ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့ကြတဲ့လူငယ်တွေရဲ့ နောင်တမဲ့ ၅ နှစ်တာ
ရှင်ငြိမ်း (ခင်ဘုန်းမို့ ပံ့ပိုးပါဝင်သည်)
ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့ကြတဲ့လူငယ်တွေရဲ့ နောင်တမဲ့ ၅ နှစ်တာ
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုရဲ့ ညနေ ၄ နာရီခွဲနေရောင်အောက်မှာ လမ်းဘေးမီးတိုင်ခြေရင်းက အကင်ဆိုင်လေးဟာ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ စည်ကားလို့နေပါတယ်။
ဆီပူအိုးထဲက တရှဲရှဲမြည်သံနဲ့အတူ ကြက်အူချောင်း၊ ငါးအသားပြားနဲ့ အကြော်နံ့သင်းသင်းတွေက လမ်းသွားလမ်းလာတွေ ကို ဆွဲဆောင်နေပြီး “မရသေးဘူးလား”လို့ လောနေကြတဲ့ ဖောက်သည်တွေကိုလည်း “အစဉ်လိုက်လေး ပေးနေတာမို့ ခဏလေးပဲ စောင့်ပေးပါဦး”ဆိုတဲ့ ချိုသာယဉ်ကျေးစွာ တုံ့ပြန်သံကြားရလေ့ရှိတယ်။
ဈေးဝယ်သူတွေရဲ့တယောက် တခွန်းပြောသံတွေကြားမှာ စိတ်ပျက်မသွားဘဲ အပြုံးနဲ့ တုံ့ပြန်လေ့ရှိသူကတော့ အသက် ၂၁ နှစ်အရွယ် ဂျစ်တူး ဆိုတဲ့အမျိုးသမီးကလေးပါ။ သူနာပြုတယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့တဲ့ ဂျစ်တူးရဲ့ လက်တွေဟာ အခုတော့ ဆီနံ့၊ မီးခိုးနံ့တွေကြားမှာ အကင်ညှပ်တံကိုပဲ ကျွမ်းကျင်စွာ ကိုင်တွယ်နေရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူလေး ဂျစ်တူးဟာ ဒီနေ့မှာတော့ သူရဲ့အိပ်မက်တွေကို ရပ်ကွက်ထဲက အကင်စုံသုတ်ဆိုင်လေးရဲ့ မီးဖိုဘေးမှာ ခေတ္တခဏ မြှုပ်နှံထားခဲ့ရပါတယ်။
“ညီမရဲ့ ၅ နှစ်တာ အချိန်တွေ ဆုံးရှုံးသွားတာ နှမြောဖို့ကောင်းပါတယ်၊ ဒါပေမဲ့ ညီမတကိုယ်ကောင်းဆန်ပြီး ကျောင်း တက်ခဲ့ရင် အခုချိန်မှာ လူနာတွေကို ပြုစုတဲ့ ညီမရဲ့လက်တွေက သန့်ရှင်းနေမှာ မဟုတ်ဘူး၊ အခုတော့ အကင်ရောင်းတဲ့ လက်တွေက ကျပ်ခိုးနံ့တွေ စွဲနေပေမဲ့ ညီမစိတ်လုံတယ်”လို့ သူရဲ့ယုံကြည်ချက်ကို ဂျစ်တူးက ပြောပါတယ်။
ဂျစ်တူးအပါအဝင် ကျောင်းသူအများစုဟာ ကိုဗစ်ကပ်ရောဂါကြောင့် ၂နှစ်တာ ကျောင်းနားခဲ့ရတဲ့အပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နွေဦးတော်လှန်ရေးမှာ CDM ကျောင်းသူတွေအနေနဲ့ ရပ်တည်ခဲ့တာက သူတို့ရဲ့ဘဝလမ်းကြောင်းကို တဆစ်ချိုး ပြောင်းလဲစေခဲ့ကြပါတယ်။
ညီအမ ၂ယောက်ထဲရှိတဲ့ ဂျစ်တူးဆိုရင် သူ့အသက် ၁၀ နှစ်အရွယ်မှာ မိခင်ဖြစ်သူဆုံးပါးခဲ့ပြီး၊ ဖခင်ကလည်း သမီးတွေ ရှေ့ရေးအတွက်လို့ဆိုကာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့တယ်။ သူ့ထက် ၃ နှစ်ငယ်တဲ့ ညီမဖြစ်သူနဲ့ ဂျစ်တူးကို ဖခင်ရဲ့အမေဖြစ်သူ(အဖွား)က စောင့်ရှောက်ထားတာပါ။
အသက် ၆၅ နှစ်ကျော်သာရှိသေးတဲ့အဖွားက ထညင်းကုန်းဈေးမှာ ငခြောက်တွေသွားဝယ်ပြီး ရပ်ကွက်ဈေးမှာ ပြန်ရောင်း ကာ အိမ်ရဲ့စရိတ်ကို ဖြည့်တင်းနိုင်လို့ ဂျစ်တူးတို့ညီအမတွေ ပူပန်စရာမရှိခဲ့ပါ။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါဘေး စတင်လာချိန်မှာတော့ ဖခင်ကလည်း ငွေမပို့တော့သလို အဆက်အသွယ်ပါ ပြတ်တောက် သွားခဲ့တယ်။ အဖွားဖြစ်သူကလည်း ကိုဗစ်စည်းကမ်းတွေကြောင့် ဈေးရောင်းမထွက်နိုင်ခဲ့တော့ပါဘူး။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့ ၂ နှစ်တာဟာ ဂျစ်တူးရဲ့ ပညာရေးအိပ်မက်အတွက် ပထမဆုံး အဟန့်အတား ဖြစ်ခဲ့ပါတယ်။
“ညီမလေ ဆယ်တန်းရောက်တော့ သူနာပြုတက္ကသိုလ်တက်ရတော့မယ်ဆိုပြီး ပျော်နေခဲ့တာ၊ စာလည်း သေချာလုပ်တယ်၊ ကိုဗစ်ဖြစ်တဲ့ထိ ညီမအိပ်မက်တွေက ရှိနေတုန်းပဲ၊ အိမ်မှာနေရင်း စာပဲလုပ်ဖြစ်ခဲ့တာ၊ ကျောင်းတွေပြန်ဖွင့်တော့မယ်ဆို လည်း အရမ်းကို ပျော်ခဲ့တာ”လို့ ဂျစ်တူးက ယခင်အချိန်တွေကို ပြန်ပြောပြပါတယ်။
ကိုဗစ်တွေငြိမ်လို့ ကျောင်းပြန်တက်ရတော့မယ့်အချိန်မှာပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက သူ့အိမ်မက်တွေကို ရိုက်ချိုး လိုက်ပါတယ်။
“အာဏာသိမ်းတယ်ကြားတော့ နားမလည်ခဲ့ဘူး၊ ဆန္ဒပြရင်း တခြားသူတွေပြောတာ နားထောင်တော့မှ သိနားလည်လာ တယ်၊ အဲ့မှာ CDM လုပ်တဲ့ခံယူချက်ဖြစ်လာတယ်”လို့ ဂျစ်တူးက ဆိုပါတယ်။
အသက်ငယ်ပေမဲ့ ခံယူချက်ပြတ်သားတဲ့ ဂျစ်တူးတယောက်စဉ်းစားတာက မတရားစစ်အာဏာသိမ်းမှုကို လက်မခံနိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့် အကြမ်းမဖက်တဲ့နည်းနဲ့ တုံ့ပြန်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ပညာရေး ယန္တရား အောက်မှာ ပညာမသင်လိုဘဲ စုပေါင်းအင်အားပြတဲ့ CDM (Civil Disobedience Movement) မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ပါလို့ ဂျစ်တူးက ဆိုပါတယ်။
