောက်ယူပြီးတော့ မှတ်တမ်းတင်တာ၊ ပြည်နယ်ရဲ့ ပါဝင်သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေလုပ်တယ်။  ၂၀၂၁ ကနေ ၂၀၂၅ခုနှစ် အထိ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို ပြန်ဆန်းစစ်တယ်။

တရားမျှတမှုနဲ့ပတ်သက်ပြီး တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေက ကရင်နီတပြည်နယ်ထဲမှာ နေရာအလိုက် ရယူတဲ့တရားမျှတမှုပုံစံတွေက မတူကြဘူး။ ဓလေ့ထုံးတမ်းအရကျင့်သုံးတဲ့ ဖြေရှင်းမှု၊ တရားစီရင်ရေး လမ်းကြောင်းနဲ့သွားတဲ့ ဖြေရှင်းမှုတချို့ဆိုရင် မဖြေရှင်းဘဲ ဒီအတိုင်းနေခဲ့တဲ့ဟာ။ အဲ့လိုဖြစ်တဲ့ပေါ်မှာ အမျိုးသမီးတွေရဲ့ဘဝမလုံခြုံမှုရော နေ့စဉ် အကြမ်းဖက်မှုတွေ၊ အကြမ်းဖက် စစ်တပ်က  စစ်ရာဇဝတ်မှု အနေနဲ့ လေယာဉ်နဲဗုံးကြဲတာအပြင် လိင်ပိုင်းဆိုင်ရာ ထပ်ပြီးခံရတယ်။

ကျွန်မတို့ ပြည်နယ်ထဲမှာ ဘယ်လောက်အထိ အကြမ်းဖက်မှုတွေရှိနေလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်နေကြ လဲ၊ ဒီအပေါ်မှာသက်ဆိုင်ရာအစုအဖွဲ့တွေကို ချဉ်းကပ်စည်းရုံးလှုံ့ဆော်မှုတွေ လိုတယ်ဆိုတဲ့ဟာမျိုး တွေနဲ့ အဲ့ဒီစာအုပ်ကို စုစုစည်းစည်းနဲ့ အင်တိုက်အားတိုက် ထုတ်ကြတာဖြစ်တယ်။

HI  –အစီရင်ခံစာထုတ်ဝေဖြစ်တဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ။  

KNWO – ကရင်နီမှာရှိတဲ့ ခုခံတော်လှန်ရေး အစိုးရတရပ်အောက်ကနေ လည်ပတ်နေတဲ့ အုပ်ချုပ် ရေး၊ တရားရေး၊ ဥပဒေပြုရေးတွေရှိမယ်။ အုပ်ချုပ်ရေးအာဏာရှိတဲ့ အစုအဖွဲ့တွေ မူဝါဒရေးတဲ့သူတွေ ရှိမယ်။  အဲဒီအစုအဖွဲ့တွေက ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ကာကွယ်ရေး၊ တားဆီးရေး၊ တုန့်ပြန် ဆောင်ရွက်ရေးအပိုင်းမှာ   မူအရ ပိုပြီး လက်တွေ့အကောင်အထည်ဖော်ပြီးတော့ တရားမျှတမှု ရှာဖွေ တဲ့အခါမှာ  လူ့အခွင့်အရေးနဲ့ အညီသွားရဲ့ လား၊ မသွားသေးဘူးဆိုရင် ဘယ်အပိုင်းမှာ ပြုပြင်ပြောင်းလဲ ဖို့ လိုသေးတယ်၊ ကြုံနေရတဲ့အခြေအနေကို သူတို့ကိုတင်ပြပြီးတော့ သူတို့အနေနဲ့ အဲဒီအပိုင်းတွေကို ပြုပြင်ပြောင်းလဲပေးဖို့အတွက် ကျွန်မတို့ရည်ရွယ်တယ်။ 

HI  – အစီရင်ခံစာဖြစ်မြောက်လာဖို့အတွက် ဘယ်လိုအခက်အခဲနဲ့စိန်ခေါ်မှုတွေ ကျော်ဖြတ် ခဲ့ရပါသလဲ။ အကြီးမားဆုံးအခက်အခဲက ဘာဖြစ်မလဲ။

KNWO – အခက်အခဲကတော့ အစီရင်ခံစာမထုတ်ပြန်ခင်မှာ ကျွန်မတို့ဆီရောက်လာတဲ့ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု အရေအတွက်ပေါ်မူတည်ပြီးတော့ ထုတ်ရတာဖြစ်တဲ့အတွက် တချို့အချက် အလက်တွေလိုအပ်ချက်ရှိတဲ့ပေါ်မှာ ရှင်သန်လွတ်မြောက်လာသူနဲ့ ဆက်သွယ်ပြီး ရယူရတာမျိုးတွေ၊ လုပ်တာမျိုးတွေရှိတယ်။

အထူးသဖြင့် အင်တာနက်လိုင်း အဆင်မပြေတာမျိုး၊ ရှင်သန်လွတ်မြောက်လာသူ   ရှိတဲ့နေရာတွေက  လက်လှမ်းမှီမှုမရှိတာမျိုးတွေ၊ သွားလာဖို့အတွက် လမ်းပန်းဆက်သွယ်ရေး  မလုံခြုံမှုတွေ၊ ဒီကြားထဲ မှာ လမ်းကယာယီပိတ်တာမျိုးလား၊ မဟုတ်ရင်လည်း  မလုံခြုံလို့၊ လေယာဉ်လာလို့ အဲလို ပုံစံမျိုးတွေနဲ့ ကြုံနေရတာလည်းရှိတယ်။   

အခုဟာက KNWO  ရဲ့ စီမံမှုနဲ့ပဲသွားတာ၊ ဘယ်သူ့ဆီကမှ ပိုက်ဆံယူပြီးတော့  လုပ်တာလည်း မဟုတ်တဲ့အခါကျ ပိုပြီးအားစိုက်ပြီးတော့ လုပ်ရတာမျိုးတွေလည်းရှိတယ်။ နောက်တခုက အချက်အလက်တွေဟာ KNWO   ဆီရောက်လာတဲ့၊ ဝန်ဆောင်မှုယူတဲ့သူလောက်ပဲ ရှိတယ်။ နယ်စပ် အပါအဝင် ကရင်နီပြည်ရဲ့ ၇မြို့နယ်လုံး ကျွန်မတို့ဆီကို လာမယူတဲ့ဝန်ဆောင်မှုတွေ၊ တခြားကျန်နေတာ မျိုးတွေတော့ရှိမှာပေါ့။ တပြည်နယ်လုံး ကျယ်ကျယ် ပြန့်ပြန့် အနေအထားကို ခြုံငုံပြီးတော့ ရေးထား ပေမယ့်လည်း  တချို့ဆိုရင်တော့ အကန့်အသတ် ရှိနေတဲ့ အနေအထားမျိုးတော့ ကြုံရတယ်။

