ရှင်ငြိမ်း
အာဏာသိမ်းပြီးနောက် စစ်ပဋိပက္ခတွေကြောင့် စစ်ရှောင်နေရတဲ့အမျိုးသမီးတွေဟာ သန္ဓေတားဆေးတွေ မရတာ ရှေးရိုး စွဲအယူအဆတွေကြောင့် ကလေးတွေအမြောက်အများမွေးတဲ့အတွက် စစ်ရှောင်စခန်းတချို့မှာ ကလေးမွေးဖွားနှုန်းမြင့်နေတယ်လို့ ဒေါက်တာ နီနီအောင်က အသိပေးစကားဆိုပါတယ်။
ဒေါက်တာ နီနီအောင်ဟာ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနမှ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ဆရာဝန် တစ်ဦးဖြစ်ပြီး လက်ရှိစစ်ကိုင်းတိုင်းထဲက စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဖြစ်ပါတယ်။
“ကျမသွားခဲ့တဲ့စခန်းက အမျိုးသမီးတချို့က ကလေးတားဖို့ မလုပ်ချင်ကြဘူး။ ဘာလို့လဲဆိုရင် သူတို့က ကလေးဆိုတာ ဘုရားပေးတဲ့အရာဖြစ်လို့ မတားကောင်းဘူးဆိုတဲ့အယူအဆစွဲတွေရှိတယ်။ တချို့ကျ အမွေဆက်ခံမယ့် သားယောကျာ်းလေးမရသေးလို့ ထပ်ယူရင်းနဲ့များလာတာတွေပေါ့။”လို့သူက ပြောပါတယ်။
အကြောင်းကြောင်းကြောင့် ကလေးယူကြတယ်ဆိုပေမယ့် စစ်ရှောင်စခန်းကအမျိုးသမီးအများစုကြုံနေရတာက ခင်ပွန်းဖြစ်သူတွေက သူတို့ရဲ့မွန်းကြပ်မှုတွေကို ဇနီးမယားအပေါ်ပုံချပြီး ကလေးရယူဖို့ အကြမ်းဖက်တာ၊ဖိအားပေးတာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။
သက်သေပြရမယ်ဆိုရင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက လူဦးရေ သုံးရာကျော်နေထိုင်တဲ့ စစ်ရှောင်စခန်း တစ်ခုမှာ ခိုလှုံနေတာ ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ ဒေါနွဲ့ဆိုလည်း ကလေးယူဖို့ ခင်ပွန်းဖြစ်သူရဲ့အကြမ်းဖက်တာကိုခံခဲ့ ရတာဖြစ်ပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ဒေါ်နွဲ့က“ကျမက မမွေးချင်တော့ဘူး။ အသက်လည်းကြီးပြီ။ နောက်စစ်ပြေးနေရတာ ဆိုတော့ မွေးဖို့ဖွားဖို့က အဆင်မပြေဘူး။ အရင်ကလည်း မွေးရင်း နှစ်ခါသေမလိုဖြစ်ဖူးတယ်။ ကလေးယူဖို့နဲ့ အမြဲရန်ဖြစ်ရတယ်။ ကျမကတော့ ရိုက်လည်းခံရတယ်။ ကလေးလည်းမွေးပေးရတယ်။”လို့ ပြောပါတယ်။
သူ့ခင်ပွန်းနဲ့ ဆွေမျိုးအသိုင်းအဝိုင်းက သားယောကျာ်းလေးကို တန်ဖိုးထားပြီး သားမွေးတဲ့မိန်းမကမြတ်တယ်ဆိုတဲ့ အယူအဆတွေကြောင့် ဒေါ်နွဲ့ကိုခင်ပွန်းဖြစ်သူက နောက်ထပ်ကိုယ်ဝန်ဆောင်စေခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့သားဦးဖြစ်တဲ့ အကြီးဆုံးသားကလွဲလို့ ကျန် ၆ ယောက်လုံးက ယောကျာ်းက ရိုက်နှက်ပြီး ဖိအားပေး ကိုယ်ဝန်ဆောင်စေလို့ရခဲ့တဲ့ ရခဲ့တဲ့သားတွေဖြစ်ကြောင်း ရှင်းပြပါတယ်။
သူတို့လင်မယားဟာ ငွေကြေးပြည့်စုံသူတွေမဟုတ်သလို နေ့စားတောင်ယာလုပ်ကြတဲ့ အလုပ်သမားတွေပါ။ ဒါ့အပြင်ခင်ပွန်းဖြစ်သူကလည်း တနေ့ရငွေကို တနေ့ကုန်အောင် သောက်စားတတ်သူဖြစ်နေတာကလည်း ကလေး မယူချင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အခုလိုမပြေလည်တဲ့မိသားစုမှာ မွေးထားတဲ့သားတွေကို လောက်ငှအောင် မကျွေးမွေးမစောင့်ရှောက်နိုင်မှာစိုး ရိမ်တဲ့အတွက် သူ့အနေနဲ့ နောက်ထပ်ကိုယ်ဝန်မဆောင်လိုတာဖြစ်ပါတယ်။
ဒေါ်နွဲ့က“ဆေးမှူးတွေလာလို့ မဖြစ်မနေဆေးခန်းပြချင်မှ ယောကျာ်းကလိုက်ပို့တယ်။ မဟုတ်ရင် ကျမကို ဘယ်မှ ပေးမသွားဘူး။ နောက် တားဆေးတွေဘာတွေဆိုတာကလည်း စခန်းမှာအလွယ်တကူရှိမနေဘူးလေ။ အဲ့တော့ ဘယ်လို ဖြစ်ဖြစ် ဒီကိုယ်ဝန်ကို ဆောင်လိုက်ရတယ်။”လို့ ပြောပါတယ်။
စစ်ရှောင်စခန်းရောက်မှ ဒေါ်နွဲ့၇ ယောက်မြောက်သားကို ကိုယ်ဝန်ထပ်ဆောင်ရတာဖြစ်ပါတယ်။ အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရတဲ့အတွက် မွေးရာပါချို့ယွင်းချက်ပါလာတဲ့ကလေး၊ မကျန်းမာတဲ့ကလေး မွေးလာမှာကိုသူက အထူးစိုးရိမ်နေခဲ့တာပါ။
“အသက်ကြီးမှ ကိုယ်ဝန်ရတော့ လူက တရှောင်ရှောင်နဲ့။ ကိုယ်ဝန်ဆိပ်တက်တာတွေဖြစ်တယ်။ အိမ်ကိစ္စတွေ၊ အလုပ် တွေလည်းမလုပ်နိုင်တော့ ဝင်ငွေမရှိဘူး။ စခန်းကကျွေးတာကလည်း မလုံလောက်တော့ ထမင်းမစားရ တဲ့ရက်တွေလည်း ရှိတယ်။ ယောကျာ်းကလည်း ကလေးသာလိုချင်တာ ပိုက်ဆံစုမယ်မရှိဘူး။ အကုန်သောက်။” လို့ပြောပါတယ်။
နောက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့အပြင် စစ်ပြေးနေတဲ့အချိန် ကိုယ်ဝန်ယူရကောင်းလားဆိုပြီး ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်တာတွေနဲ့လည်း သူက ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာဟာ မိခင်နဲ့ မွေးလာမယ့်ကလေးအတွက်ပါအန္တရာယ်များလှပါတယ်။ နောက် သူတို့စခန်းမှာက ကျန်းမာရေးဝန်ထမ်းက အမြဲတမ်းရှိမနေသလို ဆေးပေးခန်းလည်းမရှိပါဘူး။ တခါတရံ နယ်လှည့်ကုပေးတဲ့ဆရာဝန်တွေလာမှ သူတို့ကျန်းမာရေးကို ပြကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါ်နွဲ့က ကိုယ်ဝန်ဆောင်ရင်း မမွေးဖွားနိုင်တဲ့အခြေအနေနဲ့ ကြုံရမှာကိုလည်း တွေးပူနေခဲ့တာပါ။ တကယ်လည်း သူမွေးတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းမရှိသလို အရပ်လက်သည်လို့ခေါ် တဲ့မွေးပေးမယ့်သူလည်း မရှိတာကြောင့် သေမင်းနဲ့ ရင်ဆိုင်ရတဲ့အခြေအနေတွေလည်း ကြုံခဲ့ရတာဖြစ်ပါတယ်။
ဒေါ်နွဲ့က“မွေးတော့ နေ့တပိုင်းမကဘူး အချိန်အကြာကြီးပဲ။ မနက်ကမွေးတာ နေ့ခင်းနှစ်ချက်တီးလောက်မှ ကလေးကထွက်တယ်။ ကလေးထွက်တော့လည်း သွေးတွေသွန်လို့ သေပြီတောင်ထင်တာ။ ဆေးမှူးအဖွဲ့တွေအချိန် မှီရောက်လာလို့ အသက်ရှင်တာ။”လို့ ပြောပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံးဟာ စွန့်စားခန်းဝင်ရသလို အစားအသောက် အနေ အထိုင်ကအစ အထူးဂရုစိုက်ရတာဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ရှောင်အမျိုးသမီးတွေကတော့ ဒီလို စောင့်ရှောက်မှုတွေမလုပ်နိုင်ကြပါဘူး။
အဝတ်တထည် ကိုယ်တခုနဲ့ စစ်ပြေးလာရတဲ့ စစ်ရှောင်အများစုဟာ ငွေကြေးလည်း များများစားစား မပါလာကြသလို အလုပ်အကိုင်တွေလည်း မရှိတာကြောင့် စားဝတ်နေရေးခက်ခဲပြီး ကိုယ်ဝန်အတွက်လိုအပ်တဲ့ စောင့်ရှောက်မှုတွေလည်း မလုပ်နိုင်ကြတာပါ။
ဒါပေမဲ့ ဒီလိုအကြပ်အတည်း၊ စစ်ဘေးကြားက အမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေယူ နေရတာပါ။ စစ်ပဋိပက္ခကာလမှာ သန္ဓေတားဆေးမရတာ၊ ကွန်ဒုံးဝယ်ဖို့ခက်ခဲတာစတဲ့ အကြောင်းအရင်းတွေကလည်း မလိုချင်ဘဲနဲ့ ကလေးရနိုင်တဲ့အချက်တွေဖြစ်ပါတယ်။
ဒီလိုအချက်တွေကြောင့် ဒေါ်နွဲ့တို့ စစ်ရှောင်စခန်းမှာ ကလေးမွေးဖွားနှုန်းက မနှစ်ကထက် ထက်ဝက်ကျော်ရှိလာတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးသန်းအောင်က ဆိုပါတယ်။
သူတို့စစ်ရှောင်စခန်းရဲ့အိမ်ထောင်စုတစ်ခုမှာ အနည်းဆုံးမရှိဘူးဆိုရင် ကလေး ၃ ယောက်အထက်မှာရှိနေတာ ဖြစ်ပါတယ်။ သာမာန်အခြေအနေနဲ့ဆိုရင်တော့ မများဘူးဆိုပေမယ့် အစစအရာရာခက်ခဲကြပ်တည်းနေတဲ့ စစ်ရှောင်တွေအတွက်တော့ များတဲ့ပမာဏလို့ ပြောလို့ရပါတယ်။
ဦးသန်းအောင်က“ကလေးကတော့ အခုပိုပိုများလာတယ်။ ကိုးယောက်၊ ဆယ်ယောက်ရပြီးတာတောင်မှကလေး ထပ်ယူတာတွေရှိတယ်။ ကျနော်တို့လည်း ပြောပြရုံပဲတတ်နိုင်တယ်။ ဆေးတွေ ဘာတွေကျတော့လည်း မရှိတော့လေ။ အဲ့တော့ မလိုချင်ဘဲ ကိုယ်ဝန်တွေရလာတယ်။ မမွေးနိုင်လို့ သေသွားတဲ့သူတွေလည်းရှိတယ်။”လို့ ရှင်းပြ ပါတယ်။
ဒေါ်နွဲ့ဆိုလည်း မိသားစုစီမံကိန်းဆိုတာမရှိဘဲ သားမွေးတာမြတ်တယ်ဆိုတဲ့အယူအစွဲတခုနဲ့ ကလေးအမြောက်အများ မွေးနေရတာဖြစ်ပါတယ်။
လက်ရှိကာလမှာ စစ်ပဋိပက္ခရှိနေတာကြောင့် အမျိုးသားတွေမှာလည်း ဝင်ငွေရတဲ့အလုပ်အကိုင်တွေ မရှိကြသလို အမျိုးသမီးတွေကလည်း ကိုယ်ဝန်ကြောင့် နေထိုင်စားသောက်ဖို့ရှာဖွေရာမှာ အခက်အခဲများစွာရှိပါတယ်။
စစ်ရှောင်အများစုကသူတို့ရဲ့စားဝတ်နေရေးအတွက် အလှူရှင်တွေကို မျှော်ကိုးနေထိုင်ရတာဖြစ်ပါတယ်။အလှူ ရှင်တွေမရတဲ့အခါတွေမှာ တောတောင်ထဲကရတဲ့ သစ်ဥသစ်ဖုတွေကို ရှာဖွေစားသောက်ရင်း ရုန်းကန်နေကြရတာပါ။
အာဏာမသိမ်းခင်ကာလကတော့ အစိုးရရဲ့ကျန်းမာရေးဝန်ထမ်းတွေက စစ်ရှောင်စခန်းတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆင်းပြီး မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးတာ၊ သားဆက်ခြားနည်းတွေရှင်းပြတာ၊ သန္ဓေတား ဆေးနဲ့ကွန်ဒုံးတွေဖြန့်ဝေတာတွေကိုလုပ်ဆောင်လေ့ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံကျန်းမာရေးဝန်ထမ်းတွေကတော့ အခုလိုလုပ်ဆောင်တာတွေတစ်ခုမှ မတွေ့ရတဲ့အပြင် စစ်ရှောင်တွေထံတင်ပို့မယ့် ဆေးဝါးနဲ့ရိက္ခာတွေပါကန့်သတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှစစ်ရှောင်လာသူတွေခိုလှုံနေတဲ့ စခန်းတစ်ခုမှာနေထိုင်တာ ၃ နှစ်နီးပါးရှိပြီဖြစ်တဲ့ ဒေါ် စိုးစိုးလည်း ဘာသာရေးအယူအဆတစ်ခုကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ထပ်ဆောင်ခဲ့ရပါတယ်။
“ကလေးယူဖို့နဲ့ပတ်သက်ပြီး ယောကျာ်းနဲ့ ကျမအမြဲစကားများရတယ်။ ကလေးယူဖို့လည်း သူက အမျိုးမျိုးကြိုး စားတယ်။ အဲ့ဒါမျိုးတွေဖြစ်လာရင် ကျမအရမ်းစိတ်ညစ်ရတယ်။ ဒါနဲ့စကားခဏခဏများရတော့ နောက်ပိုင်း သူကရန်ဖြစ်ရင် လက်ပါလာတယ်။”လို့ အသက် ၄၁ နှစ်အရွယ် ဒေါ်စိုးစိုးက ပြောပါတယ်။
ဒေါ်စိုးစိုးတို့မှာ သမီးသုံးယောက်ရှိပြီး ခင်ပွန်းဖြစ်သူက သားလေးလိုချင်တာကြောင့် ကလေးထပ်ယူခိုင်းနေတာ ဖြစ်ပါတယ်။ ယခင်ကတော သူတို့နှစ်ယောက်လုံးက ကုမ္ပဏီဝန်ထမ်းတွေဖြစ်ကြလို့ စီးပွားရေးအရ အဆင်ပြေတဲ့မိသားစုလေးပါ။
တကယ်တော့ ဒေါ်စိုးစိုးတို့ဇနီးမောင်နှံနှစ်ယောက်က အိမ်ထောင်မပြုမီထဲက ကလေးတစ်ယောက်ပဲယူမယ်ဆိုတဲ့ စီမံကိန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သမီးဦးမွေးလာပြီးနောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့သဘောထားက ပြောင်းသွားခဲ့ပါတယ်။
မိသားစုထဲမှာ သားယောကျာ်လေးရှိရမယ်ဆိုပြီး အတင်းအကြပ်ကလေးရယူဖို့ ကြိုးစားတာ၊ ဖိအားပေးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အာဏာမသိမ်းခင်ကတော့ သန္ဓေတားဆေးတွေဝယ်လို့ရနေတာကြောင့် ကိုယ်ဝန် မရခဲ့တာပါ။
အာဏာသိမ်းပြီး တိုက်ပွဲတွေကြောင့်စစ်ရှောင်လာရတာကတစ်ကြောင်း အသက်အရွယ်ကြောင့်ပါသူက ကလေး ယူဖို့ဆန္ဒမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရှောင်စခန်းတွေမှာ သန္ဓေတားဆေးမရတာကြောင့် ကိုယ်ဝန်မတားနိုင်တော့ဘဲ ယူခဲ့ရပါတယ်။
“စစ်ရှောင်ဘဝနဲ့က ကိုယ်ဝန်ယူလို့အဆင်မပြေဘူး။ ပြေးလွှားရရင် သူများလိုလည်းမပြေးနိုင်ဘူး။ အတက် အဆင်းတွေလည်းလုပ်ရတာရှိတယ်။ ဒီလိုအခက်အခဲတွေကြားထဲ ဘာလို့များကလေးယူချင်ရတာလဲ။ ကျမစဉ်း စားလို့တောင် မရဘူး။”လို့ ဒေါ်စိုးစိုးက ပြောပါတယ်။
ဒေါ်စိုးစိုးတို့မိသားစုဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး သူတို့ရဲ့ဘာသာအရ သဘာဝအတိုင်းရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့်မရှိသလို မွေးလာမယ့်ကလေးဟာ ဘုရားပေးတဲ့အရာဖြစ်လို့ မတားဆီးကောင်းဘူးဆိုတဲ့ အယူကြောင့် မလိုချင်ဘဲနဲ့ ကိုယ်ဝန်ထပ်ယူခဲ့ရတာဖြစ်ပါတယ်။
ဒေါက်တာ နီနီအောင်ကတော့“ဒီလိုရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးတွေဟာ သူတို့ရသင့်တဲ့အခွင့် အရေးတွေတောင် မသိတော့ဘူး။ ကလေးယူမယ်၊ မယူဘူးဆိုတာက အမျိုးသမီးတွေရဲ့အခွင့်အရေးဖြစ်ပြီး သူတို့ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။”လို့ ဆိုပါတယ်။
လက်ရှိမှာ အမျိုးသမီးတွေဟာ ကိုယ့်သားအိမ်ကိုယ်မပိုင်ဘဲ ခင်ပွန်းဖြစ်သူက မွေးရမယ်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်နေရတာဟာ ရသင့်တဲ့အခွင့်အရေးတွေဆုံးရှုံးနေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ သားဆက်ခြားဖို့အတွက် အမြဲတမ်းကြည့်ပေးနိုင်တဲ့ကျန်းမာရေးဝန်ထမ်းတွေ မရှိတာနဲ့ သန္ဓေတားဆေးတွေ လိုသလောက်မရတာတွေကြောင့် အဆင်မပြေဘူးလို့ စစ်ရှောင်အမျိုးသမီးတွေက ဖွင့်ဟကြပါတယ်။
“ဒီမှာတော့ တားဆေးသုံးချင်သူတွေလည်း ရှိတယ်။ တချို့ကျ ရှက်လို့ မယူတာလို့ ကိုယ်ဝန်ပျက်သွားတာတွေရှိတယ်။ ကလေးချင်းအရမ်းနီးမွေးတာတွေရှိတယ်။ တချို့က စားစရာသာမရှိသာ ကလေးတွေအများကြီးထပ်ယူ ကြတယ်။ ပြောရတာခက်တယ်။”လို့ ပေါက်က စစ်ရှောင်စခန်းတာဝန်ခံ ဦးမြင့်အောင်ကလည်း ဆိုပါတယ်။
ပေါက်စစ်ရှောင်စခန်းမှ ကောက်ခံထားတဲ့စာရင်းတွေအရ ၂၀၂၂ မှာ ကလေးငယ် ၁၀၀ နီးပါးအပါအဝင် လူဦးရေ ၃၉၉ ဦး ထိရှိခဲ့ပြီး ၂၀၂၄ မှာတော့ ကလေးဦးရေဟာ ၂၀၀ ကျော်ထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
“အစပိုင်းမှာ အဖွဲ့တခုက အမျိုးသမီးသုံးတဲ့ပစ္စည်းတွေလာလှူတော့ အဲ့မှာတားဆေးတွေလည်းပါလာတယ်။ အားလုံးမျှ ယူရတော့ နည်းနည်းပဲရတာပေါ့။ လှူတဲ့သူတွေအနေနဲ့ ဒါလေးတွေထည့်လှူပေးကြဖို့ပြောချင်တယ်။ ဒီမှာ ကပိုက်ဆံရှိရင်တောင် အဲဒါတွေက ဝယ်မရဘူး။ အဲတော့ ကလေးတွေက မများသင့်ဘဲ များလာတာပေါ့။”လို့ ဒေါ် စိုးစိုးကဆိုပါတယ်။
ဒါတွေကြောင့် ကလေးသဘာဝ ဆော့ကစားတာမလုပ်ရဘဲ မိဘတွေနဲ့အတူ အိမ်မှုကိစ္စတွေ၊ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ကူညီပေးနေရတဲ့ကလေးတွေလည်း စစ်ရှောင်စခန်းတွေမှာ အများအပြားရှိနေတာဖြစ်ပါတယ်။
ကလေးမွေးဖွားနှုန်းမြင့်မားတာဟာ မွေးဖွားရတဲ့ မိခင်တွေမှာလည်း အသက် အန္တရာယ်ရှိရုံသာမကကလေးတွေ အတွက်လည်း အန္တရာယ်ရှိပြီး မိသားစုရဲ့စားဝတ်နေရေးကိုလည်း ပိုမိုကြပ် တည်းခက်ခဲစေနိုင်ပါတယ်။ အခုလို ကလေးမွေးဖွားနှုန်းမြင့်တက်လာတာဟာ စစ်ရှောင်စခန်း တွေရဲ့ရပ်တည်ရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်နေတယ်လို့ ဒေါက်တာ နီနီအောင်က ထောက်ပြပါတယ်။