လူနာကို ကယ်တင်မယ့်သူဟာ မတရားမှုကိုလည်း တွန်းလှန်ရမယ်ဆိုတဲ့ အသိစိတ်က သူ့ကို ကျောင်းမတက်ဘဲ သပိတ် မှောက်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဂျစ်တူးဟာ အသက် ၂၁ နှစ်အရွယ်ရောက်လာပြီဖြစ်တယ်။ ဒီ ၅ နှစ်အတွင်းမှာ သူအပါအဝင် ကျောင်းသားထု ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကတော့ အင်မတန် ကြီးမားပါတယ်။
ပထမဆုံးကတော့ မိသားစုရဲ့ စားဝတ်နေရေးက အဓိက စိန်ခေါ်မှုဖြစ်လာပါတယ်။ ဖခင်ထံမှ အထောက်အပံ့တွေမရတော့ တဲ့အတွက် မိသားစုစားဝတ်နေရေးတာဝန်တွေဟာ သူ့ပခုံးပေါ်ကျလာခဲ့တယ်။
“အာဏာသိမ်းပြီး ၃ ၊ ၄ လလောက်ဆန္ဒပြလိုက်သေးတယ်၊ နောက်ပိုင်းပစ်ခတ်တာတွေနဲ့ စားဝတ်နေရေးကလည်း ခက် လာလို့ မထွက်ဖြစ်တော့ဘူး၊ စိတ်ဓါတ်လည်း ကျလာတယ်၊ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး”လို့ ဂျစ်တူးက ခက်ခဲခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြပါတယ်။
“ငါ့ဘဝ ဒီအတိုင်းပဲ ပြီးသွားတော့မှာလား”ဆိုတဲ့ စိုးရိမ်စိတ်တွေက ညတိုင်းလိုလို သူ့ကို ခြောက်လှန့်နေခဲ့သလို၊ ဘာလုပ် ရမှန်းမသိတော့ဘဲ လမ်းပျောက်ပြီး စိတ်ဓါတ်ကျတဲ့ဒဏ်ကို ၃ လလောက်လူးလိမ့်နေအောင်ခံခဲ့ရတယ်လို့ ဂျစ်တူးက ဆိုပါ တယ်။
နောက်ပိုင်း ဒီစိတ်ဒဏ်ရာတွေကို အိမ်အနီးနားက သူငယ်ချင်းတွေ၊ သူငယ်ချင်းမိသားစုတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေကို ဖွင့်ဟရင်း စိတ်ဒဏ်ရာကို ဂျစ်တူးတယောက် ကုစားခဲ့ပါတယ်။
နောက်တရက်မှာ အဖွားနဲ့ ဈေးလိုက်သွားရင် ငွေကျပ် ၁ ထောင်တန် အကင်ထုတ်လေး ၃ ထုတ်ဝယ်လာပြီး ကြော်၊ သုတ် ရောင်းတဲ့အခါ ခဏလေးနဲ့ ကုန်သွားခဲ့တယ်။ ဒီတော့ ဂျစ်တူးဟာ သူနာပြုဝတ်စုံအစား ချက်ပြုတ်ရေးသုံး ခါးစည်းအင်္ကျီကို ဝတ်ဆင်ပြီး “အကင်စုံသုတ်” ရောင်းတဲ့အလုပ်ကို ရွေးချယ်ခဲ့ရတာဖြစ်တယ်။
“ဖွင့်စကတော့ ရှက်တယ်၊ ရောင်းရပါ့မလားလို့လည်း စိတ်ပူတယ်၊ ဒါပေမဲ့ စေတနာထားလုပ်ပေး၊ စိတ်ရှည်ပေးတော့ ရောင်းရလာတယ်၊ ပျော်တယ်ပေါ့”လို့ ဂျစ်တူးက ပြောပါတယ်။
ဂျစ်တူးဟာ သူ့ထက် ၃ နှစ်ငယ်တဲ့ ညီမလေး ကြော်ပေးသမျှ အကင်တွေကို လက်အိတ်နဲ့ အချဉ်၊ အမွှေးအကြိုင်တွေထည့် ကာ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်လေးသုတ်ပေးတတ်ပါတယ်။
မြေးမအငယ်က အသားကင်အကြော်ကြော်၊ မြေးမအကြီးက အသုပ်သုပ်၊ အဖွားဖြစ်သူက ငွေသိမ်းပေးတဲ့ ဒီမိသားစု ဆိုင်လေး ဖွင့်နိုင်ခဲ့တာ ၄ နှစ် ကျော်ရှိခဲ့ပါပြီ။ အိမ်ရဲ့စားဝတ်နေရေးကို ဖြည့်ပေးနိုင်ပေမယ့် သူ့အိပ်မက်တွေ ဖြစ်လာဖို့ ကတော့ မရေရာ မသေချာတဲ့အခြေအနေပါ။
“ဆယ်တန်းအောင်မှ သူနာပြုတက္ကသိုလ်တက်လို့ရမှာဆိုတော့လေ၊ ညီမ ရည်မှန်းချက်တွေတော့ လက်မလျော့ချင်သေးဘူး၊ နွေဦးတက္ကသိုလ်လား၊ အဲ့လိုမျိုးပြန်တက်ဖို့တော့ ညီမစဉ်းစားထားတယ်”လို့ ဂျစ်တူးက ပြောပါတယ်။
ဒါပေမဲ့ ဂျစ်တူးဟာ သူရဲ့အချိန်တွေကို အလကားဖြုန်းတီးမနေခဲ့ပါဘူး။ အကင် အရောင်းမထွက်မီနဲ့ ဈေးမသွားသေးတဲ့ အချိန်လေးရရင် ဖုန်းနဲ့ အွန်လိုင်းကတဆင့် သင်ရတဲ့အခမဲ့သင်တန်းတွေကို စုံစမ်းရင်း သင်ယူနေခဲ့ပါတယ်။
နောက် CDM သူနာပြုကျောင်းသားအချင်းချင်း စုပေါင်းပြီး တယောက်ကို တယောက် အားပေးတာ၊ နည်းပညာ မျှဝေ တာတွေလည်း လုပ်နေကြတာဖြစ်ပါတယ်။
ယခု ၂၀၂၆ ခုနှစ်၊ အာဏာသိမ်းပြီး ၅ နှစ်ပြည့်တဲ့အချိန်မှာ ဂျစ်တူးရဲ့ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေပေမဲ့ “နောင်တ” ဆိုတာ မရှိခဲ့သလို သူ့အနာဂတ်အတွက် စီဒီအမ်သူနာပြုတယောက်ကတဆင့် နွေဦးတက္ကသိုလ်တက်ဖို့ ချိတ်ဆက်ထားပြီးပြီ လို့ ဂျစ်တူးက ပြောပါတယ်။
သူရဲ့ရပ်တည်ချက်ကတော့ “စစ်မှန်တဲ့ ဒီမိုကရေစီရမှသာ ပညာရေးဟာ အဓိပ္ပာယ်ရှိမယ်” ဆိုတာပါပဲ။
ဂျစ်တူးလိုပဲ ဘဝအတွက် ရွှေရောင် အိပ်မက်တခုရှိခဲ့ပေမယ့် ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ရည်မှန်းချက်တွေကို မေ့ထားပြီး အစားအသောက်ပို့ဆောင်ရေးလုပ်နေရတဲ့ အမျိုးသမီးတဦးလည်း ရှိပါသေးတယ်။
ခန္ဓာကိုယ် ပုပုလုံးလုံးလေးနဲ့မို့ သူ့ကို အများက ပုတုလို့ ချစ်စနိုးခေါ်ကြပါတယ်။ ပုတုဟာ ၂၀၁၉ ခုနှစ်မှာ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ထားပြီး ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အမှတ်မီထားတဲ့ ကျောင်းသူတဦး ဖြစ်ပါတယ်။
နည်းပညာနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ပုတုရဲ့ လက်ချောင်းလေးတွေဟာ အခုတော့ ကီးဘုတ်ပေါ်မှာ မဟုတ်ဘဲ အွန်လိုင်းကနေမှာယူတဲ့ အစားအသောက်တွေကို ပါဆယ်လိုက်ပို့နေရသူပါ။
