“စစ်ဘေးထက် ပိုကြောက်နေကြရတဲ့ ဆေးဝါးပြတ်လပ်မှု”
ရှင်ငြိမ်း
ကချင်ပြည်နယ်- တရုတ်နယ်စပ်က စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် ဒေါ်လုမ်ကော့ဟာ လိုအပ် တဲ့ ဆေးဝါးတွေ မရှိတာကြောင့် မီးဖွားပြီးနောက် သွေးလွန်ကာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။
အချိန်ကာလက မိုးရာသီဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသလို ဆေးဝါးတင်သွင်းမှု ကိုလည်း ပိတ်ထားတာကြောင့် အခုလိုသေဆုံးသွားရတာဖြစ်ပါတယ်။
ဂျိမ်းဖောလူမျိုးဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဒေါ်လုမ်ကော့ဟာ သူ့ရဲ့ပဉ္စမမြောက်ရင်သွေးကို ကိုယ်ဝန်လွယ်ထား ရသူပါ။ သူရဲ့အသက် ၁၃ နှစ်အရွယ် သားကြီး၊ ၁၁ နှစ်အရွယ် သမီးကြီး၊ ၉ နှစ်အရွယ် သမီးလတ်နဲ့ ၆ နှစ် အရွယ် သမီးငယ်ကိုလည်း ဒီစစ်ရှောင်စခန်းမှာ မွေးခဲ့တာဖြစ်ပါတယ်။
စစ်ရှောင်စခန်းမှာရှိတဲ့ ယာယီဆေးခန်းလေးမှာ ကျန်းမာရေးမှူးတစ်ဦးသာရှိပြီး ဆရာဝန်မရှိပါဘူး။ ဗိုက်နာလာ လို့ ကလေးမွေးပြီးနောက် သွေးသွန်တဲ့ပြဿနာနဲ့ ဒေါ်လုမ်ကော့ ကြုံရတာပါ။
“စခန်းမှာ သွေးတိတ်ဆေးနဲ့ ပစ္စည်းကိရိယာမပြည့်စုံလို့ သွေးသွန်တာကို မထိန်းနိုင်ခဲ့ဘူး။ အနီးဆုံးဆေးရုံပို့ဖို့က လည်း လမ်းမှာတိုက်ပွဲတွေ၊ ဘာတွေနဲ့ဆိုတော့ လုံခြုံရေးရှိတော့ မဖြစ်နိုင်ခဲ့ဘူး။ အဲဒီတော့ သွေးသွန်ပြီး အစ်မ သေသွားတယ်” လို့ ဒေါ်လုမ်ကော့ရဲ့ယောင်းမဖြစ်သူ ဒေါ်မာဂရက်က ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်ဒေသက စစ်ဘေးရှောင်စခန်း တွေမှာနေထိုင်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေဟာ ဆေးဝါးပြတ်လပ်တာနဲ့ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် အခုလိုအသက်ဆုံးရှုံးမှုတွေ ရှိလာတာဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တလျှောက်မှာရှိတဲ့ စစ်ရှောင်စခန်း (IDP Camp) အရေအတွက် အတိအကျကို ပြောဖို့ အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရေးအခြေအနေတွေက အမြဲတမ်းပြောင်းလဲနေပြီး တိုက်ပွဲ တွေကြောင့် စခန်းအသစ်တွေ တိုးလာသလို၊ တချို့စခန်းတွေကလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းရတာတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက KIA ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယန်နဲ့အနီးတဝိုက် နယ်စပ် ဒေသတွေမှာ စစ်ရှောင်စခန်း အကြီးအသေး ဒါဇင်နဲ့ချီ ရှိနေခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ရှောင်အရေအတွက်အပြင် စခန်းအရေ အတွက်ပါ ပိုတိုးလာတဲ့အတွက် လက်ရှိကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်မှာ စစ်ရှောင်စခန်းစုစုပေါင်း ၂၀ ကျော် လောက်ရှိတယ်လို့ ကချင်စစ်ရှောင်တွေအရေး ကူညီနေသူ ကိုမရန်က ပြောပါတယ်။
ရှမ်းမြောက်ပိုင်းနဲ့ တရုတ်နယ်စပ်မှာတော့ စစ်ရှောင်စခန်းပေါင်း ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
လိုင်ဇာနဲ့ မိုင်အနည်းငယ်အကွာမှာရှိပြီး အနည်းဆုံး လူငါးထောင်နဲ့အထက်ရှိ စခန်းကြီးတွေဖြစ်တဲ့ ဝေကြိုင်၊ ဂျေယန်းနဲ့ ဖုန်လွမ်ယမ်စခန်းအပြင်၊ ယာယီတဲထိုးပြီး ခိုလှုံနေရတဲ့ စခန်းငယ်လေးတွေ၊ ဘုရားကျောင်းနဲ့ ဘုန်း ကြီးကျောင်းဝင်းတွေမှာ ဖွင့်လှစ်ထားတဲ့ စခန်းတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။
ဒီစခန်းတွေမှာ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နဲ့ မီးဖွားပြီးချိန်တွေမှာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးမလုံလောက်တာကြောင့် အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ စစ်ရှောင်အမျိုးသမီးတွေ ရင်ဆိုင်နေရတာပါ။
စစ်ရှောင်အမျိုးသမီးတချို့လည်း မီးဖွားပြီးနောက် သွေးသွန်တာ၊ ပိုးဝင်တာနဲ့ သားအိမ်ရောင်ရမ်းတဲ့ဝေဒနာတွေ ခံစားနေရပါတယ်။
အကြမ်းဖက်စစ်တပ်က ဗန်းမော် – လွယ်ဂျယ်လမ်းအပါအဝင် KIA ထိန်းချုပ်ဧရိယာကို သွားရောက်နိုင်တဲ့ လမ်း တွေမှာ ဆေးဝါးနဲ့ စားသောက်ကုန်သယ်ယူခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ်လကတည်းက ပိတ်လိုက်ပါတယ်။
စစ်တပ်ရဲ့တင်းကြပ်တဲ့စစ်ဆေးဖမ်းဆီးမှုတွေကြောင့် မြစ်ကြီးနား၊ ဗန်းမော်မြို့တွေမှတဆင့် ဆေးဝါးသယ်ယူဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် စစ်ရှောင်တွေအပါအဝင် ဒေသခံတွေဟာ တရုတ်နိုင်ငံမှ တင်သွင်းတဲ့ဆေးဝါးတွေ ကိုသာ အဓိက အားကိုးနေရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ တရုတ်အာဏာပိုင်တွေက တရုတ်ယွမ်ငွေ သိန်းပေါင်းများစွာ (မြန်မာငွေသိန်းထောင်ချီ) တန် ဖိုးရှိတဲ့ဆေးဝါးတွေကို ဖမ်းဆီးလိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖမ်းဆီးမှုတွေကြောင့် တရုတ်ဘက်မှ ဆေးဝါးတင်သွင်းတဲ့ လမ်းကြောင်းမှာလည်း လွန်စွာခက်ခဲသွားသလို သယ် ယူပို့ဆောင်ရေးစရိတ်တွေမှာလည်း မထင်ထားလောက်အောင် မြင့်တက်သွားတာပါ။
ဥပမာ မြန်မာငွေ ၅ သိန်းတန်ဖိုးရှိဆေးဝါးကို လိုင်ဇာမြို့အရောက် သယ်ယူရာမှာ လမ်းခရီးတလျှောက်က ဂိတ် ပေါင်းစုံကို “အခွန်”အမည်ခံ ငွေကြေးပေးရတဲ့အခါ တစ်ခေါက်ကုန်ကျစရိတ်က ၁၀ သိန်းတန်မှာ ကျပ်သိန်း ၃၀ အထိ ဖြစ်သွားတယ်လို့ သိရပါတယ်။
ဆေးဝါးတွေဟာ ဈေးတက်ပြီး လိုသလောက်မရတဲ့အခြေအနေနဲ့ နောက်ဆုံးမှာ ဆေးဝါးပြတ်လပ်တဲ့အထိ ဖြစ် သွားခဲ့တာပါ။
ဒီဆေးဝါးပြတ်လပ်တဲ့ဒဏ်ကို အထိခိုက်လွယ်ဆုံးသူတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ နာ တာရှည်ရောဂါသည်တွေက အပြင်းထန်ဆုံး ခံစားနေရပါတယ်။
ယခင် NLD အစိုးရလက်ထက်မှာ NGO တွေ၊ INGO တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကချင်အရေးတက်ကြွ လှုပ်ရှားသူတွေရဲ့အားကောင်းတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် စားနပ်ရိက္ခာ၊ ငွေကြေးစတဲ့ထောက်ပံ့ကြေး တွေ ရခဲ့ပေမယ့် ၂၀၂၁ စစ်အာဏသိမ်းပြီးနောက်မှာတော့ လျော့ပါးရပ်တန့်သွားခဲ့ရတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံ က လူဦးရေတစ်သန်းကျော်ကို အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒီလိုအချက်တွေကြောင့် စစ်ရှောင်တွေဟာ အခမဲ့ရတဲ့ဆေးဝါးတွေကို မှီခိုအားထားလာရပါတယ်။ အခုဆေးဝါး တင်သွင်းခွင့် ပိတ်ပင်လိုက်တော့ နယ်စပ်ဒေသက ဒေါ်လုမ်ကော့တို့လို စစ်ရှောင်အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင် တွေနဲ့ နို့တိုက်မိခင်တွေဟာ အခက်အခဲ များစွာရင်ဆိုင်နေရတာဖြစ်ပါတယ်။
နောက် စစ်ရှောင်အမျိုးသမီးတွေဟာ သောက်သုံးရေ မသန့်ရှင်းတာ၊ နေရာကျဉ်းကျဉ်းလေးမှာ တန်းလျားပုံစံမျိုးနဲ့ လူတွေစုပြုံနေထိုင်ကြရတာ၊ နေရောင်မရတဲ့ မိုးကာလမှာ အတွင်းခံတွေနေလှန်းဖို့ အဆင်မပြေတာကြောင့် မိန်းမ ကိုယ်ယားယံတာ၊ ပိုးဝင်တာ၊ အဖြူဆင်း၊ ဓမ္မတာမမှန်၊ စတဲ့ရောဂါတွေလည်း ဖြစ်ပွားနေတာပါ။
အမျိုးသမီးအများစုဟာ ရှက်စိတ်ကြောင့် ဆေးရုံဆေးခန်းသို့ သွားရောက်ပြသတာမရှိဘဲ ကိုယ်သိသလောက် တတ်သလောက်နည်းလမ်းတွေနဲ့သာ ဖြေရှင်းနေကြတဲ့အတွက် ကျန်းမာရေးအခြေအနေတွေ တနေ့ထက်နေ့ ပိုမို ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။
အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမနန်ပူ(ကချင်)ကတော့“အရေးကြီးဆုံးပြဿနာက ဆေး ဝါးပြတ်လပ်တာပဲ။ ကိုယ်ဝန်ဆောင်တွေက မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေထိုးရတယ်။ ဒါပေမယ့် ဆေးခန်း တွေမှာ ဆေးမလုံလောက်ဘူး။ ဆေးရုံကြီးသွားဖို့လည်း လမ်းကြမ်းလွန်းလို့ သွားဖို့မဖြစ်နိုင်ဘူး”လို့ ရှင်းပြပါ တယ်။
အထူးသဖြင့် တောင်ကုန်းတောင်တန်းတွေပေါ်မှာ တည်ရှိတဲ့စစ်ရှောင်စခန်းတွေဟာ အခုလိုမိုးရာသီကာလမှာ ဆိုင်ကယ်နဲ့ သွားလာဖို့ အန္တရာယ်များတဲ့အတွက် မိခင်နဲ့ ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးဖို့က အလှမ်း ဝေးလို့နေပါတယ်။
ရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလို နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးပြတ်တောက်မှုကလည်း အသက်အန္တရာယ်ကို တိုက်ရိုက်ခြိမ်းခြောက်နေပြန်ပါတယ်။
အသက် ၅၀ ကျော်အရွယ် ဒေါ်ခေါန်နူးဆိုရင် အသက် ၃၀ ဝန်းကျင်မှာ သွေးတိုးရောဂါကို ခံစားခဲ့ရသူတစ်ဦးပါ။ သူကနှစ်များစွာ သွေးတိုးရောဂါကို ဆေးပုံမှန်သောက်ပြီး ထိန်းခဲ့တယ်။ ဆေးဝါးတင်သွင်းခွင့်မရှိတော့ နောက် ပိုင်း အကူအညီပေးရေးအဖွဲ့တွေကတဆင့် ရံဖန်ရံခါ ဆေးရတတ်ပေမယ့် လစဉ်ပုံမှန်တော့ မရရှိပါဘူး။
“လုံးဝဆေးမရတော့ နှစ်လဖြစ်သွားတော့ သွေးတက်နေတာကို သတိထားမိပုံမရဘူး။ တစ်ရက်မှာ ရုတ်တရက်မူး တယ်ဆိုပြီး လဲကျသွားတယ်။ တခါထဲ သတိလစ် လေဖြတ်သွားတယ်။ ဆေးရုံပို့ဖို့လည်း လမ်းက မကောင်းဘူး။ ဆေးလည်းမရှိတော့ ကျမတို့ကချင်ဆေးနဲ့တော့ ကုတာပဲ။ မရဘူး။ နှစ်ရက်နေတော့ဆုံးတာပဲ” လို့ ဒေါ်ခေါန်နူး ရဲ့မိတ်ဆွေ ဒေါ်ဆိုင်းလုက အခြေအနေကို ရှင်းပြပါတယ်။
ဒေါ်ခေါန်နူးဟာ ခင်ပွန်းမရှိတော့ဘဲ သားသမီး ၅ ဦးကို တစ်ကိုယ်ထဲလုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အတူနေအသက် ၁၀ နှစ်ကျော်အရွယ် သမီးငယ်တစ်ယောက်သာကျန်ခဲ့ပြီး ကျန်သားသမီးတွေ ကတော့ အိမ်ထောင်ဘက်တွေနဲ့အတူ နယ်မှာနေထိုင်ကြတာပါ။
ဒီနာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါကြောင့် လေဖြတ်တာ၊ ဆီးချိုရောဂါကြောင့် သတိလစ်မေ့မြောသွား တာတွေဟာ ဆေးဝါးမရှိလို့ အသက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
တဖက်မှာလည်း မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ ချောင်းဆိုး၊ ဖျားနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ သိသိသာသာ အဖြစ်များနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောကြပါတယ်။
ရာသီပေါ်တုတ်ကွေးလို့ယူဆရတဲ့ဖျားနာတာတွေကြောင့် မြို့ပေါ်ဆေးရုံဆေးခန်းတွေ လူနာတွေ ပြည့်ကျပ်နေပြီး သေဆုံးတာတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကိုမရန်က ရှင်းပြပါတယ်။
စစ်ရှောင်စခန်းမှာလည်း လူနေမှုထူထပ်တာ၊ သန့်ရှင်းတဲ့ သောက်သုံးရေမရှိတာနဲ့ အဟာရမပြည့်ဝတာတွေ ကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါနဲ့ အရေပြားရောဂါတွေ အလွယ် တကူ ကူးစက်ခံနေရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ကလေးနှစ်ယောက်မိခင် မအိန်ဂျယ်ဟာ စခန်းက မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရာကနေ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာတော့ သာမန်ရောဂါလို့ပဲ အားလုံးက ထင်ခဲ့ကြပါ တယ်။
ဒါပေမယ့် ရက်ဆက်ဝမ်းသွားပြီး အော့အန်တာ၊ ခြေဖျားလက်ဖျားတွေအေးစက်တာ၊ နှုတ်ခမ်းတွေဖြူဖျော့ခြောက် သွေ့တာတွေ ဖြစ်လာပါတယ်။ ဒီအချိန်မှာ စခန်းရဲ့ဆေးခန်းမှာရှိတဲ့ ဓာတ်ဆားထုပ်တွေကလည်း ကုန်နေပြီး အကြောဆေးသွင်းပေးဖို့ ပစ္စည်းကိရိယာလည်း မရှိပါဘူး။
“သတိလစ်သွားလိုက်၊ ပြန်လည်လာလိုက်နဲ့ နောက်ဆုံးသတိတစ်ချက်လစ်သွားတဲ့အချိန်မှာ အသက်ကယ်ဖို့ မမီ လိုက်တော့ဘူး။ ချက်ခြင်းပဲ သေသွားတယ်။ သာမန်ရောဂါလေးကို ဆေးမရှိတာနဲ့သေသွားရတယ်။ နာရီပိုင်းလေး အတွင်းမှာ ချက်ခြင်းသေသွားတော့ မယုံနိုင်အောင်ဘဲ” လို့ မအိန်ဂျယ်နဲ့အတူနေတဲ့ ဆွေမျိုးတော်စပ်သူ ဒေါ်လရှီ ရွယ်က ပြောပါတယ်။
ဒါဟာ ခန္ဓာကိုယ်မှာ ရေဓာတ်အများကြီး ခမ်းခြောက်သွားလို့ဖြစ်ရပြီး ရိုးရိုးဝမ်းလျှောတာကနေ အသက်အန္တရာယ် ရှိတဲ့ ရေဓာတ်ခန်းခြောက်တာ၊ အဆုတ်ရောင်ရောဂါကို ဆေးဝါးတွေနဲ့ အချိန်မီမကုသနိုင်ရင် အသက်ရှူရပ်ကာ သေဆုံးတာတွေ ဖြစ်တတ်တယ်လို့ စစ်ကိုင်းတိုင်းဘက်မှာ နယ်လှည့်ဆေးကုနေတဲ့ CDM ဆရာဝန် ဒေါက်တာ သန့်ကျော်အောင်က ရှင်းပြပါတယ်။
စားနပ်ရိက္ခာမလုံလောက်တာကြောင့် အာဟာရချို့တဲ့ပြီး ကိုယ်ခံစွမ်းအားကျဆင်းကာ ရောဂါတွေ အလွယ်တကူ ဝင်လာနိုင်တဲ့အတွက် ဂရုစိုက်နေထိုင်ဖို့ လိုအပ်ကြောင်း သူက သတိပေးပါတယ်။
နယ်စပ်က စစ်ရှောင်စခန်းတွေမှာ အရည်အချင်းပြည့်ဝတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရှိပေမယ့် ဆေးဝါးနဲ့ ပစ္စည်းကိရိယာ မပြည့်စုံတာကြောင့် လက်တွေ့မှာ ဘယ်လိုမှမကယ်တင်နိုင်တဲ့အတွက် မသေသင့်ဘဲ အသက်ဆုံး ရှုံးနေရတာ ဖြစ်ပါတယ်။
အခုဆိုရင် စစ်ရှောင်တွေဟာ ထောက်ပံ့မှုတွေရပ်သွားတဲ့အတွက် နေ့စဉ်စားသောက်ဖို့ရှာဖွေရသလို ပုံမှန်ဆေး သောက်နေရသူတွေအတွက် ဆေးရှာရတာကလည်း အလုပ်တစ်ခုလိုဖြစ်လာတယ်လို့ ဒေါ်မာဂရက်က ပြောပါ တယ်။
ဒေါ်မာဂရက်ဟာ ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး ဖခင်ဖြစ်သူကလည်း ပန်းနာရင်ကြပ်သမားတစ်ဦးဖြစ်ပါတယ်။
သူက“စားဖို့က ဖြစ်သလိုစား၊ မစားဘဲနေလည်းရတယ်။ ဆေးကတော့ ဘယ်လိုမှမသောက်လို့မဖြစ်တော့ ဂေါက်နဲ့ ဆေးကို အမြဲကြံရတယ်။ ရှာရတယ်။ စခန်းမှာတော့ ဆေးလိုသူများတယ်”လို့ ဆိုပါတယ်။
ဆေးဝါးပြတ်လပ်မှုက ဘယ်အချိန် ဘယ်ကာလအထိ ဖြစ်မလဲ မသိပေမယ့် နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ နာ တာရှည်လူနာတွေကတော့ အတော်လေးကို ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါ်မာဂရက်က“တိုက်ပွဲတွေအမြန်ရပ်ဖို့ရယ်၊ ဆေးတွေအမြန်ဆုံးရဖို့ရယ်၊ နေ့တိုင်းဆုတောင်းတယ်။” လို့ ဆိုနေပါတော့တယ်။
ဒီလိုအကြပ်အတည်းတွေကြားထဲ စစ်ရှောင်တွေဟာ လေကြောင်းတိုက်ခိုက်မှု၊ မိုးကြီး၊ ရေကြီးမြေပြိုမှုဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိတ်လန့်မှု၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ပြင်းထန်စွာ ခံစားနေကြရတာပါ။
ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်မှစလို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ကြား DDR ခေါ်တဲ့ လက်နက်ဖြုတ်ရေး၊ တပ်ဖျက်သိမ်းရေးကိစ္စတွေညှိနှိုင်းတာမှာ အဆင်မပြေလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ပါတယ်။ ၁၇ နှစ်ကြာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပျက်ပြားခဲ့ပြီး တကျော့ပြန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားတွေဟာ ၁၀ စုနှစ်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထုတ်ပြန်ချက်အရ တစ်ကျော့ပြန်စစ် ၁၄ နှစ် အတွင်း ကချင်ဒေသမှာ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသူ ၂၃၂,၉၀၀ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေဟာ တိုက်ပွဲတွေကြောင့် အလုပ်အကိုင်နဲ့ ငွေကြေးကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို စစ် ကောင်စီနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် မဖြစ်မနေ သောက်သုံးရမယ့် ဆေးဝါးအတွက်ပါ ထပ်မံပူပန်နေရတာဖြစ်ပါတယ်။
ဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကြပ်အတည်းကြုံနေရတဲ့ စစ်ရှောင်တွေရဲ့ ဒုက္ခနဲ့ပတ်သက်လို့ ” ဒီဆေး ဝါးပြတ်လပ်တဲ့ဒုက္ခက ဘယ်အချိန်ထိမှန်း မသေချာမှုတွေကြားမှာ ကျမတို့အတွက် နေ့တိုင်းအသက်ရှင်ဖို့ ရုန်းကန် နေရတာဟာ စစ်ဘေးထက်တောင် ပိုကြောက်ဖို့ ကောင်းနေပါပြီ” လို့ ဒေါ်မာဂရက်က ပြောပါတယ်။







