ရိုးရာဓလေ့ထုံးတမ်း၊ လျော်ကြေးတွေနဲ့ ဖိနှိပ်အနိုင်ကျင့်ခံနေရတဲ့ သက်ငယ်မုဒိမ်းမှုများ
ရှင်ငြိမ်း
သက်ငယ်မုဒိမ်းမှုတွေကို ငွေကြေးနဲ့ဖြစ်စေ၊ ဓလေ့ထုံးတမ်းတွေနဲ့ဖြစ်စေ၊ ကြေအေးပေးနေတာတွေက စိုးရိမ်စရာဖြစ်လာ တယ်လို့ ကလေးနဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
“သက်ငယ်မုဒိမ်းအများစုက ငွေနဲ့ကြေအေးပေးတာတွေများလာတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျူးလွန်သူတွေ ကငွေပေးလိုက်ရင်ရတယ်ဆိုတဲ့အတွေးတွေဖြစ်လာရင် ကျမတို့တွေအတွက်အန္တရာယ်ရှိပါတယ်။ ဒီအတွက်တော့ကျမ အရမ်းစိုးရိမ်တယ်”လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မနော်မာရီကပြောပါတယ်။
သူမှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ မွန်ပြည်နယ်မှာသက်ငယ်မုဒိမ်းမှု ၅ မှုဖြစ်ပွားခဲ့ပြီး အများစုကတော့ ငွေကြေးနဲ့ ကြေအေးတာရှိသလို၊ ကျေးရွာထဲကသြဇာရှိတဲ့လူတချို့ရဲ့ ဆုံးဖြတ်ချက်နဲ့ကြေအေးသွားရတဲ့အမှုတွေလည်းရှိနေတာဖြစ်ပါ တယ်။
ကျူးလွန်သူတွေဟာ ငွေကြေးပြည့်စုံပြီးစစ်တပ်နဲ့ ရင်းနှီးကျွမ်းဝင်သူတွေဖြစ်နေရင် ပြစ်ဒဏ်မခံရဖို့ များပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတွေကိုယ်တိုင်ကလည်းမုဒိမ်းမှုတွေကိုလျော်ကြေးနဲ့ ကြေအေးဖို့စည်းရုံးသိမ်းသွင်းတာတွေ ရှိနေတာဖြစ်ပါတယ်။
နော်မာရီကတော့ “ကလေးတွေကို မုဒိမ်းမှုကျူးလွန်တာဟာသက်ငယ်မုဒိမ်းမှုမြောက်ပါတယ်။ ဒါကို လျော်ကြေးနဲ့ ကြေအေး လို့မရဘူး။ ကျူးလွန်သူကို ထိုက်သင့်တဲ့ပြစ်ဒဏ်၊ မှတ်လောက်သားလောက်အောင်ပေးရမှာပါ။ မဟုတ်ရင် ကလေးငယ်တွေ နဲ့ ကျမတို့အမျိုးသမီးတွေဟာ အချိန်မရွေးမုဒိမ်းကျင့်ခံရနိုင်တယ်”လို့ ဆိုပါတယ်။
နော်မာရီ စုံစမ်းသိရှိရသလောက်က မွန်ပြည်နယ်မှာ မုဒိမ်းမှုနဲ့ ထောင်ကျအပြစ်ပေးခံရသူ တစ်ယောက်တစ်လေတောင်မရှိ တဲ့အတွက် ကျူးလွန်သူတွေလွတ်မြောက်နေတဲ့အပေါ်မှာ သူကမကျေမနပ်ဖြစ်နေပါတယ်။
“ခက်တာက နစ်နာသူမိသားစုတွေက မရှိဆင်းရဲသားတွေဆိုတော့ ငွေယူတာလည်း အပြစ်ပြောလို့မရဘူး။ ဒါပေမဲ့ ကိုယ့်ကို မတရားလုပ်ခံနေရလို့ တိုင်ရမယ်ဆိုတဲ့အသိလည်းမရှိဘူး။ အဲဒီလိုလျော်ကြေးနဲ့ ပြေလည်နေကြတော့ကလေးတွေရဲ့ဘဝကို တန်ဖိုးမဲ့သွားစေတယ်။”လို့ နော်မာရီက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ တရားဥပဒေစိုးမိုးမှုကလည်းမရှိတဲ့အပြင် ယခင်လိုနစ်နာသူဘက်က ရပ်တည်ပေးတဲ့အမျိုး သမီးအဖွဲ့အစည်းတွေလည်းမရှိတာကြောင့် ကူကယ်ရာမဲ့နေတဲ့ နွမ်းပါးသူတွေဟာငွေကြေးနဲ့ အနိုင်ကျင့်ခံနေရတာ ဖြစ်ပါ တယ်။

“လူကြီးတွေက ကျူးလွန်ခံရတာ ဘယ်လောက်ထိခိုက်သွားလဲ။ ဘယ်လိုနစ်နာသွားလဲဆိုတာကို မကြည့်ကြဘူး။ ရုပ်ပိုင်း ဆိုင်ရာကြည့်ပြီး ဘာမှမဖြစ်ဘူးလို့ထင်ကြတယ်။ တကယ်ကကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာအများကြီးထိ ခိုက်ပျက်စီးရတယ်”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလလောက်မှာ ထားဝယ်မြို့နယ်၊ ကျေးရွာတစ်ခုမှာဖြစ်ခဲ့တဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်ကိုမိဘ တွေရဲ့အလုပ်ရှင်အိမ်မှ သားဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကိုရန်ဦးဆိုသူက အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။
ကျူးလွန်သူရဲ့ မိဘတွေကငွေကြေးချမ်းသာသူတွေဖြစ်တာကြောင့် ဘယ်မှတိုင်မနေနဲ့ဆိုပြီး ငွေကျပ်ဆယ်သိန်းပေးကာအမှု ကို ဖုံးဖိခဲ့ပါတယ်။
ကလေးရဲ့ မိဘတွေကိုလည်း ကလေးကိုအိမ်နီးချင်းထံအပ်ထားပြီး အဲဒီအိမ်မှာအလုပ်ပြန်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်အနေအေးတဲ့ ကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရတဲ့ အချိန်ကစလို့ မပြုံးမရယ် မကစားတော့ပါဘူး။
ညတိုင်းလန့်နိုးပြီး တက်မတတ်ငိုလေ့ရှိသလို ဖခင်အပါအဝင် အမျိုးသားတွေကိုမြင်တာနဲ့ ကုတ်ခြစ်တာ၊ တွေ့ရာနဲ့ ကောက် ပေါက်တာစတဲ့ ကြမ်းတမ်းတဲ့အမှုအရာတွေပြလာတဲ့အတွက် နော်မာရီထံရောက်လာခဲ့တာဖြစ်ပါတယ်။
“ကလေးမိဘတွေက အဓမ္မပြုကျင့်လို့ရတဲ့ ဒဏ်ရာလောက်သာဆေးမြီးတိုနဲ့ကုတယ်။ ကလေးကို နွေးထွေးနှစ်သိမ့်ပေးတာ ဘာတစ်ခုမှမရှိဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး ဒီအတိုင်းထားတော့စိတ်ဒဏ်ရာကပိုကြီးသွားတယ်။ ဒီလိုတွေမဖြစ်စေချင်လို့ကြေ အေးဖို့ကို အလွယ်မဆုံးဖြတ်စေချင်ဘူး”လို့ သူကဆက်ပြောပါတယ်။
တကယ်တော့ သက်ငယ်မုဒိမ်းမှု ဖြစ်လာရင် နစ်နာတဲ့ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုကုစားပေးတာ၊ လုံခြုံမှုပေးတာ၊ သူတို့ဘဝတွေ ပုံမှန်ပြန်ဖြစ်လာဖို့ နှစ်သိမ့်ပေးတာတွေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
သို့ပေမဲ့ လုပ်ဆောင်ပေးနိုင်တဲ့သူတွေ၊ မိဘတွေကလည်း ဗဟုသုတမရှိတာ၊ ငွေကြေးမရှိတာရယ်ကြောင့် ကလေးရတဲ့စိတ် ဒဏ်ရာဟာပိုဆိုးသွားရတာပါ။ သက်ငယ်မုဒိမ်းမှုအများစုဟာ မြို့ပေါ်မှာထက် ကျေးရွာတွေမှာပိုအဖြစ်များပြီး ကျူးလွန်ခံရ သူတွေဟာ ဆယ်နှစ်အောက်ကလေးငယ်တွေ ဖြစ်နေတာကလည်း စိုးရိမ်စရာဖြစ်နေတယ်လို့ နော်မာရီကဆိုပါတယ်။

ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကြည့်ရင် အိမ်နီးနားချင်း၊ ဆွေမျိုးတွေ၊ ရင်းနှီးကျွမ်းဝင်သူတွေအများစုက မုဒိမ်းမှုကျူး လွန်နေတာဖြစ်ပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာဆိုရင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ် မုဒိမ်းမှုကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တစ်သက်ထိပြစ်ဒဏ်ခံရမယ်လို့ ပြဌာန်းထားပါတယ်။
အခုလိုပြဌာန်းထားပေမယ့် ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတချို့မှာတော့ ရိုးရာဓလေ့တွေနဲ့ ကြေအေးတာ၊ ဘာသာ ရေးဆရာတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ညှိနှိုင်းတာတွေ အခုထိကျင့်သုံးနေဆဲဖြစ်ပါတယ်။
“ကျမတို့ ချင်းမှာဆိုဘာဖြစ်ဖြစ်ဓလေ့နဲ့ ဖြေရှင်းကြတယ်။ မုဒိမ်းမှုဆိုလည်းငွေနဲ့ဖြေရှင်းတာပါစတာလို့ခေါ်တဲ့ တရားဟော ဆရာတွေခေါပြီး ကျေအေးတာလည်းရှိတယ်။ ဒါတွေကမရှိသင့်တော့ဘူး။ ကြေအေးတာမျိုးမလုပ်သင့်ဘူး”လို့ ချင်းပြည် နယ်ကဒေါ်စီတာက ပြောပါတယ်။
အကယ်၍ငွေကြေးနဲ့ ကြေအေးလိုက်မယ်ဆိုရင် ငွေရှိရင်ဖြေရှင်းလို့ရတယ်လို့တွေးပြီး မုဒိမ်းမှုတွေကို ထပ်ခါထပ်ခါကျူးလွန် လာနိုင်သလို အပြစ်ပေးမခံရတဲ့အတွက် ထပ်မံကျူးလွန်ဖို့ မခက်ခဲတော့ကြောင်း သူကထောက်ပြပါတယ်။
မျိုးနွယ်စုများစွာရှိတဲ့ ချင်းလူမျိုးတွေမှာ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းလေ့ရှိကြပါတယ်။ သို့ပေမဲ့ ဓလေ့ထုံးတမ်း အရလျော်ကြေးမှာတော့ မျိုးနွယ်တစ်စုနဲ့ တစ်စုမတူညီကြပါဘူး။ အများစုကတော့ ငွေကြေးနဲ့ ကြေအေးတာရှိသလိုတိရ စ္ဆာန်တွေနဲ့ လည်းလျော်ကြေးပေးလေ့ရှိကြပါတယ်။
“တခြားစကားများရန်ဖြစ်တာတို့၊ ယာဉ်တိုက်မှုတို့၊ အဲဒီလိုအမှုတွေကတော့ ဓလေ့နဲ့ဖြေရှင်းလည်း ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုတွေကို ဓလေ့နဲ့ဖြေရှင်းလိုက်ရင် အရမ်းကိုအန္တရာယ်များတယ်”လို့ ဒေါ်စီတာကဆိုပါတယ်။
ချင်းပြည်နယ်မှာ မုဒိမ်းမှုတွေကိုငွေကြေးနဲ့ ကြေအေးမယ်ဆိုရင် နစ်နာသူရဲ့ အခြေအနေပေါ်မူတည်ပြီး ငွေကျပ်ဆယ်သိန်းမှ စတင်ပေးကြပါတယ်။ ဒါပေမဲ့ တချို့မုဒိမ်းမှုမှာ ခရစ်ယာန်တရားဟောဆရာတွေကို ခေါ်ပြီးကြေအေးပေးနေတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
“မုဒိမ်းမှုတို့ သက်ငယ်မုဒိမ်းလိုအမှုတွေမှာ ဘာသာရေးဆရာတွေခေါ်ပြီးညှိနှိုင်းတာ၊ ဆုံးဖြတ်ချက်ပေးတာတွေမလုပ်ခိုင်း သင့်ဘူး။ ဘာသာရေးဆရာတွေကိုယ်တိုင်ကလည်း ငြင်းသင့်တယ်”လို့ ဒေါ်စီတာကဆက်ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုလေးမှုမှာ သုံးမှုကတော့ငွေကြေးနဲ့ ကြေအေးခဲ့ပြီးမောင်နှမချင်းကျူးလွန်တဲ့ အမှုကိုတော့တရားဟော ဆရာရဲ့ ဆုံးဖြတ်ချက်နဲ့ ကျူးလွန်ခံခဲ့ရတဲ့ မိန်းကလေးငယ်ကိုတစ်ရပ်တစ်ကျေးပို့ကာ ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။
မောင်နှမချင်းကျူးလွန်တဲ့အမှုမှာဆိုရင် အသက် ၁၆ နှစ်အရွယ် ကောင်လေးက အသက် ၁၂ နှစ် အရွယ်ဝမ်းကွဲညီမလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာပါ။ အစ်မရဲ့သားနဲ့ ညီမဖြစ်သူရဲ့သမီးဆိုတော့ ညီအစ်မနှစ်ယောက် စကားများရန်ဖြစ်ကြပါတယ် ။
နစ်နာတဲ့ ကောင်မလေးရဲ့ မိခင်ဖြစ်သူကတော့ ကျူးလွန်တဲ့ကောင်လေး (တူတော်စပ်)သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးစေချင် ပေမယ့် အစ်မဖြစ်သူကသူရဲ့သားဟာရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တာမဟုတ်လို့ ညှိနှိုင်းကြေအေးဖို့ ပြောရင်းရန်ဖြစ်နေကြ တာပါ။
“အဲဒီလိုဖြစ်ကြတော့ ပါစတာကို ခေါ်ညှိတာပေါ့။ အဲဒီမှာပါစတာက မိန်းကလေးနဲ့ ယောကျာ်းလေးအတူထားလို့ ဖြစ်ရတာဆို ပြီး တခြားနယ်တစ်ခု ကောင်မလေးကို ပို့ခိုင်းတယ်။ ဒါတရားသလား။ ဖြစ်သင့်သလား။ တကယ်ဆို ပါစတာက ကောင် လေး နောက်မလုပ်ရဲအောင် အပြစ်ပေးသင့်တာမဟုတ်ဘူးလား”လို့ ဒေါ်စီတာကပြောပါတယ်။
နစ်နာသူမိန်းကလေးရဲ့ ခံစားချက်၊ သဘောထားစတာတွေကို ဘာတစ်ခုမှမမေးဘဲ ဘာသာရေးဆရာရဲ့ဆုံးဖြတ်ချက်နဲ့ ရပ်ထဲ ရွာထဲ ရှက်စရာဖြစ်မယ်ဆိုတဲ့ လူကြီးတွေရဲ့ အမြင်နဲ့ တစ်ရပ်တစ်ကျေးကို ပို့လိုက်ကြပါတယ်။
“အဲဒီမှာဟိုရောက်ပြီး နှစ်လလောက်ကြာတော့ ကောင်မလေးကို သူ့အမေက ပြန်သွားခေါ်ရတယ်။ သူ့ကိုယ်သူသတ်သေဖို့ လုပ်လို့တဲ့။ ဘာလို့လုပ်လဲဆို သူ့အဒေါ်ကလူတစ်ယောက်လာရင် သူမုဒိမ်းကျင့်ခံရလို့ဆိုတာကြီးကို ခဏခဏပြောနေတော့ ရှက်ပြီး အပြင်မထွက်ရဲတော့ဘဲ သတ်သေချင်လာလို့တဲ့”လို့ ဒေါ်စီတာက ရှင်းပြပါတယ်။
ဒါ့ကြောင့် မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းတွေကို ခေတ်နဲ့မညီတော့တဲ့ ရိုးရာဓလေ့တွေ ဒါမှမဟုတ် ငွေကြေးနဲ့ ကြေအေးတာတွေ သူကမလုပ်စေချင်တာဖြစ်ပါတယ်။
ချင်းလူ့အခွင့်အရေးလှုပ်ရှားသူဆလိုင်းလျှံက “ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ ထုံးတမ်းတွေနဲ့ ဖြေရှင်းတာတွေက ရိုးရာတစ်ခုလိုဖြစ်နေပေမယ့် မုဒိမ်းမှုတို့၊ သက်ငယ်မုဒိမ်းလိုတွေကိုတော့ ဓလေ့တွေ ထုံးတမ်းတွေနဲ့ ဖြေရှင်းနေတာတွေက လူ့အခွင့်အရေးအရ ထောက်ပြစရာဖြစ်တာပေါ့”လို့ ဆိုပါတယ်။
NLD အစိုးရလက်ထက်က မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှုတွေပပျောက်သွားဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူ့အခွင့် အရေး လှုပ်ရှားသူတွေနဲ့ လူမူအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
သို့ပေမဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် တရားဥပဒေစိုးမိုးမှု ယို့ယွင်းပျက်စီးလာတဲ့ အချိန်မှာတော့ မုဒိမ်းမှုတွေ၊ သက်ငယ် မုဒိမ်းမှုတွေဟာ ပြန်လည်ခေါင်းထောင်လာတာဖြစ်ပါတယ်။
အာဏာသိမ်းမှုစတဲ့ ၂၀၂၁ ခုနှစ် တစ်နိုင်ငံလုံးမှာ သက်ငယ်မုဒိမ်းမှု ၆၇၂ မှု အပါအဝင် မုဒိမ်းမှုပေါင်း ၉၆၉ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ မုဒိမ်းမှုစုစုပေါင်း ၈၆၀ မှုမှာ သက်ငယ်မုဒိမ်းမှုက ၆၂၇ မှု ရှိနေတာဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အချက်အလက်အရ ၂၀၂၃ ခုနှစ်တစ်နိုင်ငံလုံးမှာ မုဒိမ်းမှုပေါင်း (၇၀၅) မှုရှိခဲ့ပြီး အဲဒီ ထဲမှာ သက်ငယ်မုဒိမ်းမှုပေါင်း (၄၄၅) မှု ရှိခဲ့တယ်လို့ NP News သတင်းဌာမှာ ဖော်ပြထားပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မုဒိမ်းကျင့်ခံရမှုဟာ နေရာအနှံအပြားမှာဖြစ်ပေါ်နေပေမယ့် အရေးယူအပြစ်ပေး တာမျိုး မရှိသလောက်ဖြစ်နေပြီး တချို့အမှုတွေဆိုရင် လမ်းတစ်ဝက်မှာပျောက်သွားတဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။
ဒါ့ကြောင့် ကျင့်သုံးနေဆဲဖြစ်တဲ့ရိုးရာဓလေ့တွေ၊ ထုံးတမ်းအစဉ်အလာတွေကိုပြန်လည်ဆန်းစစ်ပြီး ခေတ်နဲ့မလျော်ညီတဲ့ထိ ခိုက်နစ်နာစေတဲ့ ထုံးတမ်းဓလေ့တွေ ပယ်ဖျက်သင့်တယ်လို့လည်း ဒေါ်စီတာကအကြံပြုစကားဆိုပါတော့တယ်။
- မီးဖွားပြီးစ စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ် - 20/05/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 17/05/2025
- ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ - 16/05/2025