အထူးသဖြင့် ကျွန်မတို့ ပြည်နယ်မှာက ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုက အမြင့်ဆုံး ဖြစ်တဲ့အခါ ကျတော့ အချက်အလက်ကောက်တဲ့အခါမှာ၊  စိတ်ပိုင်းဆိုင်ရာ လူမှုထောက်ပံ့မှုပေးတဲ့ အခါမှာ သူတို့ဘက်က ရင်ဖွင့်ပြီးတော့ လိုအပ်နေတဲ့ အပိုင်းတွေကိုပြောမှ သိရတယ်။

လူမှုပတ်ဝန်းကျင်မှာနေနိုင်ဖို့ကလည်း သူတို့အတွက် အလုပ်တခုလုပ်မှပဲ အရင်ကကြုံခဲ့တဲ့အရာတွေက စိတ်ထဲပြန်မပေါ်မှာဆိုတော့  သူတို့တောင်းဆိုတဲ့အပေါ်မှာ  မဖန်တီး ပေးနိုင်တာလည်း စိန်ခေါ်မှုတခု ထဲမှာလည်းပါတယ်။

HI  – ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုကြုံရပြီး ရှင်သန်လွတ်မြောက်လာသူတွေအတွက် အလုပ်အကိုင်ဖန်တီးပေးမှုအပိုင်းမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။

KNWO – အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်တာတွေ၊ ရက်ကန်း၊ ဂျပ်ခုတ်တို့ သူတို့ စိတ်ဝင်စား တဲ့အပိုင်း သင်ပေးတာတွေ၊  အခုနောက်ပိုင်းဆို မျိုးစေ့ကိုထောက်ပံ့ပြီးတော့ စိုက်ပျိုးရေး လုပ်တာမျိုး တွေလည်းရှိတယ်။ တချို့ကျတော့လည်း အရင်းအနှီးထောက်ပံ့ပေးတယ်။ သူတို့ စိတ်ဝင်စားတဲ့ ကုန်စုံဆိုင်လား။ သူတို့စိတ်ဝင်စားတဲ့ အထည်ဆိုင်လား၊ ဝက်မွေးမြူရေး၊ မှိုစိုက်ပျိုးရေး အဲ့လိုမျိုးတွေ အဲ့လိုမျိုးတွေလုပ်ပေမယ့်  အားလုံးကို လွှမ်းခြုံပြီးတော့ မပေးနိုင်ဘူး။

တချို့ဆို ကြီးကြီးမားမား လုပ်ချင်တယ်။ ဒီဘက်က ပံ့ပိုးပေးနိုင်တဲ့ပမာဏနည်းတယ်။ နောက်တခုက ကျတော့ ကျွန်မတို့က သူတို့စနိုင်အောင်ပံ့ပိုးပေးနိုင်သော်ငြားလည်းပဲ အထူးသဖြင့် Marketing အပိုင်း ပေါ့နော်။  ဥပမာ – အထည်တွေဘာတွေရက်ပြီးလို့ ဝယ်တဲ့သူတွေကလည်း အခုကာလမှာက အရည်အသွေး ကောင်းကောင်းနဲ့ထုတ်ရင်တောင်မှ ဝယ်ပေးမယ့် သူကလည်းမရှိ။

တဖက်က သူတို့လုပ်မယ့် စီးပွားရေးနဲ့ ပြန်ရမယ့် အရင်းအနှီးတွေက တကယ့်စီးပွားကြီးလိုမဟုတ်ပဲနဲ့ တပိုင်တနိုင်ပုံစံမျိုး၊ သူတို့ နေ့စဉ်ဖူလုံဖို့အတွက် စားဖို့အတွက် အဲ့လိုပုံစံနဲ့ လည်ပတ်နေတာရှိတယ်။ သူတို့ အများကြီးတော့ လိုအပ်နေဆဲဖြစ်တယ်။

ဥပမာ-စိုက်ပျိုးရေးဆိုရင် နှမ်းစိုက်ချင်တာလား၊ မြေပဲစိုက်ချင်တာလား၊ တခြားအပင်တွေ စိုက်ချင်တာ လား။ အဲ့လိုမျိုးဆိုရင်ကိုယ်တွေကမျိုးစေ့ပေးရတယ်။ ပျိုးထောင်ဖို့အတွက် နည်းပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေ စီစဉ်ပေးရတယ်။ တချို့က နယ်မြေရဲ့ ကုန်ဈေး နှုန်းပေါ်  မူတည်ပြီးတော့မှ  သူတို့ လုပ်မယ်ပြောတဲ့အချိန် ဈေးတမျိုး၊ နောက်တရက်နေရင် ဈေးတမျိုး ကုန်ဈေးနှုန်း တအား တက်နေတော့ သူတို့ပြန်ရောင်းရမယ့် အမြတ်ကမတူဘူး။ ဒါလည်း စိန်ခေါ်မှုထဲမှာ ပါတယ်။

HI  – အစီရင်ခံစာအရ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေက စစ်ပဋိပက္ခကာလအတွင်းမှာဆို လျော့သွားတာမရှိဘဲ တိုးလာတာကိုလည်းတွေ့ရပါတယ်။ ဒါက ဘာလိုအကြောင်းတွေကြောင့်လို့ မှတ်ချက်ပေးချင်ပါသလဲ။

KNWO  – စစ်ပဋိပက္ခကြာလာတဲ့အခါမှာ စားဝတ်နေရေးအဆင်မပြေဘူး။ အထူးသဖြင့် နေ့စဉ် အကြမ်းဖက်မှုဖြစ်နေတဲ့မိသားစုတွေက ပိုပြီးတော့မှ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် တွေလည်းပါတယ်။ အလုပ်အကိုင်ရှားပါးမှုတွေ အလုပ်အကိုင်လုံးဝလုပ်လို့မရတဲ့ အနေအထားမျိုး ဖြစ်တယ်။ တောင်ယာလည်း အလွယ်တကူလုပ်လို့မရဘူး။ လယ်ယာလည်း ပိုဆိုး။ သူတို့အိမ်တွေ ပါသွားတယ်။ ရပ်ရွာမှာပြန်နေလို့လည်းမရဘူး။ တခြားနေရာမှာခဏခဏ ရွေ့ပြောင်းရတယ်။

အဲ့လိုဆိုတော့ သူတို့ရဲ့မိသားစုအတွက် ရုန်းကန်နေရတာများလာတယ်။ အခွင့်အလမ်းတွေကမရှိ။ တဖက်မှာကလည်း မူးယစ်ဆေးဝါးတွေရောင်းတယ်၊ ပြန်သုံးတယ်။ သုံးဖန်များလာတဲ့အခါမှာ  သတိ လက်လွတ်တွေဖြစ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ နည်းအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ မြတ်ထုတ်တာ၊ မဟုတ်ရင် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ဖြစ်လာတာမျိုးတွေ ရှိလာတယ်။ တရားဥပဒေစိုးမိုးမှု ကိုင်တွယ်နိုင်မှုကလည်းအခက်ခဲရှိတယ်။

အဲ့လိုမျိုးဖြစ်တဲ့ပေါ်မှာ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ပေး အရေးယူနိုင်မှု မရှိတာ တကြောင်း၊ နောက်တခုကတော့  အပြစ်ပေးအရေးယူနိုင်ရင်တောင်မှ ကရင်နီ အနေအထားနဲ့ ဆိုရင် ဥပမာ အကျဉ်းထောင်ကိစ္စ။  ဒီလိုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေအတွက်ဆို ကြီးလေးတဲ့ ပြစ်မှု မဟုတ်နေတဲ့အခါ အကျဉ်းထောင်တွေမှာ မထားချင်ဘူး။ ဒီဘက်တော်လှန်ရေးကာလမှာလည်း အကျဉ်းထောင်ထားဖို့တောင် စားစရိတ်အခက်အခဲဖြစ်တော့ ခံဝန်ကတိတွေနဲ့ပဲ  ကတိစာချုပ်တွေနဲ့ လုပ်၊ ကျူးလွန်သူကိုအပြစ်ပေးအရေးယူမှုတွေ ကြီးကြီးလေးလေး မရှိတဲ့အပေါ် အလွယ်တကူ ပြန်ချိုးဖောက်။ အဲ့လိုပုံစံမျိုးဖြစ်နေတော့ ကျူးလွန်နေတဲ့အခြေအနေကပိုပြီးတော့ ကင်းလွတ်ခွင့် ရနေတာ။

ခြုံပြီးပြောရမယ်ဆိုရင်တော့ အရင်ကလည်း မရှိဘူး မဟုတ်ဘူး။ နည်းနည်းခံသာသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာက တနေ့ထက်တနေ့ပိုဆိုးလာတာ။ တော်လှန်ရေးရှည်တဲ့အပေါ်မှာ စားဝတ်နေရေးက ပိုပြီး ခက်ခဲလာတယ်။ အလုပ်အကိုင်တွေလည်း ရှားပါးလာတယ်။ တချို့နေရာတွေဆို လုံးဝ အလုပ် လုပ်လို့ရတဲ့အနေအထားမျိုးမရှိတော့ဘူး။   မူးယစ်ဆေးဝါးတွေ လွယ်လွယ်ကူကူရတယ်။ ရောင်းတယ်၊ ဝယ်တယ်၊ သုံးတယ်။ အဲ့လိုဖြစ်တဲ့ပေါ်မှာ အကြမ်းဖက်မှုတွေက နည်းအမျိုးမျိုးနဲ့ ပိုပြီးတော့ ဖြစ်လာတာတွေရှိတယ်။

HI  – ကရင်နီပြည်က စစ်ရေးအပြင်းထန်ဆုံးဒေသတွေထဲမှာပါဝင်ပြီး ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ဒုတိယအမြင့်ဆုံးဒေသဖြစ်တယ်လို့  စာရင်းတွေမှာဖော်ပြထားတာကိုတွေ့ရတယ်။ ကရင်နီပြည်မှာ ဒီလိုမျိုး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေ များနေတာက ဘာကြောင့်လို့ သုံးသပ် ချင်ပါသလဲ။

KNWO – ပထမ တချက်က ကျွန်မတို့ကရင်နီရဲ့အမျိုးသမီးအစုဖွဲ့တွေက မြေပြင်မှာ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ပညာပေးမှုအပိုင်းတွေက တော်တော်လေး အားကောင်းတယ်။

အားကောင်းတဲ့ အခါမှာ ခံရတဲ့အမျိုးသမီး ကိုယ်တိုင်က ပိုပြီးတော့ ဖော်ထုတ်ပြောဆိုလာတာမျိုးတွေ ရှိတယ်။ ဒီဟာက ရှက်စရာမဟုတ်ဘူး။ ကြောက်စရာမဟုတ်ဘူး။ အခွင့်အရေးချိုးဖောက်ခံနေရတယ်။ အဲ့ဒါကိုဘယ်လိုမျိုးမျှတအောင် ရယူရမလဲ။ ကျူးလွန်တဲ့သူတွေကိုလည်း ဥပဒေလမ်းကြောင်းအရ နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုသွားမလဲ ဆိုတဲ့ဟာမျိုးတွေက သူတို့အသိအမြင်ရှိလာတဲ့အပေါ်မှာ ပိုပြီးတော့ထုတ်ဖော်ပြောလာတယ်။

ဒုတိယအချက်အနေနဲ့က ပဋိပက္ခဖြစ်လာတိုင်းမှာ အကြမ်းဖက်မှုခံနေရတာ အများစုက အမျိုးသမီး တွေ၊ ကလေးတွေ ထိလွယ်တဲ့အုပ်စုတွေဖြစ်တဲ့အခါကျတော့ ပဋိပက္ခကာလမှာက ပိုဆိုးစေတယ်။ တရားဥပဒေစိုးမိုးမှုက အားနည်းနေဆဲဖြစ်တဲ့အတွက်ကြောင့် ကျူးလွန်သူတွေကလည်း အခွင့်ကောင်း ယူပြီးတော့ ထပ်ခါတလဲလဲကျူးလွန်တာမျိုးတွေ၊ ခံဝန်ကတိနဲ့မဟုတ်ရင် နှုတ်နဲ့ပဲ သတိပေးဆိုတော့ ပြစ်မှုကျူးလွန်တာကို လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး၊ အမျိုးသမီးတွေကို ဒါမျိုးလောက်ပဲ လုပ်လိုက်ရင် ဒီလိုကတိနဲ့ပဲပြီးသွားမှာဆိုတဲ့ဟာမျိုးနဲ့ စိတ်ထဲမှာအဲ့လိုဖြစ်နေတော့ ကျူးလွန်ခွင့် ပေးထားတဲ့စနစ်ပုံစံမျိုးလည်း ဖြစ်နေတယ်။ ကရင်နီပြည်နယ်မှာက အမျိုးသမီးစုဖွဲ့တွေလည်း အများကြီးရှိတယ်။ အမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရယူလာနိုင်တဲ့အတွက်ကြောင့် အမြင့်ဆုံး ဖြစ်နေတာလို့ ကျွန်မထင်တယ်။

ဒီအမှုတွေနဲ့ပတ်သက်ရင် ကိုင်တွယ်ဖြေရှင်းရတာ စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဧရိယာတွေမှာ စစ်ကောင်စီဘက်ကိုသွားပြီးတော့ ဝန်ဆောင်မှုယူရင်တောင်မှ ထပ်ချိုးဖောက်ခံရတယ်။ ကရင်နီမှာက ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု ရယူလို့ရတဲ့နေရာ အလွယ်တကူရှိတယ်။ အသိပညာပေးမှုတွေကလည်း မြေပြင်မှာ ကျယ်ကျယ် ပြန့်ပြန့် လုပ်လာနိုင်တော့ အဲ့ဒီအပိုင်းကို ပိုပြီးတော့ထုတ်ဖော်ပြောလာတယ်။

