အာဏာသိမ်းပြီးနောက် လိင်အကြမ်းဖက်ခံရမှုတွေအတွက် နစ်နာသူတွေ အားကိုးနေရတဲ့ လူမှုရေးပြစ်ဒဏ်တွေ
ယုဇနကိုကို
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍအပေါ် လူထုရဲ့ ယုံကြည်မှုကျဆင်းသွားတဲ့အချိန်ကစပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်လို့ သတင်း မီဒီယာတွေကနေ သာမကဘဲ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ လူအများရဲ့ ထုတ်ဖော်ပြောဆိုမှုတွေဟာ ခေတ်ရေစီး ကြောင်းတခုလို ပြောင်းလဲလာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဆီက မျှော်လင့်လို့မရတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတရေး၊ ကြားကာလ ပြည်သူ့အစိုးရရဲ့ အပြည့်အဝအားကိုးလို့ မရတဲ့တရားစီရင်ရေးတို့ကြောင့် လူထုဟာ ဆိုရှယ်မီဒီယာက လွဲပြီး အခြားရွေးချယ်စရာမရှိတော့သလို ဖြစ်နေတဲ့အခြေအနေတရပ်မှာ အခုလို အားထားလာတာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားသူတွေနဲ့ ကျား၊ မတန်းတူရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့သူတွေက မှတ်ချက်ပြုကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကာလအတွင်း ပဋိပက္ခဒေသတွေမှာ ပိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ တဖက်မှာလည်း ဒီအပေါ် ထုတ်ဖော်ပြောဆိုမှုတွေပါ များပြားလာပေမယ့် တရားမျှတမှုရတဲ့ လမ်းကြောင်း ကတော့ ပိုပြီးနည်းပါးသွားတယ်လို့ Politics for Women Myanmar တည်ထောင်သူလည်းဖြစ်၊ အမျိုးသမီး ရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ မလီလီယန်က ဆိုပါတယ်။
သူက “အရင်ကတော့ တရားရုံးသွား လျှောက်လဲချက်တွေ ယူရတဲ့အခြေအနေကနေ အခုတော့ ဆိုရှယ်မီဒီယာ ပေါ်က နေလုပ်တဲ့ Social Punishment (လူမှုရေးပြစ်ဒဏ်) ကလွဲလို့ ဘာမှတော့ လုပ်လို့ မရတဲ့အခြေအနေပေါ့၊ ကျူးလွန်သူတွေကို လူ့အဖွဲ့အစည်းကနေ ဖယ်ကျဉ်အောင် လုပ်လာကြတာမျိုးတွေပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများပြား လာပြီး၊ အမျိုးသမီး၊ မိန်းကလေးငယ်၊ လိင်စိတ်ခံယူမှု မတူကွဲပြားတဲ့ LQBTQIA + နဲ့ ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို အာဏာသိမ်းစစ် ကောင်စီတပ်သာမက လက်နက်ကိုင် တော်လှန်ရေး အင်အားစုနဲ့ ပြည်သူအချင်းချင်းဆီကနေပါ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် WLB က ထုတ်ပြန်ခဲ့တဲ့ “ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စာတမ်း” မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ မေလအထိ ကောက်ယူရရှိခဲ့တဲ့ စာရင်းအရ နိုင်ငံတဝှမ်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှု၊ ကရင်နီ ပြည်နယ်က အကြမ်းဖက်မှု ၃၆၅ မှု(ကျူးလွန်ခံရမှု အများဆုံး ပြည်နယ်)၊ ၊ စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊ တနင်္သာရီ တိုင်းမှာ ၂၇ ခု၊ ချင်းပြည်နယ်မှာ ၁၉ ခု လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစဉ်တစိုက်လုပ်နေတဲ့ Human Rights Myanmar အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၅ ရက်မှာထုတ်ပြန်ခဲ့တဲ့စာတမ်းအရ မြန်မာနိုင်ငံဒေသပေါင်းစုံက အမျိုးသမီးဦးရေ ၃၈၀ ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် အရပ်သားကို ပစ်မှတ်ထား သတ်ဖြတ်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေထဲမှာ ပါဝင်ခဲ့တယ် လို့ သိရပါတယ်။ ဒီသတ်ဖြတ်မှုတွေ ကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးဦးရေ ၃၈၀ ထဲက အချို့ဟာ သတ်ဖြတ်မခံရမီ စစ်ကောင်စီ တပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပါ ကြုံတွေခဲ့ကြ ရသူတွေဖြစ်တယ်လို့ အဲ့ဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။
အလားတူပဲ မကြာသေးခင်က (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ) ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ကရင်နီပြည်နယ်တွေမှာ ၂၀၂၄ ဇန်နဝါရီလ ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၈၈ ခု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအရေအတွက်ထဲမှာ ကျူးလွန်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီတပ်အပြင် သူတို့နဲ့ဆက်စပ်နေတဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံအဖွဲ့တွေဟာ အမှုပေါင်း ၃၁ မှုကို ကျူးလွန် ခဲ့ကြတာဖြစ်ပြီး အဲ့ဒီထဲမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့အမှုဟာ ၁၀ မှုဖြစ်တယ်လို့ BWU ရဲ့ အစီရင်ခံစာက ဖော်ြပပါ တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ ၂၈ ခု ပါဝင်နေတယ်လို့ ဆက်လက်ရေးသားထားတာတွေ့ရပါတယ်။
စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကျူးလွန်သူတွေကို လုံးဝအပြစ်ပေးအရေးယူခြင်းမရှိဘဲ လုပ်ဆောင်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်နယ်မြေတွေထဲမှာ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ထိရောက်တဲ့ ဥပဒေဘောင်တွေ မရှိသေးကြောင်း BWU က အဲဒီစာတမ်းမှာ မှတ်ချက်ပြုထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ “ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” ဆိုင်ရာ အထူးကိုယ်စားလှယ် မစ်စ် ပရာမီလာပက်တန်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ နိုင်ငံရဲ့ ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကနေ ရှင်သန်လွတ် မြောက်ခဲ့သူတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ မျိုးဆက်ပွားမှုဆိုင်ရာနဲ့ လူမှုစီးပွားရေးဆိုင်ရာတွေမှာ ထိခိုက်သက်ရောက်မှုတွေကို ဆက်လက်ခံစားနေကြရပြီး စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စိတ်ပိုင်းဆိုင်ရာ ကုသခြင်းနဲ့သက်ဆိုင်တဲ့ စောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ စစ်တပ်က တားဆီးကန့်သတ်မှုတွေ လုပ်ထားတယ် လို့လည်း ဖော်ပြထားပါတယ်။
ဒီလိုစစ်တမ်းတွေ၊ ကိန်းဂဏန်းတွေ တရိပ်ရိပ်မြင့်တက်နေတဲ့နောက်မှာ လူထုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ တရားစီရင်ရေးကို အယုံအကြည်မရှိတော့သလို၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆီကလည်း မျှတတဲ့ တရားစီရင်ရေးစနစ်တခုကို အပြည့်အဝမရရှိသေးဘူးလို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖူးတဲ့ ကာယကံရှင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ နယ်စပ်မှာပဲဖြစ်ဖြစ် လက်ရှိအခြေအနေက တရားမျှတတဲ့ လူ့အဖွဲ့အစည်းအောက် နေနေရတယ်လို့ မခံစားရဘူး၊ ဘယ်သူတွေက ကိုယ်တွေကို ကာကွယ်ပေးနေလဲ ဆိုတာလည်း မသိတော့ဘူး” လို့ Politics for Women Myanmar တည်ထောင်သူလည်းဖြစ်၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ မလီလီယန်က သူ့ရဲ့ စိတ်ခံစားချက်ကို ပြောပြပါတယ်။
အလားတူပဲ နစ်နာသူတွေကို ကာကွယ်ပေးဖို့၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးမှုတွေလုပ်တဲ့ တရားစီရင်ရေးကို ဆောင်ရွက်နိုင်ဖို့ နစ်နာသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဘက်ကနေ တော်လှန်ရေးကာလမှာ ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရကို အဆက်မပြတ် ထောက်ပြပြောဆိုမှုတွေလည်းရှိလာပါတယ်။
မကြာသေးခင်လပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရက လျှော့ချခဲ့တဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနဘက်ကတော့ တော်လှန်ရေးနယ်မြေထဲက လိင်အကြမ်းဖက်မှု ၁၀၀ ကျော်မှာ ထက်ဝက် ကျော်လောက်ကို ကူညီနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောထားပါတယ်။
တော်လှန်ရေးစိုးမိုးနယ်မြေတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်လိုနေရာတွေမှာ အစောပိုင်းကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်း ပုံတွေကို သဘောမတွေ့ခဲ့ကြတဲ့ လူထုတရပ်ကလည်း တော်လှန်ရေးအသိုင်းအဝိုင်းထဲမှာ ရှိနေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဆီ လိပ်မူတိုင်ကြားကြတဲ့ တချို့လိင်အကြမ်းဖက်မှုကိစ္စတွေဟာ အချိန်ကြာလာ တာနဲ့အမျှ ဘယ်သူကမှ ဆက်လုပ်ထုတ်ဖော်ပြောဆိုတာမျိုးမရှိတော့တဲ့အတွက် လူမသိ၊ သူမသိ ပျောက်ကွယ် သွားသလို၊ တချို့ကိုင်တွယ်ဖြေရှင်းမှုပေးမှုတွေဟာ နစ်နာသူတွေအတွက် မျှတတဲ့ တရားစီရင်မှုကို မရရှိဘူး လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ အစောပိုင်းကာလတွေမှာတင် ပဋိပက္ခဒေသတွင်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရတဲ့ကိစ္စတွေဟာရှိနေခဲ့တာဖြစ်ပြီး နစ်နာသူအချို့ဟာ တော်လှန်ရေးကို ငဲ့ကွက်ပြီး တိုင်ကြားမှုနဲ့ ထုတ်ဖော် ပြောဆိုမှုတွေကို မလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။
“တော်လှန်ရေးစိုးမိုးနယ်မြေမှာ ဒီလို မတရားမှုကို ခံရပြီဆိုရင် ဒါတော်လှန်ရေးကာလဆိုတဲ့ အသိစိတ်နဲ့ သည်းခံ လိုက်ကြတာ၊ လျှော်ခဲ့ကြတာပေါ့၊ သည်းခံပါများလေ ကျူးလွန်တဲ့သူက ပိုရဲတင်းလာတယ်၊ ပိုကျူးလွန် လာတယ်” လို့ LGBT တဦးလည်းဖြစ်ပြီး တော်လှန်ရေးနယ်မြေတခုမှာ တကိုယ်တော်ထောက်ပို့ လုပ်နေတဲ့ Xiao Yar Yar (အမေယား) က ဆိုပါတယ်။
သူက ဆက်ပြီး “ကိုယ့်လူဖြစ်နေလို့ လျှော်ပေးတာတွေလည်း တွေ့နေရတယ်၊ သိရသလောက် အတော်ကြီးတဲ့ ကေ့စ်တွေကို မဖြေရှင်းပေးနိုင်သေးဘူး” လို့ မြေပြင်အခြေအနေအပေါ် သူ့အမြင်ကို ပြောပါတယ်။
Xiao Yar Yar ဟာ မင်းကင်းပကဖတာဝန်ခံဆိုသူက အခြားတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ရဲမေတဦး အပေါ် ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတခုအတွက် နစ်နာသူဘက်ကရပ်တည်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေကိုလည်း ဆိုရှယ် မီဒီယာကနေတဆင့်ပြုလုပ်ခဲ့တဲ့သူတဦးဖြစ်ပါတယ်။
သူပါဝင်ရပ်တည်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ နစ်နာသူ ရဲမေကိုယ်တိုင် စာတမ်းပြုစုပြီး NUG ရဲ့ MOD (ကာကွယ်ရေး ဝန်ကြီးဌာန) ကိုလည်း စာတင်ခဲ့ပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြေပြင်ကို လာပြီးစုံစမ်းတာ၊ အရေးယူတာမျိုး လည်း မရှိဘူးလို့ နမူနာတခုအနေနဲ့ ထုတ်ဖော်ပြောပါတယ်။
Xiao Yar Yar က “ဒါ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာကောင်းတယ်၊ ပိုဆိုးတာက နစ်နာသူ ရဲမေဟာ သူကိုယ်တိုင်တောင် အဲ့ဒီ ပကဖ တပ်ဖွဲ့ကနေ အန္တရာယ်ပြုမှာစိုးလို့ တိမ်းရှောင်နေရတဲ့ အနေအထားမျိုး ဖြစ်နေ တာ၊ တော်လှန်ရေး အစိုးရတရပ်လို့ ခံယူထားပြီဆို ကျောသားရင်သားခွဲပြီး တရားစီရင်တာမျိုးတွေ အဆင် မပြေဘူး” လို့ ဝေဖန်ထောက်ပြပါတယ်။
ပဋိပက္ခဒေသတွမှာရှိနေတဲ့ တက်ကြွလှုပ်ရှားသူအချို့ကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက် ပြီး ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေမှာ တပ်ရင်းတပ်ဖွဲ့ အလိုက် ဥပဒေ၊ မူဝါဒ ချမှတ်ထားတာတွေ ရှိပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်တာမျိုးမတွေ့ရဘူးလို့ ဆိုကြပါတယ်။
NUG လက်အောက်ခံ တပ်ရင်းတွေမှာ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် ကျင့်ဝတ်စည်းကမ်းတွေ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အနှောင့်အယှက်ပေးခြင်းနှင့် အလွဲသုံးစားမှုက ကာကွယ်စောင့်ရှောက်ခြင်း (PSHEA)လို မူဝါဒမျိုးတွေ ရှိနေပေမယ့်လက်တွေ့မှာ ပြစ်မှုပြစ်ဒဏ်ပေးဖို့ အားနည်းတာတွေကြောင့်လည်း ကျူးလွန်သူတွေက လွတ်မြောက်ခွင့် ရနေကြဆဲဖြစ်တယ်လို့ အထက်ပါတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
အမြင်ကျဉ်းမြောင်းမှု၊ ဖိုဝါဒကြီးစိုးမှုတွေနဲ့ ယှဉ်တွဲနေရတဲ့အခြေအနေကို တွန်းလှန်ချင်သူတွေဟာ မလုံခြုံတော့ တဲ့ နိုင်ငံရေးစနစ်နဲ့ လက်နက်ကိုင်ခြိမ်းခြောက်မှုတွကြားကနေ သူတို့ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို ရဲရဲဝံ့ဝံ့ ပြုလုပ်လာကြတာလို့ အမျိုးသမီးရေးလှုပ်ရှားသူတချို့က မှတ်ချက်ပြုပါတယ်။
မြေပြင်မှာ ဒီအရေးကိစ္စတွေအတွက် နစ်နာသူတွေဘက်က ရပ်တည်ပေးနေတဲ့ Xiao Yar Yar (အမေယား) က “လုပ်တဲ့သူက ပိုပိုဆိုးလာတာပဲရှိတယ်၊ ခံရတဲ့သူတွေ သည်းမခံနိုင်ကြတော့ဘူး၊ ထုတ်မပြောလေ ပိုပြီးခံရ လေလေ၊ သည်းခံနေရင် ထပ်ပြီးကျူးလွန်လာကြမယ်၊ ကိုယ့်ဆီရောက်လာကြမယ်ဆိုတဲ့စိတ်နဲ့ တော်လှန်ရေး ကြာလာတာနဲ့အမျှ ဒီလိုကိစ္စရပ်တွေကို ထုတ်ဖော်ပြောဆိုလာကြတယ်၊ နစ်နာသူတွေဘက်ကနေ ဝန်းရံပေး ကြတာ ကောင်းတဲ့အရွေ့တခုလို့ မြင်တယ်” လို့ ဆိုပါတယ်။
Calm Lab Initiative က Mental Health Professional သင်တန်းနည်းပြတဦးဖြစ်တဲ့ မနန်းညီကလည်း “တရားရေးပိုင်းက သွားရတဲ့ဟာက အားနည်းသွားပြီလေ၊ အဲ့ဒီအခါ လူအများက တရားစီရင်တဲ့အခြေအနေကို ပိုပြီး အားကိုးလာကြတယ်ပေါ့၊ ငါထုတ်ပြောတာကို လူတွေက သိတယ်၊ ငါ့ဘက်က ရှိကြတယ်၊ ကာကွယ် ပေးကြတဲ့ သူတွေရှိကြတယ်ဆိုပြီး ကိုယ့်ရဲ့ပါဝါကို ယူချင်တာ၊ ဒီလူကို ပြစ်တင်တယ်၊ ရှုံ့ချကြတယ်၊ ဒါကို တရားမျှတမှုတခု ရတယ်ဆို တဲ့စိတ်ခံစားချက်ကို ရသွားတယ်၊ တကယ်ရတာတော့ မဟုတ်သေးဘူးနော်”လို့ ပြောပါတယ်။
တဖက်မှာလည်း လိင်အကြမ်းဖက်ခံရတဲ့အပြင် တရားမျှတမှုကို ကိုယ်တိုင်ထုတ်ဖော်ရှာဖွေနေရတဲ့ နစ်နာသူနဲ့ ဆက်လက် ရှင်သန်သူတွေဟာ ထုတ်ဖော်မှုရဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုလည်း ခံစားနေကြရ ပါတယ်။
ကျူးလွန်သူက အင်အားရှိသူ၊ ခွန်အားရှိသူ၊ သြဇာရှိသူ၊ အာဏာရှိသူ၊ ထင်ပေါ်ကြော်ကြားသူဖြစ်နေပြီး ကျူးလွန် ခံရသူက အင်အားနည်းသူဖြစ်နေရင် ထုတ်ဖော် ပြောဆိုဖို့ခက်ခဲတာ၊ ထုတ်ဖော်ပြောဆိုရင်တောင် နစ်နာသူကို ကျူးလွန်သူအသိုင်းအဝိုင်းဘက်က ထိုးနှက်တာ၊ တန်ပြန်ခြိမ်းခြောက်မှုတွေမှုတွေနဲ့အတူ နစ်နာသူနဲ့ ဆက်လက် ရှင်သန်သူတွေ စိတ်ဒဏ်ရာကို တဖန်ပြန်လည် ခံစားရတာ စတဲ့ မျိုးတွေကလည်း သိသာထင်ရှားတဲ့ သာဓကတွေ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဖြိုးက “လက်ရှိဖြစ်စဥ်အချို့မှာ ခံစားခဲ့ရ သူတွေအနေနဲ့ ကျူးလွန်သူရဲ့ အာဏာကြောင့်၊ ကျော်ကြားမှုကြောင့် မတိုင်ရဲတာမျိုးတွေ ရှိတယ်၊ ပြီးတော့ တိုင်ခံရတဲ့သူတွေ ဘက်ကနေ တန်ပြန်စိန်ခေါ်တဲ့ကိစ္စတွေ မြင်ရတယ်၊ အမှုကို ဖြေရှင်းတဲ့မီတင်မှာ နစ်နာသူက ရောက်မလာလို့ ဆိုရှယ်မီဒီယာမှာ ဖွင့်ဟပြောဆိုတာက နာမည်ဖျက်ချင်ရုံသက်သက်လုပ်တာ ဆိုတဲ့ ပြောဆိုမှုတွေရှိတယ်၊ “လူအုပ်တရားစီရင်မှု” ဆိုတဲ့ပြောဆိုမှုတွေရှိတယ်” လို့ ရှင်းပြပါတယ်။
ဒီလို အင်အားကြီးသူတွေကို တုန့်ပြန်နိုင်ဖို့အတွက်ဆိုရင် ဖြစ်စဉ်ကို တဦးတယောက်တည်းသိနေတာထက် လူများများသိပြီး တွန်းအားပေးနိုင်တဲ့အနေအထားရှိဖို့လိုအပ်တဲ့အတွက် Social Punishment နည်းက ငွေကြေး၊ အင်အားအများကြီး စိုက်ထုတ်စရာမလိုဘဲ ထိရောက်တဲ့နည်းဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့ အစည်း တွေနဲ့ ချိတ်ဆက်ထားတဲ့ ဒေသတွင်းအဖွဲ့အစည်းတချို့မှာ အကြံပေးအရာရှိအဖြစ် လုပ်ကိုင်နေသူတဦးက သူ့အမြင်သဘောထားကို HI – Honest Information ကို ပြောြပပါတယ်။
ဒီလို ထုတ်ဖော်ပြောရာဖြစ်စဉ်တွေမှာကြားဝင်အကြံပေးသူ၊ Social Punishment လုပ်ရပ်ကို ထောက်ခံသူတဦး ဖြစ်တဲ့ သူက ကျူးလွန်သူ၊ ကျူးလွန်ခံရသူတွေရဲ့ ရင်ဖွင့်သံတွေကို အရင်နားထောင်ပြီး ဖြစ်စဉ် မှန်ကန်ကြောင်း လေ့လာတွေ့ရှိတဲ့အခါ ကျူးလွန်သူက လုပ်ဖော်ကိုင်ဖက်ဟောင်း၊ မိတ်ဆွေ ဖြစ်နေသည့်တိုင် ကျူးလွန် ခံရသူဘက်က ရာနှုန်းပြည့် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုတွေအကုန်လုံးကို ဖြတ်တောက်ပစ်ပြီး၊ ကျူးလွန်သူက လာပြီး ဆက်သွယ်ရင်လည်း ပြန်ပြီးတုံ့ပြန်တာမျိုး လုံးလုံးမလုပ်တော့ဘဲ၊ တခြားသော ဆက်စပ်သူတွေကိုလည်း သတင်းစကားပေးတာ၊ ဒီအကြောင်းအရာအဖြစ်အပျက်ကို ရှင်းပြတာမျိုးတွေလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
သူက “ဒါရဲ့ ရည်ရွယ်ချက်ကတော့ တော်လှန်ရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာ ဒီလူတွေ ဆက်ပြီးမပါလာ နိုင်အောင် ကျမတို့ ဖြတ်တောက်ဖို့ ကြိုးစားတယ်၊ ဒါက ထိရောက်တဲ့လူမှုပြစ်ဒဏ်လို့ ကျမတို့လက်ခံထားတယ်”
လို့ ပြောပါတယ်။
တဖက်မှာလည်း ကျူးလွန်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာပြန်လည် တည်ဆောက်ရေးအပိုင်းမှာတော့ အကူအညီ တွေ လိုအပ်နေဆဲဖြစ်ပြီး၊ ထုတ်ဖော်ပြောဆိုမှုတွေ မလုပ်ခင်မှာ နစ်နာသူတွေဟာ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ကုသမှုတွေလုပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကြိုတင် ပြင်ဆင်ပြီးမှသာ ထုတ်ဖော်မှုတွေကိုပြလုပ်သင့်တယ်လို့ ဒီအရေးဆောင်ရွက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရှင်အချို့က အကြံပြု ပါတယ်။
ဒီလိုကိစ္စရပ်နဲ့ ပတ်သက်ပြီး Calm Lab Initiative က Mental Health Professional သင်တန်းနည်းပြတဦး ဖြစ်တဲ့ မနန်းညီက “သူပြောလို့ ကိုယ်ကပါ ထုတ်ဖော်ပြောတာဆိုပေမယ့် ကိုယ့်ကျမှ စိတ်ဒဏ်ရာ ပြန်ရတာတွေ ဖြစ်နိုင်တယ်၊ ဥပမာ မှန်မှန်ကန်ကန် ပရော်ဖက်ရှင်နယ်နဲ့ ကုထားတာမျိုးမဟုတ်ရင် ကိုယ့်ရဲ့ လုံခြုံရေး၊ ကိုယ့်ရဲ့ အမှတ်သင်္ကေတတွေဟာ ချိုးဖောက်ခံလိုက်ရတယ်လို့ နောက်ပိုင်းမှာ နောင်တရလာတာမျိုး ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။
လူမှုကွန်ရက်မီဒီယာရဲ့ သဘောသာဝအရ ကျူးလွန်ခံရသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှု အကြောင်းအရာတခု တည်းကို အချိန်ကြာကြာ ပြောနေတာမျိုး မဟုတ်တဲ့အတွက် “လူတွေက ငါခံလိုက်ရပေမယ့် ငါ့ကိုတော့ မေ့သွား ကြတယ်၊ ကျူးလွန်သူကိုကျတော့ အခင်အမင်မပျက် သွားနေတုန်းပဲ” ဆိုတဲ့ စိတ်ခံစားချက်မျိုး ခံစားရနိုင်တယ် လို့ မနန်းညီက ထောက်ပြပါတယ်။
သူက “အဲ့ဒါဟာ အရမ်းအန္တရာယ်များတယ်၊ နောက်တခါထုတ်ပြောဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး၊ ဒီလိုမျိုး ဖြစ်သွားခြင်းအားဖြင့် သူသည် သူ့ရဲ့ စိတ်ဒဏ်ရာကုစားမှုမှာ အနှောင့်အယှက် ဖြစ်သွားနိုင်တယ်၊ တရားသေ၊ တရားမကြီး ထုတ်ပြောတိုင်း ကောင်းပါတယ်လို့ မပြောနိုင်ဘူး၊ နောက် တယောက်ယောက် ထုတ်ပြောလိုက်လို့ သူ့ကို လူတွေက အားပေးကြ၊ ချီးကျူးကြ၊ အဲ့ဒါကို ငါလည်းလိုချင်တယ်ဆိုတဲ့စိတ်မျိုး မဟုတ်ဘူးဆို ကောင်းတယ်”လို့ မနန်းညီက ဆိုပါတယ်။
Politics for Women Myanmar တည်ထောင်သူ လည်းဖြစ်၊ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ မလီလီယန်ကလည်း “ဒီလိုဖြစ်စဉ်တွေမှာ နစ်နာသူတွေတိုင်းဟာ ဆက်လက်ရှင်သန်နေသူတွေ မဖြစ်နိုင်သလို၊ ဆက်လက်ရှင်သန်နိုင်သူတွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေကို တသက်တာ သယ်ဆောင်သွားရမှာဖြစ်တဲ့အတွက် အလားတူကျူးလွန်သူတွေထပ်ပြီး မပေါ်ပေါက်လာဖို့ အတွက် ကျူးလွန်သူကို ဗဟိုပြုတဲ့ ရှုမြင်နည်းတွေလုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဆီက မျှော်လင့်လို့မရတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတရေး၊ ကြားကာလ ပြည်သူ့အစိုးရရဲ့ အပြည့်အဝအားကိုးလို့မရတဲ့တရားစီရင်ရေးတို့ကြောင့် ဒီလို ထုတ်ဖော်ပြောဆိုမှုတွေရဲ့ ထိရောက်တဲ့ အကျိုးဆက်တွေကိုလည်း ရရှိခဲ့ကြတာကို တွေ့ရပါတယ်။
လူ့အခွင့်အရေး၊ တော်လှန်ရေး၊ ဘာသာရေး စတဲ့နယ်ပယ်တွေမှာ လူသိများထင်ရှားပြီး သြဇာရှိသူတွေဟာ ဒီလို ထုတ်ဖော်ပြောဆိုမှုတွေရဲ့ သက်ရောက်မှုအဖြစ် လူထုကချမှတ်တဲ့ လူမှုရေးပြစ်ဒဏ် တရားစီရင်ရေးတို့ကြောင့် တချို့က အစပိုင်းမှာ ငြင်းဆိုပေမယ့် ထုတ်ဖော်ပြောကြားသူဘက်က သက်သေခိုင်လုံမှု၊ နစ်နာသူအပေါ် လူမှု ပတ်ဝန်းကျင်က ဝန်းရံမှုတွေကြောင့် လူသိရှင်ကြား တောင်းပန်ရတာ၊ လူမှုအဝန်းအဝိုင်းကနေ လူသိရှင်ကြား ပျောက်ကွယ်သွားတာစတဲ့ သက်သေသာဓကတွေလည်း အာဏာသိမ်းပြီး ကာလအတွင်း များစွာရှိခဲ့ ကြပါ တယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဖြိုးက ဒီလိုဝန်းရံမှုတွေအပြင် ဦးတည်တိုင်ကြားနိုင်၊ ကိုင်တွယ်စစ်ဆေး ဖြေရှင်းပေးနိုင်မယ့်အဖွဲ့ ဖြစ်စေ၊ ယန္တရားဖြစ်စေ ခိုင်ခိုင်မာမာရှိစေချင်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေအတွက် တရားစီရင်ရေးထက် လူမှုကွန်ရက် မှာ ထုတ်ဖော်ပြောဆိုတာ၊ လူမှုရေး ပြစ်ဒဏ်ချမှတ်တာ စတဲ့ အရာတွေအပေါ် နစ်နာသူနဲ့ ဝန်းရံသူတွေပိုပြီး အားကိုးနေရတဲ့အခြေအနေဟာ အချိန်အတိုင်းအတာတခုအထိသာ လူတွေက မှတ်မိကြပြီး၊ နောက်ပိုင်းမှာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားရာကနေ အချိန်တခုကြာတဲ့အခါ ကျူးလွန်သူက လူကောင်း တယောက်လို ပြန်ပေါ်လာတာမျိုးဆိုရင် ထိရောက်မှုမရှိဘူးလို့ သူက ထောက်ပြပါတယ်။
ထုတ်ဖော်ပြောဆိုရုံ၊ အများက ဝန်းရံရုံထက် ပိုပြီး လက်တွေ့ကျတဲ့ အရေးယူနိုင်မှုမျိုးပြုလုပ်နိုင်တာဟာ အနီးစပ်ဆုံးအဖြေတခုဖြစ်နိုင်တာနဲ့ပတ်သက်ပြီး ကိုဖြိုးက အခုလို မှတ်ချက်ပြုပါတယ်။
“ဥပမာ – ဒီလူက လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု ကျုးလွန်တဲ့သူ ဟုတ်၊ မဟုတ်ဆိုတာကို မှတ်တမ်း တင်ထားပြီး ဘယ်အချိန်မဆို ဝင်ရောက်စစ်ဆေးလို့ရမယ့် ဝက်ဘ်ဆိုက်ဒ်လို၊ Online Portal လိုမျိုး ရှိစေချင် တယ်”











