တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၃ ရက်ကနေ ၉ ရက်နေ့အထိတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

အင်အားပြင်းငလျင်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ကိုယ်ဝန်ဆောင်နှစ်ဦးအပါအဝင် နိုင်ကျဉ်း ၄၁ ဦးသေဆုံး

     မတ်လ ၂၈ ရက်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံတွေ ပြိုကျခဲ့ပြီး ကိုယ်ဝန်ဆောင်နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၄၁ ယောက် ‌သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများများကွန်ရက် (PPNM) က မေလ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

   အိုးဘိုထောင်မှာ အကျဉ်းသူ/အကျဉ်းသား ၆၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၄၁ ဦး ပါဝင်ပြီး ငလျင်လှုပ်ခတ်ချိန်က အကျဉ်းထောင်တွေမှာ တန်းပိတ်ချိန် (အကျဉ်းသားတွေကို အခန်းတွင်း ပိတ်ထားချိန်) ဖြစ် တာကြောင့် လူသေဆုံးမှုပိုမို များပြားခဲ့တာလို့ ဆိုပါတယ်။

     ငလျင်မှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ မနွယ်နီဝင်းက ထောင်ကျစဉ်မှာ ကိုယ်ဝန် ၃ လရှိနေပြီး ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အရေးပေါ်ဆေးကုသခွင့်မရရှိဘဲ ငလျင်အပြီး ၁၇ ရက်မြောက်၊ ဧပြီ ၁၄ ရက်မှာမှ  ထောင်ပြင်ပ ဆေးရုံကို ပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲက ကလေးက သေဆုံးတဲ့ဒဏ်ရာကြောင့် ကိုယ်ဝန်ဆောင်မိခင် မနွယ်နီ ဝင်းကလည်း သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

    တနိုင်ငံလုံးက အကျဉ်းထောင် ၄၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား ၂ သောင်း ကျော်ရှိနေပြီး နိုင်ငံရေးအကျဉ်း သူက ၅ ထောင်ကျော်ပါဝင်ပါတယ်။ အဲဒီထဲမှာ မိခင်ကိုယ်ဝန်ဆောင် နိုင်ကျဉ်း ၁၂၅ ယောက်ရှိတယ်လို့ အမျိုးသမီးအကျဉ်း သူများအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ Source- DVB

အိုးဘိုထောင်မှာရာဇဝတ်မှုနဲ့ထောင်ကျသူတွေက နိုင်ကျဥ်းအမျိုးသမီးတချို့ကို လိင်တူအကြမ်းဖက်

      မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်က အမျိုးသမီးအဆောင်တွေမှာ မူးယစ်မှု၊ လုယက်မှုတွေနဲ့ ​ထောင်ကျ​နေသူတွေက နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို လိင်တူအကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိဘ တွေဆီကသိရပါတယ်။

      မူးယစ်မှု၊ လုယက်မှုတွေနဲ့ ထောင်ကျ​နေတဲ့ အမျိုသမီးဖြစ်​ပေမယ့် အမျိုးသားအဖြစ်လိင်စိတ်ပြောင်းလဲခံယူသူတွေ‌ဟာ ငလျင်ဖြစ်ပြီးတဲ့နောက် အတွင်းထောင်မကြီးကနေ အမျိုးသမီးယာယီအဆောင်ကို ပြောင်းရွေ့လာပြီး အကျဉ်းထောင်ရှိ အမျိုးသမီးယာယီဆောင်မှ ထောင်ဦးစီးမှူး ဒေါ်သွယ်သွယ်ဦးဆိုသူနဲ့ပေါင်းကာ ထောင်အခန်း ၁ ခန်းယူပြီး နိုင်ငံရေးအကျဉ်း သူတွေထဲက ငယ်ရွယ်သူတွေကို လိင်စိတ်ကြွဆေးတွေကြွေးကာ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ကျဉ်း မိသားစုဝင်တဦးက ပြောပါတယ်။

      ဒါ့အပြင် ရေချိုးကန်မှာလည်း အလျား ၁၂ ပေ၊ ၄ ပေ၊ အမြင့် ၆ ပေရှိတဲ့ ရေကန်ကို နိုင်ငံရေးအကျဉ်းသူ ရာနဲ့ချီလွှတ်ကာ မိနစ် ၂၀ အတွင်း ရေအပြီး ချိုးခိုင်းပြီး မူးယစ်မှု၊ လုယက်မှုနဲ့ ရောက်လာသူတွေကိုသာ သီးသန့်နာရီဝက်အချိန်ပေးကာ ရေချိုး ခွင့်ပြုတယ်လို့လည်း ဆိုပါတယ်။

      မန္တလေးအိုးဘိုအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ကြီးအကျဉ်းထောင်တခုဖြစ်ပြီး နိုင်ငံ ရေးအကျဉ်းသား‌​တွေပြောင်း​ရွေ့ရောက်ရှိလာပါကလည်း ထောင်ပေါက်ဝကနေ ဆီးကြိုရိုက်နှက်လေ့ရှိတယ်လို့ သိရပါတယ်။ Source-  People’s Spring

မြိတ်မှာ စစ်ကောင်စီတပ်သားတွေက စားဆီတစ်ဘူး အတင်းသောက်ခိုင်းတဲ့  အမျိုးသမီးသေဆုံး

      မြိတ်မြို့မှပြန်လာတဲ့  တညက်ကျေးရွာနေ၊ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကြေးနန်းတိုင် တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ  စစ်ကောင်စီတပ်သားတွေက စားသုံးဆီတစ်ဘူး အတင်းအဓမ္မသောက်ခိုင်းပြီးနောက် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်သားတွေက  ယင်းအမျိုးသမီးကြီးကို စစ်ဆေးရာမှာ ဆိုင်ကယ်ထိုင်ခုံ(တူးဘောက်)အတွင်း ဆီ ၄ ဘူးထည့် သယ်လာတယ်လို့ပြောပေမယ့် ဖွင့်ကြည့်ပြီးစစ်ဆေးရာမှာ ဆီ ၅ ဘူးဖြစ်နေတဲ့အတွက် ဆီတစ်ဘူးကို ယင်းအမျိုးသမီးကြီးရဲ့  ပါးစပ်အတွင်းကို အတင်းလောင်းထည့်ခဲ့တာလို့ ဆိုပါတယ်။

   ယင်းအမျိုးသမီးမှာ  စားသုံးဆီကို အတင်းအဓမ္မလောင်းထည့်ခံရပြီးနောက် ယင်းဂိတ်တွင်ပင် တက်(ခန္ဓာကိုယ်တွန့်လိမ်ပြီး သတိမေ့သွား) ပြီးလဲကျသွားတဲ့အတွက် အရေးပေါ်ကားခေါ်ကာ မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ Source- Dawei Watch

အပစ်ရပ်ထားကြတဲ့ဧပြီလအတွင်း စစ်ပွဲကြောင့် အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်

    အင်အားပြင်းငလျင်ကြောင့် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးတွေ အပြိုင် အဆိုင်ကြေညာထားတဲ့ ဧပြီလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေ သေဆုံးမှု ဆက်လက်မြင့်တက်နေတယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မေလ ၇ ရက်နေ့က ထုတ်ပြန် ပါတယ်။

      စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့သလို မတ်လမှာလည်း ၆၆ ဦး ထပ်မံသေဆုံးခဲ့ပြီး  အပစ်ရပ်ထားတဲ့ဧပြီလမှာ စစ်ကောင်စီလက်ချက်နဲ့ အမျိုးသမီး ၇၁ ဦးသေဆုံးခဲ့ ရတဲ့ထိ မြင့်တက်လာတာဖြစ်ပါတယ်။

     BWU ရဲ့ ထုတ်ပြန်ချက်မှာ ဧပြီလအတွင်း စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၉ ဦး၊ လက် နက်ကြီးပစ်မှုကြောင့် ၇ ဦးနဲ့ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေထဲ အသက် ၁၈ နှစ် အောက် ၁၃ ဦးပါဝင်ကာ စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေအများဆုံးဖြစ်ပါတယ်။

     သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ယခင်လတွေထက် ပိုမိုအသုံးပြုခဲ့တာကို လေ့လာတွေ့ရှိရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ပြောပါတယ်။ Source-  HI News

မင်းပြားတွင် အသက် နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

     ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ ဧပြီလ ၆ ရက်နေ့က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ခြားရွာမှ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အလောင်းကို သစ်ပင်မှာ ကြိုးဖြင့် တွဲချိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  ကျူးလွန်သူဟာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သလို ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ကို ရိုက်နှက်ထားပြီး၊ ဖားပြိုကျေးရွာ အနီးရှိ သစ်ပင်တစ်ပင်မှာ သေဆုံးသွားတဲ့ ပုံစံမျိုးနဲ့ ချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

     လက်ရှိမှာ  ကျူးလွန်သူ မောင်မြသန်းဆိုသူကို  အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားပြီး အပြစ်ပေးအရေးယူနိုင်ရန် စစ်ဆေးမေးမြန်းလျက်ရှိပါတယ်။

    မင်းပြားမြို့နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ယခုတစ်ကြိမ်ဖြစ်ရပ်က ယခုနှစ်အတွင်း ဆိုးရွားတဲ့ သက်ငယ်မုဒိမ်းမှုဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၃ က  မင်းပြားမြို့ပေါ်က ရပ်ကွက်တစ်ခုမှာ ဖခင်ဖြစ်သူက အသက် ၁၃ နှစ် အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ Source – Western News

ရန်ကုန်အဝေးသင် တက္ကသိုလ် ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က မိတ္ထီလာမြို့နယ်မှာဖမ်းဆီး

     မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့  မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

      အကြမ်းဖက် စစ်ကောင်စီရဲ့  ယန္တရားလည်ပတ်စေနိုင်တဲ့  လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ၊ ဘဏ္ဌာ) ဌာနမူး ဦးအောင်ဆန်းရဲ့  ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာမြို့နယ် တစ်နေရာမှာ မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းမှ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့တာဖြစ်ပြီး တပ်ရင်းမှ စုံစမ်းစစ်ဆေးမေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်သွား မယ်လို့  နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။ Source- Khit Thit

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ယောက်ကိုပြန်လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တောင်းဆို

     ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသမီး ၂ ယောက်ကို တရားဥပဒေလုပ်ထုံးတွေ စတင်တာ မရှိဘဲ ရက်သတ္တ ပတ် ၂ ပတ်ကျော်ကြာတဲ့အထိ ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့အစည်းတွေက ဝေဖန်ကာ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

    ဧပြီ ၁၉ ရက်က  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တိုက်နယ် ၅၊ တက်တူကျေးရွာက အမှတ် ၁၈၄၉ ဒရုန်းတပ်ရင်းက တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် ၃ ယောက်နဲ့ အဲဒီရဲဘော်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မယ်ဆိုကာ တက်တူကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးလိမ်လည်တောင်းခံတဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ငွေကြေးလိမ် လည်သူရဲ့ ထွက်ဆိုချက်အရ အခုလိုဖမ်းဆီးရတာဖြစ်တယ်လို့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောပါ တယ်။

    ဧပြီ ၂၀ ရက်မှာတော့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပေမဲ့လည်း တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကိုတော့ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘဲ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

     ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပြီးတော့ ဖမ်းဆီး ခေါ်ဆောင်သွားချိန်က သိမ်းယူသွားတဲ့ မိသားစုပိုင် အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေကျပ်သိန်း ၅၀ ကျော်နဲ့ ရွှေထည်ပစ္စည်း တွေကိုလည်း ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ဖို့ မိသားစုဝင်တွေနဲ့ Shield Women Organization က တောင်းဆိုနေ ကြပါတယ်။ Source- DVB

ဒလတွင် ကျောင်းသူ ၂ ဦးကို တရုတ်မယားအဖြစ်စည်းရုံးခဲ့သည့် တရုတ်နိုင်ငံသားနဲ့စကားပြန်လင်မယားကို ထောင်ဒဏ် ချမှတ်

     ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ နေထိုင်တဲ့  အမျိုးသမီးငယ်ကျောင်းသူနှစ်ဦးကို တရုတ်မယားပြုလုပ်ရန် စည်းရုံးခဲ့တဲ့  တရုတ်နိုင်ငံသားနဲ့  စကားပြန်လင်မယားဖြစ်သူတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတွေထံမှ သိရပါတယ်။

      ကျောင်းသူလေးကို တရုတ်ဇနီးမယားလုပ်ရန် စည်းရုံးတဲ့ တရုတ်နိုင်ငံသားဖြစ်သူ Mr LUO FEI ဆိုသူကို တွံတေးခရိုင် တရားရုံးမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သလို  ဒလမြို့နယ်တရားရုံးကလည်း ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ပါတယ်။

      တရုတ်မယားအဖြစ် လုပ်ကိုင်ဖို့ စည်းရုံးပြောဆိုခဲ့တဲ စကားပြန်ဖြစ်သူ ဒလမြို့နေ အောင်ဇော်ဦး(ခ) ဟာမီဒူလာနဲ့ ဇနီး သီတာအောင်တို့ကို တွံတေးခရိုင်တရားရုံးက ရာဇဝတ်ကြီးမှု အမှတ် ၂၀/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာြဖစ်ပါတယ်။ 

     ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းသူနှစ်ဦးကို တရုတ်အမျိုး သားတစ်ဦးနဲ့ စကားပြန်လင်မယားနှစ်ဦးတို့က တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန်စည်းရုံးပြောဆိုတဲ့  ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဥပဒေနဲ့အညီ အရေးယူပေးရန် အမှုဖွင့်တိုင်တန်းချက်အရ ဖေဖော်ဝါရီ ၆ ရက်နေ့က ဒလရဲ စခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရပါတယ်။ Source- ဧရာဝတီတိုင်းမ်

မော်လမြိုင်မှာ အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေ

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာနေထိုင်တဲ့ အိမ်ခြံမြေအကျိုး‌ဆောင် အမျိုးသမီးတစ်ဦး ရွှေထည်ငွေကြေးအချို့နဲ့အတူ ပြန်ပေးဆွဲခံရပြီး လေးရက်ကြာအထိ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

     မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်မှ အသက် (၃၆)နှစ်ရှိ မသန်းသန်းစိုးဟာ မေလ ၃ ရက်နေ့ နံနက်က အလုပ်ကိစ္စနဲ့ နေအိမ်မှ ထွက်ခွာသွားပြီး ပျောက်ဆုံးနေခြင်းဖြစ်ကာ ညနေငါးနာရီခန့်တွင် အိမ်ကိုဖုန်းဆက်ပြီးနောက် ဖုန်းစက်ပိတ်သွားပြီး အဆက်အသွယ်မရတော့တာလို့ ယင်းဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

     မသန်းသန်းစိုးမှာ  ငွေသားသိန်း(၃၀)ခန့်နဲ့အတူ ဆွဲကြိုး၊ ဟန်းချိန်း၊ လက်စွပ် (၂)ကွင်း၊ လက်ကောက်၊ နားကပ်တို့ပါသွားပြီး မေလ ၆ ရက်ညနေအထိ ပြန်ရှာမတွေ့‌သေးတာကြောင့် ရဲစခန်းမှာ လူပျောက်တိုင်ထားတယ်လို့ သိရပါတယ်။ 

   စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေမှာ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ လုယက်သတ်ဖြတ်မှုများ ပိုဖြစ်နေပြီး ဧပြီလအတွင်း မန္တလေး၊ ရန်ကုန်၊ ဖျာပုံမြို့တို့၌ ပြန်ပေးဆွဲလူသတ်မှု ၃ မှုဖြစ်ခဲ့ပါတယ်။ Source-  People’s Spring

မုံရွာမှာ မိခင်ဖြစ်သူကို သေနတ်ပြချိန်းခြောက်ပြီး ကလေးငယ်ကိုပြန်ပေးဆွဲ

      စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၈ ရက်နေ့မနက်ပိုင်းက  လူတစုက အမျိုးသမီးတယောက်ကို သေနတ်ပြခြိမ်းခြောက်ပြီး ကလေးငယ်ကို  ပြန်ပေးဆွဲ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

     သေနတ်တွေကိုင်ထားတဲ့ လူတစုကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ အသင့်စောင့်နေပြီး မူကြိုသွားပို့တဲ့ မိခင်ကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ကာ ကလေးငယ်ကို ပြန်ပေးဆွဲခေါ်သွားတာဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ကလေးဟာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး အဲဒီကလေးကို ခေါ်ဆောင်သွားတဲ့အဖွဲ့က ဘာမှမတောင်းယူသွားသလို မေ ၈ ရက် နေ့လယ်ပိုင်းအထိ မိသားစုဆီ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

      ပြန်ပေးဆွဲမှုဖြစ်ပွားတဲ့ မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်စိုးမိုးတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တည်ရှိတဲ့မြို့နယ် ဖြစ်ပါတယ်တယ်။ မုံရွာမှာ အခုဖြစ်စဉ်ဟာ မေလအတွင်း ၃ ကြိမ်မြောက် ပြန်ပေးဆွဲ၊ ဓားပြတိုက်ခံရမှုဖြစ်ပြီး မေ ၁ ရက်ကလည်း မုံရွာမြို့၊ သလ္လာရပ်ကွက်ထဲရှိ ရွှေဆိုင်ဓားပြတိုက်ခံ ရသလို မေ ၄ ရက်ကလည်း မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်ထဲရှိ liquor ဆိုင်က ကလေးနဲ့ မိခင်တို့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Source- DVB