အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတွန်းအားပေးနေတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ
ခင်ဘုန်းမို့
“ယောကျာ်းပီသချင်ရင် မုဒိန်းကျင့်တာကိုပါ စိတ်ကူးယဉ်နေရမယ်” ဆိုတဲ့ပြောစကားတွေပါဝင်တဲ့ ဇာတ်ဝင်ခန်း တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ဒီဇာတ်ဝင်ခန်းမှာ အမျိုးသားဇာတ်ဆောင်တွေဟာ အမျိုးသားသရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ရင် အရက်သေစာသောက်စားတာ၊ လောင်းကစားပြုလုပ်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေကအစ ပြုလုပ်တတ်ရမှာ ဖြစ်ပြီး မုဒိမ်းကျင့်တာကိုပါ ကျူးလွန်ရမယ်ဆိုတာကို ပြောဆိုနေတဲ့ဇာတ်ဝင်ခန်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလက် နက်သဖွယ်အသုံးပြုနေတဲ့အပြင် တော်လှန်ရေးလှုပ်ရှားသူတချို့ကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိနေတဲ့ အခုလိုကာလမှာ “အမျိုးသမီးတွေကို လိင်အမြတ်ထုတ်ဖို့” တွန်းအားပေးတဲ့ ပြောစကား တွေပါတဲ့ ဇာတ်ဝင်ခန်းကို လူကြီးလူငယ်မရွေး အလွယ်တကူကြည့်ရှု့နိုင်တဲ့ ရုပ်မြင်သံကြားမှာ ထည့်သွင်းပြသ တာဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်စေဖို့ တွန်းအားပေးနေတာလားဆို တာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဒါပေမယ့် အခုလိုဇာတ်ဝင်ခန်းတွေဟာ လက်ရှိကာလမှပေါ်ပေါက်လာတာမျိုးမဟုတ်ဘဲ အရင်ခေတ်ကာလတွေ ကတည်းက မြန်မာ့ရှင်ရုပ်ဇာတ်လမ်းတွေမှာ ပါဝင်နေကြဖြစ်ပါတယ်။
မြန်မာရုပ်ရှင်တွေမှာ များသောအားဖြင့် လိင်ပိုင်းဆိုင်ရာပြက်လုံးတွေပါဝင်တာ၊ အမျိုးသမီးတွေကို နောက်ပြောင်တာ၊ ထိကပါးရိကပါးပြောတာ၊ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကိုလိင်ပိုင်းဆိုင်ရာထိပါးတဲ့ အကြည့်နဲ့ ကြည့်တာ စတဲ့ ပြကွက်တွေပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာတွေမှာလည်း အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ပြီးနောက် ကိုယ့်အပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူနဲ့ လက်ထပ်လိုက်ရတာမျိုးတွေ၊ အမျိုးသမီးကိုအလိုမတူဘဲကားတင်ပြေးတာမျိုးတွေ၊ အဓိကအမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ် ဆောင်ကိုကယ်တင်ဖို့အတွက် ဗီလိန်ဇာတ်ဆောင်တွေက အမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာရယူဖို့ ကြိုးစားတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုဇာတ်ဝင်ခန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်စားချေတဲ့လက်နက်တစ်ခုလို ဖော်ပြတာစတဲ့ ပြကွက်တွေပါဝင်ပါတယ်။
ဒါ့အပြင်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတွန်းအားပေးတဲ့ ဆိုရိုးတွေဖြစ်တဲ့ “မယားနေစ ကြောင်သေမှ”၊ “အရိုး ကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်” စတာတွေကို ဖော်ပြရိုက်ကူးလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်ရှင်၊ ဗီဒီရို၊ အခုနောက်ပိုင်းပေါ်ထွက်လာတဲ့ ဇာတ်လမ်းတွဲတွေဟာ ပြည်သူလူထုအလွယ်တကူ ကြည့်ရှု့လို့ရတဲ့ အခမဲ့ရုပ်သံလိုင်းတွေ၊ အွန်လိုင်းပေါ်မှာပြန်လည်တင်ထားတာတွေကြောင့် အသက်ကန့်သတ် ချက်မရှိ၊ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးမရွေး အလွယ်တကူကြည့်ရှု့နိုင်ဖို့ လက်လှမ်းမီနေသလို မြန် မာလူထုအနေနဲ့လည်းရုပ်ရှင်ဇာတ်လမ်းတွေအပေါ်စိတ်ဝင်စားအားပေးမှုကခေတ်အဆက်ဆက်အားကောင်းခဲ့တာဖြစ်ပါတယ်။
လူထုနဲ့ အများဆုံးထိတွေ့မှုရှိတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်တဲ့ပြကွက်နဲ့ စကားလုံးအနှုန်းတွေဟာ လက်တွေ့ လူမှုဘဝကို သက်ရောက်မှုတွေရှိလာနိုင်မှာပဲဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြကွက်တွေက လူမှုအသိုင်းအဝိုင်းအပေါ်ဘယ်လောက်သက်ရောက်မှုတွေရှိလဲ
အလိုမတူဘဲ အမျိုးသမီးကိုအတင်းရယူလိုက်ရလို့ လက်ထပ်လိုက်ရပြီးတဲ့နောက်ပိုင်း ချစ်သွားကြတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးကပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ သာမာန်ရိုးရိုးပဲလို့ထင်ရပေမယ့် တဖက်ကကြည့်ရင် ဒီလိုအကြမ်း ဖက်ပြီးရယူလိုက်တဲ့ကိစ္စက နောက်ပိုင်းကြ ပြေလည်သွားတာပဲဆိုတဲ့ အတွေးမျိုးဖြစ်စေပြီး၊ အကြမ်းဖက်မှုကို normalize (ပုံမှန်အတိုင်း) လုပ်သလိုမျိုးဖြစ်လာတယ်လို့ မအေးလဲ့ထွန်းကပြောပါတယ်။ မအေးလဲ့ထွန်းဟာ လက်ရှိမှာ Political Science ကို Ph.D. တက်ရောက်နေတာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ သုတေသနအဖွဲ့တစ်ခုမှာ Gender Program Manager (ကျားမတန်းတူရေးပရိုဂရမ်မန်နေဂျာ)အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေ ဇာတ်ဝင်ခန်းတွေကို ဝေဖန်ထောက်ပြကြတဲ့အခါ တချို့ကလည်း အပြင်လောကမှာ ဖြစ်နေ တာတွေကို ရုပ်ရှင်ကပြန်လည်တင်ပြတာကြတာ ဖြစ်တာကြောင့် ရုပ်ရှင်ကိုရုပ်ရှင်အတိုင်းခံစားဆိုတဲ့ ပြောဆိုမှု တွေလည်းရှိကြပါတယ်။
“အပြင်လောကမှာပြောဆိုနေထိုင်ပြုမူကြတဲ့ အတိုင်းသူတို့လည်းရိုက်ရတာပဲဆိုတဲ့ ဆင်ခြင်ကတော့ဖြစ်သင့်ပါ တယ်။ ပြောနိုင်ပါတယ်။ သို့သော်ငြား ဒီဟာတွေက ထပ်ခါထပ်ခါများလာပြီးတော့ ဒီအကြောင်းအရာချည်း ထပ်ခါ ထပ်ခါများလာတော့ အပြင်မှာရှိတဲ့ဟာကို ရုပ်ရှင်မှာတင်ပြ၊ ရုပ်ရှင်မှာရှိတဲ့အတိုင်း အပြင်ကလိုက်လုပ်၊ ဒီစက်ဝိုင်း ကြီးကမကျိူးပျက်တော့ဘူး။ အဖန်ဖန်ကျော့ပြီးလည်နေသလိုဖြစ်နေတယ်။ ပိုပိုပြီးတော့ ဒီအစွဲတွေကပိုခိုင်ခန့် လာတယ်”လို့ မအေးလဲ့ထွန်းကထောက်ပြပါတယ်။
ရုပ်ရှင်ကိုရုပ်ရှင်အတိုင်းခံစားဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး လူငယ်အမျိုးသမီး Independent filmmaker ရှင်ဂွမ်းဂွိ(အမည်လွှဲ)ကလည်းငြင်းဆိုပါတယ်။ သူဟာ မှတ်တမ်းရုပ်ရှင် (documentary) တွေလည်း ရိုက်ကူးနေ သူတစ်ဦးဖြစ်ပါတယ်။
“ယောကျာ်းကမိန်းမကို ရိုက်လိုက်တယ်ဆို “ရိုက်သင့်တယ်လေ ရုပ်ရှင်ထဲမှာတောင်ရိုက်တာပဲ” အဲဒီလိုမျိုးနဲ့ အပြန်အလှန်ဖြစ်နေတာ ရုပ်ရှင်ကရုပ်ရှင်ပဲဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ သူကဆိုပါတယ်။
ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုက မသိလိုက်မသိဘာသာနဲ့ လွှမ်းမိုးမှုတွေဖြစ်စေပြီး ဖျော်ဖြေရေးအနေနဲ့ ကြည့်လိုက်တယ်ဆို ပေမယ့် မသိလိုက်ခင်မှာ စိမ့်ဝင်သွားမှုတွေအများကြီးဖြစ်နိုင်သလို အဆိပ်အတောက်တွေပါဝင်ရင်လည်း အဆိပ်အတောက်တွေဖြစ်စေတယ်လို့ သူကဆိုပါတယ်။
ဇာတ်ညွှန်ရေးသူတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မသိလို့ရေးမိတာလား။ သိပေမယ့် တခြားသူတွေ ရေး တာကိုတွေ့တဲ့အတွက် ဒီလောက်ကတော့ရေးလို့ရတယ်လို့ တွေးပြီးရေးတာမျိုးရှိနိုင်ပေမယ့် ကြည့်ရှုသူတွေ အပေါ် မှာတော့ လွှမ်းမိုးမှုတွေရှိနိုင်မယ်လို့ ဒါရိုက်တာ William (အမည်လွှဲ)ကဆိုပါတယ်။
သူဟာလက်ရှိမှာ production(ထုတ်လုပ်ရေးလုပ်ငန်း) တစ်ခုတည်ထောင်ထားသူဖြစ်ပြီး filmmaker အဖြစ် ၁၀နှစ်ဝန်းကျင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
“ဒါပေမယ့် ရုပ်ရှင်ကိုကြည့်တဲ့အမျိုးသားပရိတ်သတ်အတွက်တော့ ငါလည်းဒီလိုချော့ဦးမှတို့၊ ငါလည်းဒီလိုရိုက် ဦးမှတို့၊ Gay တွေဆိုရင် ငါလည်း ဒီလိုစဦးမှတို့ အဲဒီလိုအတွေးတွေဝင်သွားနိုင်တယ်။ ပရိတ်သတ်အနေနဲ့ကျ ရုပ်ရှင်ကအရမ်းလွမ်းမိုးမှုကြီးတာကိုး”လို့ ဒါရိုက်တာ William (အမည်လွှဲ)ကဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိရှိသမျှ လှည်းနေလှေအောင်းမြင်းစောင်းမကျန် ပြည်သူလူထုတစ်ရပ်လုံးဟာ တမင်ရည်ရွယ် ချက်ရှိရှိ ကန့်သတ်ပုံဖော်ထားကြတဲ့ ရုပ်ရှင်တွေ၊ ဝါဒဖြန့်မှုတွေနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် မသိစိတ်ထဲအထိပါ ရုပ် ရှင်ရဲ့ လွှမ်းမိုးမှုတွေ ရှိနေခဲ့ပြီး ဘာသာရေး၊ နိုင်ငံရေး ဝါဒဖြန့်မှုတွေနဲ့ အတူ အမျိုးသမီးတွေအပေါ် ခွဲခြားဆက် ဆံတာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ နေ့စဥ်လူနေမှုဘဝထဲကို နည်းအမျိုးမျိုးနဲ့ စိမ့်ဝင်နေခဲ့ ကြကာ တချို့သောအကြမ်းဖက်မှုတွေက ရုပ်ရှင်ဆန်ဆန်ကျူးလွန်မှုတွေကို မကြာခဏတွေ့နိုင်တယ်လို့ Artists’ Shelter ရဲ့ Program Director အယ်လ်မင်းပြည့်မွန်ကလည်းဆိုပါတယ်။