HI –  အစီရင်ခံစာမှာဆို စစ်ပဋိပက္ခရဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့် အိမ်တွင်း အကြမ်းဖက်မှု တွေတိုးလာတာကိုလည်းတွေ့ရပါတယ်။ ခင်ပွန်းသည်တွေက ဓား၊ တုတ်၊ လက်နက် တွေနဲ့ အကြမ်းဖက်တာအပြင် သေနတ်(တူမီး) စတာတွေနဲ့ ကျူးလွန်တယ်လို့လည်း ဖော်ပြထား တာကိုတွေ့ရပါတယ်။ နမူနာတချို့ကို မျှဝေပေးလို့ရရင် မျှဝေပေးစေချင်ပါတယ်။

KNWO –  ဥပမာ- ၂၀၂၂ ခုနှစ်က ဖြစ်စဉ်တခုဆိုရင် စစ်ရှောင်စခန်းက အမျိုးသမီးတယောက်ကို သူ့အမျိုးသားက အပြင်မှာ အရက်တွေမူးလာပြီး  ပြန်ရောက်ရင် သူ့အမျိုးသမီးကို နည်းအမျိုးမျိုးနဲ့ ရန်ရှာတယ်၊ နှောင့်ယှက်တယ်၊ အမျိုးသမီးက ဒါမျိုးတွေမလုပ်ဖို့ပြောတာမျိုးဆို  ယောက်ျားဖြစ်နေတဲ့ အခါမှာ ပြန်ပြောလို့မရတဲ့ လူမှုစံနှုန်းအရ သတ်မှတ်ထားတဲ့ အခါကျတော့ သူတို့မှားနေရင်တောင်  ပြောလို့မရတဲ့ အနေအထားမျိုး အဲ့လိုဖြစ်စဉ်တွေ ရင်ဆိုင်နေရ တယ်။

သူ့ကိုမလေးစားလို့ ပြန်ပြောနေရကောင်းလားဆိုတဲ့ဟာမျိုးတွေနဲ့  စိတ်လွတ်ပြီး ဓားတွေယူပြီးတော့ အမျိုးသမီးကို အသက်အန္တရာယ်ဖြစ်တဲ့အထိ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်။ တချို့ဆိုရင် မူးရူး လာပြီးတော့မှ လိင်ပိုင်းဆိုင်ရာတောင်းဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေက အဆင်မပြေလို့ လက်မခံတာ မျိုး ဆိုရင်လည်း  အသက်အန္တရာယ်ထိအောင် တွန်းထုတ်တာ၊ ကန်တာတို့ အသက်ရှူကြပ်အောင် လည်ပင်းညစ်တာတို့လုပ်တယ်။ အမျိုးသမီးဘက် လိင်စိတ်ဆန္ဒအရ သဘော မတူဘူးဆိုရင် လင်မယားကြားမှာလည်း မုဒိမ်းမှု မြောက်တယ်။

တချို့အမျိုးသားတွေက အမျိုးသမီးကို ယူပြီးပြီဆို အကုန်လုံးပိုင်တယ်။ သူကြိုက်တာလုပ်လို့ရတယ် ဆိုတဲ့ပုံစံမျိုးတွေလည်း ရှိတယ်။ သူ့ကိုဘာလို့ လက်မခံတာလဲ၊ တခြားအမျိုးသားတွေနဲ့ ဖောက်ပြန် နေတာမလားဆိုပြီး အကြမ်းဖက်မှု ဖြစ်စေတဲ့ စကားလုံးတွေကို  ထုတ်ဖော်ပြောတဲ့အခါမှာ အမျိုးသမီးတွေက စိတ်ပိုင်းလည်းခြိမ်းခြောက် ခံရတယ်။ ရုပ်ပိုင်းလည်းခြိမ်းခြောက်ခံရတယ်။

အဲ့လိုမျိုးတွေကြုံရတဲ့အခါ ရပ်ကွက်လူကြီးတွေကို အကူအညီတောင်းတာမျိုး၊ KNWO ဆီ အဝတ်တထည် ကိုယ်တခုနဲ့ပြေးလွှားလာပြီး အကူအညီလာယူရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒါတွေက လင်မယားကြားကရိုးရိုး ပြဿနာလောက်ပဲ ဘေးပတ်ဝန်းကျင်ကရှုမြင်ပေမယ့် တကယ်တမ်းက အမျိုးသမီးတယောက်က အချိန် ၁မိနစ်အတွင်းမှာ အသက်အန္တရယ်ကြုံရနိုင်တယ်။ မူးရူးတဲ့သူက စိတ်လွတ်သွားလို့ ခုတ်ချလိုက်လို့ အသက်အန္တရယ်ထိသွားရင် နောက်ဆက်တွဲ ကျန်နေခဲ့တဲ့ ကလေးတွေ ကျန်ရစ်သူ မိသားစုတွေလည်းရှိလာမယ်။ ရာဇတ်ဝတ်မှုအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာလည်းတာဝန်ကြီးလာပြီ။

ဒါကြောင့် ကြား ၃ ကြားမဝင်ရဆိုတဲ့ဟာမျိုးတွေနဲ့ ဖြစ်လေ့ဖြစ်ထရှိတာလို့ သတ်မှတ်ပြီးနေရင် အများကြီး ထိခိုက်လာမယ်။ အဲ့ဒါတွေကို သင်ခန်းစာယူပြီး ရပ်ကွက်ထဲမှာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နဲ့ပတ်သက်ရင် ပညာပေးမှုတွေ အစီအမံတွေ တုန့်ပြန် ဆောင်ရွက်မှု တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလိုတယ်။

HI  – စစ်ပွဲတွေ၊ လက်နက်တွေရှိလာတာက အမျိုးသမီးတွေအပေါ်  အကြမ်းဖက်မှုတွေ အလွယ်တကူဖြစ်စေတဲ့အကြောင်းအရင်းတွေဖြစ်လာတယ်လို့ ပြောလို့ရမလား။ ဘယ်လို သုံးသပ်ချင် ပါသလဲ။

KNWO – စစ်အာဏာရှင်ကိုတွန်းလှန်ရင်းနဲ့ တချို့ဆိုရင်  ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဆိုပြီးတော့ အလွယ်တကူ အမြဲတမ်းဓားဆောင်ထားတာ။ အိမ်ထဲမှာ တူမီး ဆောင်ထားတာ၊ ပိုက်ဆံ ရှိရင် လက်နက်တောင် ဝယ်လို့ရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါမှာ  လောင်းကစား လုပ်ရင်းနဲ့ ငွေရေးကြေးရေးစကားများတာ၊ မူးယစ်ဆေးဝါးသုံးရင်းနဲ့ သတိလွတ်ပြီး ကိုယ့်အမျိုးသမီးကို  တူမီးတွေ၊ ဓားတွေ၊ တုတ်တွေ လက်နက်တွေနဲ့ခြမ်းခြောက်တာမျိုးတွေရှိတယ်။ လောင်းကစားတွေ မူးယစ်ဆေးဝါးတွေ စားဝတ်နေရေးအဆင်မပြေတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုမလုပ်နိုင်တော့ ထစ်ခနဲဆို  အကြမ်းဖက်တဲ့ ဟာမျိုးတွေကအလွယ်တကူဖြစ်နေတယ်။

HI  –  အစီရင်ခံစာထဲမှာ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေက ခုခံတော်လှန်ရေး အဖွဲ့တွေ၊ အကာအကွယ်ပေးရေး ယန္တရားတွေက တာဝန်ရှိသူတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ ဒီလိုအမှုတွေကို ပါဝင်ကူညီဖြေရှင်းဆောင်ရွက်ပေးတဲ့အခါ ဘယ်လို စိန်ခေါ်မှုတွေ တွေ့ရလဲ။

KNWO – ကျူးလွန်သူတွေကတော့အမျိုးမျိုးရှိတယ်။ အကြမ်းဖက်စစ်တပ်၊ တချို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ၊ တချို့လည်း အာဏာပါဝါရှိတဲ့လူတွေကစပြီး ရင်းနှီးတဲ့ လက်တွဲဖော် အဆုံး ကျူးလွန် ကြတယ်။

အဲ့လိုဖြစ်တဲ့အခါမှာ လိုက်ပါဆောင်ရွက်နေတဲ့ ကျွန်မတို့ဝန်ထမ်းတွေ အမှုကိုင်တွယ်သူတွေ၊ ရှင်သန် လွတ်မြောက်သူတွေအတွက်က  လုံခြုံမှုတကယ်မရှိဘူး။ လက်နက်နဲ့ကျူးလွန်တဲ့ အစုအဖွဲ့တွေဆို လက်နက်အားကိုးပြီးတော့ ဖြစ်စဉ်ကို ကိုင်တဲ့အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တာ၊ မဟုတ်ရင်လည်း ကာယကံရှင်ဖြစ်တဲ့အမျိုးသမီးကို နင်အဖွဲ့အစည်းကိုတိုင်မယ်ဆိုရင်  ပိုပြီး အမှုကြီးသွားမယ်၊ တိုင်ရဲ တိုင်ကြည့် ဒီကာလမှာ အမျိုးသမီးကိုကာကွယ်ပေးတဲ့ ဥပဒေမရှိဘူး။ နင့်ကိုသတ်နိုင်တယ် ဆိုတဲ့ ဟာမျိုးတွေ ပြန်ခြိမ်းခြောက်တာ။

နောက်တခုကကျတော့ ကူညီပေးနေတဲ့အစုအဖွဲ့ကိုလည်း နှုတ်အားဖြင့် ခြိမ်းခြောက်တာမျိုးတွေကအစ ကျူးလွန်သူတွေကလည်း လက်နက်ကိုင်မဟုတ်ရင်တောင် လက်နက်အာဏာလွှမ်းမိုးသူဖြစ်တဲ့အခါမှာ  ဘယ်လောက်ပဲ တရားရေးနဲ့သွားသွား၊  ကျူးလွန်သူတွေက လေးစားလိုက်နာမှုမရှိဘူး။ ဥပမာ – ဆင့်ခေါ်စာလာလည်း မသွားတာမျိုး၊ အရေးမလုပ်တာမျိုး၊  သူကျူးလွန်ခဲ့တဲ့ဟာကို သူက ကျူးလွန်သူ မဟုတ်နေတဲ့ ပုံစံမျိုးတွေနဲ့အဲ့လိုမျိုးတွေကအစရှိတယ်။

ရှင်သန်လွတ်မြောက်လာသူကို ကျူးလွန်သူက အတင်းဖိအားပေးခံရတာမျိုး၊ တရားရေးအရ ဖြေရှင်းတဲ့အခါဆိုရင်လည်း သက်သေခေါ်တဲ့သူတွေကို  ဖိုဝါဒကြီးစိုးတဲ့ သူတွေ ကိပဲ ခေါ်လာတာမျိုး၊ အသိုင်းနဲ့အဝိုင်းနဲ့လာတာမျိုး၊ သူမှားတဲ့ဟာကို အမှန်ထွက်ဆိုခိုင်းတာ အဲ့လို ဖြစ်တဲ့အခါမှာ တခါတလေကျရင် ကာယကံရှင်ဖြစ်တဲ့ နစ်နာသူအမျိုးသမီးဘက်က ရင်ဆိုင်ရတာ တော်တော် ခက်တယ်။

HI – အစီရင်ခံစာထဲမှာ စစ်ပွဲရဲ့နောက်ဆက်တွဲကြောင့် အမျိုးသမီးတွေဟာ တနေရာကနေ တနေရာကို စစ်ဘေးရှောင်တဲ့ကာလတွေမှာ အိမ်ထောင်သည်အမျိုးသား၊ နယ်မြေတာဝန်ရှိသူ၊ လုံခြုံရေး တာဝန်ရှိသူ၊ တွေရဲ့ လိင်အမြတ်ထုတ်မှုတွေလည်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ပဋိပက္ခတွေဟာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေကို ပိုတိုးလာစေတယ်လို့ သုံးသပ်လို့ရမလား

KNWO – စစ်ရှောင်တွေမှာ အခုဆိုရင် တနေရာပြီးတနေရာ စစ်ရှောင်ရတာမျိုးတွေဖြစ်တော့ အဆင်မပြေမှုတွေလည်းပိုများလာတယ်။ အဲ့လိုဖြစ်တဲ့အပေါ်မှာ မိသားစုတွေလည်း ကွဲကွဲပြားပြားနဲ့ တချို့ဆို မိန်းမတွေကျန်ခဲ့ပြီး အမျိုးသားက ပြည်ပမှာမိသားစုအတွက် အလုပ်လုပ်တာ၊ အမျိုးသမီးက ထွက်လုပ်ပြီး အမျိုးသားကကျန်ခဲ့တာမျိုး၊ ကရင်နီထဲ နေတာတောင်ဟိုဘက် တနေရာ အလုပ်လုပ်ရတဲ့ မြို့နယ်ကိုသွားပြီး ကလေးက  တမြို့နယ်ချန်ထား၊ အဲ့လိုဖြစ်တဲ့အခါမှာ မိသားစုတွေက စုံစုံလင်လင်နဲ့ ထိန်းကွပ်မှု၊ ဆုံးမမှု အဲ့မရှိတဲ့အခါမှာ ဆယ်ကျော်သက် ကလေးတွေက တနေရာ၊ မိဘတနေရာရှိတယ်။ ကလေးတွေက ကြာလာတဲ့အခါ စိတ်ဒဏ်ရာဒဏ်ချက်နဲ့ သူ့ရဲ့လွတ်လပ်မှု ပျော်ရွှင်မှု မရှိတဲ့အခါမှာ စိတ်ဓာတ်တွေကျ၊ ဘဝရဲ့ ဆုံးဖြတ်ချက်မှားပြီး ချစ်သူကောင်လေးက ကတိပေးထားတာတို့၊ လိမ်လည် အတူနေပြီးတော့  လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊  ပြီးရင်ကလေးတွေရလာတယ်။ ကိုယ်ဝန်ရလာတယ်။ တာဝန်မယူဘူးပစ်ထားတယ်။ အဲ့လို ဖြစ်စဉ်တွေလည်းတိုးလာတယ်။

