ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ
ရှင်ငြိမ်း
အင်အားပြင်းငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့မှာ ထောင်နဲ့ချီတဲ့လူတွေသေဆုံးခဲ့ရသလို နေအိမ်အဆောက်အဦးများစွာလည်း ပျက်စီးပြိုကျခဲ့ရပါတယ်။
ငလျင်ဖြစ်ပြီးပြီးချင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးတွေ မလုပ်ပေးတာကြောင့် ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ သေဆုံးရသူအများစုဟာ အချိန်မီကယ်ဆယ်ရေး မရရှိတာကြောင့် သေဆုံးခဲ့ကြရတယ်လို့ ငလျင်သင့်ပြည်သူတွေကလည်း ထောက်ပြနေကြပါတယ်။
ဒီလိုကယ်ဆယ်ရေးလုပ်ရာမှာ ပြိုကျအဆောက်အဦအပိုင်းအစတွေက ကြီးမားလေးလံလွန်းတာကြောင့် လူအများက အမျိုးသားတွေပဲ လုပ်ဆောင်နေကြတယ်လို့ မြင်လေ့ရှိကြတယ်။ တကယ်တမ်းမှာတော့ ဒီငလျင်မှာ အမျိုးသမီးတွေလည်း အသက်တွေရင်းကာ မိသားစုဝင်တွေနဲ့ ငလျင်ဒဏ်သင့်သူတွေကို ကယ်ထုတ်ခဲ့ကြတာကို မှတ်တမ်းမှတ်ရာများက ဖော်ပြ လာကြပါတယ်။
သက်သေတစ်ခုအရဆိုရင် မန္တလေးငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ အမရပူရမြို့နယ်မှာ ပြိုကျအုတ်ပုံတွေကြားပိတ်မိ နေတဲ့ကလေးသုံးယောက်ကို ငလျင်လှုပ်နေဆဲမှာပဲ မိခင်ဖြစ်တဲ့ ဒေါ်ခင်မာအေးက ကိုယ်တိုင်ဝင်ကယ်ခဲ့တဲ့ဖြစ်စဉ်ပါ။
မဖြစ်နိုင်ဘူးဆိုပေမယ့် ဒေါ်ခင်မာအေးက သူရဲ့မေတ္တာနဲ့ အမျိုးသားတွေ လေးငါးယောက်ဝိုင်းမရင်တောင် မနိုင်တဲ့ အုတ်နံရံ တွေ မျက်နှာကြက်တွေကြားကနေ ကလေးတွေကို ရအောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။
“အဲဒီအချိန်က ကြောက်ရမယ်လို့ကို မတွေးမိတာ။ ကျမအသိက လွှတ်သွားတဲ့သားလေးရဲ့လက်ကလေးကိုပဲ မြင်နေခဲ့တော့ ငါကယ်မှရမယ်ဆိုတာပဲသိတယ်။ မျက်စိတမှိတ်မှာပဲ ကလေးတွေပျောက်သွားမှာ အရမ်းကြောက်လို့ ရအောင်ဝင်ကယ်ခဲ့ တာ” လို့ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မာအေးက ပြောပါတယ်။
ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိတဲ့ဒေါ်ခင်မာအေးရဲ့အမျိုးသားက နယ်မှာအလုပ်သွားလုပ်နေတာကြောင့် အသက် ၁၂ နှစ်အရွယ် သားကြီး၊ ၈ နှစ်အရွယ်သားငယ်နဲ့ ၅ နှစ်အရွယ်သမီးတို့နဲ့အတူ နှစ်ထပ်ပျဉ်ထောင်အိမ်လေးနဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့လည်က ဒေါ်ခင်မာအေးတို့သားအမိတွေဟာ အပူသက်သာအောင် အိမ်ပေါက်ဝနားမှာ ဖျာခင်းပြီး နေ့ခင်းတရေးတမောအိပ်ဖို့ ပြင်နေတဲ့အချိန်ပါ။
“ငလျင်လှုပ်တော့ သမီးငယ်လေးက အိမ်သာထဲမှာမို့ သွားခေါ်မယ်အလုပ်မှာ အိမ်ကဝုန်းကနဲ့ပြိုပြီး ကျမက အပြင်ကို လွှင့် ထွက်သွားတယ်။ အဲဒီအချိန်လေးမှာပဲ လှမ်းလိုက်တဲ့သားငယ်ရဲ့ လက်ကလေးကို မြင်လိုက်ရတယ်။ အဲဒါက ကျမရဲ့အား ဆေးပဲ”လို့ သူက ရှင်းပြပါတယ်။
ဖြစ်စဉ်က “ဝုန်း”ဆိုတဲ့မြည်ဟီးသံနဲ့အတူ ပြိုကျလာတဲ့တိုက်တွေ၊ အိမ်တွေကနေ ထွက်လာတဲ့ဖုန်လုံးကြီးနဲ့အတူ ဒေါ်ခင်မာ အေး လွှင့်စင်ပါလာခဲ့တယ်။ သူတို့အိမ်လေးဟာ သုံးထပ်တိုက်ကြီးတွေအောက်မှာ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်မာအေးဟာ ယိမ်းထိုးနေတဲ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ နေရာကနေ ကုန်းရုန်းထပြီး“အမေ့ကလေးလေးတွေရေ” လို့ အရူးတစ်ယောက်လို အော်ဟစ်ကာ ပြိုကျအုတ်ပုံတွေထဲ ဇွတ်တိုးဝင်နေခဲ့တာပါ။
အန္တရာယ်များလွန်းတာကြောင့် ယောကျာ်းသားနှစ်ဦးက သူ့လက်မောင်းကို ဆွဲခေါ်ထားပေမယ့် အတင်းရုန်းကန်ပြီး သူ့ ကလေးတွေ ပိမိနေတယ်လို့ ယူဆရတဲ့အုတ်နံရံကြီးတွေ၊ အုတ်တိုင်တွေကို သူ့လက်နဲ့ရအောင် ဖယ်ရှားကာ တရွေ့ရွေ့ဝင် သွားခဲ့ပါတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အော်ဟစ်ပြေးလွှားသံ ပြိုကျသံတွေနဲ့ ဆူညံနေတာကိုလည်း ဒေါ်ခင်မာအေးကြားပုံမရပါ။ သူ့ခန္ဓာကိုယ်မှာ ပေကျံနေတဲ့သွေးတွေ ဖုန်တွေကြောင့် မူလရုပ်ပင်မပေါ်တော့ပါ။
ငါးနာရီနီးပါးကြာအောင် အုတ်တွေဖယ်လိုက် တွန်းဝင်သွားလိုက်နဲ့လုပ်ရင်း သူ့သားနှစ်ယောက်ရဲ့အသံကြားပြီး ကယ်လိုက် နိုင်ပေမယ့် သမီးငယ်လေးကတော့ ရုပ်အလောင်းတောင် ကောက်မရအောင် ကျေမွသွားခဲ့ရပါတယ်။
သားအကြီးကတော့ နံရိုးတွေကျိုးသွားသလို ဒူးအောက်ပိုင်းကျေသွားခဲ့ရပြီး သားငယ်ကတော့ သံတိုင်နဲ့ ဖိမိတဲ့လက်ချောင်း လေးတွေ ကျိုးကျေသွားသလို ခေါင်းလည်းကွဲသွားခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်မာအေးဟာ သမီးငယ်အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးရပေမယ့် သားနှစ်ယောက်လုံးကို အသက်ရှင် ရက် ကယ်ထုတ်လိုက်နိုင်တာက စိတ်ထိခိုက်စရာတွေထဲက ကျေနပ်စရာကောင်းတဲ့အချက်ပါ။
“ကားတွေ၊ အိမ်တွေ၊ ဓါတ်တိုင်တွေ၊ အားလုံးယိမ်းထိုးနေတာတောင် ဒီအမျိုးသမီးက သူ့ကလေးတွေ ကယ်ဖို့ပဲ လုပ်နေတယ် ဗျာ။ တကယ့်ကို အာဂမိခင်ပါ။ သူ့ကလေးတွေ မတွေ့မချင်း မရပ်မနားရှာတာ။ ကျနော်တို့ဆို ကြောက်ဒူးတုန်နေလို့ လမ်း လယ်ကနေ ဘယ်မှမသွားရဲဘူး” လို့ ဒီအဖြစ်အပျက်ကို မြင်ခဲ့တဲ့ ဦးကျော်က ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းက ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ ချမ်းမြသာစည်မြို့နယ်က ဒေါ်မေနီဆိုရင်လည်း သူကိုယ်တိုင် ထိခိုက်ထားတဲ့ကြားက လေဖြတ်ထားတဲ့ခင်ပွန်းကို ကာကွယ်ပေးခဲ့ပြီး ကယ်ထုတ်ခဲ့သူဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ဒေါ်မေနီက“ခါတိုင်းဆို ကျမသူ့ကိုမချီနိုင်ဘူး။ အဲဒီနေ့ကတော့ အိမ်ပေါ်ကနေ အောက်ကို ချီချနိုင်ခဲ့တယ်။ ကျမအသက်ရှင်နေသရွေ့တော့ သူ့ကိုဘာမှမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့ကယ်တာပေါ့”လို့ ပြောပါတယ်။
ဖြစ်စဉ်က မတ်လ ၂၈ ရက်နေ့က နှစ်ထပ်တိုက်လေးအပေါ်မှာ ဒေါ်မေနီတို့လင်မယားနှစ်ယောက် ထမင်းစားပြီးလို့ တီဗီ ကြည့်ရင်း စကားပြောနေကြတာဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို ဂျိန်း.. ဂျိန်းဆိုတဲ့မြည်ဟီးသံနဲ့အတူ ဗီဒိုတွေ အခန်းတံခါးတွေက ယိမ်းထိုးနေတော့ ထိခိုက်မှာစိုးပြီး ဒေါ်မေနီက အနားမှာရှိတဲ့ခင်ပွန်းကို ပွေ့ဖက်ကာ ကာကွယ်လိုက်ပါတယ်။
ဒါပေမယ့် ငလျင်က ရပ်မသွားဘဲ ပိုပိုကြမ်းလာကာ အိမ်တစ်ခုလုံး ယိမ်းခါနေတော့ မဖြစ်တော့ဘူးဆိုပြီး ဒေါ်မေနီက ခင်ပွန်း ကိုချီကာ အိမ်အောက်ကို ဆင်းပြေးပါတယ်။ ခင်ပွန်းသည်က “ငါရတယ်။ နင်ပြေး. နင်ပြေး” လို့ပြောတာကို ဂရုမစိုက်ဘဲ ချီပြေးခဲ့တာပါ။
သူတို့အောက်ရောက်ချိန်မှာ လှေကားဘေးမှာထားတဲ့ သံဘီရိုကြီးက ဒေါ်မေနီတို့အပေါ်ပြုတ်ကျလာတော့ နှစ်ယောက်လုံး အောက်ကို လဲကျသွားကာ ဒေါ်မေနီရဲ့ခြေထောက်တစ်ဖက်က သံဘီရိုပိမိသွားပါတယ်။ အဲဒီမှာနှစ်ယောက်လုံး မပြေးနိုင် တော့ဘဲ အိမ်ပြိုပြီး ပိတ်မိသွားတာဖြစ်ပါတယ်။
“အဲဒီအချိန်ခဏလေးမှာပဲ အသံမျိုးစုံနဲ့ ငလျင်လှုပ်တာ အိမ်ပါပြိုသွားတယ်။ ကံကောင်းတာက ကျမတို့အပေါ်ပိနေတဲ့ သံဘီရိုကြီးက ကန့်လန့်ကြီး အမိုးလိုဖြစ်နေတော့ ပြိုကျတဲ့အုတ်တွေက တိုက်ရိုက်မထိဘူးပေါ့။ လူကတော့အုတ်ပုံကြားမှာ ညှပ်နေပြီ။ အထဲမှာ အလင်းရောင်မရှိ ဖုန်တွေသဲတွေနဲ့ ဘာနဲ့ထိခိုက်မိမှန်းမသိတဲ့ သွေးတွေကလည်း ရဲနေတာပဲ။ ကိုယ့်သွေး ကိုယ်မြင်ပြီး လန့်နေတာ။ အဲဒီမှာ လွတ်လမ်းတွေ့မလားလို့ဆိုပြီး ဘေးပတ်လည်က အုတ်ခဲတွေကို နှစ်ယောက်ဖယ်ကြ တာပေါ့။ အဲဒီမှာလူတွေက ပင်ပန်းရေတွေငတ်နဲ့ အသက်ရှုပါကြပ်လာတော့ မဖြစ်ဘူးဆိုပြီး ထွက်နိုင်အောင်ကြိုးစားခဲ့ တာပေါ့”လို့ ဒေါ်မေနီက ရှင်းပြပါတယ်။