“တကယ်ဆို ညီမ အခုချိန်မှာ Coding တွေ ရေးနေရမှာ၊ Software တွေအကြောင်း လေ့လာနေရမှာပေါ့၊ ဒါပေမဲ့ အာဏာ သိမ်းလိုက်တဲ့နေ့ကစပြီး ညီမရဲ့ ကွန်ပျူတာရှေ့က အိပ်မက်တွေဟာ ပိတ်ကားအမည်းကြီး ဖြစ်သွားသလိုပဲ”လို့ ပုတုက သူ့ရဲ့လက်ရှိဘဝနဲ့ ယှဉ်ပြောပါတယ်။
ပုတုဟာလည်း ဂျစ်တူးလိုပဲ CDM ကျောင်းသူတယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူပါ။ နွမ်းပါးတဲ့ မိဘတွေက ပညာတတ်ကြီးဖြစ်စေချင်ပေမဲ့ မတရားတဲ့ ပညာရေးစနစ်အောက်မှာ ဘွဲ့တခုယူဖို့ထက် ကိုယ်ရဲ့သိက္ခာကို ထိန်းသိမ်းဖို့ က ပိုအရေးကြီးတယ်လို့ ယုံကြည်ခဲ့သူဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ ခက်ခဲတဲ့ စားဝတ်နေရေးကြားမှာ ပုတုဟာ သူ့ရဲ့ကွန်ပျူတာကျွမ်းကျင်မှုကိုတော့ အရောင်းပိုစတာလေးတွေ ဒီဇိုင်းဆွဲတာနဲ့ စာရင်းဇယားမှတ်တာလောက်မှာပဲ အသုံးချနိုင်ပါတော့တယ်။
“တခါတလေ သူငယ်ချင်းတွေ ကျောင်းတက်နေတာ မြင်ရင် ဝမ်းနည်းမိတာတော့ ရှိတာပေါ့၊ ဒါပေမဲ့ ညီမတို့ ရွေးချယ်ခဲ့တဲ့ လမ်းက ခရီးမရောက်သေးပေမဲ့ မှန်ကန်တဲ့ဘက်မှာ ရှိနေတယ်ဆိုတာသိနေတော့ စိတ်မပျက်တော့ဘူး”လို့ သူက ဆိုပါ တယ်။
တခါတလေမှာတော့ တော်လှန်ရေးကြီးက မပြီးတော့ဘူးလားဆိုတဲ့ စိတ်ဓါတ်ကျတာမျိုး၊ လက်လျော့ချင်တာမျိုးဖြစ်လာ ရင် “တနေ့တော့ ငါတို့အားလုံး ကိုယ်ဖြစ်ချင်တဲ့နေရာတွေကို ပြန်ရောက်ကြမှာပါ”ဆိုတဲ့စိတ်လေးနဲ့ ပုတုတယောက် အားတင်းနေခဲ့ရတယ်။
ညဘက်တွေမှာတော့ ပုတုဟာ အွန်လိုင်းကနေရတဲ့ အခမဲ့ နည်းပညာသင်ခန်းစာတွေကို ကြိုးစားလေ့လာရင်း သူ့ရဲ့ ပညာရပ် ကို သံချေးမတက်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။
ဂျစ်တူးနဲ့ ပုတုတို့လိုပဲ အာဏာသိမ်းမှုဖြစ်တဲ့အချိန်မှာ အသက် ၁၂ နှစ်သာရှိသေးတဲ့ ကျောင်းသူလေး ဧကရီလည်း သူဖြစ် ချင်ခဲ့တဲ့ အလှမယ်ဘဝကို စွန့်ပစ်ခဲ့ပြီး Feminist Writer အဖြစ်ရပ်တည်နေတဲ့ Transwoman တယောက်လည်း ဖြစ်ပါ တယ်။
လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၂၁ ခုနှစ်ရဲ့ နံနက်ခင်းတခုမှာ အသက် ၁၂ နှစ်အရွယ် Grade 7 ကျောင်းသူလေး ဧကရီရဲ့ကမ္ဘာလေးဟာ ရုတ်တရက်ပြိုလဲသွားခဲ့ရတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့ မုန်တိုင်းက ဧကရီရဲ့ပေါ့ပါးလွတ်လပ်တဲ့ရည်မှန်းချက်တွေကို လွင့်စင်သွားခဲ့သလို သူ့ကို လည်း ကလေးဘဝကနေ လူကြီးဘဝကို အချိန်မတိုင်ခင်တွန်းပို့ခံလိုက်ရပါတော့တယ်။
“ကိုယ့်အနာဂတ်ကို ကိုယ်တိုင်မဖန်တီးရဘဲ လက်နက်အားကိုးနဲ့ လာပိတ်ပင်တာကို လက်မခံနိုင်ဘူး”ဆိုတဲ့ ပြတ်သားတဲ့ ခံယူချက်နဲ့ ဧကရီတယောက် CDM လမ်းကြောင်းပေါ်ကို စတင်ခြေချခဲ့ပါတယ်။
၇ တန်းကျောင်းသူတယောက်အတွက် နိုင်ငံရေးဒဿနတွေထက် မတရားမှုကို ခံစားရတဲ့အပေါ် နာကျင်မှုက ပိုပြီး ကြီးစိုးခဲ့ ပါတယ်။ အာဏာရှင်စနစ်အောက်က ပညာရေးဟာ ဦးနှောက်ကို ကျွန်ပြုဖို့ ကြိုးစားလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဂျစ်တူးနဲ့ ပုတုတို့ နည်းတူ ပုံမှန်ကျောင်းသားဘဝကို စွန့်လွှတ်ခဲ့တယ်။
CDM လုပ်ဆောင်ခဲ့တဲ့ ၅ နှစ်တာခရီးဟာ ဧကရီအတွက် ပန်းခင်းတဲ့လမ်း မဟုတ်ခဲ့ပါဘူး။ Transwoman တဦးအဖြစ် ကိုယ့် ဖြစ်တည်မှုကို ရှာဖွေနေချိန်မှာ ခွဲခြားဆက်ဆံတာတွေ၊ ဖိနှိပ်တာတွေနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေက ဧကရီကို ထပ်ဆင့် ဝန်းရံနေခဲ့ပါတယ်။
“လူငယ်ဘဝရဲ့ ပျော်ရွှင်မှုတွေထက် ရှင်သန်ရေးနဲ့ တော်လှန်ရေးကိုပဲ အာရုံစိုက်ခဲ့ရတယ်”လို့ ဧကရီက ပြောပါတယ်။
ဒါပေမယ့် ပညာရေးလမ်းကြောင်း ပျောက်ဆုံးသွားပြီလို့ ထင်မှတ်ခဲ့ရတဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေက ဧကရီကို ပိုမိုသန်မာလာစေခဲ့တယ်။ သူဟာ အောင်မြင်မှုတွေ ရောက်လာဖို့ကို ထိုင်စောင့်မနေဘဲ ကိုယ်တိုင်လမ်းဖောက်ရင်း GED ပညာရေး ကို အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ်။
CDM လုပ်ရင်းနဲ့လည်း ကိုယ်ရဲ့အရည်အချင်းကို မြှင့်တင်နိုင်တယ်ဆိုတာ ဧကရီရဲ့ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုက သက်သေထူနိုင်ခဲ့ပါတယ်။
“အခုဆိုရင် ကျွန်မ အလှမယ်မဖြစ်ချင်တော့ဘူး၊ ပြောင်းလဲသွားတဲ့ အိပ်မက်ကတော့ အခုဆိုရင်”ဖိုဝါဒကြီးစိုးရေးစနစ်” ကို တိုက်ဖျက်ဖို့၊ ကျား-မတန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့နဲ့ အပြင်ပန်း အလှအပတွေထက် လူ့အဖွဲ့ အစည်းရဲ့အတွင်းပိုင်းက ပုပ်ပွနေတဲ့ စနစ်တွေကို ပြုပြင်ပြောင်းလဲနိုင်မယ့် Intellectual တယောက်၊ Feminist Writer တယောက်ဖြစ်ဖို့ပဲ အားသန်ပါတော့တယ်”လို့ ဧကရီက ပြောပါတယ်။
အခုဆိုရင် ဧကရီဟာ နိုင်ငံခြားတက္ကသိုလ်တခုမှာ Sociology & Anthropology (လူမှုဗေဒနှင့် မနုဿဗေဒ) မေဂျာနဲ့ ကျောင်းတက်ဖို့ ပြင်ဆင်နေသလို Gender & Sexuality Studies ကို အထူးပြုလေ့လာသွားဖို့ စီစဉ်ပြီး ပညာရေးကို တရားဝင်လမ်းကြောင်းပေါ် ပြန်တင်နိုင်တဲ့ အခြေအနေမှာ ရပ်တည်နေပါတယ်။
သူဟာ အသက် ၁၇ နှစ်အရွယ်နဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်မှာ စာတွေရေးသားခွင့်ရတာ၊ Public Intellectual တယောက်အဖြစ် အသိအမှတ်ပြုခံရတာနဲ့ GED ကို ကိုယ်တိုင် ကြိုးစားပြီး အောင်မြင်ခဲ့တဲ့အတွက် ဒီအာဏာသိမ်းမှု ၅ နှစ်တာကာလမှာတော့ ဧကရီအတွက် ဒီအခွင့်အလမ်းနဲ့ အောင်မြင်မှုတွေက အဆိုးထဲက အကောင်းလို့ပြောလို့ ရနိုင်ပါတယ်။
သူ့အနာဂတ်ရည်မှန်းချက်နဲ့ပတ်သက်ပြီး “ကျမရဲ့ ရေးသားမှုတွေကတဆင့် လူမူအသိုင်းအဝိုင်းထဲက ဖိနှိပ်မှုတွေကို ဖော်ထုတ်မယ်၊ ပညာရပ်ဆိုင်ရာ အမြင်သစ်တွေ ကို မျှဝေပေးသွားဖို့ စိတ်ကူးထားပါတယ်”လို့ ဧကရီက ဖွင့်ဟပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့အတူ ဘယ်လိုခွဲခြားဆက်ဆံမှုမှမရှိတဲ့တိုင်းပြည်တခု သူက ဖြစ်စေချင်ပြီး လူတိုင်းဟာ သူတို့ ရဲ့ဖြစ်တည်မှုကြောင့် ဖိနှိပ်မခံရဘဲ လွတ်လပ်စွာ ရှင်သန်နိုင်တဲ့ အနာဂတ်ကို မျှော်လင့်နေတာဖြစ်ပါတယ်။
တော်လှန်ရေးအပေါ်မှာတ်အားထက်သန်မှုက လျော့ကျမသွားတဲ့ ဧကရီက “တော်လှန်ရေးဆိုတာ လမ်းပေါ်ထွက်တာ တခုတည်း မဟုတ်ဘဲ ကိုယ့်ရဲ့ကဏ္ဍအသီးသီးကနေ စနစ်ကို တိုက်ထုတ်တာပါ” လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ စိတ်ဓါတ်ကျတဲ့အချိန်တွေရှိပေမယ့် ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းကြောင်းက မှန်ကန်တယ်ဆိုတဲ့အသိက ပြန်ပြီး နိုးထရှင်သန်စေခဲ့တာဖြစ်ပါတယ်။
ဧကရီက ကိုယ့်ကိုကိုယ်လည်း အားပေးသလို CDM ကျောင်းသားတွေကိုလည်း အခုလိုအားပေးစကားဆိုပါတယ်။
“CDM ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်ကို စတေးခဲ့ကြသူတွေပါ၊ ဒါပေမဲ့ အဲ့ဒီစတေးမှုကနေ ပိုပြီးတောက်ပတဲ့၊ ပိုပြီး ရင့်ကျက်တဲ့ အသိအမြင်တွေကို ရရှိခဲ့ကြပါတယ်၊ ဘယ်လို အခက်အခဲတွေပဲရှိရှိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ ဆက်ကြပါလို့ အားပေးချင်ပါတယ်”
ဂျစ်တူး၊ ပုတုနဲ့ ဧကရီတို့ရဲ့ဖြစ်စဉ်တွေဟာ အာဏာသိမ်းမှု ၅ နှစ် တာအတွင်း အနာဂတ်နဲ့ ပညာရေးကို စတေးပြီး လိပ်ပြာ လုံမှုနဲ့ ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့ကြတဲ့ မြန်မာပြည်အနှံ့က ထောင်သောင်းချီ CDM ကျောင်းသားလူငယ်တွေ ခံစားရင်ဆိုင် နေရတဲ့ အခြေအနေတစိတ်တပိုင်းကို မီးမောင်းထိုးဖော်ပြနေတာဖြစ်ပါတယ်။
လက်ရှိမှာ အကင်သုပ်ရောင်းနေရပေမယ့် တချိန်မှာ နွေဦးတက္ကသိုလ်တက်ခွင့်ရဖို့ မျှော်လင့်ထားတဲ့ ဂျစ်တူးက “တနေ့ကျ ရင်တော့ ညီမတို့ရဲ့ကိုယ်ပိုင်အိပ်မက်တွေဆီ ပြန်သွားနိုင်မယ်လို့ ယုံကြည်တယ်”လို့ မျှော်လင့်ချက်အပြည့်နဲ့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၅နှစ်ကျော်၊ အရပ်သားအစိုးရလက်ထက်မှာ တိုင်းပြည ဖွံ့ဖြိုးရေးအလင်းတန်းအရိပ်အယောင်ကို စတင်ခံစား ခဲ့ရဖူးတဲ့ ဂျစ်တူး၊ ပုတုနဲ့ ဧကရီတို့မျိုးဆက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနာဂတ်ပျောက်သလို မှောင်မိုက် သွားခဲ့ကြတယ်။
အာဏာရှင်ကို အံတုရင်း ဂုဏ်သိက္ခာကို ရွေးချယ်ခဲ့ကြတဲ့ဒီမျိုးဆက်ဟာ ဒီလို ကြားကာလမှာ ကိုယ်စီအိပ်မက်တွေကို ဘေးဖယ်လိုက်ရပေမယ့် ဘဝရည်မှန်းချက်လမ်းကြောင်းပေါ်ရောက်အောင် ကြိုးစားရှာဖွေနေကြဆဲဖြစ်တယ်။ ဒါဟာ တိုင်းပြည်အတွက် တကယ့်အားတက်စရာ ကောင်းပြီး တချိန်တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေကို မြင်တွေ့ရတာလို့ ဆိုရမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်မြင်ထားပြီး ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အမှတ်မီထားတဲ့ ပုတုဟာ စစ်တပ်သာအာဏာ မသိမ်းခဲ့ဘူးဆိုရင် Coding တွေ ရေး၊ Software တွေအကြောင်း လေ့လာနေရမယ့် လူငယ် တဦးဖြစ်ပေမယ့် လက်ရှိမှာ သူတို့ ရုန်းကန်ရှင်သန်နေရတဲ့ ခေတ်ဆိုးခေတ်ကြပ်အပေါ် ဒီလို မှတ်ချက်ပြုပါတယ်။
“ကျမတို့ရဲ့ အချိန်တွေဟာ ပျောက်ဆုံးသွားတာမဟုတ်ဘဲ၊ လွတ်လပ်တဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်တာပါ”











