ငလျင်နောက်ကွယ်က မမြင်ရတဲ့ဒဏ်ရာတွေနဲ့အတူ လိုအပ်နေသေးတဲ့အကူအညီများ

ခင်ဘုန်းမို့

ပန်းနုရောင်အင်္ကျီပြောင်နဲ့ အကွက်စိပ်စိပ်ပါတဲ့ ပန်းနုရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်တွေကို စုစည်းထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာဝှီးချဲပေါ်မှာထိုင်ရင်း သူ့ရဲ့တုံးတိတိဖြစ်နေတဲ့ ဘယ်ဖက်ခြေ ထောက်ကိုကြည့်ရင်း မျက်ရည်ဝဲလို့နေပါတယ်။

“အလှူရှင်ရမယ်ဆိုရင်တော့ ကျမအတွက်လည်း အဆင်ပြေတယ်။ ဝမ်းလည်းဝမ်းသာတယ်။ အလုပ် လည်း လုပ်ချင်တယ်၊ ဒီအတိုင်းကြီးလည်း ထိုင်မနေချင်ဘူး”လို့ အမျိုးသမီးငယ်က ဖွင့်ဟပါတယ်။

သူကတော့ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံး ထားရသူ အသက်(၂၆)အရွယ် မစံပယ်ဖြစ်ပါတယ်။ မစံပယ်ဟာ လက်ရှိမှာတော့ ခြေတုအလှူရှင်ကို စောင့်ဆိုင်းနေရတာပါ။

မစံပယ်ဟာ ကုမ္မဏီတခုမှာ Marketing (အရောင်းဝန်ထမ်း)အဖြစ် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ငလျင်လှုပ် တဲ့နေ့က အပြင်လမ်းကြောင်း မရှိတဲ့အပြင် ရုံးထိုင်ဝန်ထမ်းတစ်ဦးက နေမကောင်းလို့ ခွင့်ယူထားတဲ့ အတွက် မစံပယ်ဟာ ဈေးဝယ်စင်တာမှာ ဖွင့်ထားတဲ့ဆိုင်မှာ ထိုင်ဖို့တာဝန်ကျခဲ့တာလို့ ဆိုပါတယ်။

မတ်လ(၂၈)ရက်နေ့က ဈေးဝယ်စင်တာကြီးတစ်ခုရဲ့အရောင်းကောင်တာမှာ စာရင်းတွေထိုင်လုပ်နေရင်း မစံပယ်တစ်ယောက် မူးဝေတဲ့ခံစားချက်ကို ခံစားလိုက်ရတယ်။ ဘေးပတ်ဝန်းကျင်က လူတွေရဲ့ ငလျင် လှုပ်တယ်ဆိုတဲ့ အသိပေးချက်ကြောင့် ဈေးဝယ်စင်တာရဲ့အပြင်ဘက်ကို ထွက်ပြေးခဲ့တယ်။

ပထမအကြိမ်ငလျင်က အဆောက်အဦးပြိုကျမှု မဖြစ်သေးပါဘူး။ အဲဒီအချိန်မှာ မစံပယ်တစ်ယောက် တုန်တုန်ရီရီနဲ့ အိမ်ကိုဖုန်းဆက်ခဲ့ပါသေးတယ်လို့ဆိုပါတယ်။ ဒုတိယအကြိမ်ထပ်လှုပ်တဲ့အခါမှာတော့ ပြင်းအားများ တဲ့အတွက် မစံပယ်တို့အလုပ်လုပ်တဲ့အဆောက်အအုံကြီး ခါရမ်းနေတာကို အပြင်ဖက်ကနေ မစံပယ်တစ် ယောက် မြင်နေရပါတယ်။

ကြီးမားတဲ့ အဆောက်အအုံဖြစ်တဲ့အတွက် ပြိုကျလာမှာစိုးပြီး မစံပယ်ဟာ ဈေးဝယ်စင်တာကြီးရှေ့က နှစ်ထပ်တိုက်အောက်မှာ သွားခိုနေခဲ့မိတယ်။ ငလျင်ဟာ  ၇ ဒသမ ၇ ပြင်းအားနဲ့လှုပ်ခတ်ခဲ့ပါတယ်။

“ဒုတိယတချီပြန်လှုပ်တော့ ပထမတချီလှုပ်ထားတဲ့အရှိန်နဲ့   ချက်ချင်းပြိုကျလာတာ၊  အုတ်နီခဲလွှင့်စင် လာတာ၊ ခေါင်း‌ပေါ်အရင်ကျတာ၊  နောက်‌တော့ လှုပ်ရင်းနဲ့ တိုက်ပြိုကျလာတာ၊ ကျောတစ်ဝက်လောက် ပိသွားတာ၊ ဘယ်ဘက်ခြေထောက်က အများဆုံးပိမိသွားတာပေါ့။ ကျောပေါ်က ကျောပိုးအိတ်ခံနေလို့ သာ၊ အိတ်ထဲက ရေမွှေးပုလင်းတွေက မွမွကြေသွားတာ တူနဲ့ထုထားသလိုပဲ။ ခန္ဓာကိုယ်က ကျောတဝက် ကနေ အောက်ပိုင်းအထိက တိုက်ပြိုကျလာတာတွေက ပိမိသွားတာ၊ ဘယ်ခြေထောက်ပေါ် အင်္ဂတေတုံး ကျပြီး သံချောင်းစိုက်သွားတာဆိုတော့ ခြေထောက်ဖြတ်လိုက်ရတယ်” လို့ မစံပယ်က ငလျင်ကြောင့် သူ ထိခိုက်ခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။

ပရဟိတသမားတွေ လာကယ်တဲ့အချိန်မှာလည်း အင်္ဂတေတုံးကို ခက်ခက်ခဲခဲနဲ့ ဖယ်ရှားခဲ့ရတယ်လို့ မစံပယ်ကပြောပါတယ်။ အဲဒီနေ့မှာ ဆေးရုံတွေက လူနာတွေပြည့်နေလို့ ဆေးကုသမှုခံယူဖို့ ဆေးရုံဆေး ခန်းကို ခက်ခက်ခဲခဲရှာဖွေခဲ့ရပါတယ်။

“မန္တလေးဆေးရုံကြီးမှာ လူနာတွေ အရမ်းများတဲ့အခါကျတော့ ချက်ချင်းမလုပ်ပေးဘူး။ ကျမက သွေးမရှိ တော့ဘူး။ အသက်ရှူလည်း မဝတော့ဘူး။  သွေးထွက်လည်းလွန်နေတာ၊ အသက်လည်းစိုးရိမ်ရလို့ဆိုပြီး မန္တလေးဆေးရုံကြီးကနေ ပရဟိတကားနဲ့ ဆေးခန်းတွေလိုက်ရှာတော့ မန္တလေးမြို့ပေါ်က ဘယ်ဆေးခန်း မှ လက်မခံဘူး။ မရတော့ဘူးလို့ပြောတယ်၊ ပရဟိတကား အဖုံးဖွင့်ကြည့်ပြီးတော့ မရတော့ဘူးပဲ။ ပြင်ဦး လွင်ဆေးရုံသွားတယ်။ လက်မခံဘူး။ မန္တလေးမြို့ပေါ်က ဘယ်ဆေးခန်းမှ လက်မခံဘူး။ အဲဒါနဲ့ မန္တလေး မြို့စွန်က ဆေးခန်းမှာ ခွဲစိတ်ခန်းလည်းရှိတယ်ဆိုတော့ အဲဒီမှာတက်လိုက်တာ”လို့ မစံပယ်က ပြောပြ ပါတယ်။

ထိခိုက်မှုကြောင့် ဆေးရုံမှာ တစ်လကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ မိဘတွေနေထိုင်တဲ့ ဇာတိ အိမ်ကလည်း စစ်ဘေးကြောင့် နေထိုင်လို့မရတော့လို့ ဆွေမျိုးတစ်ဦးရဲ့အိမ်မှာ နေထိုင်နေရတယ်လို့ ဆိုပါ တယ်။ ဆွေမျိုးအိမ်ဖြစ်တဲ့အတွက် နေထိုင်စရိတ်မပေးရပေမယ့် စားသောက်စရိတ်ကတော့ ကိုယ့်ဖာသာ ကိုယ်အကုန်အကျခံရပါတယ်။

မစံပယ်ကို အလုပ်က လစာနဲ့ ဆေးခွင့်ပေးထားပါတယ်။ ရက်မှန်ကြေးဘောနပ်မပါဘဲ အခြေခံလစာ သုံး သိန်းကျော်သာ ရရှိတာဖြစ်တယ်။   ခြေတုတပ်ဖို့အတွက် ကုန်ကျစရိတ်က ငွေကျပ်သိန်း (၈၀) နီးပါးရှိတဲ့ အတွက် မစံပယ်အနေနဲ့ အလှူရှင်ကိုသာ စောင့်မျှော်နေရပါတယ်။ ခြေထောက်အတွက် ဆေးခန်းပြတဲ့ အခါမှာလည်း တခါပြရင် သွားလာစရိတ်၊ စားသောက်စရိတ်က တစ်သိန်းနှစ်သောင်းကျော် ကုန်ကျပါ တယ်။ လက်ရှိမှာတော့ အိမ်မှာပဲ ခြေထောက်အနာကျက်ဖို့စောင့်ရင်း ခြေတုအလှူရှင်ကို စောင့်နေတာပါ လို့ မစံပယ်က ပြောပါတယ်။

ခြေတုကုန်ကျစရိတ်ဟာ အရည်အသွေးပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိရှိတာ ဖြစ်ပါတယ်။ ခြေတုမတပ်ခင်နဲ့ တပ်ပြီးနောက်မှာ လေ့ကျင့်ခန်းတွေလုပ်ဖို့၊ ဆေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စတဲ့ အပိုကုန်ကျစရိတ်တွေလည်း ရှိနေပါသေးတယ်။

မစံပယ်အနေနဲ့ လက်ရှိမှာ မသန်စွမ်းအဖွဲ့အစည်းတစ်ခုက ထောက်ပံ့ထားတဲ့ ဝှီးချဲကို အသုံးပြုနေပြီး ခြေတုအလှူရှင်ကိုလည်း မသန်စွမ်းအဖွဲ့အစည်းတွေကတဆင့် ချိတ်ဆက်ပေးရာကနေ ရလာမယ့်အချိန် ကို စောင့်ဆိုင်းနေတာလို့သိရပါတယ်။

လက်ရှိမှာတော့ နေရေးထိုင်ရေး၊ သွားရေးလာရေးကအစ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မစံပယ် က ဖွင့်ဟပါတယ်။ မစံပယ်ရဲ့ တကိုယ်ရည်ဝေယျာဝစ္စတွေကို အသက် (၆၃)နှစ်အရွယ် မိခင်ဖြစ်သူက လုပ်ကိုင်ပေးနေရတာပါ။

ခြေထောက်ထိခိုက်ခဲ့တဲ့အတွက် ချိုင်းထောက်အသုံးပြုရာမှာလည်း မကျွမ်းကျင်တဲ့အတွက် ချော်လဲပြီး ခေါင်းကွဲလို့ ငါးချက်ချုပ်လိုက်ရပါသေးတယ်။ ချိုင်းထောက်တစ်ဖက်နဲ့ အိမ်သာသွားလာရတာလည်း အဆင်မပြေဘူးလို့ မစံပယ်က ပြောပါတယ်။ ဓမ္မတာလာတဲ့အချိန်တွေမှာလည်း နယ်ဘက်မှာဖြစ်တဲ့ အတွက် ဘိုထိုင်အိမ်သာလိုမဟုတ်တော့  အိမ်သာထဲမှာ လစဉ်သုံးပစ္စည်းလဲလှယ်ရတာ၊ အထိုင်အထလုပ် ရတာ၊ အဆင်မပြေဘူးလို့ မစံပယ်က ဆိုပါတယ်။

မြို့ကြီးတွေမှာတော့ အိမ်သာရေချိုးခန်းဟာ အိမ်နဲ့တဆက်ထဲ ရှိတတ်ကြပြီး နယ်ဘက်မှာတော့ ခြံဝန်းနဲ့ ဖြစ်တာကြောင့် အိမ်သာအများစုဟာ သီးသန့်ဖြစ်သလို ဘိုထိုင်အိမ်သာလည်းမဟုတ်တဲ့အတွက် ခြေတစ် ဖက်မရှိတဲ့ မသန်စွမ်းသူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ မစံပယ်ကပြောပါတယ်။ တကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးကိစ္စက နေ့တဓူဝကြုံရတဲ့အရာတွေ ဖြစ်တဲ့အတွက် ခြေထောက်တဖက်ဆုံးရှုံး ထားရတဲ့ မစံပယ်အတွက်တော့ နေ့တဓူဝစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အနာဂတ်မှာလည်း အိမ်ထောင်ပြုဖို့ဖြစ်လာခဲ့ရင် ကြုံတွေ့နိုင်မယ့်အခက်အခဲတွေအတွက် စိတ်ပူတာမျိုး လည်းရှိတယ်လို့ သူကဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရလည်း စိုးရိမ် မှု၊ အားလျော့မှု၊ စိတ်ဓာတ်ကျမှုတွေနဲ့ မစံပယ်ရင်ဆိုင်နေရပါတယ်။ နေ့တဓူဝ တကိုယ်ရည် ရပ်တည်ရေး အတွက် ခက်ခဲတာ၊ စားဝတ်နေရေးခက်ခဲတာ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်တာ၊ အလုပ်အကိုင် အာမခံချက် မရှိမှာ စိတ်ပူတာ၊ ဒါတွေကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ခြေထောက်တုအလှူရှင်ရလို့ အလုပ်ပြန်ဝင်နိုင်ခဲ့ရင်တောင် ကြုံတွေ့လာနိုင်မယ့်အရာတွေကို ကြိုတွေး ရင်း မစံပယ်တစ်ယောက် စိုးရိမ်မှုတွေဖြစ်နေရတာပါ။

မစံပယ်တို့အလုပ်က ရုံးထိုင်အနေနဲ့ ပြန်ခန့်မယ်လို့ပြောပေမယ့် မစံပယ်ကတော့ အရောင်းပိုင်းသာ ကျွမ်း ကျင်လို့ ရုံးထိုင်အလုပ်ကို တတ်ကျွမ်းအောင် ကြိုးစားရဦးမယ်လို့ဆိုပါတယ်။

“အခုအလုပ်က ပြန်ခန့်မယ်ဆိုပေမယ့်လည်း အလုပ်ခွင်တကယ်တမ်းဝင်သွားပြီဆို တကယ်တမ်းနှောင့် နှေးသွားပြီလေ။  ကိုယ်ကနှောင့်နှေးပါများလာရင် ကိုယ့်ကိုငြိုငြင်မှာတွေ တွေးနေပြီ၊ ဒီအလုပ်ကထွက်ပြီး တခြားအလုပ်ကို လျှောက်မယ်ဆိုလည်း ပုံမှန်အခြေအနေမှာတောင်မှ လူတွေအများကြီးလျှောက်ကြတဲ့ အထဲကမှ ကိုယ့်အရည်အချင်းပြည့်ဝမှခေါ်မှာ၊ အခုကိုယ်လက်အင်္ဂါမပြည့်စုံတော့ အလုပ်တွေကလည်း ခက်မှာပါ၊ ဒါကို စိတ်ဓာတ်ကျတယ်”လို့ ဆိုပါတယ်။

ဒီလို စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ရှိနေပေမယ့် မစံပယ်အနေနဲ့ မိခင်ဖြစ်သူအတွက် တွေး ပြီး အားတင်းရှေ့ဆက်ဖို့လည်း ကြိုးစားနေပါတယ်။

“အမေလည်း အသက်ကြီးပြီဆိုတော့ ကျမတခါတလေကျ အားတင်းပါတယ်၊ ခြေထောက်မပါလည်း သူများခြေတုနဲ့တောင် အလုပ်အကြမ်းတွေလုပ်ကြတာပဲ။ ကျမက ပညာတတ်ထားတဲ့အတွက် ပညာနဲ့ လုပ်ကျွေးလို့ရသေးတယ်။ ဘဝတစ်ခုလုံး ထိခိုက်ပြီး ဆုံးရှုံးသွားတာလည်း မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ခွန်အားပြန်ပေးတယ်။ ကိုယ့်မိသားစုအတွက် အားတင်းထားတယ်”လို့ ဆိုပါတယ်။

မစံပယ်နည်းတူ ငလျင်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သူ နောက်တစ်ယောက်ကတော့ အသက် (၅၇)နှစ်အရွယ် ဒေါ်စန်းရီဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်ထဲက ငါန်းဇွန်မြို့နယ်မှာ တောင်သူအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ပါတယ်။

မစန်းရီတို့နေရပ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်တဲ့အတွက် မန္တလေးမြို့ ပေါ်မှာ စစ်ရှောင်အဖြစ် လာနေထိုင်ရင်း မစန်းရီတစ်ယောက် ငလျင်ဘေးနဲ့ကြုံရတာဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် မစန်းရီဟာ ခါးရိုးကျိုးသွားပြီး အောက်ပိုင်းလုံးဝသေသွားတယ်လို့ မစန်းရီရဲ့ ယောင်းမ ဖြစ်သူ မသန်းသန်းဆွေက ပြောပြပါတယ်။ ငလျင်ဖြစ်တဲ့နေ့က မသန်းသန်းဆွေတို့အိမ်ရှေ့က တိုက်ပြို ကျပြီး မစန်းရီနဲ့ညီမဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ မစန်းရီရဲ့ညီမကတော့ လက်ကျိုးသွားခဲ့ တယ်။

“စစ်ရှောင်လာရင်းနဲ့ အဲဒီလိုဖြစ်သွားတာ၊ အခုကျ ဘာဝင်ငွေမှ မရှိဘူးပေါ့။ အိမ်လခလည်း ပေးစရာမရှိလို့ ဆိုပြီး ရွာပြန်သွားတာ” လို့ မသန်းသန်းဆွေက ပြောပြပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေ တဲ့ဒေသဖြစ်ပါတယ်။ ငါန်းဇွန်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ​ မကြာခဏ ပြုလုပ်နေတာကြောင့်  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေ အခု ၂၀၂၅  ဇန်နဝါရီအထိ ၅ လအတွင်း ရဟန်း သံဃာတော်တွေ၊ ကလေးသူငယ်တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သား ၃၀ နီးပါး သေ ဆုံးခဲ့ရတယ်လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ငလျင်ပြီးခါစကတော့ မသန်စွမ်းအရေးကူညီတဲ့အဖွဲ့တစ်ခုဆီက ငွေကျပ်ခြောက်သိန်းထောက်ပံ့ငွေ ရရှိခဲ့ ပါတယ်။ ခါးအောက်ပိုင်းသေသွားတာဖြစ်တဲ့အတွက် မစန်းရီအတွက် ဒိုက်ဘာဖိုးက နေ့စဉ်ကုန်နေတာ ဖြစ်ပါတယ်။ အိမ်ငှားခကလည်း တစ်လကို တစ်သိန်းခွဲဝန်းကျင်ပေးရတဲ့အပြင် ဘာဝင်ငွေမှမရှိတော့ မတတ်နိုင်တော့ဘဲ ရွာပြန်သွားကြတာလို့ ဆိုပါတယ်။ ဆေးခန်းပြရတဲ့ရက်တွေတော့ မသန်းသန်းဆွေတို့ အိမ်မှာတည်းခိုပြီး ဆေးခန်းပြကြရပါတယ်။

မစန်းရီဟာလည်း ခန္ဓာကိုယ်ထိခိုက်ဆုံးရှုံးမှုကြောင့် သူ့ကိုယ်သူအားမရဘဲ၊ အစားကောင်းကောင်းလည်း မစား၊ စိတ်ဓာတ်ကျလိုက်၊ ငိုလိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတယ်လို့ မသန်းသန်းဆွေက ပြောပါတယ်။

“အခုရွာဘက်တွေက အခြေအနေမကောင်းတော့ သူတို့အိမ်လည်းမနေရဘူး။ ပြေးနေရတာ၊ ဒုက္ခိတဘဝ နဲ့ကို ပြေးနေရတော့ အဲဒါတွေလည်းပါတာပေါ့။ စိတ်ပင်ပန်း လူပင်ပန်းပေါ့”လို့ မသန်းသန်းဆွေက ပြောပြ ပါတယ်။

ငလျင်ဒဏ်ခံရတာနဲ့ ငလျင်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတာ၊ ဒီလိုဖြစ်ရပ်တွေက အန္တရာယ်များပြီး ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့အတွက် လူတွေကို ကြောက်ရွံ့မှု၊ စိုးရိမ်မှု စတဲ့ခံစားချက်တွေ၊ စိတ် ဒဏ်ရာတွေဖြစ်စေတဲ့ ဖြစ်ရပ်တွေဖြစ်တယ်လို့ စီတာကုထုံးသင်တန်း နည်းပြတစ်ဦးလည်းဖြစ်တဲ့အပြင် စိတ်ကျန်းမာရေး Counsellor တစ်ဦးဖြစ်တဲ့ မချယ်ရီစိုးမြင့်က ပြောပါတယ်။