တချို့ကကျတော့ စားဝတ်နေရေးကို ရရာဖြေရှင်းရတဲ့ပုံစံမျိုးနဲ့  မိသားစုကို ပေးဆပ်မှုနဲ့ မချစ်ဘဲနဲ့ ယူလိုက်ရတဲ့ဟာမျိုး၊ ပြီးရင်အိမ်ထောင်ရေးထဲမှာ အဆင်မပြေမှုတွေဖြစ်လာတော့ ဖောက်ပြန်မှုတွေ ရှိလာတဲ့ဟာမျိုးတွေကအစ ကြုံရတယ်။ လူမှုရေးဖောက်ပြန်မှုတွေတော်တော်များတယ်။ အမျိုးသမီး တွေ အပေါ်ကို ဖောက်ပြန်ပြီး တခြား တွေ့တဲ့သူနဲ့ လိုင်းပေါ်တွေချိတ်ဆက်တယ်။ လူပျိုလူလွတ်ဟန် ဆောင်ပြီးတော့ အပြင်ကနေချိန်းတွေ့၊   လိင်ပိုင်းဆိုင်ရာ အမြတ်ယူပြီးတော့ ဖောက်ပြန်မှုတွေ  အဲ့လိုမျိုးတွေကလည်းရှိလာတယ်။

လောင်းကစားလုပ်ချင်တာမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲချင်တာမျိုး အမျိုးသမီးဆီကတောင်းလို့ မပေးနိုင် တဲ့အခါမှာ  နင်မှ မထုတ်ပေးနိုင်တာဆိုတဲ့ဟာမျိုးတွေနဲ့ တခြားနေရာကိုအလုပ်သွားလုပ်ရင်းနဲ့ ရောက်တဲ့နေရာမှာ ဖောက်ပြန်လိုက်တာမျိုး၊ လူမှုကျင့်ဝတ်တွေကို မစောင့်စည်းနိုင်တော့ဘဲ  အဆင်ပြေတဲ့နေရာ၊ သာယာတဲ့နေရာ တဖက်ကိုလည်း လူပျိုလူလွတ်ဟန်ဆောင်ပြီးတော့ မိန်းမပျိုလေးဘဝကို ထပ်ပြီးစော်ကားတာမျိုးတွေလည်းရှိတယ်။

HI  – မြေပြင်မှာရှိတဲ့တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအနေနဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုကိုအလေးထားဖြေရှင်းတဲ့အပိုင်းမှာ အားနည်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲရှင့်။

KNWO –  တော်လှန်ရေးအစုအဖွဲ့တွေက အများစုက ဖိုဝါဒကြီးစိုး လွှမ်းမိုးမှုများတဲ့ အဖွဲ့အစည်း တွေ ရှိတယ်။ တချို့ခေါင်းဆောင်တွေကတော့ ဂျဲန်ဒါနဲ့ ပတ်သက်ရင် နားလည်လက်ခံလာတဲ့ အပိုင်း တွေကလည်း ရှိတယ်။ ဒါပေမယ့်အဲဒါက လက်ချိုးရေလို့ရတယ်။ ဂျဲန်ဒါနဲ့ပတ်သက်ရင် သူတို့ တပ်အောက်က ကျူးလွန်တာတောင်မှ သာမာန်အမှုလို့ပဲမြင်တယ်။ ခံရတဲ့အမျိုးသမီးဘက်က  စကားကို နားမထောင်ဘဲနဲ့ အမှုကိုတဖက်သတ်ဆုံးဖြတ်လိုက်တာက ကျွန်မတို့ပြောပြောနေတဲ့ အကြမ်းဖက်ခံရသူ ဗဟိုပြုနည်းလမ်း (Survivor Center Approach) မဟုတ်နေဘူး။ ကိုင်တွယ် ဖြေရှင်းရမယ်လို့လည်း မမြင်ဘူး။ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေက အမျိုးသမီးအစုအဖွဲ့တွေနဲ့ပဲ ဆိုင်တယ်။ သူတို့လုပ်လိမ့်မယ်ဆိုတဲ့ဟာမျိုးတွေ ဖြေရှင်းပုံဖြေရှင်းနည်းတွေကိုလည်း သိရှိမှုအားနည်း တယ်။

ကာယကံရှင်အသံကိုနားထောင်မှုမရှိပဲနဲ့ ကျူးလွန်သူတွေရဲ့ ထွက်ဆိုချက်ပေါ်မှာပဲ မူတည်ပြီးတော့ ဖြေရှင်းလိုက်တာတွေကလည်း တရားမျှတမှုရနေတဲ့ ကိစ္စမဟုတ်ဘူး။ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ကိုတုန့်ပြန်ဆောင်ရွက်တဲ့ ယန္တရားတွေကလည်း အားနည်းနေဆဲပဲဖြစ်တယ်။

ရပ်ကွက်ထဲ အုပ်ချုပ်ရေး ရုံးတွေကို ရောက်လာတဲ့အမှုတွေဆိုလည်း ကျူးလွန်သူကိုခံဝန်ကတိနဲ့ လုပ်ပြီး နောက်တခေါက် အမှုဖြစ်လို့ သူတို့ဆီပြန်ရောက်လာရင်  နင်တို့ဟာတွေကလည်း လင်မယား ကြားမှာ အမြဲတမ်း ဖြစ်နေတဲ့ဟာတွေ ထပ်မဖြေရှင်းပေးချင်တော့ဘူးလို့ဆိုတဲ့အခါ ခံရတဲ့အမျိုးသမီး အတွက်လည်း တွန့်ဆုတ်လာတယ်။  သူများကိုခဏခဏသွား အနှောင့်အယှက်ပေးရတဲ့ဟာမျိုးလည်း သူစိုးရိမ်လာတယ်။ သူကြောင့်နဲ့ သူများ အပိုအလုပ်လုပ်နေရတယ်ဆိုတဲ့စိတ်တွေလည်း ဝင်လာတယ်။ အားနာလာတယ်။ သူခံရတဲ့ နေ့စဉ်အကြမ်းဖက်မှုတွေကို ပြောထွက်ဖို့ တွန့်ဆုတ်တဲ့ဟာမျိုးတွေလည်း ရှိလာတယ်။ ဘယ်သူမှ သူ့ဘက်မှာရပ်တည်မနေဘူးဆိုတဲ့ ခံစားချက်နဲ့ဖြစ်လာတော့ တချို့ဖြစ်စဉ်တွေ ဆို ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင်လာတဲ့အနေအထားမျိုးလည်း မြင်ရတယ်။

ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကိုလျော့ချဖို့ဆိုရင် နိုင်ငံရေး သဖွယ် ရှုမြင်ပြီးတော့ ကိုင်တွယ်ရမှာဖြစ်တယ်။ဒီလိုကိုင်တွယ်တဲ့အခါမှာလည်း ရပ်ကွက်တွေမှာ  နာယကတို့၊ ဘာသာရေးခေါင်းဆောင်တို့က အများစုက အမျိုးသားတွေဖြစ်တယ်။ ဒီအမျိုးသားတွေ ကလည်း ဂျဲန်ဒါကိုမသိတဲ့အခါ လူ့အခွင့်အရေးစကားနဲ့သွားပြောရင်လည်း ဒါငါတို့ရွာ၊ ငါပိုင်တယ်။ ငါတို့ထုတ်တဲ့စည်းကမ်းပဲ  ဆိုတဲ့ ဖိုဝါဒကြီးစိုးမှုတွေကရှိနေဆဲဖြစ်တယ်။  

HI  –  ဓလေ့ထုံးတမ်းတွေကလည်း အမျိုးသမီးတွေအနေနဲ့ တရားမျှတမှုဖော်ဆောင်တဲ့အခါ အခက်အခဲတွေ ဖြစ်စေတယ်လို့ဖော်ပြထားတာရှိတော့ ဒါတွေကိုရော ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါသလဲ။

KNWO –  တချို့ကျတော့လည်း ဓလေ့ထုံးတမ်းကောင်းတဲ့အရာတွေရှိတယ်။ တချို့ ကျတော့ လည်း အမျိုးသမီးတွေအပေါ်ပိုဖိနှိပ်တဲ့ ဖြစ်စဉ်တွေလည်းရှိတယ်ဆိုတော့ ဓလေ့ထုံးတမ်းက ဘယ်လိုပဲသုံးသုံး အများစုက  လူအပေါ်မှာပဲမူတည်ပြီးတော့ ဆုံးဖြတ်ရတာဖြစ်တဲ့အတွက်ကြောင့် ဒီကာလမှာက တရားဥပဒေစိုးမိုးမှုမရှိတဲ့အခါမှာ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေက ဓလေ့ထုံးတမ်း ဘက်ကို ပိုသွားကြတာရှိတယ်။

တရွာနဲ့တရွာတောင်မှ ဓလေ့တုံးထမ်းချင်း မတူဘူး။ ဟိုဘက်ရွာက စည်းကမ်းချက်ထုတ်ပြီးတော့ ကိုင်တာတမျိုး၊ ဒီဘက်ရွာက ကိုင်တာတမျိုးရှိတယ်။ ဘယ်လိုလုပ်ရင်ပိုကောင်းမလဲဆိုတဲ့ ကာယကံရှင် အမျိုးသမီးတွေ၊ ခံရတဲ့အမျိုးသမီးတွေရဲ့အသံကိုယူပြီးတော့  ကျင့်သုံးသွားတာမျိုးဆိုရင် ရပ်ရွာထဲမှာ ပိုပြီးတော့  အန္တရာယ်လျော့ကျလာမှာဖြစ်တယ်။

နောက်တခုကကျတော့ တရားဥပဒေအရတိုင်ကြားနိုင်မှုကလည်း  လူထုလက်လှမ်းမမှီတော့ ဓလေ့ ထုံးတမ်းနဲ့ ရပ်ရွာလူကြီးနဲ့ပဲဝိုင်းပြီးဖြေရှင်းလိုက်တယ်။  အဲ့လိုဖြစ်တော့ ဖြေရှင်းတဲ့လူကလည်း လက်ဆင့်ကမ်းအရ ဟိုးရှေးခေတ်တုန်းက ဖြေရှင်းတဲ့ပုံစံမျိုးတွေပဲဖြစ်တယ်။ မပြောင်းလဲနိုင်သေးဘူး။ လက်ထပ်ပြီးတော့ ၃လနဲ့ကိုယ်ဝန်ရမယ်ဆိုရင် ဒီရွာကိုဆေးကြောရမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဓလေ့ ထုံးတမ်းအရ အဲ့လိုစည်းကမ်းချက်တွေထုတ်တယ်။

ဥပမာ-လက်မှတ်တော့ထိုးပြီးပြီ  မိသားစု အဆင်ပြေပြီး သာယာနေတဲ့အချိန်၊ အဆင်ပြေနေတဲ့ အချိန်မှာ ၃လအတွင်း ကိုယ်ဝန်ရလို့ ရွာဆေးကြောမယ်ဆိုတာ ဘာသဘောလဲပေါ့နော်။ အိမ်ထောင်ကျ ပြီးတဲ့ အမျိုးသမီးတွေက အဲ့ဒီသုံးလအတွင်း ကိုယ်ဝန်မရအောင် လုပ်ပြီးအသက်အန္တရာယ်ရှိလာရင် ရော။ တချို့အရာတွေက စံနှုန်းနဲ့လည်းမညီဘူး။ ဒါတွေကို များများပညာပေးဖို့လိုတယ်။

HI – တော်လှန်ရေးကာလမှာ စစ်ရေးအပြင် အမျိုးသမီးရေးကိစ္စတွေ၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကလည်း အရေးကြီးတယ်ဆိုတာကို ဘယ်လိုအသိပညာပေးဖို့လိုအပ်ပါသလဲ။

KNWO  – အခုနောက်ပိုင်းဆိုရင် ကိုင်တွယ်ရခက်တဲ့အထဲမှာ လက်နက်ရှိတဲ့သူတွေ၊ ပါဝါအာဏာ လွှမ်းမိုးမှုရှိတဲ့လူတွေက ပိုခက်တယ်။ လူထုကတော့ ပညာပေးတွေများများလုပ်တဲ့အခါမှာ တိုင်ကြား လာတယ်။

အထူးသဖြင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ ပတ်သက်ရင်တော့ လူမှုအသိုင်းအဝိုင်းတခုလုံးက လူထု တယောက်ချင်းစီက ရှိတဲ့ယန္တရားတွေအားလုံးကိုနားလည်ဖို့လိုတယ်။  လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြား အုပ်ချုပ်ရေးယန္တရား၊ တာဝန်ရှိတဲ့သူကြားမှာ ပိုပြီးတော့မှ ဆွေးနွေးပွဲတွေ အသေးစိတ်တွေကို ကျွန်မတို့အမျိုးသမီးစုဖွဲ့တွေ ထိထိရောက်ရောက်နဲ့ စည်းရုံးလှုံဆော်ဖို့ လိုအပ်သေးတယ်။ 

အဲ့အဖွဲ့အစည်းထဲမှာလည်း ဂျဲန်ဒါနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အသိပညာပေးမှုတွေလည်း များများလုပ်ရမှာ ဖြစ်တယ်။ လူထုကြားမှာလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသိပညာပေးမှုတွေလည်း ထပ်မံလုပ်ဖို့လိုသလို တဖက်မှာကျူးလွန်တဲ့သူတွေကလည်း  အပြစ်ပေးအရေးယူမှုတွေကို သေချာလေး လုပ်ဖို့လိုတယ်။

HI  –  အခုလိုအစီရင်ခံစာထုတ်ပြန်နိုင်တဲ့အပေါ် ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တုန့်ပြန်မှုတွေ အမျိုးမျိုးရှိတာလည်း ကြားသိရတယ်။ ဘယ်လိုပုံစံတုန့်ပြန်မှုတွေ ရှိနေပါသလဲ။

KNWO – အထူးသဖြင့် ဒီစာအုပ်ခေါင်းစဉ်ကြည့်ကတည်းက စိတ်ဝင်စားစရာကောင်းတယ်။ ယုံကြည်စရာလူမရှိဆိုတဲ့ဟာဆိုတော့ တချို့တွေက တော်လှန်ရေးတပ်ဖွဲ့ထဲက ခေါင်းဆောင်တွေရော၊ ရဲဘော်တွေရော ဒီစာအုပ်ကိုကြည့်ပြီးတော့ ပိုပြီးတော့ ဝေဖန်တာမျိုးတော့ရှိတယ်။  အမျိုးသားကို ပိုပြောသလိုမျိုး၊ ယုံကြည်စရာလူမရှိဘူးဆိုတာက ဘာကိုဆိုလိုတာလဲ၊ ဘယ်သူ့မှ မယုံကြည်တော့ဘူး လားဆိုတဲ့ ဟာမျိုးတွေ အဲ့လိုမေးခွန်းထုတ်တာမျိုးတွေရှိတယ်။ အချုပ်ကြည့်ရမယ်ဆိုရင် အကြမ်းဖက်မှု ရှိနေတယ်။ ရှိနေတဲ့အပေါ်မှာ ဖော်ထုတ်တဲ့အခါမှာ ဒီအမှန်တရားကို လက်ခံနိုင်စွမ်းက အားနည်းတယ်။ စိတ်မဝင်စားဘူးဆိုတာ သိသာတယ်။

ဒီစာအုပ်ထဲမှာဆို ဥပမာ – ကလေးတွေဆိုရင် သူယုံကြည်ရတဲ့သူ့အဖေတောင်မှ၊ သူယုံကြည်ရတဲ့ သူ့ဦးလေးတောင်မှ သူ့ကိုမုဒိမ်းကျင့် နေတယ်ဆိုတော့ အဖေ ဦးလေး အကို ဘယ်သူ့ကိုမှ ယုံကြည်ရ တာမရှိနေဘူး။ အဲ့လိုပဲ လုံခြုံတဲ့နေရာကိုရွေ့ကြတယ်။ရှောင်ကြတယ်။ သို့ပေမယ့်အဲ့နေရာမှာလည်း လက်လွတ်စပယ်နဲ့ မူးယစ်ဆေးဝါးတွေအလွယ်တကူရပြီးတော့  လက်နက်ခြိမ်းခြောက်ပြီးတော့  လိင်ပိုင်းဆိုင်ရာ ခံရတာတွေလည်းရှိလာတဲ့အခါကျတော့  အဲ့ခေါင်းစဉ်ကိုထုတ်ထားတာဖြစ်တယ်။

တချို့ဆို ပရောဂျက်တွေလုပ်စားတယ်တို့  အဲ့လိုတွေက အစ ရှိလာတယ်။ ကျွန်မတို့ အမျိုးသမီး အဖွဲ့အစည်းတွေ ဂျဲန်ဒါအရေးနဲ့လုပ်တာမျိုးဆို  အများစု အမျိုးသားတွေ ဖိုကြီးစိုးတဲ့အမျိုးသားတွေ လက်ခံနိုင်စွမ်းအားနည်းတဲ့အမျိုးသားတွေကတော့ လက်ခံကြမှာမဟုတ်ဘူး။ ဒါက အစွန်းရောက်တယ် ဆိုတဲ့ပုံစံမျိုး သာမာန်ပဲဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးမြင်တာတွေကတော့ အသိုင်းအဝိုင်းတိုင်းကရှိတယ်။

HI  – ဒီပြဿနာတွေကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် KNWO အနေနဲ့ ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်းမှာ ဘယ်လိုစည်းရုံးလှုံ့ဆော်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

KNWO – ကျွန်မတို့ကတော့ ဒီစာအုပ်ထုတ်ပြီးတဲ့နောက်ပိုင်းရော  ပုံမှန် KNWO ကလည်း တစိုက်မတ်မတ် လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ကရင်နီပြည်အတွင်းမှာကတော့ အကြမ်းဖက်မှုကို လျော့ချဖို့၊ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ကတော့  မူတခုအနေနဲ့ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ကတော့ ဆက်ပြီး စည်းရုံးလှုံ့ဆော်မှာရှိတယ်။     

တော်လှန်ရေးတပ်ဖွဲ့ထဲမှာလည်း ကျား၊ မတန်းတူညီမျှမှု အသိပညာပေးမှုတွေလည်း ပိုပြီးလုပ်ဖို့လည်း စဉ်းစားထားတယ်။ တပ်ကနေကျူးလွန်တဲ့အမှုကိုလည်း အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းပြီး အမှီအခိုကင်းတဲ့ပုံစံမျိုးတွေနဲ့ရှေ့ဆက် သင်ခန်းစာယူပြီး ပိုလုပ်ဖို့လည်း  ထပ်စည်းရုံးဖို့ရှိမယ်။ ဒီအရာတွေက KNWO တဖွဲ့ထဲနဲ့လုပ်လို့ရတဲ့အရာမဟုတ်တဲ့အတွက်  တခြားကရင်နီပြည်ရဲ့ အမျိုးသမီးအစုအဖွဲ့တွေနဲ့ ကျွန်မတို့ အလေးပေးဆောင်ရွက်သွားဖို့လည်းရှိပါတယ်။

HI  – တခြားဖြည့်စွက် ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

KNWO –  ကျွန်မတို့ကရင်နီပြည်မှာ ပြုပြင်ပြောင်းလဲဖို့လိုသေးတဲ့ ဂျဲန်ဒါနဲ့ပတ်သက်ပြီး ကြိုတင် ကာကွယ်မှု တုန့်ပြန်မှုအပိုင်းက အထူးလုပ်ဆောင်ရမယ့် အချက်တွေလည်းပြောသွားတယ်။ တဖက်မှာ လည်း ကျွန်မတို့ ဒီလိုလုပ်နိုင်ဖို့ဆိုရင် နည်းပညာ ပံ့ပိုးမှုတွေ ဘဏ္ဍာရေးပံ့ပိုးမှုတွေ  သွားချင်တဲ့စံနှုန်းနဲ့ သွားနိုင်ဖို့ကလည်း ပံ့ပိုးမှုတွေအများကြီးလိုတော့ တခြားနိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ၊ တခြားအစုအဖွဲ့ တွေရဲ့  ပံ့ပိုးမှုတွေလည်းလိုတယ်။ ဒါကြောင့် ကျွန်မတို့နဲ့လာရောက်ပါဝင်တာမျိုး   အကြံဉာဏ်ပေးတာ မျိုး ပံ့ပိုးပေးတာမျိုးကို ကြိုဆိုတယ်ဆိုတာ ပြောချင်ပါတယ်။