ခင်ပွန်းသည်တွေ စစ်မှုထမ်းပေါ်တာဆွဲခံလိုက်ရတဲ့အခါ
လင်းဆက်မေ
အချိန်က ည ၁၀နာရီလောက်။
ခြံစည်းရိုးမရှိ ၊ အိမ်တံခါးမတွေ ပြတင်းပေါက်တွေ မလုံခြုံတဲ့ မြို့စွန်က ခပ်စုတ်စုတ် သစ်သားအိမ် တလုံးနားမှာ ခွေးဟောင်သံ စူးစူးဝါးဝါးကြားလိုက်ရတယ်။
“မရှိဆင်းရဲသား အိမ်မို့ ခိုးစရာလည်း ဘာမှမရှိပါဘူး” လို့ ရိုးရိုးသားသားပဲတွေးပြီး ခေါင်းပြားပြား ဆက်အိပ်မယ် အလုပ်မှာ အိမ်တံခါး ခေါက်သံ ခပ်ပြင်းပြင်းကို ကြားလိုက်ရပါတယ်။
မစန်း(အမည်လွှဲ)တယောက် ထိတ်ကနဲတော့ဖြစ်သွားတယ်။ ဘေးက ယောကျ်ားကို နှိုးပြီး “ထစမ်းပါဦး” ဆိုတော့ သူလည်းထပြီး တံခါးဖွင့်ဖို့အလုပ်မှာပဲ တံခါးကို ဝုန်းကနဲကန်ဖွင့်ပြီး “ဧည့်စာရင်း စစ်တာ၊ ပြီးတော့ မင်းလိုက်ခဲ့ဦး” ဆိုပြီး ခေါ်တယ်။
အခြေအနေကို မစန်း သဘောပေါက်လိုက်တယ်။ ဘယ်သူတွေမှန်း၊ ဘာတွေဝတ်ထားမှန်းလဲ မသိ တော့ဘူး၊ ဘာလက်နက်တွေကိုင်ထားလဲ ဆိုတာလည်း မမြင်တော့ဘဲ မစန်း ရှိုက်ကြီးတငင် ငိုယို တောင်းပန်ပြီး သူ့ယောကျ်ားကို မခေါ်ပါနဲ့ပြောတယ်။ ကလေးကလည်း လန့်ပြီး ငိုလိုက်တာ။ မစန်းက ကလေးကိုလည်း မချော့နိုင်ဘူး။ ဘယ်လိုပဲ တောင်းပန် တောင်းပန် မရတဲ့အဆုံးမှာ ပါသွားတဲ့ ယောကျ်ားကို ငေးကြည့်ပြီး ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ပါတော့တယ်။
အသက် (၄၂) အရွယ် မစန်းရဲ့ ခင်ပွန်းကို စစ်မှုထမ်းအဖြစ် လာခေါ်သွားခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလက ကြုံခဲ့ရတဲ့ ညတညအကြောင်းကို ပြောပြထားတာပါ။
“သမီးလေး ၂လသမီးမှာ ပါသွားတာ၊ အခု တနှစ်သုံးလရှိပြီ၊ သေမှန်းမသိရှင်မှန်းမသိ” လို့ နှုတ်ခမ်းကိုရွဲ့၊ ခပ်မဲ့ပြုံးပြုံးရင်း အသံခပ်တိုးတိုးနဲ့ မစန်းကပြောပြပါတယ်။

စစ်မှုထမ်း ဥပဒေပေါ်လာပြီးကတည်းက မစန်းလိုကြုံလိုက်ရတဲ့ အမျိုးသမီးတွေဟာ သူတို့နေတဲ့ ရပ်ကွက်မှာ မနည်းလှပါဘူး။ သူတို့အရပ်မှာတင် မဟုတ်ပါဘူး။ တကယ်တော့ တနိုင်ငံလုံးမှာ ဒီလို အဖြစ်ဆိုးမျိုးတွေ ကြုံခဲ့ရသူတွေ မနည်းလှပါဘူး။
စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ချိန်ကနေစပြီး လစဉ် စစ်မှုထမ်းသင်တန်း တွေကို မပျက်မကွက် ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီလို ဖွင့်လှစ်နိုင်ဖို့ နယ်မြေခံစစ်တပ်နဲ့ အုပ်ချုပ်ရေးဌာနအသီးသီး မှာ နေရာဝင်ယူထားသူတွေပေါင်းပြီး အမှုဆင်ဖမ်းတာ၊ ခရီးသွားလူငယ်တွေကိုဖမ်းတာ၊ ညပိုင်းအချိန် ဖမ်းဆီးနှိပ်စက် အတင်းအကြပ် စစ်မှုထမ်းစေတာ၊ အချို့မြို့တွေမှာ နေအိမ်ထဲအထိ အတင်းဝင်ရောက် ဖမ်းဆီးတာမျိုး တွေရှိတယ်လို့ (MDSI) ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက်ရောက်မှု လေ့လာ ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ စစ်မှုထမ်း သင်တန်းကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်တာတွေရှိပြီး၊ အခုဆိုရင် သင်တန်း နေရာ ၂၇ခုအထိရှိလာပြီလို့ (MDSI) ကဖော်ပြပါတယ်။ လစဉ်စစ်သား ၅၀၀၀ စုဆောင်းမယ်လို့ သတ်မှတ် ထားပြီး သတ်မှတ်အရေအတွက် ပြည့်မီကျော်လွန်စေဖို့ နည်းလမ်းပေါင်းစုံသုံးပြီး စုဆောင်းတာ၊ ဖမ်းဆီးတာ တွေ လုပ်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဖော်ပြပါတယ်။
စစ်တပ်က သင်တန်းအပတ်စဉ်တခုကို လူဦးရေ ၅,၀၀၀ စုဆောင်းခေါ်ယူမယ်လို့ ပြောခဲ့တာကြောင့်
သင်တန်းအပတ်စဉ် ၁၉ အထိဆိုရင် စုဆောင်းခံရသူ အရေအတွက်က ၉၅,၀၀၀ အထိ ရှိပြီလို့ အကြမ်းဖျင်း တွက်ချက်နိုင်တယ်လို့ ဘီဘီစီ သတင်းကဖော်ြပပါတယ်။
အဲဒီ သိန်းဂဏာန်းသော အိမ်ထောင်စုတွေ၊ ခင်ပွန်းဖြစ်သူစစ်မှုထမ်းရလို့ ဒုက္ခပင်လယ်ဝေရတဲ့ အမျိုးသမီးနဲ့ သားသည်မိခင်တွေစာရင်းထဲမှာ မွေးကင်းစကလေး ၂လသားအရွယ်နဲ့ကျန်ခဲ့ရတဲ့ မစန်းနဲ့ သူ့မိတ်ဆွေအမျိုးသမီးတွေလည်း အပါအဝင်ဖြစ်ပါတယ်။
အိမ်ရဲ့ဝင်ငွေကို အဓိက ရှာဖွေနေကြတဲ့အမျိုးသားတွေကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ အခါ ကလေးငယ်လေးတွေနဲ့ ကျန်ခဲ့ရတဲ့ အမျိုးသမီးတွေက အတော်ကို ဒုက္ခရောက်ရပါတယ်။
မစန်းမှာ မိဘ ညီအစ်ကို မောင်နှမ ရှိပေမဲ့ အဆင်မပြေကြသူ အချင်းချင်းမို့ အားကိုးလို့ မရသလို မတည့်လည်း မတည့်ကြတာမို့ ယောကျ်ား စစ်မှုထမ်း ပါသွားတဲ့အခါ ၅ မိုင်ပဲဝေးတဲ့ ဇာတိမြို့ကို မပြန်တော့ဘဲ ၂ လ သမီးကိုပဲ ရင်ခွင်ပိုက်ပြီး ဖြစ်သလို နေထိုင်လုပ်ကိုင် စားသောက်ခဲ့ရပါတယ်။
မစန်းတို့ မိသားစုကနေပြည်တော်နယ်မြေထဲက မြို့တမြို့ရဲ့ ရပ်ကွက်တခုမှာ ကျူးကျော်ပြီး နေကြရ တာပါ။ အစမှာ အများစု ဒီလိုပဲ ကျူးကျော် နေကြပေမဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စီစစ်ပြီး နေခွင့်ပေးတာပါ။ အိမ်ရှင်လာရင်တော့ ချက်ချင်းပြန်ဖယ်ပေးရမယ် ဆိုတဲ့ နားလည်မှုနဲ့ အုပ်ချုပ်ရေမှူးကလည်း လိုရင်လိုသလို ခိုင်းစေလို့ ရအောင် နေခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။
ဒီလိုနေကြတဲ့သူ အများစုကို အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးမှာ လိုအပ်တဲ့ အလုပ်ကြမ်း ခေါ်ခိုင်းတာ မျိုး၊ အသံတိတ်သပိတ်ရက်မျိုးတွေမှာဆိုရင် အပြင်ထွက် လျှောက်သွားခိုင်းတာမျိုး၊ ဆိုင်ကယ်ဆီ တပုလင်းလောက်ဖြည့်ပေးပြီး ရပ်ကွက်ထဲ ပတ်မောင်းနေခိုင်းတာမျိုး၊ တပ်ထောက်ခံပွဲမျိုးတွေမှာ လူအင်အားပြရတာမျိုး လုပ်ခိုင်းပါတယ်။ ကိုယ့်ဝမ်းစာကိုယ်ရှာစားရင်း ဒီလိုအလုပ်မျိုးတွေကို လုပ်ပေး နေရင်းကနေပဲ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဆေးသုတ်သမားလုပ်တဲ့ မစန်းရဲ့ ယောကျ်ားဟာ စစ်မှုထမ်းပါသွားခဲ့တာပါ။
ဆေးသုတ်အလုပ်က တရက် တသောင်းကျော် ဝင်ငွေနဲ့တခါတလေ ပုတ်ပြတ် အလုပ်ရရင် သိန်းဂဏန်း အထိ ရတာတောင် စားသောက်နိုင်ရုံအပြင် မပိုလျှံတဲ့ အနေအထားမှာ စစ်မှုထမ်း ပါသွားတဲ့အခါ နီတာရဲ ကလေးပေါက်စကို ပုဆိုးစုတ်လေးနဲ့ အနှီးထုတ်ပြီး မစန်းတယောက် ဘဝကို တိုက်ပွဲဝင်ရ ပါတော့တယ်။
ကလေးနီတာရဲနဲ့မို့ သနားပြီး ဟိုအိမ်ဒီအိမ်က ပေးကမ်းတာကိုလည်း မရှက်နိုင်ဘဲ ယူရတယ်။ မီးထွက် ကာစမို့ အလုပ်ကြမ်းလည်း မလုပ်နိုင်၊ ကလေးကိုလည်း ထားစရာနေရာမရှိလို့ အရင်လို ပန်းရံ နောက် လိုက်လဲ မလုပ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ဟိုလူခေါ်နှိပ်ရင် နှိပ်ပေးလိုက်၊ အဝတ်လျှော်ခိုင်းရင် လျှော်ပေး လိုက်နဲ့ပဲ ရုန်းကန်လာခဲ့ရတာ သမီးလေး တနှစ်နဲ့ ငါးလ ရှိခဲ့ပါပြီ။
ယောက်ျားကတော့ “သေသလား ရှင်သလား မသိရဘူး၊ လစာ လဲမရ၊ ဘာမှ မရဘူး”လို့ မစန်းက ခေါင်း တခါခါနဲ့ပြောပါတယ်။
စစ်မှုထမ်းသူတွေကို လစာနဲ့ ခံစားခွင့်တွေပေးမယ်လို့ ဥပဒေက ပြဌာန်း ထားပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ ဘာခံစားခွင့်မှ မရဘူး၊ အများစုက အခွင့်အရေးချိုး ဖောက်ခံရတာတွေပဲ ကြုံနေရတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။
“တနှစ်နဲ့ ၃လလုံးလုံး တခါပဲ အဆက်အသွယ်ရတယ်၊ ဟိုကနေ လှမ်းဆက်တာ၊ နောက် အခေါက်တွေ မှာ ဒီဘက်က လှမ်းဆက်တော့ ဖုန်းစက်ပိတ်ထားတယ်၊ ဒီလိုနဲ့ အဆက်အသွယ်ပြတ်သွားတာ အတော် ကြာနေပါပြီ” လို့ မစန်းက ခပ်ငေးငေးနဲ့ပြောပါတယ်။
တဆက်တည်းမှာပဲ မျက်နှာကို မော့လိုက်ပြီး “စိတ်ညစ်စရာမတွေးဘူး၊ ငါရှိမှ သမီးလေး အဆင်ပြေမှာ ဆိုတဲ့စိတ်နဲ့နေတယ်”လို့ မစန်းက ခပ်ပြုံးပြုံးပြောလိုက်ပါတယ်။
မစန်းအလုပ်လုပ်တဲ့အချိန် ကလေးကို သူများနဲ့ (အိမ်နီးချင်းတွေနဲ့)ထားခဲ့ပါတယ်။ ကလေးက မျက်နှာ ချိုချိုနဲ့ လူတကာကို နှုတ်ဆက်တတ်လို့ အများက ချစ်ခင်သနားကြပါတယ်။ မိဘမစုံလင်၊ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်လည်းမခံရတာမို့ တနှစ်၅လအရွယ် ဆိုပေမယ့် ကိုယ်အလေးချိန်က ၁၀ပေါင် တောင်မပြည့်ပါဘူး။
မြန်မာက အသက် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ (လေးသိန်း တသောင်းကျော်)ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က သတိပေးထုတ် ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံး အနေနဲ့လည်း မြန်မာဟာ ဆာလောင်မွတ်သိပ်မှု အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းတဲ့ အဆင့်သတ်မှတ်ချက်ဝင် ၆ နိုင်ငံထဲက တနိုင်ငံဖြစ်လာပါတယ်။
ကလေးတဖက်နဲ့ အလုပ်ကြမ်းလဲ မလုပ်နိုင်တာမို့ “ စားစရာမရှိတဲ့ ရက်တွေ ရှိတယ်”လို့ မစန်းက သူတို့သားအမိရဲ့ စိုးရိမ်စရာဝမ်းရေးအခြေအနေကို ပြောပါတယ်။ ကိုယ်တိုင်စားစရာမရှိတာ မကြောက်ပေမယ့် တခါတလေ သမီးလေး ဖျားနာလို့ ဆေးဖိုးမရှိရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ရတယ်လို့ မျက်နှာကို အောက်ငုံ့ပြီး ပြောပါတယ်။
ယောက်ျားစစ်မှုထမ်းပါသွား၊ ကလေးငယ်ငယ်နဲ့ အလုပ်ကြမ်းလဲ မလုပ်နိုင်တော့ အရပ်ထဲက လူတွေက မစန်းကို သနားကြပါတယ်။ သနားကြပေမယ့် သူ့ထက်ငါ အဆင်းရဲ ပြိုင်နေကြတဲ့ ပတ်ဝန်းကျင် ကြားမှာ သနားခြင်းက ထမင်းတလုပ်ဖြစ်မလာစေပါဘူး။
ဒါကြောင့် မစန်းရဲ့ မိတ်ဆွေ မမိုး(အမည်လွှဲ)က “သနားတာပဲရှိတယ်၊ ဘာမှလည်း မကူညီနိုင်ဘူး” လို့ စိတ်မကောင်းသလို ခပ်ညည်းညည်းလေး ပြောပါတယ်။
မမိုးက တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ အခြေအနေမျိုးမှာ သက်ပြင်းချ ငေးကြည့်ရုံ ကလွဲလို့ ဘာမှ လုပ်မရပါဘူးလို့ ဆိုပါတယ်။ မမိုးက အများထက်ပိုပြီး ဒီလိုကိုယ်ချင်းစာနိုင်တာက သူ့မှာလည်း ဒီလို ထူးမခြားနား အတွေ့အကြုံသောက ရင်မှာပိုက်ထားရလို့ပါပဲ။
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကော်မရှင်( အဲဒီအချိန်က စစ်ကောင်စီ)က ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်းလို့ ကြေညာလိုက်ပါတယ်။
အဲဒီ ဥပဒေအရ အမျိုးသားဆိုရင် ၁၈နှစ်ကနေ ၃၅နှစ်ကြား၊ အမျိုးသမီးဆိုရင် ၁၈နှစ်ကနေ ၂၇ နှစ်ကြား မှာရှိတဲ့ မြန်မာနိုင်ငံသားတိုင်းက ၂နှစ် စစ်မှုထမ်းရမှာပါ။ အတတ်ပညာ တခုခုကို တတ်ကျွမ်းတဲ့သူ ဆိုရင်တော့ အမျိုးသားဆိုရင် အသက် ၄၅ နှစ် ၊ အမျိုးသမီးဆိုရင် အသက် ၃၅ နှစ် အထိ ၃နှစ် တာဝန် ထမ်းဆောင်ရမှာပါ။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်ခဲ့ရင်တော့ ပြည်သူ့စစ်မှုထမ်း ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့လဲ ဖော်ပြထားပါတယ်။
တကယ်တော့ ဒီအသက်အရွယ်အပိုင်းအခြားတွေဆိုတာ သာမန် အခြေခံလူတန်းစားမှာဆိုရင် အလုပ် လုပ်နေတဲ့ အသက်အရွယ်တွေ ဖြစ်တယ်။ သူတို့ရဲ့ ဝင်ငွေပေါ်မှာ မိသားစု၊ သူတို့ရဲ့ အိမ်ထောင်ဘက် တွေက အားကိုးနေကြရတာဖြစ်တယ်။
ဒီလိုအရွယ်တွေက မတရားသဖြင့် ပေါ်တာအဆွဲခံရတဲ့အခါ ပထမဆုံးအနေနဲ့ သူတို့မိသားစုရဲ့ စားဝတ်နေရေး၊ ဝင်ငွေ၊ လူမှုရေး ကိစ္စတွေ ဒါတွေက ပိုပြီးကြပ်တည်း သွားမယ်လို့ ကျားမ အခြေပြု ပြီး ခွဲခြားဆက်ဆံမှုတွေရပ်တန့်ဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ၂၀၁၂ ကတည်းက လုပ်ဆောင်နေတဲ့ Triangle Women အမျိုးသမီးအဖွဲ့ရဲ ညွှန်ကြားရေးမှူး မခင်လေးက ပြောပါတယ်။
မခင်လေးက “ဆင်းရဲဒုက္ခပိုရောက်မယ်၊ သူတို့သားသမီးရဲ့ ပညာရေး၊ ကျန်းမာရေးတွေအထိ သက်ရောက်မှုတွေ ရှိမယ်”လို့ ဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဆိုတာနဲ့ တနိုင်ငံလုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ရှိရှိ သမျှ စိတ်မလုံခြုံ စိုးရိမ်ပူပန်ကြတော့တာပါပဲ။ မိသားစုတိုင်းမှာ ဒီလိုအရွယ်က ရှိတတ်ကြတာမို့ လူတိုင်းက စိုးရိမ်ပူပန်ဖြစ်ကြရတာပါ။
ဒီအခြေအနေကို ရှောင်လွှဲနိုင်ဖို့အတွက် မိသားစုတွေက ပုံစံမျိုးစုံနဲ့ ကြိုးစားဖြေရှင်းကြရပါတယ်။
မစန်းရဲ့ မိတ်ဆွေ မမိုးကတော့ ဒီလိုစစ်မှုထမ်းရဖို့အလားအလာရှိလို့ တိမ်းရှောင်ဖို့ပြင်ဆင်နေရတဲ့ မိသားစုကပါ။ ဒါကြောင့်လည်း မစန်းကို ပိုပြီး ဂရုဏာသက်ရတာပါ။ ခင်ပွန်းသည်က အသက် ၂၅ နှစ်ပဲ ရှိသေးတာမို့လို့ မမိုးတို့မိသားစုကတော့ ဥပဒေ အတည်ပြုပြီဆိုကတည်းက ရင်တထိတ်ထိတ်နဲ့ နေခဲ့ရ ပါတယ်။
ပန်းရန် သန်လျက်ကိုင်လက်သင်ဖြစ်လို့ တရက်ကို ၂သောင်းဝန်းကျင် ရပေမယ့် ကလေး၂ယောက် ရှိတဲ့ အပြင် ကိုယ်ဝန်လွယ်ထားရတဲ့ မမိုးတို့မိသားစုအတွက်ကတော့ နေ့စဉ်ရရစားစားနဲ့ မွေးဖွားဖို့ စရိတ် တောင် မစုနိုင်သေးတဲ့အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ နေရာတခုကို မိသားစုလိုက် ရှောင်ပြေးဖို့ဆိုတာ ထင်သလောက်မလွယ်လှပါဘူး။
မမိုးတို့နေတဲ့ ရပ်ကွက်ထဲမှာက လူစာရင်းရယ်၊ မဲနှိုက်တာရယ်လို့ အတိအကျလုပ်တာမဟုတ်ဘဲ လစဉ် ၂၅ ရက်ဝန်းကျင်ဆိုရင် ရပ်ကွက်မှောင်ရိပ်မှာ (အရပ်ထဲမှာ ပြည်သူ့စစ်လို့ အလွယ်ခေါ်ကြတဲ့) ပြည်သူ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့က လူတွေရယ်၊ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လူတွေ ရယ်စုပြီး လူအုပ်စုနဲ့ စောင့်ဖမ်းတာမျိုး၊ ညပိုင်းမှာ ဧည့်စာရင်းစစ်သလိုနဲ့ ဝင်ဆွဲတာ၊ ဝင်ဖမ်းတာမျိုး လုပ်လေ့ ရှိတာမို့ ကျီးလန့်စာစား နေနေရတာပါ။
ဒီလို အင်အားသုံး အဓမ္မဖမ်းတာမျိုးက မမိုးတို့ ရပ်ကွက်မှာတင် ရှိတာတော့မဟုတ်ပါဘူး။ တနိုင်ငံလုံး မှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာပါ။
မမိုးတို့လို သွယ်ဝိုက်ခံစားရသူတွေအပြင် နောက်ထပ်တမျိုး ဒုက္ခရောက်ရသူတွေကတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကစတဲ့ ပြည်သူလုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဝင်ရတဲ့ သူတွေပါပဲ။
အသက် ၃၅ နှစ်ကနေ အသက်၆၀ အထိအရွယ်ရှိတဲ့ အရပ်သားအမျိုးသားတွေကို ဆင့်ခေါ်၊ ပြည်သူ့ စစ်သင်တန်းတက်ခိုင်းပြီး ဖွဲ့စည်းထားတဲ့ (အရပ်အခေါ် ပြည်သူ့စစ်) ပြည်သူလုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်တွေထဲက တဦးဖြစ်တဲ့ ဦးစိုး(အမည်လွှဲ)က မမိုးတို့ရပ်ကွက်က ဖြစ်ပြီး မလုပ်ချင် ပေမယ့် မလွှဲသာလို့လုပ်ရတာမို့ ရပ်ကွက်ထဲက လူတွေကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ရင် အမြဲ သတင်း ပေး၊ သတိပေးလေ့ရှိပါတယ်။ ဦးစိုး သတိပေးလို့လည်း မမိုးရဲ့ ယောကျ်ားကို ပေါ်တာ လာဆွဲတော့မယ် ဆိုတာ သိလို့ ရှောင်တိမ်းဖို့ စဉ်းစားရတာပါ။
ဒီလို သတိပေး နှုတ်၏စောင်မခြင်းမျိုးနဲ့ အချင်းချင်းရိုင်းပင်းကြလို့ တချို့ဆိုရင် လာမဖမ်းခင်မှာ ရှောင်လိုက်နိုင်တာမျိုး၊ ထွက်ပြေးလွတ်မြောက်သွားတာမျိုးတွေရှိပါတယ်။ ဦးစိုးတို့ ရပ်ကွက်ထဲကပဲ သားအဖ ၂ယောက်ဆိုရင် ဦးစိုးက လာဆွဲမယ့်ညမှာပဲ သိသိချင်း လှမ်းသတိပေးလိုက်တာမို့ လက်မတင် လေး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ သားအဖ ၂ယောက်ထဲရှိတာမို့ ကျောင်းသား အရွယ်သားကို ခေါ်ပြီး ညတွင်းချင်း ပြေးသွားနိုင်ကြတာပါ။
ဒါကြောင့် ဒီလိုဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးစိုးတို့လို ပြည်သူ့စစ် အဖွဲ့ဝင်တွေကို ဘယ်သူတွေကို ဖမ်းမယ်၊ ဘယ်အိမ်ကို ဧည့်စာရင်း စစ်မယ်ဆိုတာတွေ မပြောတော့ ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း မမိုးတို့ကို ဦးစိုးက တိတိကျကျ သတိမပေးနိုင်တာပါ။ အခုဆိုရင် ဦးစိုးတို့ကို အခြားရပ်ကွက်က လူတွေကို စစ်မှုထမ်းအတွက်ဖမ်းဖို့ဆိုရင်ခေါ်တယ်၊ မဲရုံလုံခြုံရေး၊ လူကြီးလမ်းကြောင်းလုံခြုံရေးတွေမှာ စောင့်ဖို့ခိုင်းတယ်လို့ ပြောပါတယ်။
မမိုးယောကျ်ားက တရက်မဟုတ်တရက် လာဆွဲရင် ပါတော့မှာ သေချာတဲ့အခါမှာတော့ မမိုးက သူ့ယောကျ်ားကို ရှောင်တိမ်းဖို့ပဲ တိုက်တွန်းရပါတယ်။ မမိုးရဲ့ ယောက္ခမကလည်း သူ့သား စစ်မှုထမ်း မပါဖို့အတွက် ကြံ့ခိုင်ရေးကမဲဆွယ်ပွဲတိုင်း အင်အားဖြည့်ပေးရတယ်၊ လက်ကမ်းစာစောင် လိုက်ဝေ ပေးရပါတယ်။
မမိုးရဲ့ ယောက္ခမက “သားစစ်မှုထမ်းပါမှာ စိုးလို့သာလူမုန်းခံ လိုက်လုပ်ပေးနေရာတာ၊ ဒါတွေက လုပ်ချင်လို့လုပ်နေ တာမဟုတ်ဘူး”လို့ ပြောပါတယ်။
မမိုးက “အိပ်လို့တောင် မပျော်ပါဘူး၊ စိတ်တွေလည်းပျက်ပါတယ်၊ ပါသွားရင် ဘယ်လိုနေ ဘယ်လို စားသောက်ရမလဲ စဉ်းစားမရဘူး”လို့ သက်ပြင်းတချချနဲ့ပြောပါတယ်။
အသက်(၉)နှစ်နဲ့ (၅) နှစ်အရွယ် သမီး၂ယောက်ရှိနေတဲ့ မမိုးက ကိုယ်ဝန်ကလည်း ၅ လကျော်ပြီမို့ အလုပ်ကြမ်းလုပ်ဖို့ ခက်ခဲပါတယ်။ ကိုယ်ဝန်မလွယ်ရခင်တုန်းကတော့ ယောကျာ်းပန်းရံ လုပ်ရင် မမိုးကလည်း သူများအိမ်တွေမှာ အဝတ်လိုက်လျှော်၊အိမ်သန့်ရှင်းရေးလုပ်တယ်။ တခါတလေ ပန်းရံနောက်လိုက် လူကြမ်း (အလုပ်ကြမ်း) လိုက်လုပ်သူပါ။
ခင်ပွန်းဖြစ်သူ စစ်မှုထမ်းပါသွားရင် ကလေးအကြီးမကို ကျောင်းထုတ်ရလိမ့်မယ်၊ ကိုယ်တိုင်ကတော့ မွေးစားရိတ်ထက် စားစရိတ်ကို အရင်ရှာရမယ်လို့ အစီအစဉ်ချနေရှာပါတယ်။ မိဘမဲ့ဖြစ်တဲ့ မမိုးက ယောက္ခမကိုလည်း အားမကိုးချင်တာမို့ ဗိုက်တလုံးနဲ့ပဲ သားအမိတွေရဲ့ ဝမ်းရေးကို ဖြေရှင်းရမှာပါ။ မောင်အရင်းရှိပေမယ့် အဆင်မပြေတာမို့ အားကိုးဖို့လည်း စိတ်မကူးဘူးလို့ ဆိုပါတယ်။
တောင်ညိုဇာတိဖြစ်တဲ့ မမိုး က နီးနီးနားနားဆိုပေမယ့် ဇာတိလည်း မပြန်ချင်ဘူးလို့ ဆိုပါတယ်။ မမိုးတို့နေတဲ့ နေပြည်တော်က ငလျင်ဒဏ်လည်း အကြီးအကျယ်ခံခဲ့ရတာမို့ အလုပ်အကိုင်ကလည်း ရှားပါးသွားသလို ဆေးရုံ၊ ဆေးခန်းတွေကလည်း ပုံမှန် မလည်ပတ်နိုင်သေးပါဘူး။ ကလေးမွေးဖွားဖို့ အခမဲ့နီးပါးရနိုင်တဲ့ စစ်ကော်မရှင်လက်အောက်ခံ ဆေးရုံတွေကလည်း တင်းပြည့်ကြပ်ပြည့် မလည်ပတ်နိုင်သေးတာမို့ ကလေးမွေးဖို့ ကိစ္စဟာလည်း မမိုးအတွက် ခေါင်းပူလွန်းမက ပူစရာ ဖြစ်နေပါတယ်။
ဒီအကြောင်းကို မမိုးက “ ဪ၊ ငါ့ဒုက္ခလည်း ကြီးလိုက်တာ” လို့ ညည်းညည်းညူညူ ပြောပါတယ်။
အဓမ္မစစ်မှုထမ်းခိုင်းဖို့ အတင်း အဓမ္မ ပြန်ပေးဆွဲခံရသလို၊ ပေါ်တာ ဆွဲခံရသလို ခံလိုက်ကြရတဲ့ ခင်ပွန်းသည်တွေအတွက် သောကရောက်နေရတဲ့ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး မခင်လေးက “ဘယ်တော့များမှ ကိုယ့်ယောကျာ်းက ပြန်လာမလဲ၊ ငါ မုဆိုးမ ဖြစ်သွားမလား ဆိုတဲ့ ပူပန်စိတ်နဲ့ နေနေရတဲ့အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး”လို့ ပြောပါတယ်။
ယောကျ်ားစစ်မှုထမ်းပါမှာကို စိုးရိမ်နေရတဲ့ မမိုးထက် အခြေအနေပိုဆိုးပြီး စစ်မှုထမ်းအဖြစ် ဖမ်းခေါ် သွားခြင်းဆိုတဲ့ ဒုက္ခကို လက်တွေ့ခံစားလိုက်ရတာကတော့ ၂ နှစ်အရွယ် ကလေး အမွှာ၂ယောက်မိခင်၊ မအေး (အမည်လွှဲ)ပါ။
ခင်ပွန်းဖြစ်သူတွေ အဓမ္မစစ်မှုထမ်းပါသွားလို့ ဒုက္ခရောက်ရသူဇနီးမယားတွေကြားထဲ မအေးကတော့ အင်မတန်သနားစရာကောင်းတယ်လို့ သူ့အိမ်နီးချင်းတယောက်ကပြောပါတယ်။
အရွယ်ငယ်ကလေး ၂ယောက်မိခင်၊ ကိုယ်ဝန်လည်းလရင့်နေပြီဖြစ်တဲ့ မအေးဟာ ၂၀၂၄ ခုနှစ် ဆောင်းလတလ ညအချိန်မတော်မှာ အိမ်ကို ဧည့်စစ်လို့ အကြောင်းပြပြီး ခင်ပွန်းကို ဖမ်းခေါ် သွားတာကို ကြုံလိုက်ရပါတယ်။
ဗိုက်တလုံးနဲ့ မလုပ်စားတတ်၊ လုပ်စားဖို့လည်း မလွယ်၊ ကလေး အကြီးတွေကလည်း ဥမမယ် စာမမြောက်မို့ လာဖမ်းတဲ့ ရပ်ကွက်လူကြီးတွေကို တောင်းပန်ပေမယ့် အကျိုးမထူးခဲ့ပါဘူး။ မအေး ခင်ပွန်းကတော့ ပါသွားခဲ့တာပါပဲ။ ဘာမှ မတတ်နိုင်တဲ့အဆုံးမှာ မအေးက အနားက ရွာမှာနေနေတဲ့ မိဘတွေဆီပဲ ပြန်ခိုလှုံခဲ့ရတယ်လို့ အိမ်နီးချင်းက ပြောပါတယ်။
ဒီလို ဒုက္ခရောက်တဲ့သူ၊ ကိုယ်လုပ်လို့မဟုတ်ဘဲ ဒီလိုမတရားသဖြင့် လုပ်ခံရတယ်ဆိုရင် ဒီအမျိုးသမီးနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဘေးပတ်ဝန်းကျင်က ပရဟိတ လုပ်တဲ့သူတွေက ဝိုင်းကူညီပေးတဲ့ နည်းနဲ့သာ ရေတိုဖြေရှင်းနိုင်ကြမယ်လို့ မခင်လေးက သူ့အမြင်ကို ပြောပြပါတယ်။
“စစ်မှုထမ်းထဲပါတယ်၊ စိတ်ပါလို့မဟုတ်ဘူး၊ အဲလိုဆို အခါအခွင့်သင့်တဲ့အခါ ပြေးတာမျိုး၊ ပြည်သူ့ ရင်ခွင်ခိုလှုံတာမျိုး ရှိတယ်၊ လုပ်လို့ရတယ်၊ အဲလိုဆိုရင် မိသားစုကိုပါ ဘေးကင်းရာကို ခေါ်ဆောင် တာမျိုး အတူတကွ နေနိုင်အောင် ခေါ်ဆောင်လို့ရတယ်”လို့ မခင်လေးက အကြံပြုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေသတ်မှတ်ပြီး ၂လအကြာ၊ ၂၀၂၄ ဧပြီလမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ဧပြီလ (၈) ရက်မှာ တိုင်းဌာနချုပ် အလိုက် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီပထမဆုံးသင်တန်းက ၂၀၂၄ခုနှစ် ဇွန်လ ၂၈ ရက်မှာ ပြီးခဲ့တာပါ။
၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ သင်တန်း အမှတ်စဉ် ၂၀ ကို ဖွင့်လှစ်ထားတာမို့ စစ်မှုထမ်းသင်တန်းဖွင့်လှစ်ချိန် ကနေ စတင်ရေတွက်ရင် သင်တန်းသား အရေအတွက် ၁ သိန်းခန့်ရှိပါတယ်။
ဒီတော့ စစ်မှုထမ်းဥပဒေကြောင့် တိုက်ရိုက် ဒုက္ခရောက်ရတဲ့ မစန်း၊ မမိုးနဲ့ မအေးတို့လို သောကတွေနဲ့ ကျန်နေခဲ့ရတဲ့ သားသည်မအေတွေအပါအဝင် မြန်မာပြည်အနှံ့အပြားက စစ်မှုထမ်းဥပဒေရဲ့ သက်ရောက်မှုတွေကို ခံစားနေကြရတဲ့ အိမ်ထောင်စု သိန်းဂဏန်း ရှိပြီလို့ ဆိုရပါမယ်။
မီးထွက်ခါစအချိန်ကတည်းကနေ အခု သမီးလေး တနှစ်ခွဲဝန်းကျင်အရွယ်အထိ တကိုယ်တော် မိခင်အဖြစ် ရုန်းကန်နေရတဲ့ မစန်းဟာ အချိန်တွေကြာလာတာနဲ့အမျှ ခင်ပွန်းဆီက သတင်းလည်း မကြား၊ အဆက်အသွယ်လဲမရတော့ပါဘူး။
ကြားရတဲ့ စစ်သတင်းတွေကလည်း တပ်လုံးကျွတ်နီးပါးသေကုန်ပြီ၊ မူလကတည်းက စစ်ထဲ ဝင်ထားကြတဲ့ သန္ဓေစစ်သားတွေကိုယ်တိုင် အဖမ်းခံလိုက်ရပြီဆိုတာမျိုးပဲမို့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို သူက ဒီလို ခပ်ငေးငေးစကားဆိုပါတယ်။
“ကျွန်မ သူ့ကို မမျှော်တော့ဘူး”











