ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိသူများ

သန့်ရှင်းထွန်း

“တောတောင်ချောင်းမြောင်းတွေကို ခုနစ်ရက်၊ ခုနစ်ညခြေကျင်ဖြတ်ရတဲ့ ခရီးဖြစ်သလို လူသူကင်းမဲ့တဲ့ အရပ်တွေ ဖြစ်တယ်”လို့ ရခိုင်ပြည်ကနေ တခြားဒေသတခုကို ရရာလမ်းကနေ ထွက်ခွာလာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မမျိုးမျိုးက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်မှာ အာရက္ခတပ်တော်(AA)က စစ်မှုထမ်းရမယ့် အမိန့်တခုကို ထုတ်ပြန်ကာ ရခိုင်ပြည်က တခြားဒေသတွေကို ထွက်ခွာခွင့်ပိတ်လိုက်တာကြောင့် စစ်မှုမထမ်းလိုတဲ့ အမျိုးသမီးတွေအပါအဝင် လူငယ်လူရွယ်တွေဟာ ရရာလမ်းကနေ တခြားဒေသကို ထွက်ခွာတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အဲဒီလူငယ်လူရွယ်တွေထဲမှာ မမျိုးမျိုးလည်းတယောက်အပါအဝင်ဖြစ်ပြီး ကံကောင်းထောက်မ,စွာနဲ့ သူသွားလိုတဲ့ နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီလမ်းခရီးမှာ ကြုံတွေ့ရတဲ့ အခြေနေတွေက မမျိုးမျိုးတို့လို အမျိုးသမီးငယ်တွေအတွက် အသက်နဲ့ ဘဝကို ရင်းပြီးသွားရတဲ့ ခရီးဖြစ်သလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုတွေ ကိုတောင်  မေ့လျော့သွားတယ်လို့ မမျိုးမျိုးက ပြောပါတယ်။

မမျိုးမျိုးတို့နေထိုင်တဲ့ ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)က အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတွေကို နားစွန်နားဖျားကြားခဲ့ပေမယ့် AA ဘက်က တရားဝင်မထုတ်ပြန်သေးတာကြောင့် အခြေအနေကို စောင့်ဆိုင်းနေရင်း ရခိုင်ပြည်ကနေ တခြားဒေသကို မထွက်ရဘူးဆိုတဲ့ သတိပေးချက်ကို ကြားသိခဲ့ရတာလို့ သူက ပြောပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းကိုကြားကတည်းက ညဘက်အိမ်မှာ မအိပ်ရဲတော့ဘူး။ ဘယ်နေ့ဘယ်အချိန်လာ ခေါ်မလဲဆိုတဲ့ အတွေးပဲရောက်နေတယ်။ မိဘတွေကလည်း စိုးရိမ်ကြတယ်။ အဲဒါနဲ့ ရခိုင်ပြည်က ထွက်လမ်းရဖို့ စုံစမ်းကြည့်တော့ တောလမ်း၊ ခိုးလမ်းကနေ သွားလို့ရတဲ့အကြောင်း သိခဲ့တယ်။ အဲဒီလိုနဲ့ သွားမယ့်အခြား ယောကျ်ားလေး၊ မိန်းကလေးတွေနဲ့ အဖော်စုပြီးတော့ ရခိုင်ပြည်ကနေ ထွက်ဖို့ကြိုးစားခဲ့တာ”လို့ သူထွက်လာရတဲ့ အကြောင်းကို ပြောပါတယ်။

မမျိုးမျိုးတို့ လူငယ်လူရွယ်တစုဟာ လူပို့ပေးတဲ့ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ အဲဒီပွဲစားတွေရဲ့ အစီအစဉ်အတိုင်း ရခိုင်ရိုးမကို တောင်ကျော်တောတိုးပြီး ထွက်လာရတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလိုသွားတဲ့နေရာမှာလည်း တောလမ်းကို ငါးရက်ငါးညလောက် ခြေလျင်သွားရတာကြောင့် ကံမကောင်းလို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ဖမ်းမိသွားရင် စစ်ဆေးမေးမြန်းမှုမရှိဘဲ တခါတည်း AA တပ်ထဲကို သွင်းလိုက် သလို စစ်ကောင်စီဘက်က ဖမ်းမိသွားရင်လည်း စစ်ကောင်စီတပ်ထဲကို သွင်းကြတယ်လို့ ဆိုပါတယ်။

“ညီမတို့ရှေ့က သွားတဲ့တဖွဲ့ဆိုရင် စစ်ကောင်စီက ဖမ်းမိသွားလို့ ပါလာတဲ့မိန်းကလေးငယ်တွေကို ဆွဲလားရမ်းလား လုပ်တယ်။ ခန္ဓာကိုယ်တွေကို ထိကိုင်တာတွေကတော့ ပြောမနေနဲ့၊ ယောက်ျားလေးတွေဆိုရင် အရိုက်ခံရတယ်။ တချို့မိန်းကလေးတွေဆိုလည်း အရိုက်ခံရတယ်”လို့ မမျိုးမျိုးက ဆိုပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိသလို လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတွေဟာလည်း တိုက်ပွဲတွေထဲမှာ ပျောက်ဆုံးနေပြီး ဥပဒေမဲ့လုပ်ရပ်တွေသာ ကြီးစိုးလာတယ်လို့ ရခိုင်ပြည်သူအများစုက ပြောကြပါတယ်။

အဲဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို စစ်ကောင်စီတပ်ရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေသလို လက်နက်ကိုင်အဖွဲ့တွေရှိတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်နေကြတယ်လို့ မထက်ထက်ကလည်း ပြောပါတယ်။

မထက်ထက်ဟာ အာရက္ခတပ်တော်(AA)ရဲ့ အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူတဦးဖြစ်ပါ တယ်။

မြို့သိမ်းတိုက်ပွဲကြောင့် မထက်ထက်တို့ မိသားစုဟာ မြို့ပေါ်နေအိမ်ကနေ ကျေးရွာတခုမှာ စစ်ဘေးရှောင်နေခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စစ်မှုထမ်းဖို့ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလို့ ပြောပါတယ်။

“အနီးအနားက ရွာတွေမှာ စစ်မှုထမ်းဖို့ ဖမ်းနေတာကြားလို့ ညဘက်အိမ်ကနေ တခြားနေရာတခုကို တိမ်းရှောင်ဖို့ အထွက်မှာ အေအေနဲ့ထိပ်တိုက်တွေ့တာပဲ။ ညီမနဲ့တခြားရွာက မိန်းကလေးသုံးယောက်လည်းပါတယ်။ ညအချိန် တရားခံလိုမျိုးခေါ်သွားတာ ” လို့ သူ ကပြောပါတယ်။

ဒီအဖြစ်အပျက်တွေက အမျိုးသမီးတွေနှင့် မိန်းကလေးငယ်တွေအပေါ် ပြုမူဆက်ဆံရမယ့် မူဝါဒစည်းမျဉ်း စည်း ကမ်းတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ မရှိတာကြောင့်ဖြစ်သလို ပဋိပက္ခအတွင်းမှာ လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှုတွေက နည်းမျိုးစုံနဲ့ရှိနေတာကို ပြသနေတယ်လို့ မထက်ထက်က ဆိုပါတယ်။

မမျိုးမျိုးနှင့် မထက်ထက်တို့ ကြုံတွေ့ရတဲ့ ကျူးလွန်ခံရမှုတွေကို အရေးယူပေးဖို့အတွက် တိုင်တန်းရမယ့်နေရာတွေ မရှိသလို ကျူးလွန်သူတွေကိုယ်တိုင်က အာဏာရှိတဲ့သူတွေနဲ့ လက်နက်ကိုင်ထားတဲ့သူတွေဖြစ်တာကြောင့် အကုန်လုံး ရေငုံနှုတ်ပိတ်နေကြရတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်ကစလို့ ၄ နှစ်ကျော်အတွင်း ဂျန်ဒါအခြေပြုဖြစ်ပွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှုဖြစ်ပွားခဲ့ တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်(WLB)က ဇွန်လအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီအစီရင်ခံစာအရ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့က ကျူးလွန်ခဲ့တဲ့ ပဋိပက္ခအတွင်း လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အရေးယူခံရတာမရှိသလို တစုံတဦးကမှ တာဝန်ယူ၊ တာဝန်ခံမှု မရှိဘဲ ပြစ်ဒဏ်က ကင်းလွတ်နေကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအားလုံးကို အလေးအနက်ထားပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှုတွေကို စနစ်တကျရှိလာအောင် တိကျရှင်းလင်းတဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲအကောင် အထည်ဖော်ဖို့၊ တင်းတင်းကြပ်ကြပ်ပြဌာန်းမှုပြုလုပ်ဖို့လည်း အစီရင်ခံစာထဲမှာ အကြံပြုတောင်းဆိုထားပါတယ်။

အာရက္ခတိုင်းပြည်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် မူဝါဒတွေအရ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်း စစ်ပညာကို မဖြစ်မနေသင်ယူကြရမှာဖြစ်ပြီး အရေးပေါ်အခြေနေတွေမှာ ကာကွယ်ရေးတာဝန်တွေကို လာရောက် ထမ်းဆောင်ကြရမှာဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီသတင်းဌာန နှင့် အင်တာဗျူးတခုမှာ ဖြေကြားထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်ရဲ့ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုနှင့်အတူ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီး ဘယ်သူ့ကိုမဆို အာရက္ခတိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကာကွယ်ရေးတာဝန်တွေကို ထိထိရောက်ရောက် ဝင်ရောက်ထမ်းဆောင်နိုင်ဖို့အတွက် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်လို့ သူကဆိုထားပါတယ်။

 အာရက္ခတပ်တော်(AA)က ရခိုင်တပြည်နယ်လုံးမှာ စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်ဖို့ မြို့သိမ်းတိုက်ပွဲတွေ စတင်ဆင်နွဲခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ အာရက္ခတပ်တော်(AA)ဟာ မြို့နယ် ၁၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စီမံအုပ်ချုပ်မှုတချို့ လုပ်ကိုင်နေပါတယ်။

ဒါပေမယ့် တိုက်ပွဲနှင့် ပဋိပက္ခအတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ လုံခြုံရေးနှင့် အကာအကွယ်ရရှိရေးဆိုင်ရာ မူဝါဒတွေကိုတော့ အာရက္ခတပ်တော် AA က အခုချိန်အထိ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အထူးသဖြင့် ပဋိပက္ခနောက်ဆက်တွဲ အင်အားပြုန်းတီးမှုကို ပြန့်ဖြည့်တင်းဖို့အတွက် ကြိုးစားနေကြတာမို့ စစ်တပ် ကတွေ့ရင် စစ်တပ်ကဖမ်းပြီး တပ်ထဲအတင်းဝင်ခိုင်း အေအေကတွေ့ရင် အေအေကဖမ်းပြီး သူတို့တပ်ထဲကို အဓမ္မသွင်းတယ်။ လမ်းခုလတ်မှာ ဖမ်းမိသွားရင် မပြောကောင်း၊ မဆိုကောင်းတွေဖြစ်နိုင်တယ်လို့ မမျိုးမျိုးက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခနောက်ဆက်တွဲ ထိခိုက်နိုင်ချေအများဆုံးအရပ်သားတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ် တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ မသန်စွမ်းတွေပါပြီး အခုတော့ လူငယ်အမျိုးသားတွေနဲ့ မမျိုးမျိုးတို့လို အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာရဲ့အကူအညီ ကင်းမဲ့နေချိန်၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုပြင်းထန်နေချိန်မှာ လူထုအကျိုး ဆောင်မယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ မူဝါဒကောင်းကောင်းမရှိတဲ့ အောက်ခြေပြည်သူ့သဘောထား မပါဝင် တဲ့ လူသစ်စု‌ဆောင်းရေးအပါအဝင် စီမံခန့်ခွဲရေးတွေဟာ မမျိုးမျိုးတို့လို့ အမျိုးသမီးငယ်တွေအတွက် ပြေးစရာမြေ မရှိ၊ ပေးစရာငွေမရှိတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။.

ဖရိုဖရဲဖြစ်နေတဲ့တိုင်းပြည်မှာ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာလည်း ဖရိုဖရဲဖြစ်နေသလို သူတလူငါတ မင်းဖြစ်နေတာကြောင့် မိန်းကလေးငယ်တွေနှင့် အမျိုးသမီးတွေအတွက် လုံခြုံအေးချမ်းမှုအာမခံချက် မရှိတဲ့အပေါ် မမျိုးမျိုးက အောက်ပါအတိုင်းပြောဆိုပါတယ်။

“ညီမလိုပဲ နောက်ထပ်ထွက်ပေါက်ရရင် ထွက်မယ့်အမျိုးသမီးငယ်တွေ၊ လူငယ်တွေရှိနေတယ်။ ထွက်လာရင်တော့ ပြဿနာအစုံကြုံရမှာပဲ။ တားမယ့်သူမှ မရှိတာ”လို့  မမျိုးမျိုးက ဆိုပါတယ်။

Author: