အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ
ဒေဝီ
“အမေ သမီးမရှိတဲ့အချိန်မှာ ပျော်အောင်နေပါအမေ ” ဆိုပြီးအစပျိုးထားတဲ့ စာတစောင်ဟာ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့ လာပြီးတဲ့နောက် မြန်မာ့လူအဖွဲ့အစည်းဟာ နည်းနည်းလှုပ်ခါသွားပါတယ်။
ကျောင်းသုံးဗလာစာရွက်ပေါ်မှာ မှင်နက်တဝက်၊ မှင်ပြာတဝက်နဲ့ရေးသားထားတဲ့ စာတစ်စောင်က ၁၄ နှစ်အရွယ် ငါးတန်း ကျောင်းသူလေးတဦး မိမိကိုယ်ကို အဆုံးစီရင်မှု မလုပ်ခင် ရေးသားခဲ့တာပါ၊
ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်နေရတဲ့ ယင်းကျောင်းသူလေးက ကျောင်းပျော်ပြီးစာတော်ပေမယ့် မိဘတွေက အဆင်မပြေတဲ့အတွက် ကျောင်းတက်ဖို့ အခက်အခဲတွေကြုံခဲ့ပြီးနောက် ဇွန် ၆ ရက်နေ့မှာ သူ့ကိုယ်သူ အဆုံးမစီရင်ခင် နောက်ဆုံးရေးထားခဲ့တဲ့စာလေးတစောင်ရဲ့အစဖြစ်နေလို့ပါ။
အဆုံးစီရင်သွားတဲ့ ကျောင်းသူလေးရဲ့ စာထဲမှာဆက်ရေးထားကတော့ “သမီးရှိတဲ့အတွက် ဒုက္ခတွင်ပေးခဲ့တဲ့အတွက် သမီး တောင်းပန်ပါသည်၊ သမီးကျောင်းတက်ချင်လို့ အမေ ဟိုဟာဝယ်ခဲ့လို ပေဆံမရှိတဲ့အတွက် သမီးကို မဝယ်ပေးနိုင်တာ၊ အကို အရမ်းချစ်ရတဲ့အကို ညီမအပေါ် လုပ်ကျွေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်သည်” လို့ ဆိုထားပါတယ်။“ညီမလေးကို လမ်းမှန်အောင်သွားခွင့်ပြုပါအစ်ကို၊ အမေအဖေတို့တွက် သမီးနုတ်ဆက်ပါတယ်။ ညီမလေးက ဒီဘဝမှာနေလို့မရသောဘူး၊ ငါ့သူငယ်ချင်းတွင် ဆရာမများတွင် ကျွန်မကို စာသင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပေးပါ။ အကယ်၍ ကျွန်မ ရှိနေတဲ့အချိန်မှာ ကျေးဇူးတင်ငါမမေ့ပါဘူး၊ ကျွန်မအကိုလို့သဘောထားရတာ ပြောမှားခဲ့တဲ့စကားကို ခွင့်လုပ်ပေးပါ၊ ညီမ လေး ကျောင်းတက်ဖို့ ဘယ်သူမှ ခွင့်မလွှတ်ပေးတော့ဘူးပေါ့ ” ဆိုတဲ့ အရွယ်နဲ့ စိတ်ဒုက္ခမမျှတဲ့ ပဥ္စမတန်းကျောင်းသူလေးတယောက်ရဲ့ခံစားချက်တွေ စာထဲမှာတွေ့ရပါတယ်။
ဒီမတိုင်ခင် ဇွန်လ ၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အသက် ၁၂ နှစ်အရွယ်၊ နှစ်တန်းကျောင်းသူလေး တဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသေးတယ်။
မိမိကိုယ်ကိုအဆုံးစီရင်တာက သာမန်အားဖြင့် အရွယ်ရောက်ပြီးလူတွေမှာသာ ကြားရလေ့ရှိတဲ့ ဖြစ်ရပ်ဖြစ်ပေမယ့် အသက် ငယ်ရွယ်သေးတဲ့ ကလေးနှစ်ဦးရဲ့ မိမိကိုယ်ကိုသတ်သေတဲ့ဖြစ်စဉ်က ကြားသိရသူတိုင်း ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။
ကလေးသဘာဝပီပီ ပျော်ပျော်ရွှင်ရွှင်နဲ့နေရမယ့်အရွယ်က အဆုံးစီရင်တဲ့လမ်းရွေးသွားတဲ့အပေါ်မှာ အရွယ်နဲ့မမျှ စိတ်ဒဏ် ရာတွေကို ထမ်းပိုးနေရတယ်လို့ မှတ်ချက်ပြုကြသလို၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဂရုပြုဖို့၊ အထူးသဖြင့် စစ်ဖြစ်တဲ့ ပဋိပက္ခဒေသတွေက ကလေးတွေရဲ့ ပင်ပန်းဆင်းရဲမှုအခြေအနေကို မီးမှောင်းထိုးပြနေတဲ့အတွက် စစ်ဘေးသင့်ဒေသတွေက ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ကုစားဖို့ မှတ်ချက်တွေပြုကြပါတယ်။

“ဒီသမီးလေး(ငါးတန်းကျောင်းသူ) သူဘယ်လောက်စိတ်အားငယ်နေမလဲဆိုတာ ခံစားမိတယ်၊ စစ်ဖြစ်နေတဲ့နေရာတွေက က လေးတွေက ကျွန်တော်တို့ထင်တာထက်ကို စိတ်ဒဏ်ရာနက်ရှိုင်းပါတယ်၊ အသက်ဘေးအတွက် ပူပန်ရတာ၊ မိဘက မပြေ လည်တာတွေ၊ ဆယ်ကျော်သက်အရွယ်မလို့ လိုချင်တာရှိလည်း မဖြည့်ဆည်းပေးနိုင်နဲ့ အရွယ်နဲ့မမျှအောင် ခံစားကြရတာ” လို့ ချင်းတွင်းတဖက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ မသူက မှတ်ချက်ပြုပြောဆိုပါတယ်။
ကလေးတွေက ဆော့မယ်၊ စားမယ်၊ အချိန်တန်ရင် ကျောင်းသွားစာသင်ပြီး၊ မိဘခိုင်းတာလုပ်နဲ့ နေရမှာဖြစ်ပေမယ့် အခုချိန် မှာတော့ စစ်ဘေးကြောင့် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ ဆော့ကစားရမယ့်အချိန်တွေ ဆုံးရှုံးနေရသလို သူတို့အုပ်ထိန်းသူတွေ ရဲ့ စိုးရိမ်ပူပန်မှုတွေ အဆင်မပြေမှုတွေက သူတို့အပေါ်မှာလည်း တိုက်ရိုက်ဆက်နွယ်နေတဲ့အတွက် ကလေးငယ်တွေမှာ အနည်းနဲ့အများစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်လို့ မသူကပြောပါတယ်။
ဒေသမတူပေမယ့်လည်း ကြုံရတဲ့ဒုက္ခတွေက တူညီနေကြပြီး စစ်ရှောင်ထွက်ပြေးရတာ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် သူငယ်ချင်း မိဘဆွေမျိုးမောင်နှမတွေ သေဆုံးရတာ မျက်မြင်ကြုံရသလို မိသားစုတွေ တကွဲတပြားဖြစ်တာတွေလည်း ကြုံရတဲ့အခါ သူတို့ရဲ့စိတ်ဒဏ်ရာက ဘယ်လောက်နက်ရှိုင်းမလဲဆိုတာ မှန်းဆလို့ရတယ်လို့ သူကပြောပါတယ်။
အခုလို စာမသင်ကြားရလို့ သေကြောင်းကြံသွားတဲ့ ကျောင်းသူအရွယ်ကလေးငယ်လေးတွေရဲ့ သတင်းကို ကြားသိတဲ့အခါ စိတ်မကောင်းဖြစ်မိသလို စစ်ဘေးဒဏ်သင့်ကလေးတော်တော်များများဟာ စာသင်ခန်းထဲမှာ ပုံမှန်စာမသင်ကြားနိုင်တဲ့အခြေ အနေတွေနဲ့ ဖြတ်သန်းနေရတာပါလို့ မသူကပြောပါတယ်။
ငွေကြေးပြေလည်သူတချို့သာ ကလေးတွေ နောင်ရေးကောင်းဖို့ မြို့ပြဒေသကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်နိုင်ပေမယ့် အများစုကတော့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြားမှာ အသက်ရှင်သန်ဖို့အတွက် ကြိုးပမ်းပြီး နေထိုင်နေ ကြရတာပါလို့ သူကဆက်ပြောတယ်။
ပဋိပက္ခဒေသတွေမှာလည်း NUG အစိုးရရဲ့ မြေပြင်ကျောင်းတွေရှိပေမယ့် လေကြောင်းတိုက်ခိုက်ခံမှု အချိန်မရွေးခံနေရတဲ့ အခြေအနေမှာ ကျောင်းပညာရေးက ပုံမှန်မရှိသလို လမ်းပန်းဆက်သွယ်ရေးနဲ့ အင်တာနက်ကလည်း မကောင်းတဲ့အတွက် မြို့ပြဒေသက ကလေးတွေလို အခြားလေ့လာသင်ယူစရာတွေလည်း မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသက ကလေးတွေဖြစ်တာကြောင့် လိုအပ်ချက်တွေ အများအပြားရှိနေပြီး ပျော်ရွှင် စွာ ဆော့ကစားတာကစလို့၊ ပညာသင်ကြားဖို့ လူကြီးမိဘတွေရဲ့တာဝန်ဖြစ်ပေမယ့် လူကြီးမိဘတွေကိုယ်တိုင်က အသက်ရှင် သန်ဖို့ မလုံခြုံမှုတွေ၊ စိတ်အဆင်မပြေမှုတွေနဲ့ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတော့ ကလေးတွေရဲ့ စိတ်အခြေ အနေကို ဂရုမပြုနိုင်ဘူးလို့ ဆိုပါတယ်။
“သူတို့မှာ ပျော်စရာတွေက အများကြီးမရှိရှာဘူး၊ စာအုပ်အသစ်လေး၊ ခဲတံလေးရရင်တောင် ပျော်နေကြရတာ” လို့ မသူက ပြောတယ်။
ကရင်နီပြည်နယ်က ထဲဖိုး(Htel Phoe) ဂီတသင်တန်းက ဂီတဆရာမ မော်ဖရေးမြာက ကျောင်းသူလေးနှစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုအတွက် စိတ်မကောင်းဖြစ်ရပြီး မိဘအဆင်မပြေမှုကြောင့် ပညာရေးကို စိတ်ဝင်စားပေမယ့် ကျောင်းတက်ခွင့် မရတဲ့ကလေးတွေ အများကြီးရှိနေပြီး ကရင်နီပြည်နယ်မှာ ကလေး ၈၀ ရာခိုင်နှုန်းလောက်က ပညာသင်ကြားခွင့် မရကြဘူး လို့ ပြောပါတယ်။
ပဋိပက္ခအခြေအနေတွေကြောင့် ပညာသင်ကြားခွင့်မရတဲ့အတွက် ရေရှည်မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို စိတ်ပူမိ တယ်လို့ သူကဆိုပါတယ်၊ တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲတာတွေ၊ ညအိပ်ချိန်မှာတောင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရတာ စတဲ့လုံခြုံရေးအခြေအနေကြောင့် မိဘတွေကိုယ်တိုင်က ကျောင်းမပို့ချင်တော့တဲ့အခြေအနေမှာ ကလေးတွေရဲ့ကျင်လည် ရာ ပတ်ဝန်းကျင်က မကောင်းတဲ့အရာတွေကို သင်ယူမိမှာလည်း စိုးရိမ်ရတယ်လို့ဆက်ပြောတယ်။