ဒီဖြစ်ရပ်တွေကြုံရလို့ စိတ်ဒဏ်ရာဖြစ်မယ်လို့ ၁၀၀ ရာခိုင်နှုန်းတော့ မပြောနိုင်ပေမယ့် ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ၊ အတိတ်က ကြောက်စရာကောင်းတဲ့ ထိတ်လန့်စရာကောင်းတဲ့ ဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ မကြာခဏပြန်ပြန်ပြီး အမှတ်ရနေတာတွေ၊ ဒီဟာနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ကြောက် ရွံ့စိတ်တွေ ခံစားရတာမျိုး၊ ညဘက်အိပ်တယ်ဆိုရင်လည်း ကောင်းကောင်းအိပ်မပျော်တာ၊ အိပ်မက်ဆိုး မက်တာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေက ကိုယ့်အလှည့်ကျမှ ဘာလို့ဖြစ်နေရတာလဲ၊ ကိုယ်တစ်ယောက်ထဲမှ ဒီလိုမျိုးကိစ္စတွေ ဖြစ်တာလားဆိုပြီး အဖန်ဖန်အထပ်ထပ် အတွေးဝင်နေတာမျိုးတွေ၊ အတွေးများတာမျိုး၊ စိတ်ပျက်တာ၊ စိတ်မကျေမနပ်ဖြစ်တာတွေ၊ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုနဲ့သောကရောက်ရတာ စတာတွေက နောက်ဆက် တွဲ စိတ်ပိုင်းဆိုင်ရာအထိ သက်ရောက်နိုင်တဲ့လက္ခဏာတွေ ဖြစ်တယ်လို့ မချယ်ရီစိုးမြင့်က မှတ်ချက်ပြု ပါတယ်။

“အ‌ရေးကြီးတာက ကိုယ့်ရဲ့ perception ပေါ့။ ကိုယ်က ဒီပေါ်မှာ ဘယ်လိုခံယူသလဲ၊ ဒီဖြစ်ရပ်ကို ကြုံရတဲ့ လူနှစ်ယောက်ရှိတယ်ဆိုပါစို့၊ ငလျင်‌‌ဘေးဒဏ်ခံရတယ်၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့လူနှစ်ယောက်မှာ တစ် ယောက်ကတော့ သူ့မှာ ဒါနဲ့ပတ်သက်လို့ အဖန်ဖန်အထပ်ထပ်တွေးနေပြီး‌တော့ သူ့ဘဝကို ရှေ့မဆက်ချင် တော့လောက်အောင် စိတ်ဓာတ်ကျသွားတယ်ဆိုတာမျိုးတွေ ကြုံရပေမယ့်လို့ တချို့လူပုဂ္ဂိုလ်တွေ၊ တချို့ အမျိုးသမီးတွေမှာကျတော့ ဒီဟာကို အကောင်းဆုံးကျော်ဖြတ်ပြီးတော့ ဆက်သွားနိုင်ကြတာတွေလည်း သာဓကတွေ အများကြီးရှိတယ်” လို့ဆိုပါတယ်

စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ဖြေလျော့ဖို့အတွက်  ဘာသာရေးနဲ့ဖြစ်စေ၊ တကိုယ်ရေသန့်ရှင်းရေးလုပ်တာ၊ စိတ်ခံစားချက်ကောင်းစေမယ့် အရာလေးတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖြေလျော့နည်း၊ ဖြေရှင်းနည်း လေးတွေလုပ်တာ၊ လေရှူလေ့ကျင့်ခန်းလုပ်တာ၊ ခန္ဓာကိုယ်ကြွက်သားဖြေလျော့တဲ့ လေ့ကျင့်ခန်းလုပ် တာ၊ ကိုယ့်ကိုကိုယ်နှစ်သိမ့်အား‌ပေးတာမျိုးတွေ ပြုလုပ်လို့ရနိုင်တယ်လို့ မချယ်ရီစိုးမြင့်က အကြံပြုပါ တယ်။

မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လူမှုအသိုင်းအဝိုင်းကလူတွေရဲ့ social support ကောင်း ကောင်းသာရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီလိုမှမဟုတ်ဘူး၊ သူကိုယ်တိုင်ကလည်း coping skill တွေ ရှိမနေဘူး၊ ဒီအပေါ်မှာ သူ့ရဲ့ perception လက်ခံနိုင်မှုကလည်း အပြုသဘောမဆောင်ဘူး၊ social support ကလည်း ကောင်းကောင်းရှိမနေဘူး ဆိုတဲ့အခါမှာတော့ လူတွေမှာ ထိခိုက်တဲ့စိတ်ဒဏ်ရာအခြေအနေက ပိုပြီးတော့မှ များနိုင်တယ်”လို့ သူက ဆက်ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ယူရရှိတဲ့စာရင်းတွေအရ ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၅၀၂၀ ၊ ပျောက်ဆုံးသူ ၁၄၁ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ကိုယ် လက်အင်္ဂါထိခိုက်ဆုံးရှုံးသွားသူ အရေအတွက်ကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

နိုင်ငံတကာကုမ္ပဏီတွေနဲ့ မြန်မာခရိုနီတွေ လှူဒါန်းတဲ့ငွေ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းဟာ ငလျင်ကယ်ဆယ်ရေးအတွက်မဟုတ်ဘဲ စစ်အုပ်စုကျူးလွန်လျက်ရှိတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ နိုင်ငံ တဝန်းလူထုအပေါ် ကျူးလွန်မှုတွေအတွက် အထောက်အပံ့ဖြစ်သွားနိုင်တယ်လို့ Justice For Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ဘေးအပြီးမှာလည်း စစ်တပ်က  လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့၊ စစ်အုပ်စုက အပစ်ရပ်ကြေညာချက်ထုတ်ပြီးနောက်မှာလည်း ဆိုးရွားတဲ့လေကြောင်း တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

စစ်အုပ်စုက လူမှုစာနာအကူအညီတွေကို လက်နက်အဖြစ် အသုံးပြုတာအပြင်  လူမှုစာနာအကူအညီများ ကို ပိတ်ပင်တာ၊ သိမ်းဆည်းတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို  အမြတ်ထုတ်တာ၊ ကူညီကယ်ဆယ်ရေး နဲ့ ဆေးဘက်ဆိုင်ရာလုပ်သားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာ၊ သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးတွေ ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ပိတ်ပင်တာတွေ ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar က ထုတ် ပြန်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှုအမှားတွေ၊ အကျင့်ပျက်ခြစားနေတဲ့ အုပ်ချုပ်ရေးယန္တယားနဲ့ ပြည်သူကို မျက်နှာမမူ တဲ့ စိတ်စေတနာတွေကြောင့် ငလျင်ဘေးသင့်ပြည်သူတွေဟာ ကူကယ်ရာမဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေ ရတာဖြစ်ပါတယ်။

ငလျင်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးသွားတဲ့ အမျိုးသမီးတွေဟာ စိတ်ဓာတ်ကျတာ၊ ရုတ်တရက် ဖြစ်တဲ့ အခြေအနေကြောင့် ဘဝအပြောင်းအလဲကို လက်ခံဖို့ ခက်ခဲတာ၊ တချို့ဆို စကားမပြောတော့တဲ့ အထိ စိတ်ဒဏ်ရာရသွားတာရှိတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားနေတဲ့ မမွန်မြတ်ကပြောပါတယ်။

ဆေးဝါးကုသမှုစရိတ် လိုအပ်ချက်တွေ၊ ကိုယ်တိုင်ဝင်ငွေမရှာနိုင်တော့တဲ့အတွက် စိတ်ပျက်အားလျော့ မှုတွေ၊ ဘာဆက်လုပ်ရမလဲမသိတော့တာစတဲ့ စိန်ခေါ်မှုတွေအပြင် အိမ်ထောင်ရှင်ဖြစ်ခဲ့ရင်လည်း အိမ် ထောင့်တာဝန် မကျေပွန်မှာစိုးတာ၊ အိမ်ထောင်ရေးကို ထိခိုက်လာမှာစိုးတာ၊ စတဲ့စိုးရိမ်မှုတွေရှိတယ်လို့ မမွန်မြတ်က ရှင်းပြပါတယ်။

လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ အိမ်ထောင်ရှင်မကောင်း၊ ဇနီးကောင်းဆိုတဲ့ သတ်မှတ်ချက်တွေ ဟာ မသန်စွမ်းအမျိုးသမီးတွေအတွက် ဗူးလေးရာဖရုံဆင့် ဖိနှိပ်မှုတွေ ဖြစ်စေတာကလည်း မြန်မာနိုင်ငံလို စစ်တပ်အုပ်ချုပ်မှုကြောင့် ဆင်းရဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ထူးခြားမှုဖြစ် ပါတယ်။

“ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တာ၊ သိမ်ငယ်တာ၊ လူ့ပတ်ဝန်းကျင်ကို ရှောင်ရှားပြီး ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတာ၊ လူကြားထဲသွားလာဖို့ ရှက်ရွံ့တာ၊ တပါးသူအကူအညီယူရတော့ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အသုံးမကျတဲ့ လူပိုတစ်ယောက်လို ခံစားလာရတာ”လို့ မမွန်မြတ်က ပြောပါတယ်။

သို့သော်လည်း အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် ကြံ့ကြံ့ခံနိုင်မှုအပေါ် မူတည်ပြီးတော့ ခံစားချက်၊ ခံယူချက်၊ ဘဝရှင်သန်ရပ်တည်မှု၊ ကြိုးစားအားထုတ်မှု စတာတွေတော့ ကွာခြားနိုင်တယ်လို့ဆိုပါတယ်။

“သူတို့ဘဝ မထူးတော့ဘူး၊ ဘာမှလုပ်လို့မရတော့ဘူး၊ လုပ်စရာမရှိဘူး၊ ဘာမှလဲလုပ်ချင်စိတ်မရှိတော့ဘူး၊ သွားလာနေနိုင်တဲ့ဘဝကနေ ချက်ချင်းမသန်စွမ်းဖြစ်သွားတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အလုပ်အကိုင်အခွင့်လမ်းနည်းပါးတော့ ဘဝရပ်တည်ဖို့ ယုံကြည်ချက်မရှိတော့ဘူး။ မရှိမဖြစ်လိုအပ်တာ က အားပြုကိရိယာအပြင် ပုံမှန်ဝင်ငွေရလုပ်ငန်းတစ်ခုပေါ့၊ အလုပ်လုပ်ဖို့ သက်မွေးပညာ အရင်းအနှီး မရှိ တာတွေက အခက်အခဲဖြစ်စေတယ်” လို့ မသန်စွမ်းအရေးလှုပ်ရှားနေတဲ့ မမွန်မြတ်ကပြောပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပေမယ့်လည်း မစံပယ်တစ်ယောက်ကတော့ အနာဂတ်အတွက် အား မလျော့သေးပါဘူး။ အစကတည်းက ရုံးဝန်ထမ်းအမြဲမလုပ်ဘူးလို့တွေးခဲ့ပြီး စာသင်တာလည်း ဝါသနာပါ တဲ့အတွက် အိမ်မှာပဲကလေးတွေကို စာသင်တဲ့အလုပ်ကို ဆက်လုပ်ဖို့ စဉ်းစားထားပါတယ်။

“ကလေးတွေကို စာသင်ချင်တာ အခုလိုသွားလို့လာလို့မရတဲ့ အခြေအနေမှာ အိမ်မှာပဲ မူကြိုလေးဖွင့်ချင် တယ်။ အိမ်မှာလုပ်ငန်းလုပ်လို့ရတယ်။ ပညာနဲ့လုပ်စားလို့ရတယ်၊ စာသင်တာအရမ်းဝါသနာပါတဲ့အတွက် အကောင်အထည်ဖော်ချင်တယ်”လို့ မစံပယ်က ဆိုပါတယ်။

ခေါင်းမာပြီး ပြည်သူမျက်နှာကိုမကြည့်တဲ့ စစ်အုပ်စုကြောင့် ငလျင်မှာ ထိခိုက်ခဲ့သူတွေအတွက် ပြန်လည် ထူထောင်ရေးဟာ လူသားချင်းစာနာမှုအကြပ်အတည်းတွေ ကြုံနေရတာဖြစ်ပါတယ်။

ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတယ်ဆိုတဲ့အတိုင်း  မစပယ်ကတော့ “ဘာပဲဖြစ်ဖြစ် အသက်မသေတာကို က အများကြီးလုပ်ကိုင်လို့ ရသေးတယ်။ ကုသိုလ်ကောင်းမှုတွေလည်း လုပ်ချင်သလို သင်ခန်းစာတွေ လည်း အများကြီးရတယ်၊ လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ ကျွမ်းကျင်တဲ့ ပိုင်နိုင်တဲ့အရာတခုတော့ ရှိကြ တယ်၊ အဲဒီအတွက်ကြောင့် အားလုံး ဘယ်အချိန်ဖြစ်ဖြစ် အားတင်းပြီးတော့‌ ရှေ့ဆက်စေချင်ပါတယ်” လို့ ဆိုပါတယ်။

Author: