ခေတ်စနစ်ဆိုးထဲ စိတ်ကျန်းမာဖို့ ရုန်းကန်နေရသူတွေ
ဒေဝီ
ကလေးငယ်တွေကြုံရတတ်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေဖို့ရည်ရွယ်တဲ့ Mental Playdate စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို သားသည်မိခင်တဦးဖြစ်တဲ့ မစုစုတယောက်မမျှော်လင့်ပဲ တက်ရောက်ခွင့် ရခဲ့ပါတယ်။
ကလေးတွေအတွက်တင်မက မိဘတွေလည်း ပါဝင်ဆွေးနွေးကြရတဲ့ အဲဒီအစီအစဉ်မှာ နှစ်သိမ့်ဆွေးနွေးပေးနေသူက လက်တလော ကိုယ်ခံစားရတဲ့ အခြေအနေကို သရုပ်ဖော်ပုံတခုခု ရေးဆွဲဖို့ ပြောလိုက်တဲ့အခါ အဖြူရောင် စာရွက်လေးတရွက်ပေါ်မှာ အမည်းရောင်မိုးတိမ်တွေကနေ မိုးရွာသွန်းနေတဲ့ သရုပ်ဖော်ပုံကို ရေးဆွဲနေရင်း မစုစု စိတ်ထဲ အလိုလိုဝမ်းနည်းလာပါတယ်။
စိတ်တိုင်းကျရေးဆွဲပြီးချိန်မှာ အစီအစဉ်ဦးဆောင်သူက ရေးဆွဲထားကြတဲ့ သရုပ်ဖော်ပုံအကြောင်းကို ပြန်ပြောပြခိုင်းတဲ့ အခါ တက်ရောက်လာတဲ့ မိခင်တွေ၊ ဖခင်တွေဟာ သူတို့စိတ်ထဲခံစားရတာတွေကို ရင်ဖွင့်ကြပါတယ်။
အများစုဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်းကြုံရတဲ့ နောက်ဆက်တွဲလူမှုပြသနာတွေလို့ဆိုရမယ့် စီးပွားရေးအဆင်မပြေမှု၊ အလုပ်အကိုင်မတည်မြဲမှု၊ အိမ်ထောင်ရေးအဆင်မပြေမှု၊ သားသမီး ပညာရေးစိုးရိမ်ရမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမှုတွေက စိတ်မှာဖိအားသဖွယ် ကြုံတွေ့နေရတာကို မစုစုတယောက် ကြားသိခွင့်ရခဲ့ပါတယ်။
တကိုယ်ရည်မိခင်ဖြစ်တဲ့ မစုစုဟာအလုပ်အကိုင်နဲ့ စီးပွားရေးအခြေအနေတွေကြောင့် လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှု အသက် ၆ နှစ်ကျော်သာ ရှိသေးတဲ့ သားဖြစ်သူကို ဆူပူပြီးတိုင်းဝမ်းနည်းရမှုကို ရည်ရွယ်ပြီး သူရေးခြစ်မိတဲ့ သရုပ်ဖော်ပုံကိုကိုင်ရင်း သူပြောပြချင်တာတွေကို စဉ်းစားနေခဲ့တယ်။
ဒါပေမယ့် တကယ်တမ်းပြောခွင့်ရတဲ့အချိန်မှာတော့ ကိုယ်မသိတဲ့ လူစိမ်းတွေ အများကြီးရှေ့မှာ ဝမ်းနည်းစွာနဲ့ ငိုချလိုက်မိပါတော့တယ်။
“ကျွန်မလေ ကိုယ်ဘာတွေခံစားနေရတယ်ဆိုတာကိုပြောနေရင်း မျက်ရည်က မထိမ်းနိုင်တော့ဘူး၊ ဘေးမှာ မသိတဲ့သူတွေရှိ နေတယ် ဆိုတာလည်း မတွေးတော့ဘူး၊ ငိုချလိုက်မိတယ်၊ ငိုလည်းငိုရင်း ပြောလို့ရသလောက်လည်း ပြောခဲ့လိုက်တာ၊ အများကြီးမပြောလိုက်ရပေမယ့် ဒီလောက်ဖွင့်ထုတ် နိုင်တာ စိတ်ထဲခံစားနေရတာတွေတော့ လျော့သွားတယ် “ လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် မစုစုက မကြာသေးခင်က ကြုံခဲ့ရတဲ့ သူ့အတွေ့အကြုံကို ဖွင့်ဟပြောပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း မထိန်းချုပ်နိုင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဘေး၊ စစ်ဘေး၊ ရေကြီး၊ မြေပြို၊ ငလျင်စတဲ့ သဘာဝဘေးတွေကြောင့် မိသားစုတွေ သေကွဲ၊ ရှင်ကွဲ ခွဲခွာကြရတာ၊ ခိုကိုးရာမဲ့ဖြစ်ကြရတာ၊ စီးပွားပျက်သုန်းတာ၊ ပညာရေးဆုံးခန်းမတိုင်တာ၊ အာဏာသိမ်းစစ်တပ်က အဓမ္မစစ်မှုထမ်းပေါ်တာဆွဲခံရတာစတဲ့ ဆုံးရွားတဲ့ လောကဓံတွေကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ အလုံးအရင်းနဲ့ ခံစားခဲ့ကြရပါတယ်။
မိသားစုတိုင်း၊ လူတိုင်းမှာ ဒီလိုအဆင်မပြေမှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေကြရတယ်ဆိုတာက မစုစုမြင်တွေ့ကြားသိခဲ့ရတဲ့ လက်တွေ့အတွေ့အကြုံမျိုးတွေဟာ ကုလသမဂ္ဂနဲ့ စိတ်ကျန်းမာရေး အသိပညာရေးအဖွဲ့အစည်းတွေဆီမှာ ခိုင်လုံတဲ့ စစ်တမ်းတွေအဖြစ်ရှိနေကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြုံတွေ့ရတဲ့ နိုင်ငံရေး ပဋိပက္ခ၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ အသီးသီးရင်ဆိုင်လာရသလို၊ နောက်ဆက်တွဲအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုခံရပြီး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့နှုန်းတွေ တိုးလာတယ်လို့ UNနဲ့ ပြည်တွင်း စိတ်ကျန်းမာရေးအဖွဲ့အချို့ရဲ့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒီဘီဗီ သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်မှု အချက်အလက်များစစ်တမ်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သူပေါင်း ၈၆ ဦးအထိ ရှိခဲ့ပြီး အသက် ၁၉ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်တွေက အများဆုံး ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ စစ်ကောင်စီက အဓမ္မစစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ လူငယ်တွေလည်း ပါဝင်နေတာကိုတွေ့ရတယ်။
သေဆုံးသူအများစုက အမျိုးသား ၈၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၀ရာခိုင်နှုန်းအထိ ရှိပြီး၊ ရန်ကုန်က ၂၀ဦးနဲ့ အများဆုံး ဖြစ်သလို ရခိုင်၊ နေပြည်တော်၊ရှမ်းပြည်နယ်တို့မှ ၁၀ဦးစီနဲ့ ကျန်တိုင်းပြည်နယ်တို့က သူတွေလည်း ပါဝင်နေပါတယ်။ အရွယ်အားဖြင့်လည်း အသက်မသိရတာက ၃၉.၅ ရာခိုင်နှုန်း၊ ၁၉ နဲ့ ၂၅ကြား အရွယ်က ၁၉ရာခိုင်နှုန်းရှိခဲ့ပြီး ၊၂၆နဲ့ ၃၂ နှစ်ကြားအရွယ်က ၁၄ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စစ်တမ်းတွေအရလည်း လူပေါင်း ၈သိန်းနီးပါးက မိမိကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးနေရပြီး စစ်ပွဲတွေ၊ ဆိုးရွားတဲ့ ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရသူ ၅ဦးအနက် ၁ဦးက စိတ်ကျန်းမာရေး ပြဿနာ တမျိုးမျိုးကို ခံစားနေရတယ်လို့ အဲဒီစစ်တမ်းမှာဖော်ပြထားပါတယ်။
အရွယ်ငယ်ကလေးတဦးမိခင်မစုစုဟာ အာဏာသိမ်းကာလအတွင်းမှာကြုံခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ခင်ပွန်းဖြစ်သူကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ကလေးကျောင်းဆက်ထားနိုင်ဖို့၊ အိမ်စရိတ်ပေးနိုင်ဖို့ စတဲ့ မိသားစု တာဝန်တွေအပြင်၊ ကိုဗစ်တင်မက နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး အဆင်မပြေမှုတွေပါ ထပ်ဆင့်လာမှုက စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေဟာ ပိုဆိုးလာစေခဲ့ပါတယ်။ အာဏာသိမ်းနောက်ပိုင်းမှာ ဆိုးဆိုးရွာရွာကြုံရတဲ့ လောကဓံတွေကြောင့် စိတ်ပိုင်းဆိုင်ရာပြသနာတွေ ဖြစ်စေတဲ့အထိ မစုစုရင်ဆိုင်လာခဲ့ရပါတယ်။
ရှိနေတဲ့ အလုပ်တည်မြဲဖို့ အလုပ်ခွင်ရော၊ လူမှုရေးနယ်ပယ်မှာပါ အဆင်ပြေလိုက်လျောညီထွေ နေထိုင်ရတာတဖက်၊ ကလေးပြုစုစောင့်ရှောက်ဖို့ကတဖက်နဲ့ မစုစုအတွက် အားလပ်ချိန်ရယ်လို့ မရှိခဲ့ပါဘူး။
“အလုပ်က အပြန်အိမ်ရောက်တာနဲ့ အားရပါးရနားလိုက်ချင်ပေမယ့် ကလေးဝေယျာဝစ္စတွေ ကျောင်းစာတွေ လုပ်ပေးရတယ်၊ တခါတလေ ကိုယ်ပြောတာ တခွန်းတည်းနဲ့မရရင် အော်ဟစ်ဆူပူနဲ့ သူလည်းငို၊ ကိုယ်လည်း ဒေါသထွက်ရနဲ့” လို့ မစုစုက သူနေ့စဉ်ဖြစ်သန်းနေရတဲ့ အခြေအနေကို ဖွင့်ဟပါတယ်။
ဒီလိုအခက်အခဲမျိုးစုံနဲ့ မွန်းကြပ်မှုတွေ ရင်ဆိုင်နေရတဲ့ကာလမှာ တီးတိုးတိုင်ပင်ရင်ဖွင့်ဖော်ကလည်း မရှိတဲ့အတွက် တယောက်တည်းအတွေးတွေနဲ့ ပိတ်လှောင်ထားသလို ခံစားရတာက အဆိုးဆုံးဖြစ်သလို၊ ဒီလိုခံစားနေရတာကို တော်ရုံနဲ့ ထုတ်မပြောဖြစ်တာကလည်း သူ့အတွက်တော့ တဖန်ပြန်မွန်းကြပ်စေတဲ့ အကြောင်းအရင်းလို ဖြစ်နေစေပါတယ်။
နိုင်ငံတွင်းမှာကြုံနေရတဲ့ အခြေအနေတွေကြောင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေက သိသိသာသာ မြင့်တက်လာနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ စိတ်ကျန်းမာရေးနေ့မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ထုတ်ပြန်တဲ့ ချောက်ကမ်းပါးထက်ကမျိုးဆက်- မြန်မာလူငယ်များ၏ လုံခြုံရေးနဲ့ လူမှုဘဝအစီရင်ခံစာအရ လူငယ် ၃ ဦးမှာ တဦးက မကြာခဏ စိုးရိမ်သောကရောက်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကယား၊ ချင်းနဲ့ ရခိုင်ပြည်နယ်ကလူငယ်တွေမှာ စိတ်ဖိစီးမှုနှုန်း အမြင့်ဆုံးဖြစ်သလို အမျိုးသမီးတွေထက် ငယ်ရွယ်သော အမျိုးသားများက လုံခြုံမှုမရှိဘူးလို့ ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ကတည်းက ပြည်တွင်းနေသူတွေမှာလည်း နိုင်ငံရေးမတည်ငြိမ်မှု၊ ဖိနှိပ်မှုတွေ၊ လူမှုရေး၊ စီးပွားရေး အကြပ်အတည်းတွေကြား ပူပန်မှုတွေနဲ့ ရုန်းကန်ရသလို၊ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့နေ ရသူတွေမှာလည်း လူမှုရေးစီးပွားရေး အစကနေ ပြန်တည်ဆောက်ရတဲ့ အခြေအနေတွေကြား အဆင်ပြေရုံအခြေအနေလေးမှာ နေရတာက ဘယ်အရပ်ဒေသရောက်ရောက် မြန်မာနိုင်ငံသားတွေအတွက် စိတ်ဖိစီးစရာ အခင်းအကျင်းတွေပါပဲ။
အာဏာရှင်စနစ်ကို သက်ဆိုးမရှည်စေဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်ခဲ့တဲ့ အသက် ၃၀ အရွယ် ကိုသော်ဟာလည်း မစုစုလိုပဲ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပြောင်းအလဲကို သတိပြုမိလာသူတဦးဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကာလ အခြေအနေအားလုံးဟာ အစစအရာရာ အဆင်ပြေနေခဲ့ရာကနေ အာဏာသိမ်းပြီးနောက်ပိုင်း မျှော်မှန်းထားတဲ့အရာတွေကို ကိုယ်တိုင်ထိန်းချုပ်လို့မရနိုင်တော့တဲ့နောက် သက်ရောက်မှုတွေကတော့ သူကိုယ်သူ စိတ်မကျန်းမာတော့လို့ဘူးလို့ သတိပြုခံစားခဲ့ရစေပါတယ်။
“ကိုယ်ရည်ရွယ်ထားတဲ့အရာတွေက ကိုယ်ထိန်းချုပ်လို့မရတဲ့ သက်ရောက်မှုတွေပေါ့လေ၊ မမျှော်လင့်ဘဲဖြစ်တဲ့ အဖြစ်အပျက်တွေကြောင့် ပြိုလဲသွားတယ်” လို့ သူက ပြောတယ်။
အရာရာကို အစကနေပြန်လည်စတင်ရတဲ့အခါ အခက်အခဲတွေ၊ သူများတိုင်းပြည်မှာ အခြေချရုန်းကန်နေရတဲ့ အတွက် စိတ်မလုံခြုံမှုတွေက ကြုံနေရသလို၊ ပြဿနာအသေးအဖွဲလေးကိုတောင်မှ အကျယ်ချဲ့တွေးပြီး ဒေါသထွက်တာ၊ စားသောက်ချင်စိတ်လည်းမရှိ လူတွေနဲ့လည်း ပြောဆို ဆက်ဆံတာတွေ မလုပ်ချင်တဲ့အထိ ဖြစ်ရပြီး၊ အကောင်းဘက်ရောက်ဖို့ထက် ပိုဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတယ်လို့ ကိုသော်က ရင်ဖွင့်ပါတယ်။
စိတ်ဖိစီးတာ၊ စိတ်ကျဆင်းတာလို စိတ်ပိုင်းဆိုင်ရာ ပြသနာတွေက သူတဦးတည်း ကြုံရတာမျိုးမဟုတ်ဘဲ သူနဲ့နီးစပ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေမှာလည်း ကြုံနေရတာနဲ့ပတ်သက်ပြီး “အသိထဲမှာဆို ၈၀ ရာခိုင်နှုန်းလောက် ဖြစ်နေကြတာပဲ၊ သူတို့ရဲ့ အသက်အရွယ်အပိုင်းအခြားအရ သူတို့ရဲ့ ဆင်ခြင်တုံတရားလေးနဲ့ ရင်ဆိုင်နေရတာပဲ”လို့ သူကပြောပါတယ်။
လူတိုင်းကိုယ်စီက အလုပ်အကိုင်၊ မိသားစုပြသနာတွေနဲ့ လုံခြုံရေး စိုးရိမ်မှုတွေ၊ ကြိုးစားပေမယ့်လည်း ရှေ့ကာလမှာ ဘာတွေဖြစ်မယ် ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆလို့မရတဲ့ အနာဂတ်မသေချာမရေရာမှု တွေကြောင့်လည်း ပိုလမ်းပျောက်နေသလို ခံစားနေရတာလို့ ကိုသော်ကဆိုပါတယ်။
ကိုသော်လိုပဲ မဲဆောက်မြို့မှာနေထိုင်တဲ့ ကလေးတဦးမိခင် မမယ်သူက အရင်လို သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ရင်ဖွင့်ပြောဆိုခွင့်မရှိတော့တာ၊ မတွေ့ဆုံနိုင်တာတွေက ကာလကြာရှည်လာတာနဲ့အမျှ တိတ်တိတ်ဆိတ်ဆိတ်နေရင်း စိတ်ဓာတ်ကျနေပြီး၊ တစုံတယောက်က အပြစ်ပြောရင် ဆတ်ဆတ်ထိ မခံနိုင်တာတွေ ကြုံနေရတယ်လို့ သူခံစားနေရတာကို ဖွင့်ဟတယ်။
မမယ်သူဟာ အလုပ်ဖိအားတွေ၊ မိသားစုအရေး၊ စီးပွားရေး အခြေအနေအနေတွေ၊ ကိုယ့်ဒေသမဟုတ်တဲ့ အခြားအရပ်ဒေသမှာ နေရတဲ့အခါ လူမှုရေး၊ အလုပ်အကိုင်ကအစ ရွေးချယ်စရာ နည်းပါးတဲ့အခါ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရတာတွေက စိတ်ဖိစီးမှုကို ဆိုးရွားစေတာနဲ့ပတ်သက်ပြီး “ဘာမဟုတ်တဲ့ အကြောင်း အရာလေးတောင် တခါတလေ မျက်ကျပြီး ဝမ်းနည်းနေတာ၊ ဒါပေမယ့် ချက်ချင်းလည်း ရယ်ချင်ရယ်ပြန်ရော၊ ကိုယ့်ကိုယ် သတ်သေချင်တဲ့အထိ စိတ်ဓာတ်မကျပေမယ့် တခါတလေတော့ အရမ်းမွန်းကျပ်တယ် “လို့ ရင်ဖွင့်ပါတယ်။
ဒါတွေက ချက်ချင်းဖြစ်လာတာမဟုတ်ပေမယ့် အခု နှစ်ပိုင်းမှာ ဆိုးဆိုးရွားရွားကြုံလာရတာဖြစ်ပြီး အမြဲတမ်း စိတ်ကျနေတာမျိုးမဟုတ်ပေမယ့် ဖိအားများလို့ စိတ်ဖိစီးတာမျိုးတွေကြုံရသလို စိတ်ကျဝမ်းနည်းတဲ့ အချိန်အတိုင်း ဝမ်းနည်းပြီး မျက်ရည်ကျတာ၊ ညဘက်အိပ်မပျော်ဘဲ ထထိုင်နေမိတာ၊ နေ့ဘက်လုပ် နေတဲ့အလုပ်တွေ စိတ်စွဲပြီးလန့်နိုးတာ၊ အိပ်နေရင်းအော်မိတာ၊ ခေါင်းအရမ်းကိုက်တာမျိုးတွေ ကြုံရတာက တော်တော်ဆိုးလာတယ်လို့ မမယ်သူကဆိုတယ်။
ဒီလိုလက္ခဏာတွေဖြစ်နေတာကြောင့် ကိုယ့်အစိတ်အခြေအနေက စိတ်ပင်ပန်းဖိစီးနေပြီဆိုတာ သတိပြုမိပြီး၊ စိတ်ကျန်းမာရေးဆွေးနွေးသူတွေနဲ့ ဆွေးနွေးဖို့လိုတယ်ဆိုတာလည်းသိပေမယ့် အချိန်မပေးနိုင်ပဲ ကိုယ့်ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့သာရင်ဖွင့်ဖြစ်တာ၊ တယောက်တည်းနေတာ၊ ရံဖန်ရံခါ သီချင်းနားထောင်တာမျိုးနဲ့ပဲ ဖြေဖျောက်ရတယ်လို့ ဆိုတယ်။
ဒါတွေက ဒီကာလအတောအတွင်း ဖြစ်ပျက်နေတဲ့ အကြပ်အတည်းတွေကြားက စိတ်ပိုင်းဆိုင်ရာမကျန်းမာမှု အပြောင်းအလဲကို သိရှိခံစားပြီး ပြေလျော့ဖို့ ကြိုးစားနေကြတဲ့ မစုစု၊ ကိုသော်နဲ့ မမယ်သူတို့ရဲ့ ဘဝဖြတ်သန်းမှု အကြောင်းအရာတချို့ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအများစုဟာ နိုင်ငံရေးစီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေအရ လူတိုင်းဟာ အနည်းနဲ့အများ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလို စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုပြဿနာတွေ ကြုံရပေမယ့် အများစုက မသိရှိကြဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ် ရှုမြင်ပြီး နေထိုင်ကြတဲ့အခါ စိတ်အခြေအနေက မသိမသာဆိုးရွားလာတဲ့ နမူနာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က အန်ဂျီအို အဖွဲ့အစည်းတခုအတွက် လူမှုစီးပွားစစ်တမ်းကောက်ယူစဉ်က အတွေ့အကြုံအရ နိုင်ငံရေး မတည်ငြိမ်မှုတွေကြား စိုးရိမ်ပူပန်ရတဲ့နည်းတူ စားဝတ်နေရေးအတွက်ပါ ရုန်းကန်ရတဲ့အခါ လူတန်းစား အလွှာအသီးသီးကသူတွေမှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေတာလို၊ အိမ်တွင်းရန်ပွဲတွေ အကြမ်းဖက်မှုတွေ ပိုများလာတာကို သတိထားမိတယ်လို့ အသက် ၂၇နှစ်အရွယ် စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ ကိုတိုးက ပြောပြပါတယ်။
သူက “အများစုက စီးပွားရေးအဆင်မပြေတာနောက် အခြေခံတယ်ထင်ပါတယ်၊ လင်ကမယားကို ရိုက်တာလို၊ သမီးရည်းစားတွေကြားမှာလည်း ရိုက်နှက်တာမျိုးလို ဖြစ်စဉ်တွေက ဖြေဆိုတဲ့သူကိုယ်တိုင်ရော၊ သူတို့ ဘေးပတ်ဝန်းကျင်မှာရော ရှိတယ်ဆိုတာ ဖြေကြတယ်၊ အဓိကကငွေကြေးကြောင့် အကြွေးအမှီတွေကြောင့်လို့” လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံနယ်စပ်ကို တိမ်းရှောင်လာတဲ့ ဇနီးမောင်နှံ ၂ဦးဟာ ဘဝကို ခက်ခက်ခဲခဲရပ်တည်ရင်း အမျိုးသမီးဖြစ်သူက ကြိုးဆွဲချသေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာ၊ နေပြည်တော်က အသက်၂၁နှစ်အရွယ် အမျိုးသမီးတဦး စီးပွားရေးအဆင်မပြေမှုနဲ့ ငွေကြေးပြသနာတွေကြောင့် ကြိုးဆွဲချသေဆုံးတာ၊ တပ်ကုန်းမြို့နယ်က အမယ်အိုတဦးမှာလည်း နေ့ပြန်တိုးငွေ ၁၅သိန်း မဆပ်နိုင်လို့ သေတမ်းစာရေးကာ ရေထဲခုန်ချသတ်သေခဲ့တာ၊ ရွှေညောင်က အသက် ၁၉နှစ်အရွယ် လူငယ်တဦး စစ်မှုထမ်း ဆင့်ခေါ်ခံရလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေက လူတဦးချင်းစီရဲ့ စိတ်ကျန်းမာရေးကို ဂရုပြုဖို့ သက်သေပြနေတဲ့ ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။
စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို ခံစားနေရတဲ့ ကလေးမိခင်မစုစုက “သေချင်တဲ့အဆင့်ထိတော့ အတွေးမဖြစ်မိပေမယ့်၊ တနေရာရာကို ထွက်ပြေးသွားချင်တဲ့စိတ်ကတော့ ခဏခဏဖြစ်တယ်၊ ဘာမှလည်းမလုပ်ချင်ဘူး ဘာမှလည်း မဖြစ်ချင်တော့ဘူး” လို့ ပြောပြတယ်။
လူတစ်ယောက်က မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာ ရုတ်တရက်ကြုံတွေ့နေတဲ့ အကြောင်းအရာ တခုတည်းကြောင့်မဟုတ်ဘဲ နေ့စဉ်ဘဝကို ခက်ခဲပင်ပန်းစေတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေ ထပ်ဖန်တလဲလဲ ကြုံတွေ့ခဲ့ရာကနေ ဒီနာကျင်မှုတွေကို အဆုံးသတ်ချင်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာလို့ Serenity Counseling and Mental Health Services မှ စိတ်ပညာရှင် Agnes က HI – Honest Information ကို ရှင်းပြပါတယ်။
သူကဆက်လက်ပြီး ”တကယ်တော့နာကျင်မှုကို အဆုံးသတ်ချင်တာ သေချင်တာမျိုးမဟုတ်ဘူး၊ နာကျင်မှုကို အဆုံးသတ်ချင် တဲ့အတွက် သူတို့က ဒါကိုရွေးချယ်လိုက်တာ” လို့ ရှင်းပြပါတယ်။
အရှေ့မှာ ခက်ခဲနေတဲ့အဖြစ်အပျက်တွေအပြင် အရင်တုန်းက ရှိခဲ့တဲ့စိတ်ဒဏ်ရာ ဆိုးရွားတဲ့အဖြစ်အပျက်၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ၊ အတိတ်မှာရှိခဲ့တဲ့ နာကျင်မှု၊ ခန္ဓာကိုယ်ရဲ့ကျန်းမာခြင်း၊ မကျန်းမာခြင်းတွေလည်း ပါဝင်နေပြီး ဒီအချက်တွေကနေမှ လက်ရှိဆိုးရွားတဲ့ အခြေအနေကြုံလာတဲ့အခါမှာ အဆုံးစီရင်ဖို့ စဉ်းစားလာတာလို့ Agnes က ဆက်ရှင်းပြတယ်။
ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာမှန်ပေမယ့် မိသားစုနဲ့ဘေးပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်တဲ့အဆင့်ထိမရောက်အောင် ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြုံတွေ့တဲ့အခါ စိတ်ကိုဖြေလျော့အနားယူနိုင်မယ့် နည်းလမ်းတွေ လုပ်ဆောင်တာမျိုးနဲ့ အစပြုနိုင်တယ်လို့ Agnes က အကြံပြုပါတယ်။
အလားတူ စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးသူ တဦးက ဒီအကြပ်အတည်းကာလက မြန်မာပြည်သူ ပြည်သားတိုင်းပေါ်မှာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ရိုက်ခတ်မှုက ပုံစံမျိုးစုံ၊ ထိခိုက်မှုကလည်း အလွှာလိုက်ပုံစံတူ၊ ပုံစံကွဲရှိနေပြီး နေ့စဉ်ကြုံရတဲ့စိတ်ဖိစီးမှုမှာ နိုင်ငံအခြေအနေဆိုးကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကတမျိုး၊ စိတ်ဒဏ်ရာတွေကတဖုံနဲ့ တနေ့တာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အရမ်းကြီးအားစိုက် ကြိုးစားနေကြရသူ များတယ်လို့ HI – Honest Information ကို ပြောပါတယ်။
ဒီအတွက်လည်း အခြေအနေဆိုးတွေအကြား ကိုယ့်စိတ်ကျန်းမာသုခကို တည်ဆောက်ဖို့ဆိုတာ စိတ်ကျန်းမာရေး အသိပညာဗဟုသုတ၊ အလေ့အကျင့်ရှိသူတောင် မနည်းကြိုးစားရချိန်မှာ လက်လှမ်းမမှီသူတွေက အများစု ရှိနေဆဲ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ၊ အမှုအခင်းတွေတိုးလာပြီး လူ့အသိုင်းအဝိုင်းအတွက် စိုးရိမ်စရာ ဖြစ်လာစေမယ်လို့ သူကဆက်ပြောတယ်။
စိတ်ဖိစီးမှုတွေ ကြုံတွေ့လာပြီဆိုင်လည်း တရားထိုင်တာ၊ ယောဂကစားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ စတဲ့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို အချိန်ပေးလုပ်ဆောင်တာ၊ အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်တာ တဦးတည်းမနေဘဲ မိတ်ဆွေတွေချစ်ခင်သူတွေနဲ့ တွေ့ဆုံစကားပြောတာမျိုး လုပ်ဆောင်ပေးနိုင်တယ်လို့ စိတ်ပညာရှင်တွေက အကြံပြုပါတယ်။
ဒီလိုမှမဟုတ်ဘဲ မိမိပုံမှန်လုပ်ဆောင်နေတဲ့ အရာတွေမှာတောင် လုပ်ချင်စိတ်မရှိတာ အစားအသောက်နဲ့ အိပ်စက်မှူပုံစံတွေ ပြောင်းလဲသွားတာ၊ နေ့စဉ်သွားလာ လှုပ်ရှားနေတဲ့သူတွေနဲ့ မခေါ်ချင်မပြောချင်တာ၊ မျှော်လင့်ချက်မဲ့တာ၊ မိမိကိုယ်ကို နာကျင်အောင် လုပ်ဖို့ အတွေး တွေးတောလာရင်တော့ တက်ကျွမ်းနားလည် သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပေးပါတယ်။
“စိတ်ပိုင်းဆိုင်ရာရဲ့ နာကျင်ပင်ပန်းမှုတွေက ရုပ်ပိုင်းဆိုင်ရာရဲ့ နာကျင်ပင်ပန်းမှုတွေလိုပဲ ပျောက်ကင်းနိုင် ကုသနိုင်ပါတယ်၊ Counsellig (နှစ်သိမ့်ဆွေးနွေး) ယူတာက သာမန်ဖြစ်စဉ်တခုပဲဖြစ်တယ်၊ ဒါသည်ရောဂါရှိ တာမဟုတ်ဘူး “လို့ Serenity Counseling and Mental Health Services မှ စိတ်ပညာရှင် Agnes ကဆိုပါတယ်။
စိတ်ကျန်းမာရေးအသိပညာပေးတဲ့အစီအစဉ်က ကျွမ်းကျင်သူတွေအကြံပေးစကားတွေဟာ မစုစုအတွက် အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။
သူဟာ အလုပ်အကိုင်၊ မိသားစုနဲ့ ကလေးကိစ္စတွေ တလျှောက်လုံး လုံးပမ်းနေခဲ့ရတဲ့ အချိန်တွေမှာ စိတ် ပင်ပန်းနေတာ သိပေမယ့်လည်း တယောက်တည်းရုန်းကန်ရမယ်ဆိုတဲ့ စိတ်နဲ့ လူရောစိတ်ပါအနားယူဖို့၊ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ဆိုတာတွေကိုလည်း အလေးမထားမိခဲ့သူ တဦးဖြစ်ပါတယ်။
သူငယ်ချင်းဖြစ်သူက အဖော်စပ်လို့ သားဖြစ်သူနဲ့အတူ သွားရောက်ပါဝင်ဖြစ်ခဲ့တဲ့ Mental Playdate စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲကနေ ပြန်လာပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကိုချစ်ဖို့ အဓိက အရေးကြီးသလို စိတ်ခံစားမှုတွေကို မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်တာ၊ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတာတွေကလည်း အရေးပါတယ်ဆိုတာ မစုစုတယောက် သဘောပေါက်ခဲ့တယ်။
ဒီအတွက်လည်း ကလေးနဲ့အတူခရီးတိုလေးတွေထွက်တာ၊ ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပြောတာ၊ ကိုယ်ကာယလှုပ်ရှားတာမျိုးနဲ့ လူရောစိတ်ပါ ဖြေလျော့အောင် နေထိုင်ဖြစ်တယ်လို့ဆိုတယ်။
ပြည်သူတွေတဦးတယောက်ချင်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြုံတဲ့အခါ စိတ်ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်သင့်တာ၊ စိတ်ကျန်းမာရေးအဖွဲ့အစည်းတွေက အခမဲ့ဆွေးနွေးပေးတာတွေရှိတယ်ဆိုတာ ပြည်သူတွေကြား သိရှိအောင် လုပ်ဆောင်ပေးသင့်တယ်လို့ သူကဆက်ပြောတယ်။
“အဓိက ကတော့ တယောက်ထဲ စိတ်ထဲ ခံစားနေရတာထက် တခြားသူကို ရင်ဖွင့်တာအကောင်းဆုံးလို့ထင်တယ်၊ ဒီလိုမှမဟုတ်ရင် ဘေးကမိသားစုပေါ်မှာပဲ ပုံချမိရင် အခြေအနေတွေက ပိုဆိုးလာမှာ” လို့ ဘဝတူခံစားနေရသူတွေကို အကြံပြုပါတယ်။