အရင်ဆုံး သူ့ကို ဖိထားတဲ့သံဘီရိုကြီးကို ဖယ်ဖို့လုပ်ရာမှာ သူ့အားနဲ့မရတာကြောင့် အော်ဟစ်ကာ အကူအညီတောင်းပေမယ့် ဘာတုံ့ပြန်သံမှ မရခဲ့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အားကုန်ပင်ပန်းကာ ရေပိုငတ်လာခဲ့ပါတယ်။
နာတာရှည်လူမမာ ခင်ပွန်းသည်ကလည်း ရေမသောက်ရတာကြောင့် သတိလစ်ချင်သလိုဖြစ်နေတော့ သူကြိုးစားရုန်းထွက် နိုင်မှ ရမယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။
“အဲဒီမှာ ဘယ်ကနေ စိမ့်ထွက်ကျလာတဲ့ရေလည်း မသိဘူး။ ကျမတို့အပေါ်ကျတော့ ပါးစပ်ခံပြီးသောက်ရတယ်။ အဲဒီမှာ ယောကျာ်းက နည်းနည်းပြန်လန်းလာတာ။ နှစ်ရက်လုံး အဲဒီရေနဲ့ အသက်ရှင်ခဲ့တာပေါ့”လို့ ဒေါ်မေနီက ပြောပါတယ်။
နောက်တော့ ဖိမိထားတဲ့သူ့ခြေထောက်ကို ဖြေးဖြေးချင်း လှုပ်လိုက်၊ နှဲ့လိုက်နဲ့ အချိန်အတော်ကြာ ကြိုးစားပြီး ထုတ်တော့မှ ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခြေထောက်ကတော့ ထောက်လို့ မရခဲ့ပါဘူး။ ဒီလိုဖြစ်တာကို ဇွဲမလျော့ဘဲ ရသလောက် အုတ်ကျိုးတွေ၊ အပျက်အစီးတွေ ကြားကနေ ထွက်ပေါက်ကိုရှာနေခဲ့တာပါ။
ပင်ပန်းရင် ခဏမှိန်းနေလိုက်၊ ပြန်နှိုးရင် အုတ်တွေဖယ်လိုက်၊ ဆာရင် ရေသောက်လိုက်နဲ့ နှစ်ရက်ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ နှစ်ရက်မြောက်နေ့ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးသမားတွေရောက်လာပြီး သူတို့ကို ရှာတွေ့သွားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးတွေလုပ်ပေးထားတဲ့အပေါက်နဲ့ ဒေါ်မေနီတို့နေရာနဲ့က ပေ ၂၀ နီးပါးဝေးပါတယ်။ ဒီလိုဝေးတာ အပြင် ဒေါ်မေနီလည်း ခြေထောက်ဒဏ်ရာရထားတာကြောင့် လေဖြတ်ထားတဲ့ခင်ပွန်းသည်ကို ကယ်ထုတ်ဖို့ခက်ခဲနေပါတယ်။
“ယောက်ျားကတော့ သူ့ကိုထားခဲ့ပြီး နောက်မှလာကယ်လို့ပြောပါတယ်။ ဒါပေမယ့် ကျမဘယ်လိုမှ မထားခဲ့နိုင်ဘူး။ ဘယ်လို ဖြစ်ဖြစ်ရအောင် ကယ်မယ်လို့ ကျမဆုံးဖြတ်ထားတယ်။ ဒါနဲ့ ကျမသူ့ ဂျိုင်းကနေ မ ပြီး တရွတ်တိုက်ဆွဲခေါ်တာပေါ့။ သူလည်း အားကုန်သုံးပြီး လိုက်လာတာပဲ။ အဝနားမှာ အုတ်ကျိုးတွေနဲ့ သံချောင်းတွေနဲ့ ခံနေတော့ ထုတ်တဲ့နေရာမှာလည်း ခက်နေ ပြန်ရော။ အဲဒီမှာလွတ်ချင်ဇောနဲ့ နှစ်ယောက်သားအတင်းတိုးထွက်ကြတာ ခိုက်မိကုန်တယ်”လို့ ဒေါ်မေနီက ဆိုပါတယ်။
ဒီငလျင်မှာ ဒေါ်မေနီဟာ သံဘီရိုနဲ့ဖိမိတာကြောင့် ဖြေဖနောင့်ကျေသွားခဲ့တာပါ။ နောက်လက်ချောင်းနှစ်ချောင်းလည်း ကျိုး သွားပြီး ခင်ပွန်းဖြစ်သူကို မှောက်လျက်သွားရင်း တရွတ်တိုက်ဆွဲခေါ်လာတဲ့ဒဏ်ကြောင့် အပေါ်က ပိနေတဲ့အုတ်တွေနဲ့ ခြစ်မိ ပြီး ကျောအောက်ပိုင်းတစ်ခုလုံးဟာလည်း အရေပြားတွေလှန်သွားခဲ့ရပါတယ်။
ခင်ပွန်းဖြစ်သူကလည်း ခေါင်းကွဲတာ၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရတာနဲ့ ပြုတ်ကျတဲ့ဒဏ်ကြောင့် ပုခုံးအဆစ်လွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လေဖြတ်နေတဲ့ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ကိုယ်လွှတ်မရုန်းပဲ ရအောင်ကယ်ထုတ်နိုင်ခဲ့တာပါ။
ကိုယ့်မိသားစုဝင်မဟုတ်ဘဲ သူစိမ်းတွေကို ဝင်ကယ်ရင်း နောက်ကျောမှာ မီးလောင်ဒဏ်ရာရခဲ့သူကတော့ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ သဲကျင်းရပ်ကွက်မှ မခင်လှပါ။
အသက် ၃၅ နှစ်ဝန်းကျင်အရွယ် မခင်လှဟာ မီးလောင်နေချိန်မှာ မိသားစုနဲ့ပြေးလို့လွှတ်ပေမယ့် မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ဖိုးဖွား နှစ်ယောက်ကို ဝင်ကယ်ရင်း ကျောကို မီးဟပ်ခံခဲ့ရတာဖြစ်ပါတယ်။
သဲကျင်းရပ်ကွက်ဒေသခံ ကိုထွန်းဇော်က “ သူက ရပ်ကွက်ထဲမှာ အသုတ်ရောင်းတဲ့သူပေါ့။ အိမ်ထောင်ကွဲနေတာ။ အဲဒီနေ့က မီးလောင်တော့ အားလုံးကိုယ့်အပူနဲ့ ပြေးနေရတာ။ ဖိုးဖွားတွေရဲ့သားသမီးတွေက အလုပ်သွားနေကြတာမရှိဘူး။ မီးလောင် တော့ ကုတင်ပေါ်မှာငုတ်တုတ်လေးတွေ။ အဲဒီမှာသူက တွေ့ပြီးဝင်ကယ်တာပေါ့”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်နောက်ဆက်တွဲအနေနဲ့ မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်မှာ အပြင်း အထန် မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးငြိမ်းသတ်မယ့်သူ မရှိတာကြောင့် ရပ်ကွက်တစ်ခုလုံးပြာကျခဲ့ရတာဖြစ်ပါတယ်။
ဒီငလျင်မှာ သူ့တစ်ကိုယ်စာလွှတ်နိုင်ရက်နဲ့ သားသမီးတွေကိုငဲ့ပြီး အသက်အသေခံသွားတဲ့ အမျိုးသမီးတွေလည်း ရှိနေပါ တယ်။ ဒီထဲမှာ စစ်ကိုင်းမြို့မှာနေတဲ့ ဒေါ်သန်းမြလည်းပါဝင်ပါတယ်။
အသက် ၅၂ နှစ်အရွယ်ဒေါ်သန်းမြဟာ ခင်ပွန်းဖြစ်သူ ဦးညီနဲ့အတူ မန္တလေးကို စားဆီပို့ရောင်းနေသူဖြစ်ပါတယ်။ သူတို့မှာ ၂၇ နှစ်အရွယ် သားတစ်ယောက်နဲ့ အသက် ၂၃ နဲ့ ၂၅ နှစ်အရွယ် သမီးနှစ်ယောက်ရှိပါတယ်။
ဒေါ်သန်းမြရဲ့သားသမီးတွေဟာ စကာၤပူမှာကျောင်းတက်နေကြသူတွေပါ။ ကျောင်းခဏနားချိန် မိဘတွေကို ပြန်လာတွေ့ ရင်း ငလျင်နဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ငလျင်လှုပ်တဲ့ချိန်က ဒေါ်သန်းမြတို့ဟာ မန္တလေးကနေ ပြန်လာပြီး နေအိမ်ရှေ့ရောက်လာတဲ့အချိန်ပါ။ အိမ်မှာက သားသမီးသုံးယောက်နဲ့ ဒေါ်သန်းမြရဲ့ညီမဖြစ်သူတို့ ရှိနေပါတယ်။ ဒေါ်သန်းမြရဲ့ညီမက ခြေထောက်မသန်စွမ်းသူပါ။
“ငလျင်လှုပ်တော့ ကျနော်တို့အိမ်ရှေ့ရောက်လို့ ကားစက်တောင်မသတ်ရသေးဘူးပေါ့။ မျက်စိရှေ့တင်အိမ်က အလယ်ကနေ ကျိုးပြီး အထဲကလူတွေကို ညှပ်လိုက်သလိုဖြစ်တော့ မိန်းမက ချက်ခြင်းပြိုနေတဲ့အိမ်ထဲဝင်ပြေးတာ။ အရင်ဆုံးသားကို ထုတ် ပြီး ကျန်တဲ့သူတွေကို သွားအခေါ်မှာ အိမ်ထပ်ပြိုပြီး ပါသွားတာပေါ့” လို့ ဦးညီက စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။
အိမ်ပြိုလို့ အထဲကလူတွေ ပိမိပြီး ချက်ခြင်းဆုံးသွားလား၊ ရက်အတန်ကြာရှင်နေသေးလားဆိုတာတော့ ဦးညီသေချာမသိ ပေမယ့် ငလျင်အပြီး ၁၅ ရက်မြောက်နေ့မှာ ရုပ်အလောင်းဖော်တော့ ဒေါ်သန်းမြက သမီးနှစ်ယောက်ကို အုပ်မိုးပြီး သေဆုံးနေ တာပါ။
ဒီအဖြစ်အပျက်ဟာ ရက် ၂၀ ကြာခဲ့ပြီဆိုပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာ သမီးတွေရော၊ ဇနီးသည်ပါ မိသားစုလေးဦး ဆုံးရှုံးခဲ့ရတာကြောင့် ပြန်ပြောတိုင်း ဦးညီမှာ ဝမ်းနည်းပူဆွေးနေရဆဲဖြစ်ပါတယ်။
“ကျနော်ကလေ မိန်းမကို မသွားနဲ့လို့ အော်ချိန်တောင် မရလိုက်ဘဲ သူဝင်သွားတာ။ အဲဒီအချိန်မှာ ကျနော်ဘာလို့ သူ့လို မကယ် နိုင်ခဲ့တာလဲ။ ဘာလို့မလုပ်ခဲ့တာလဲဆိုတာ တွေးလို့မရဘူး”လို့ ဦးညီက သူ့ကိုယ်သူ အပြစ်တင်ဝမ်းနည်းနေပါတယ်။
အမျိုးသမီးတွေဟာ အများအမြင်မှာ ကြောက်တတ်တယ်။ ကာယဗလအင်အားနည်းတယ်လို့မြင်လေ့ရှိကြတယ်။ ဒါပေမယ့် သူတို့တွေဟာ သေရေးရှင်ရေးနဲ့ကြုံလာရင် သန်မာသူတွေအဖြစ် မိသားစုရှေ့ကနေ ရပ်တည်ပေးကြပါတယ်။
ဧပြီလ ၂၃ ရက်အထိ မြန်မာမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၅၉ ဦး၊ ဒဏ်ရာရသူ ၅၁၀၈ ဦး ရှိပြီး ပျောက်ဆုံးသူ ၁၁၄ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အခုဆိုရင် ငလျင်ပြီးတာ တစ်လလောက်ရှိပြီဆိုပေမယ့် ကယ်ဆယ်ရေးတွေ ရှင်းလင်းရေးတွေကို ပြည်သူတွေဟာ ကိုယ်ထူ ကိုယ်ထလုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025