သူဟာ ၂၀၀၅ ခုနှစ် လောက်ကစတင်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာနဲ့ ပရိုဂျူဆာတစ်ယောက်အဖြစ် အနုပညာလုပ် ငန်းတွေကိုလုပ်ကိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။
အာဏာသိမ်းမှုမတိုင်ခင်က မြန်မာ့ရုပ်ရှင်လောကထဲက အမျိုးသမီးတွေအပေါ်ခွဲခြားမှု အခြေအနေ
အာဏာသိမ်းမှုမတိုင်မီကာလမှာလည်း မြန်မာရုပ်ရှင်တွေမှာ ပါဝင်နေတဲ့ အသုံးအနှုန်းနဲ့ ပြကွက်တွေက အမျိုး သမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး ဥပမာအားဖြင့် အမျိုးသမီးတွေ ဘုရားပေါ်မတက်ရတာ၊ ယောက်ျား တွေနဲ့တစ်တန်းထဲမထိုင်ရတာ၊ အိမ်ထောင်ဦးစီး ယောက်ျားအပေါ် နှိမ့်ချဆက်ဆံပြီး အားကိုးအားထား ပြုရမယ် ဆိုတာမျိုးတွေ စတာတွေကိုရိုက်ကူးတင်ဆက်ခဲ့ကြတယ်လို့ Artists’ Shelter ရဲ့Program Director အယ်လ်မင်းပြည့်မွန်ကပြောပါတယ်။
“ဒါတွေကတော့ ခေတ်မမီတော့တဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ဘာသာရေးစံအလွဲတွေကြောင့် ဖြစ်ပေါ် လာတဲ့ ခွဲခြားဆက်ဆံမှုတွေကို ရုပ်ရှင်တွေထဲမှာဂုဏ်ယူစွာနဲ့ ထည့်သွင်းတင်ဆက်ကြတာပါ။ နောက်တစ်ခုက တော့ ရှေးရိုးအယူအဆတွေအပေါ် အခွင့်ကောင်းယူပြီး နှိမ့်ချခွဲခြားဆက်ဆံလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်မသိ ကျိုးကျွံပြုပြီး ဆက်လက်လက်ခံနေကြတာမျိုး”လို့အယ်လ်မင်းပြည့်မွန်က ဆိုပါတယ်။
၂၀၁၅ ခုနှစ်က ၂၀၂၀ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ ရုပ်ရှင်အစည်းအရုံးကို၊ လူမှုအဖွဲ့ အစည်းတွေအနေနဲ့ချည်းကပ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ Work shop တွေ၊ ဂျဲန်ဒါနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေပြုလုပ်တာ၊ အမျိုးသမီးများနေ့အခမ်းအနားတွေ၊ ၁၆ ရက်တာ လှုပ်ရှား မှု၊ UN ကပွဲတွေကို အနုပညာအသိုင်းအဝိုင်းက သရုပ်ဆောင်တွေကို ဖိတ်ကြားတာမျိုးတွေပြုလုပ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးရင်းနှီးကျွမ်းဝင်မှုရှိစေတာမျိုးတွေ ပြုလုပ်ခဲ့တာမျိုးရှိခဲ့တယ်လို့ Gender Program Manager အဖြစ်လုပ်ကိုင်ခဲ့တဲ့ မအေးလဲ့ထွန်းကဆိုပါတယ်။
ဒီလိုတိုက်တွန်း၊ပြောင်းလဲမှုတွေလုပ်နေကြချိန်မှာတောင် ဒါရိုက်တာတစ်ယောက်ကသူ့ရဲ့ သရဲဇာတ်ကားအတွက် မုဒိမ်းကျင့်တဲ့အခန်းကို ဘယ်လိုပီပြင်အောင် သရုပ်ဆောင်မလဲဆိုတာမျိုးကို သရုပ်ဆောင်လူရွေးပွဲလုပ်တာမျိုး တွေလည်းရှိခဲ့တယ်လို့ မအေးလဲ့ထွန်းကပြောပြပါတယ်။
၂၀၀၀ ခုနှစ် လောက်ကစပြီး ဗီဒီယိုဇာတ်ကားတွေမှာလိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ ပတ်သက်တဲ့အသုံးအနှုန်းနဲ့ ဇာတ် ဝင်ခန်းတွေရှိခဲ့တာဖြစ်ပြီး ဒီအပေါ်မှာလူတွေက သာမာန်ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားခဲ့ကြပေမယ့် ၂၀၁၅ ခုနှစ် နောက်ပိုင်းကစပြီး ဒီအရာတွေကို ထောက်ပြပြောဆိုတာတွေရှိလာခဲ့တယ်လို့ Independent filmmaker ရှင် ဂွမ်းဂွိ (အမည်လွှဲ)ကပြောပါတယ်။
စစ်အာဏာသိမ်းပြီးအခြေအနေ
စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက် ဖက်ကနိမ့်ကျမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေဟာလည်း ပိုမိုကောင်းလာဖို့ မျှော်လင့်လို့မရတဲ့ အခြေအနေထဲမှာပါဝင်ပါတယ်။
တည်ငြိမ်မှုမရှိတဲ့ နိုင်ငံရေး အခြေအနေအောက်မှာ ဆင်ဆာဘုတ်လို့ခေါ်တဲ့ စစ်တပ်အလိုကျတားမြစ် ဖြတ် တောက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်အယူအဆအောက်တန်းကျမှုနဲ့အတူ အာဏာသိမ်းပြီးနောက် ပိုင်း မှာပိုမိုဆိုးရွားလာတာ တွေ့ရတယ်လို့ Artists’ Shelter ရဲ့ Program Director အယ်လ်မင်းပြည့်မွန်က ပြော ပါတယ်။
“ရုပ်ရှင်၊ ရုပ်သံတွေကတဆင့် အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်၊ ယူကျူ့နဲ့ တစ်တော့တွေဆီ ပိုမို စီး ဆင်းလာပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ခွဲခြားမှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အားပေးရာရောက် စေတယ်”လို့ သူကမှတ်ချက်ပေးပါတယ်။
လူအများကြည့်ရှု့လို့ရတဲ့ အခမဲ့ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွေမှာ လူထုကို အဆိပ်အတောက် ဖြစ်စေ တဲ့အသုံးအနှုန်းတွေကို ထည့်သွင်းထုတ်လွှင်တဲ့အပေါ် အံသြမိတယ်လို့ Independent filmmaker ရှင်ဂွမ်းဂွိ (အမည်လွှဲ) ကမှတ်ချက်ပေးပါတယ်။
“ဒီလူတွေ ဒီလိုလုပ်ရက်ကြပါလား။ ဘာလို့ဒီလောက်တောင်မတွေးကြတာလဲ။ ဘာလို့လက်လွှတ်လိုက်ကြတာ လဲ။ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိလုပ်တာလားဆိုတဲ့ မေးခွန်းမျိုးတောင် ပြန်ပြီးစဉ်းစားမိတဲ့ အချိန်မျိုးတွေ တောင်ဖြစ်တယ်”လို့ သူကဆိုပါတယ်။
ဆင်ဆာဘုတ်အဖွဲ့ကဘာတွေလုပ်နေလဲ
၁၉၂၀ ခုနှစ် မြန်မာ့ရုပ်ရှင်လုပ်ငန်းစတင်ခဲ့ချိန်မှာ ပထမဆုံးဆင်ဆာဘုတ်အဖွဲ့ကို ရန်ကုန်ရှိဗြိတိသျှရဲမင်းကြီး အပါအဝင် ဗြိတိသျှအရာရှိတွေနဲ့ ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်ကမိသားစုနဲ့ အတူတကွကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေ၊ အများပြည်သူကိုပြသဖို့ မသင့်တော်တဲ့ (အထူးသဖြင့်လိင်စိတ်နိုးကြွစေတဲ့) ဇာတ်ဝင်ခန်းတွေကို စစ်ဆေးဖို့အတွက်ဖြစ်ပါတယ်။
အဲ့ဒီအချိန်က မြန်မာရုပ်ရှင်တွေကို အိန္ဒိယပါလီမန် အက်ဥပဒေနဲ့ စည်းကြပ်စစ်ဆေးခဲ့ပါတယ်။
အထူးသဖြင့် လွတ်လပ်ရေးလှုပ်ရှားမှု၊အမျိုးသားရေးသဘောပါနေတဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက် ပစ်ခြင်း နဲ့ တချို့ဇာတ်ဝင်ခန်းတွေကိုပိတ်ပင်ခြင်း စတာတွေကိုပြုလုပ်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ်က ပညာအလင်းပွင့် မြန်မာ သုတေသနဖောင်ဒေးရှင်းကထုတ်ဝေခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောက၏ ကျား-မဆိုင်ရာ အသိအမြင်နိုးကြားမှုစာတမ်း မှာဖော်ပြထားပါတယ်။
၁၉၆၂ ခုနှစ် နောက်ပိုင်းနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၄၇ မှ ၁၉၄၉ အတွင်းမြန်မာအရာရှိတွေနဲ့ ဆင်ဆာဘုတ် အဖွဲ့ကိုဖွဲ့စည်းခဲ့ပေမယ့် စည်းမျည်းပြဌာန်းတဲ့အစိုးရရဲ့ အချုပ်အခြာ အာဏာတည်မြဲရေးအတွက်သာရည်ရွယ်ခဲ့ ပါတယ်။
၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှာလည်း ဆင်ဆာဘုတ်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး သတင်းနဲ့ ပြန်ကြား ရေးဝန်ကြီးဌာနကအရာရှိတွေ၊ ဆိုရှယ်လစ်ပါတီဝင်တွေ၊ စစ်တပ်အရာရှိတွေ၊ ဗဟိုလုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော် မတီကအရာရှိတွေက ဘုတ်အဖွဲ့ဝင်တွေ အဖြစ်ပါဝင်ခဲ့ကြတယ်။
၁၉၆၈ မှာ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ လေတပ်ဌာနကသူတွေပါ ဆင်ဆာဘုတ်အဖွဲ့ဝင်တွေအဖြစ်ပါဝင်ခဲ့ကြတယ် လို့ သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။
ဆင်ဆာရဲ့မူဝါဒမှာ ဒို့တာဝန်အရေးသုံးပါး၊ မြန်မာ့ယဥ်ကျေးမှုကို ဦးထိပ်ထားရမယ်ဆိုတာမျိုးတွေပါဝင်ပြီး မြန်မာ့ ယဥ်ကျေးမှုကိုမထိခိုက်ရဘူးဆိုတဲ့ အထဲမှာ အမျိုးသမီးတွေမလျော်မကန်မနေရတာ၊ အမျိုးသမီးတွေ ဆေးလိပ် သောက်တာတွေကို ဆင်ဆာဖြတ်ချင်တာမျိုးတွေသာတွေ့ရပြီး အမျိုးသမီးအရေးနဲ့ LGBT အရေးတွေဆိုတာမျိုး ကိုထည့်သွင်းစဉ်းစားတာမျိုးမရှိဘူးလို့ မအေးလဲ့ထွန်းက ထောက်ပြပါတယ်။
“မူဝါဒကလည်း စာရွက်ပေါ်မှာပဲရှိတာ ဆင်ဆာဘုတ်အဖွဲ့ရဲ့ စိတ်အခြေအနေပေါ်မှာမူတည်တယ်။ သူတို့ပေးချင် ပေးတယ်။ သူတို့မပေးချင်မပေးဘူးဆိုတဲ့အနေအထားမျိုး အဲ့ဒါမျိုးတွေရှိနေတယ်။ နောက်တခုက ဆင်ဆာက လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ သူတို့ခွင့်မပြုတာတွေရှိတယ်။ လက်ရှိအနေအထားမှာတော့ ဆင်ဆာက စစ်တပ်နဲ့ မညှိစွန်းတာပဲဖြစ်ရပြီးတော့ ဖျော်ဖြေရေးဆန်ဆန်နဲ့ ပိုပြီးပေါပေါပဲပဲဇာတ်ကားတွေ ပိုပြီးထုတ်လာတာ များတယ် ဆိုတော့ ရုပ်ရှင်ရဲ့ အနာဂတ်ပိုပြီးမှေးမှိန်သွားသလိုတော့ဖြစ်တယ်”လို့ မအေးလဲ့ထွန်းက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် အဖက်ဖက်ကနိမ့်ကျတာနဲ့တပြိုင်ထဲမှာပဲ ရုပ်ရှင်လောကကိုတိုးတက်စေချင်သူတွေ၊ အနုပညာအစစ်အမှန်ကို ချပြချင်သူတွေဟာ စစ်အာဏာသိမ်းမှုကိုတွန်းလှန်ရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆင်ဆာတည်းဖြတ်ရေး တာဝန်ရှိသူတွေဟာလည်း စစ်တပ်ရဲ့ ထောက်တိုင်အဖြစ်သာ ရပ်တည်နေတာ ဖြစ်တယ် လို့ Independent filmmaker တစ်ဦးဖြစ်တဲ့ ရှင်ဂွမ်းဂွိ (အမည်လွှဲ)ကမှတ်ချက်ပေးပါတယ်။
“သူတို့အတွက်က မိန်းမယောကျာ်း အကုန်လုံးထားလိုက်၊ လူမှုပတ်ဝန်းကျင်မှာဒါတွေကမဖြစ်သင့်ဘူး ဘာညာ ထက် စစ်တပ်ကို မထိခိုက်ရေး ၊ ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့စကားလုံး၊ ခွေးဆိုတဲ့စကားလုံး သူတို့ ဖြတ်တယ် စစ် တပ်ကို ထိခိုက်မယ့်ဟာအတွက်ပဲသုံးနေတဲ့ ဆင်ဆာအဖွဲ့ဆိုတာလည်း စစ်တပ်ထောက်တိုင် တစ်ခုပဲလို့ပြော ချင်တယ်”လို့ဆိုပါတယ်။
အတွေးအခေါ်တော်လှန်ရေးကဘယ်အထိခရီးပေါက်ပြီလဲ
လူထုကိုအဆိပ်အတောက်ဖြစ်စေတဲ့ ပြကွက်နဲ့အသုံးအနှုန်းတွေဟာ အရင်ကတည်းက ရှိခဲ့တာမှန်ပေမယ့် အာဏာရှင်နဲ့အတူ ကျားမခွဲခြားမှုတွေ၊ ရှေးရိုးစွဲအယူအဆတွေကို ပါတွန်းလှန်နေတဲ့ကာလဖြစ်တဲ့အတွက် ဒီလို အဆိပ်အတောက်တွေကို လူထုကအထိုက်အလျောက်တော့ ငြင်းပယ်လာကြပြီဖြစ်ပေမယ့် တဖက်မှာလည်းစိမ့် ဝင်မှုတွေရှိနေတုန်းပါပဲ။
“ပြည်သူတွေအကုန်လုံးက တော်လှန်ရေးကိုတော့ အလေးထားတော့လုပ်တယ်၊ ဒါပေမယ့် အမျိုးသမီးရေးတို့ ကလေးအရေးတို့ လူ့အခွင့်အရေးတို့မှာတော့ တော်လှန်ရေးလောက် အလေးထား မလုပ်နိုင်ကြသေးဘူး။ ကျန်တဲ့ အခက်အခဲတွေကလည်း အများကြီး ရှိသေးတာကိုး၊ အတွေးအခေါ် ပြောင်းလဲမှုကအရင်ထက်တော့ရှိလာပြီ ဟုတ်တယ်။ အမျိုးသမီးအရေး၊ ဂျဲန်ဒါအရေး၊ GVB ဘာလဲ sexual harassment ဘာလဲတော့သိလာကြပြီ ဒါနဲ့ ပတ်သက်ပြီးကာကွယ်ဖို့တို့ ဒါနဲ့ပတ်သက်ပြီးပြောဆိုဖို့တို့ကတော့ အားနည်းနေတုန်းပဲ အတွေး အခေါ် ပိုင်း ဆိုင် ရာအနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်တော့ မပိုလောက်ဘူးလို့ထင်တယ်”လို့ ဒါရိုက်တာ William (အမည်လွှဲ) က ဆိုပါတယ်။
စစ်အာဏာသိမ်းတဲ့မတရားမှုတွေကို တော်လှန်မှုနဲ့အတူ လူမှုအသိုင်းအဝိုင်းထဲမှာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့် အရေးနဲ့လိင်ခွဲခြားဆက်မှုမရှိစေရေး လှုပ်ရှားမှုတွေ၊ ဟောပြောဆွေးနွေးတာတွေ ပိုများလာတဲ့အတွက် လူထုရဲ့ အတွေးအခေါ်တွေပါ ပြောင်းလဲလာပြီး ဝေဖန်ထောက်ပြမှုတွေ၊ ရှုံ့ချကန့်ကွက်မှုတွေ ပိုမိုအားကောင်းလာပါ တယ်။ တော်လှန်ရေးကာလအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေ ကွန်တန့်တွေမှာ ဒီအချက်တွေကို အထူး သတိထားတန်ဖိုးထားကြတာ သိသာထင်ရှားတာ တွေ့ရတယ်လို့ Artists’ Shelter ရဲ့ Program Director အယ်လ် မင်းပြည့်မွန်ကပြောပါတယ်။
“၇၀ ရာခိုင်းနှုန်းလောက် ပြောင်းလဲလာတယ်လို့ ယူဆပါတယ်။ အဲဒါဟာ လူထုရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေအပေါ် လေးစားလိုက်နာလာကြတာနဲ့ ရုပ်ရှင်တွေမှာ Rating လိုအဆင့်သတ်မှတ်ချက်တွေ၊ ရုပ်ရှင် ဝေဖန်ရေး ရီဗျူးတွေရဲ့ တိကျတဲ့ဝေဖန်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ကျန်တာကတော့ စစ်အာဏာရှင်အ လိုကျကြိုးဆွဲရာကနေကြတဲ့ ကိုယ်ကျိုးကြည့် လူတစ်စုရဲ့ ဝင်ငွေရရုံ၊ လူဝင်ရုံနဲ့ ပရိသတ်ကိုအဆိပ်ခပ်နေကြလို့ ဖြစ်ပါတယ်”လို့သူကထောက်ပြပါတယ်။
အဆိပ်အတောက်တွေလျော့နည်းအောင်ဘာတွေလုပ်ကြမလဲ
တော်လှန်ရေးအဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်တဲ့အချိန်ရောက်ရင် ဖိုဝါဒကြီး စိုးမှုနဲ့ အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေပပျောက်နိုင်ဖို့ အခုလက်ရှိအချိန်ထဲက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပါတယ်။
ဖိုဝါဒကိုအားပေးနေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုအားပေးတဲ့ ပြကွက်နဲ့အသုံး အနှုန်းတွေပါဝင်တဲ့ မြန်မာရုပ်ရှင်တွေကိုလည်းထောက်ပြပြောဆို တွန်းလှန်ကြရမယ့် အချိန်တစ်ခုလည်းဖြစ် ပါတယ်။
“ဆိုရှယ်မီဒီယာကနေပဲ ဘယ်လိုပြောကြမလဲ ဘယ်လိုလုပ်ကြမလဲ၊ မလွတ်မြောက်သေးတဲ့ အခြေအနေမှာ အဲဒီ လိုမျိုးပဲသွားလို့ရမယ်လို့ ထင်တယ်။ဝိုင်းဝန်းထောက်ပြ ဆက်လက်ထောက်ပြနေရမယ်။ တခြားတွင်တွင်ကျယ် ကျယ်လုပ်လို့ရတဲ့နေရာလည်းမရှိဘူး” လို့ ရှင်ဂွမ်းဂွိ (အမည်လွှဲ)ကပြောပါတယ်။
မသင့်လျော်တဲ့ အကြောင်းအရာတွေပါရင် ဆန့်ကျင်တာ၊ ရှုတ်ချတာ၊ ဒါတွေကိုမကြည့်ဖို့စည်းရုံးတာ social punishment လုပ်ရမယ်လို့ မအေးလဲ့ထွန်းက အကြံပြုပါတယ်။
ကိစ္စရပ်တွေအားလုံးက ဆက်စပ်နေတာဖြစ်ပြီး ရုပ်ရှင်ကိစ္စတစ်ခုတည်း၊ အမျိုးသမီးရေးတစ်ခုတည်းဆောင်ရွက် လိုက်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘဲနိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေအပေါ်မှာ တန် ဖိုးထားနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှသာ ပိုမိုအားကောင်းလာနိုင်မှာ ဖြစ်တယ်လို့ Artists’ Shelter ရဲ့ Program Director အယ်လ်မင်းပြည့်မွန်ကပြောပါတယ်။
“ဒီနေရာမှာ တစ်ခုသတိထားရမှာက ဆိုရှယ်မီဒီယာတွေဟာ လူထုကိုအဆိပ်အတောက် ဖြစ်စေနိုင်သလို တပြိုင် တည်းမှာလည်း အဲဒီ့အဆိပ်အတောက်တွေဖန်တီးသူတွေကို ဆိုရှယ်မီဒီယာကနေဘဲ ထိရောက်စွာ ထောက်ပြ ဝေဖန်ရှုံ့ချပြီး လူမှုရေးပြစ်ဒဏ်ပေးကာ အရေးယူနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေမခိုင် မာနိုင်သေးတဲ့အချိန်မှာ ဆိုရှယ်မီဒီယာတွေပေါ်ကနေ အပြန်အလှန်ထိန်းကျောင်းရင်းနဲ့ တည့်မတ်သွားဖို့လိုပါ တယ်”လို့သူက အကြံပြုတိုက်တွန်းခဲ့ပါတယ်။
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025