“ကျမအတွက်တော့ စာသင်ကြားခွင့် မရှိတာနဲ့ စာသင်လို့ အဆင်မပြေတာနဲ့ သူတို့ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာက အများကြီး ထိခိုက်မယ်လို့တော့မြင်တယ်”လို့ မော်ဖရေးမြာကပြောပါတယ်။
ပဋိပက္ခနယ်မြေမှာဖြစ်တဲ့အတွက်ကြောင့် ကလေးတွေမှာ ပညာရေးပိုင်းဆိုင်ရာမှာလည်း အားနည်းသလို မိဘကိုယ်တိုင်က မပြေလည်မှုတွေကြောင့် ကျောင်းမပေးတက်တာ၊ ကျောင်းတက်ခွင့်မရတော့တဲ့အခါ စာသင်ခန်းဝန်းကျင်ထက် သူတို့ကျင် လည်ရာဝန်းကျင်က မြင်နေရတဲ့အရာတွေကိုပဲ လက်ခံနေရတာဖြစ်တယ်လို့ ဆိုပါတယ်၊
“သူတို့ရဲ့ပထမဆုံးအတွေ့အကြုံ၊ သူတို့ရဲ့ပထမဆုံးမြင်ကွင်းတွေက နည်းနည်းအရိုင်းဆန်တယ်၊ ဘယ်နေရာမှာမဆို လူသတ်မှု တွေ၊ လူသေမှုတွေ၊ ဒုက္ခသည်တွေပဲမြင်တွေ့နေရတာ” လို့ သူကဆိုတယ်။
သူ့အနေနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့၊ သူတို့ရဲ့လွှဲမှားနေတဲ့ အချို့စိတ်ပိုင်းဆိုင်ရာတွေ ဒီကာလမှာ ဆိုးရွားတာ တွေအပြင် ကောင်းတဲ့ဖြစ်ရပ်တွေလည်း ရှိပါသေးတယ်ဆိုတာမျိုးတွေ မျှဝေတာ၊ ကလေးတွေနဲ့အတူ ဂိမ်းကစား၊ ပုံပြင်ပြော တာ၊ သီချင်းသီဆိုတာ စသဖြင့် ပတ်ဝန်းကျင်ကောင်းတခုဖြစ်ဖို့ လုပ်ဆောင်ပေးဖြစ်ပါတယ်လို့ ဆိုပါတယ်။
ခက်ခဲတဲ့အခြေအနေဖြစ်ပေမယ့်လည်း ပဋိပက္ခဒေသတွေက ကလေးတွေ ပညာသင်ကြားခွင့်ရဖို့ အကူအညီများများ လိုအပ် နေပြီး၊ ပညာတတ်မှရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာရော ပြောင်းလဲလာမှ သူတို့ဘဝတိုးတက်ကောင်းမွန်မှာပါလို့ မော်ဖရေးမြာ က ဆိုတယ်။
ယူနီဆက်(မြန်မာ) က ၂၀၂၄ ဒီဇင်ဘာက ထုတ်ပြန်ထားတဲ့ ကလေးများအတွက် စိုးရိမ်ဖွယ်နှစ်တစ်နှစ်စာတမ်းမှာတော့ မြန်မာ့ ကလေးငယ် ၆ သန်းခန့်က ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရ ပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၃ ဒဿမ ၅ သန်းနီးပါးအနက် ၃၃ ရာခိုင်နှုန်းကျော်မှာ ကလေးများဖြစ် ကြတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာကလေး ၅ သန်းကျော်မှာလည်း ပညာသင်ခွင့်အခွင့်အလမ်းတွေ ဆုံးရှုံးနေသလို ဒီအတွက်လည်း ကလေးတွေမှာ အတင်းအကြပ်စစ်သားစုဆောင်းခံရတာ၊ အသက်မပြည့်မီ သို့မဟုတ် အတင်းအကြပ်လက်ထပ်ထိမ်းမြားခံရတာ၊ လိင်ပိုင်း ဆိုင်ရာခေါင်းပုံဖြတ်၊ အလွဲသုံးစားပြုခံရတာ စတဲ့ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရတယ်လို့ ဆိုပါ တယ်။
အရပ်သားအများစုနေထိုင်ရာဒေသတွေမှာ မြေမြုပ်မိုင်းအသုံးပြုတာ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားသေဆုံးစေနိုင် တဲ့ လက်နက်တွေကို တိုးမြှင့်အသုံးပြုလာတာတွေက ကလေးတွေအတွက် လုံခြုံရာနေရာတွေ လျော့ပါးစေလာသလို စာသင် ကျောင်း၊ ဆေးရုံနဲ့ ကစားကွင်းများဟာလည်း အလားတူတိုက်ခိုက်မှုတွေရဲ့ပစ်မှတ်တွေ ဖြစ်လာတယ်လို့ ယူနီဆက်က ထုတ် ပြန်ပါတယ်။
ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျောင်းတက်နေတဲ့ ကလေးငယ်တွေ သေဆုံးထိခိုက် ဒဏ်ရာရတဲ့သာဓကတွေရှိတော့ မိဘတွေလည်း စိုးရိမ်ပူပန်ပြီး ကျောင်းမပို့တော့ဘဲ ကလေးက ငါးရှာမျှစ်ချိုးနဲ့ မိဘတွေနဲ့ အတူ လယ်ယာဝင်၊ ကြုံရာကျပန်းလုပ်နေရတာတွေလည်းရှိတယ်လို့ မြိုင်ဒေသနေ ကလေးနှစ်ဦးဖခင်ဦးအောင်က ဆိုပါ တယ်။
ဘယ်ဒေသက ကလေးတွေဖြစ်စေ၊ ကလေးသဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းစေချင်ပြီး သူတို့ဒေသက ကလေး တွေကတော့ စစ်ရှောင်ရတာ၊ လက်နက်ကြီးပစ်သံ၊ လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာ ကာလကြာရှည်လာတော့ အသားကျလာသလိုဖြစ်နေရတယ်လို့ ဆိုပါတယ်။
တချို့ကလေးတွေမှာလည်း ကျောင်းစာပုံမှန်မသင်ကြားရလို့ အသက်ကြီးပြီး အတန်းငယ်နေတဲ့အတွက် ရှက်ပြီး ကျောင်းမ သွားချင်တာ မိဘတွေမှာလည်း ငွေကြေးမပြေလည်တဲ့အတွက် ဝင်ငွေရအောင် လုပ်ငန်းခွင်ထဲပို့ကြတာ ဒါတွေကြောင့်လည်း ကလေးတွေမှာ ပညာရေးတပိုင်းတစ ဖြစ်ကြရတာတွေရှိတယ်လို့ သူကဆက်ပြောပြပါတယ်။
ငယ်ရွယ်တဲ့ကလေးတွေဟာ သူတို့ကိုယ်သူတို့ အသက်ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးဆွဲချတာ၊ လည်ပင်းကို အစ်အောင်လုပ်တာနဲ့ အသက်ရှုကြပ်အောင်၊ မွန်းအောင်လုပ်တဲ့နည်းတွေကို သုံးကြတယ်လို့ ၂၀၁၆ မှာထုတ်ပြန်ခဲ့တဲ့ CDC (ရောဂါရှာဖွေထိန်းချုပ် ရေးစင်တာ) ရဲ့ အချက်အလက်အရ သိရပါတယ်။
ငယ်ရွယ်တဲ့ကလေးတွေမှာ သေကြောင်းကြံစည်မှုဖြစ်ရတာက စိတ်ဓါတ်ကျမှု (Depression) နဲ့ မျှော်လင့်ချက်မဲ့တာတွေ ကြောင့်ဖြစ်ပြီး၊ အများအားဖြင့် အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အရွယ်အတွင်းမှာ တွေ့ရလေ့ရှိသလို၊ ADHD လို့ခေါ်တဲ့ အာရုံ စူးစိုက်မှုနည်းပြီး ဂဏာမငြိမ်လက္ခဏာရှိတဲ့ကလေးတွေမှာလည်း သေကြောင်းကြံစည်မှုအန္တရာယ်ကို တွေ့ရတယ်လို့ CETA Mental Health Counselor မှ Trainer တဦးဖြစ်တဲ့ မချယ်ရီစိုးမြင့်ကပြောပါတယ်။
ဒါ့အပြင် အခြားအရေးပါတဲ့အချက်အနေနဲ့ အနိုင်ကျင့်ခံရတာ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခံရတာ၊ လျစ်လျူရှုခံရတာနဲ့ ခက်ခဲကြမ်းတမ်းတဲ့လူနေမှုဘဝကို အရွယ်နဲ့မမျှအောင် ရင်ဆိုင်နေရတာ၊ အရွယ် ရောက်ပြီးလူကြီးတွေ (သို့) ပတ်ဝန်းကျင်နဲ့ မိဘအုပ်ထိန်းသူတွေရဲ့ ဂရုစိုက်မှု မရရှိတာတွေကလည်း ကလေးငယ်ဆီမှာ သေကြောင်းကြံစည်မှုနဲ့ ဆက်နွယ်တဲ့အတွေးတွေကို ဖြစ်ပေါ်စေတယ်လို့ သူကပြောပါတယ်။။
မြန်မာနိုင်ငံမှာလို စစ်ပွဲဖြစ်တဲ့ (သို့) လုံခြုံမှုမရှိတဲ့ (သို့) တည်ငြိမ်မှုမရှိတဲ့ အရပ်ဒေသမှာ နေကြရတဲ့ ကလေးငယ်တွေအနေနဲ့ ကြီးမားတဲ့စိတ်ဖိစီးမှုတွေ ခံစားရမှုက အကြောင်းရင်းတစ်ရပ်အနေနဲ့ ရှိနိုင်တယ် လို့သူကဆိုတယ်။
“ စစ်ပွဲရှိတဲ့အရပ်ဒေသက ကလေးတိုင်း ဒီလိုဖြစ်နိုင်တယ်လို့ မဆိုလိုပေမယ့် ဒါကသူတို့အတွက် ရေရှည်စိတ်ဒဏ်ရာတစ်ခု လည်း ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေက အခက်အခဲတွေကြားမှာ ခံနိုင်ရည်အားကို ပိုတည်ဆောက်နိုင်ကြပေမယ့် တချို့ ကလေးတွေအတွက်ကတော့ ဖြေရှင်းဖို့နည်းလမ်းကို ရှာဖွေဖို့ ခက်ခဲနိုင်တာတွေရှိပါတယ်” လို့ မချယ်ရီစိုးမြင့်က ပြောပါ တယ်။
ကလေးတွေက စိတ်ပိုင်းဆိုင်ရာခံစားရတတ်ပေမယ့် လူကြီးအတော်များများက ကလေးတွေက လူကြီးတွေလို စိတ်ခံစား ချက် မရှိနိုင်ဘူးလို့ တွေးတတ်ကြပြီး၊ တကယ်တမ်းမှာတော့ ကလေးငယ်တွေက မိသားစုပြဿနာတွေ၊ ပဋိပက္ခတွေမှာ သက် ရောက်မှုအဖြစ်ဆုံး၊ ထိခိုက်မှုအကြီးဆုံးသူတွေဖြစ်ကြတယ်လို့ သူကပြောပါတယ်။
“ကလေးပဲ ဘာသိမှာလဲ၊ ကလေးက ကလေးလိုနေ၊ လူကြီးတွေကိစ္စမှာ ဝင်မပါနဲ့၊ ဒါက ဘာဖြစ်သွားမှာမို့လဲ၊ ကလေးပဲဟာ စသဖြင့် ဒီလိုစကားတွေကို ကျမတို့ ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ၊ ပြောမိနေကျဖြစ်နိုင်ပါတယ်။ ဒါဟာ တကယ်မှန်ကန်တဲ့ အပြောအဆိုတွေဖြစ်ရဲ့လားဆိုတာကို ကျမတို့ ပြန်စဥ်းစားကြရပါမယ်” လို့ မချယ်ရီစိုးမြင့်ကပြောပါတယ်။
လူမှုအသိုင်းအဝိုင်းက သတိပြုရမှာက ငါးနှစ်အထက်ကလေးငယ်တွေက မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ အတွေးဝင်နိုင်တယ် ဆိုတာ သတိထားရမှာဖြစ်သလို၊ ဒီလိုငယ်ရွယ်တဲ့ကလေးတွေမှာ အဆုံးစီရင်ဖို့အတွေးဝင်တယ်ဆိုတာက သူတို့မှာ တကယ် ကို ကြီးမားတဲ့နာကျင်မှုနဲ့ ဆိုးရွားတဲ့စိတ်ဖိစီးမှုတွေ ခံစားနေရလို့ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
ကလေးတွေမှာ စိတ်ဖိစီးမှုကြီးကြီးမားမားကြုံရတဲ့အခါ သူတို့ပြောတာကို နားထောင်ပေးတာ၊ သူတို့ကို စကားပြောပေးတာ တွေ လုပ်ဆောင်သင့်ပြီး သူတို့ခံစားနေရတဲ့ အတွေးတွေနဲ့ ခံစားမှုတွေကို လစ်လျူရှုထားခြင်းကသာ ပြဿနာကို ပိုကြီးမား စေပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဆီကိုလည်း ဦးတည်သွားစေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီအတွက်လည်း မိဘတွေ၊ ဆရာတွေ၊ နီးစပ်ရာလူကြီးတွေအနေနဲ့ ကလေးတွေနဲ့စကားပြောပေးတာ၊ လိုအပ်ရင်ကျွမ်းကျင် ပညာရှင်ဆီကို ပို့ဆောင်ပေးတာတွေကို လုပ်ပေးဖို့လိုတယ်လို့ မချယ်ရီစိုးမြင့်က ပြောပါတယ်။
လွတ်လပ်စွာ ရှင်သန်ခွင့်၊ လုံခြုံစွာနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေက လူသားတိုင်းရသင့်တဲ့ အခွင့်အရေးပါ။ လက်ရှိမှာ တော့ စစ်ဘေးရှောင်ဒေသတွေမှာ ဒါတွေက လုံးဝပျောက်ကွယ်နေတဲ့အတွက် ဒီအခွင့်အရေးကို အမြန်ဆုံး ဖန်တီးပေးဖို့လို အပ်နေပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်မှ တိုင်းပြည်လည်း ဖွံ့ဖြိုး တိုးတက်မှာဖြစ်တဲ့အတွက် ကလေးငယ်တွေမှာ ရရှိနေကြတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုကြ ပါတယ်။
သူဌေးကြီးတွေဟာ သူတို့ရဲ့ ဘဏ်စာရင်းကို အာရုံစိုက်ကြတယ်။ နိုင်ငံရေးသမားတွေဟာ လာမယ့်ရွေးကောက်ပွဲကို အာရုံ စိုက်ကြတယ်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေက အနာဂါတ်မျိုးဆက်သစ်တွေကို အာရုံစိုက်ကြစို့ဆိုတဲ့ နိုင်ငံရေးအဆိုအမိန့်တခု ရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ကလေးတွေကို မေ့မထားသင့်ဘူးဆိုတာ လွိုင်ကော်အရှေ့ခြမ်းမှာ အဆုံးစီရင်ခဲ့တဲ့ ပဥ္စမတန်းကျောင်းသူလေးနဲ့ သူမလိုအဆုံးစီရင်ခဲ့တဲ့ ကလေးတွေက သတိပေးနေ ပါပြီ။
မည်သို့ပင်ဖြစ်စေ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ စစ်ဘေးရှောင်နေရတဲ့ ပဥ္စမတန်းကျောင်းသူလေးရဲ့ “ ညီမလေးအရမ်း ပင်ပန်း နေပြီ၊ အမေ သမီးသွားတော့မယ်၊ Love family အဖေက အရင်လိုမျိုး မစိုးပါနဲ့လို့ သမီးဆုတောင်းပါတယ်” ဆိုတဲ့ စာလုံး ပေါင်းသတ်ပုံလွဲချော်နေတဲ့ စာသားတွေဟာ အရွယ်နဲ့သောကနဲ့ မမျှတတဲ့ဖိစီးမှုတွေကို ဖော်ပြနေသလို အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကိုပါ သတိပေးတပ်လှန့်လိုက်တဲ့ သေတမ်းစာတစောင်ဖြစ် တယ်လို့ ထုတ်နှုတ်တင်ပြလိုက်ပါရစေ။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025