အာဏာရှင်စနစ်နဲ့အတူ တော်လှန်ရမယ့် စစ်ဝါဒနဲ့ ဖိုဝါဒတွေ

ထ‌နောင်းမေ

//သူ့အတွေးသူ့အမြင်//

အမျိုးသမီးတဦးဦးရဲ့ ဓာတ်ပုံကို ‌ရည်ရွယ်ပြီး “ချဲပေါက်ရင် ခေါ်တီးမယ်”ဆိုတဲ့ ပြောဆိုမှုတွေဟာ ဒီနေ့ခေတ် လူမှုကွန်ရက်ပေါ်မှာ အသုံးများလာတဲ့ ဗန်းစကားအသုံးအနှုန်းတခု ဖြစ်လာပါတယ်။

ချဲလို့ခေါ်တဲ့ လောင်းကစားပြုလုပ်ရင်း အနိုင်ရလို့ ငွေကြေးရရှိလာတဲ့အခါ အဲဒီအမျိုးသမီးကိုခေါ်ယူ ပျော်ပါးမယ် ဆိုတဲ့သဘောနဲ့ စနောက်သလို ရေးသားကြတာဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ အတွေးနဲ့အပြောတွေပဲဆိုတာကို ဖတ်ရှိမိသူတိုင်း သိနားလည်တဲ့ကိစ္စဖြစ်ပါတယ်။

ဒီလိုအသုံးအနှုန်းတွေနဲ့ ရေးသားတာတွေကို ဒီနေ့ခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ အများဆုံး တွေ့ရလေ့ ရှိလာပါတယ်။

ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေကို “ချဲပေါက်ရင်ခေါ်တီးဦးမယ်”ဆိုတဲ့ စာသားနဲ့အတူ စစ်ကောင်စီဘက်တော်သားတွေဟာ သူတို့ရဲ့ဝါဒဖြန့် လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေဓာတ်ပုံတွေ၊ သတင်းဌာနတွေမှာဖော်ပြတဲ့ အမျိုးသမီးရဲဘော်တွေရဲ့ ဓာတ်ပုံတွေ၊ သတင်းတွေရဲ့ မှတ်ချက်တွေမှာလည်း “ဒီလိုမျိုးဆို အရှုံးပေးချင် လိုက်တာ” ၊ “စခန်းသိမ်းပြီးမှ ခေါ်တီးပစ်ဦးမယ်” ဆိုတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရလေ့ ရှိပါတယ်။

ဒီလိုမှတ်ချက်တွေ၊ အသုံးအနှုန်းတွေကို ရေးသားကြတာဟာ စစ်ကောင်စီဘက်ကတင် မကပါဘူး။ စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အမျိုးသားလူငယ်လူရွယ်တွေကြားမှာလည်း ဒီလိုအသုံးအနှုန်းတွေကို နောက်ပြောင် သုံးနှုန်းကြတာ ရှိပါတယ်။

စစ်အုပ်စုလက်အောက်ခံ စစ်သမီးတွေ၊ ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရဲ့ မှတ်ချက်တွေအောက်မှာလည်း “တွေ့မှခေါ်တီးဦးမယ်”၊“ အိမ်မှာခေါ်ထားမလား အလင်းဝင်မယ်” “အရှင်မမိစေနဲ့” ၊ “ သိမ်းပြီးရင်တော့ ခေါ်တီးဦးမယ်ကွာ” စတဲ့အသုံးအနှုန်းတွေကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က ဝင်ရောက်ရေးသားနေကြတာကိုလည်း တွေ့လာရပါတယ်။

လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားတွေကို ငယ်စဉ်ကတည်းကပုံဖော်ခဲ့တာက စကားကောင်းကောင်း တောင် မပြောနိုင်သေးတဲ့အရွယ် သားယောက်ျားလေးတွေကို မိဘဖြစ်သူ ဒါမှမဟုတ် အုပ်ထိန်းသူ၊ ပတ်ဝန်းကျင်က စနောက်တတ်သူတချို့က အမျိုးသမီးချောချောလှလှလေးတွေကို တွေ့တဲ့အခါ “ဒီမမ လှလား” ၊ “ဒီမမ ကိုကြိုက်လား” စသဖြင့်ပြောဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

အမျိုးသားအများစုဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း လက်ဖက်ရည်ဝိုင်းတွေ၊ လမ်းထိပ် လူငယ်တွေ အုပ်စုဝိုင်းဖွဲ့မိကြတဲ့အခါ ဖြတ်သွားတဲ့အမျိုးသမီးတွေကို “ဟိတ် … ဟိတ်” ၊ “ရွှတ် … ရွှတ်” စသဖြင့် Cat Calling လို့ခေါ်တဲ့ ပြောဆိုစနောက်မှုတွေကို တရားဝင်ပြုမူနေခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေမှာ မိန်းမတို့ရဲ့ ကာယိန္ဒြေကို စော်ကားရန်ရည်ရွယ်တဲ့ အသံပြုတာ၊ စကားပြောတာ၊ ကိုယ်အမူအရာပြသခြင်းတွေကို ပုဒ်မ ၅၀၉ အရ တိုင်တန်းနိုင်တယ်လို့ ဖော်ပြထား ပါတယ်။

ဥပဒေအရအရေးယူနိုင်တယ်လို့ဖော်ပြထားပေမယ့် လက်တွေမှာတော့ ဒီလိုကြုံရတဲ့အမျိုးသမီးတွေကို “အသားပဲ့သွားတာမှမဟုတ်တာ” ၊ “ဘာလို့ ယောကျာ်းလေးတွေရှိတဲ့နေရာကိုသွားလဲ၊ တခြားနေရာက ရှောင်သွားမှပေါ့” စသဖြင့် အမျိုးသမီးတွေကိုသာ အပြစ်တင်လေ့ရှိကြပါတယ်။

ရှေးကတည်းက အဲဒီလိုပုံစံနဲ့ အမြစ်စွဲခိုင်မာနေပြီးသား ဖိုဝါဒဟာ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ပိုမိုအားကောင်း သန်မာလာပါတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလကတည်းက တော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ စစ်တပ်ရဲ့ နည်းမျိုးစုံနဲ့အကြမ်းဖက်ခြင်းတွေကို ခံခဲ့ရပါတယ်။ စစ်မြေပြင်ကစလို့ အွန်လိုင်းအထိ အမျိုးမျိုးသော ပုံဖျက်ခြင်းတွေကို ခံစားခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအပေါ် အခြေပြုပြီး အများဆုံးတိုက်ခိုက်လေ့ရှိကြပါတယ်။

ဖိုဝါဒကြီးစိုးတဲ့နေရာမှာ စံပြဖြစ်တဲ့ စစ်တပ်ဟာ စစ်မြေပြင်မှာ၊ စစ်ရေးမှာ အမျိုးသမီးတွေ ပါဝင်လာမှုအပေါ် အလွန်အမင်း မခံမရပ်နိုင်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။

တော်လှန်ရေးမှာပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေရောနှောပြီး အဖော်အချွတ်ပုံတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုအတုတွေကို စစ်ကောင်စီဘက်တော်သားတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေ၊ လူမှုကွန်ရက်တွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ဖြန့်ဝေတာ၊ လွတ်မြောက်နယ်မြေရောက်နေတဲ့ အမျိုးသမီးတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြောင့် “ဘဝပျက်နေပြီ” ၊ “ကိုယ်ဝန်ရှိနေပြီ” ၊ “စော်ကားခံနေရပြီ” ၊ “လိင်လုပ်သားအဖြစ် လုပ်ကိုင်နေရပြီ” စတဲ့ သတင်းမှားတွေဖြန့်ဝေတာတွေကို စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ၅နှစ်နီးပါးရှိလာတဲ့ ဒီနေ့အချိန်အထိ စစ်တပ်ဟာ ဒီလိုနည်းလမ်းတွေကို အသုံးပြုနေဆဲပါပဲ။

အချို့သော နာမည်ကြီးတော်လှန်သူအမျိုးသမီးတွေကိုလည်း မှတ်ချက်တွေ၊ သီးသန့်စာပို့စနစ်တွေ ကတဆင့် “သတ်ပစ်မယ်” ၊ “မုဒိမ်းကျင့်မယ်” စသဖြင့် ခြိမ်းခြောက် ပြောဆိုတာတွေလည်း ပြုလုပ်လေ့ရှိကြပါတယ်။ ဒါဟာစစ်တပ်ရဲ့ အပ်ကြောင်းထပ်နေတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းက သတ်မှတ်ပုံဖော်ထားတဲ့ “မိန်းမကောင်း” ၊ “အပျိုစင်ဘဝကိုထိန်းသိမ်းသူ” “လိင်ပိုင်းဆိုင်ရာ ပြစ်ချက်မရှိသူ” ၊ “အကျင့်စာရိတ္တကောင်းသူ” စတဲ့စံနှုန်းတွေအပေါ် အမှီပြုပြီး ဖိုဝါဒ လက်ကိုင်ထားတဲ့ စစ်တပ်ဟာ ဒီအချက်တွေစွဲကိုင်ပြီး အမျိုးသမီးတွေကို အဓိကတိုက်ခိုက်လေ့ ရှိပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအသုံးချပြီး ဖိနှိပ်လိုက်ရင် အမျိုးသမီးတွေအနေနဲ့ ရှက်ကြောက်ပြီး တော့ တော်လှန်ရေးမှာမပါဝင်တော့ဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးသဘောမျိုးကြောင့်လည်း အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်နေကြတာလို့ ယူဆရပါတယ်။

တော်လှန်ရေးမှာပါဝင်ရင် ဒီလိုကြုံရမယ်ဆိုတဲ့ဖြစ်စဉ်ကိုပြသပြီး တခြားအမျိုးသမီးတွေကိုလည်း တော်လှန်ရေးမှာ မပါဝင်နိုင်အောင် ခြောက်လှန့်လိုက်တဲ့သဘောလည်းဖြစ်နိုင်ပါတယ်။

စစ်ပွဲတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အပြုအမူတွေဟာလည်း ဒီလို အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတာပဲဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ အမျိုးသမီးတွေကို ရုပ်ဝတ္တုပစ္စည်းလို၊ ပိုင်ဆိုင်မှုလို သဘောထားတဲ့ ရှေးရိုးစွဲနေတဲ့ ဖိုဝါဒရဲ့ အတွေးအခေါ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ပဋိပက္ခဒေသတွေမှာ စစ်လက်နက် တခုအဖြစ်အသုံးပြုတာတာဟာ ဖိုဝါဒရဲ့အယူအဆဖြစ်တဲ့ အမျိုးသမီးခန္ဓာကိုယ်ကို အမျိုးသားတွေ ဒါမှမဟုတ် မိသားစု၊အသိုင်းအဝိုင်းက ပိုင်ဆိုင်တဲ့အရာဝတ္တုလို့ သတ်မှတ်ထားတဲ့အယူအဆကို အခြေခံပြီး ဒီလိုမျိုးတဖက်ရဲ့ပိုင်ဆိုင်တဲ့အရာကို ဖျက်ဆီးခြင်းက ရန်သူကို အရှက်ရစေဖို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေဖို့ရည်ရွယ်တဲ့ နည်းဗျူဟာတခုလို့သတ်မှတ်ထားတဲ့အတွက် ဒီလို အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတာဖြစ်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးကာလမှာ အမျိုးသမီးတွေဟာ အာဏာရှင်စစ်တပ်အပြင် ဖိုဝါဒကိုလည်း တပြိုင်ထဲတွန်းလှန်နေကြရတာဖြစ်ပါတယ်။

အမျိုးသားဆန်ခြင်း၊ အမျိုးသားဦးစားပေးခြင်း၊ အမျိုးသမီးတွေကို တဆင့်နှိမ့်ဆက်ဆံခြင်းနဲ့ အမျိုးသမီးတွေကို လိင်အသုံးချပစ္စည်းအဖြစ် ရှုမြင်ခြင်းတို့ဟာ မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ စစ်ဝါဒနဲ့ဖိုဝါဒကို တပြိုင်တည်း တွန်းလှန်နေကြရပါတယ်။ စစ်ဝါဒနဲ့ဖိုဝါဒဟာ အပြန်အလှန်အားပြုမှီခိုနေသလို၊ ဒီဝါဒနှစ်ခုပေါင်းပြီး အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေဟာ ဆင့်ကဲဆင့်ကဲ သက်ရောက်နေပါတယ်။

နိုင်ငံတခုမှာ စစ်အင်အားအများအပြားရှိတာ၊ နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ စစ်တပ်ကပါဝင်တာ၊ စစ်ရေးကိုအရေးကြီးကြောင်း အလွန်အကျူးဖော်ပြတာ စတဲ့စနစ်တွေဟာ စစ်ဝါဒကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ စစ်ဝါဒဟာ ယောကျာ်းပီသတာ၊ ခွန်အားကြီးတာကို အလေးပေးထားပါတယ်။ စစ်ဝါဒဟာ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ခံရမယ့်သူအဖြစ် သတ်မှတ်ထားသလို၊ စစ်ပွဲတွေမှာ အသုံးချနိုင်တဲ့ လိင်အသုံးချပစ္စည်းအဖြစ်လည်း သတ်မှတ်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်နဲ့အတူ အတွေးအခေါ်တွေလှန်ရေးကိုပါ တပါထဲဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ဝါဒနဲ့ဖိုဝါဒကြား ရုန်းကန်တွန်းလှန်ရင်း ရှေ့ဆက်နေကြရဆဲဖြစ်ပါတယ်။

စစ်ဝါဒကို အပြီးတိုင် မဖြိုချနိုင်သရွေ့ ဖိုဝါဒကလည်း အမြစ်တွယ်နေဦးမှာဖြစ်သလို၊ ဖိုဝါဒကို မခြေဖျက်နိုင်သရွေ့ စစ်ဝါဒလည်း တည်တံ့နေဦးမှာပဲ ဖြစ်ပါတယ်။

စစ်ဝါဒကိုတော့ အားမပေးဘူး၊ ဖိုဝါဒတော့ ရှိချင်ရှိပါစေဆိုတဲ့ အတွေးအမြင်တွေ ရှိနေသရွေ့ကာလ မှာတော့ စစ်ဝါဒက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အလွှာပေါင်းစုံ လွှတ်မြောက်ရာလမ်းကိုဖောက်ဖို့ဆိုရင် စစ်ဝါဒနဲ့ ဖိုဝါဒနှစ်ခုလုံးကို အမြစ်ကမကျန် တိုက်ထုတ်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးဘက်တော်သားတွေ၊ တန်းတူညီမျှအခွင့်အရေးကို တန်ဖိုးထားသူတွေအနေနဲ့ ဒီလိုမျိုး ကျား၊ မခွဲခြားမှုတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကို သိလိုဖြစ်စေ၊ မသိလို့ဖြစ်စေ ကျူးလွန်နေကြတဲ့ ထိပါးစော်ကား ရေးသားမှုမျိုးတွေကို သတိပြုပြင်ဆင်တွေးခေါ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။

ဒါမှသာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ကျား၊မ ခွဲခြားမှုမရှိတော့တဲ့ နိုင်ငံသစ်ကို အနာဂတ်မှာ တည်‌ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Author: