ဆိုဖီ။ ။
ပူပြင်းတဲ့ နေအပူချိန်ကို အံ့တုပြီး ရှမ်းသီချင်း သံစဥ်နဲ့အတူ ခြံသန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးကို မငြီးမငြူ သွက်လက်စွာ လုပ်ဆောင်နေပါတယ်။
“ ဒီရက်ပိုင်းအရမ်းပူတာပဲ။ နေပူတော့ ပင်ပန်းတာပေါ့။ ကိုယ့်နိုင်ငံမဟုတ်တော့ ငွေက နားလို့လည်း မရဘူးလေ” လို့ နန်းကိန် တယောက်က တိုးတိတ်တဲ့လေသံနဲ့ ပြောလာပါတယ်။
နန်းကိန်က ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့ ဇာတိဖြစ်ပြီး၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လွန်ခဲ့တဲ့ ၂နှစ်က တရားမဝင်လမ်း ကနေ ဝင်ရောက်လာခဲ့တဲ့ သမီး ၂ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။
“ ကျမ မှာ ကလေး ၂ယောက်ရှိတော့ ယောင်္ကျားလစာနဲ့ မလောက်ဘူးလေ။ ကျမက တရက် ဘတ် ၂၅၀ ရတယ်။ အမျိုးသားက ပန်းရံလုပ်တော့ တရက်ကို ဘတ် ၃၀၀ ရတယ်။ နေထိုင်ခွင့်လက်မှတ်တွေ ဘာတွေလုပ်တော့ ငွေကလည်း လိုတယ်လေ” လို့ နန်းကိန် တယောက် ငြီးငြူပြီး ပြောလာပါတယ်။
လက်ရှိမှာတော့ သူမတို့ မိသားစုဟာ နေထိုင်ခွင့် လက်မှတ် (CI)အစိမ်းရောင်ကိုင်ဆောင်ထားပါတယ်။ သူမမှာ Work Permit လို့ခေါ်တဲ့ အလုပ်သမားကဒ်ရှိပေမယ့် အိမ်ဖော်အလုပ်သမားဖြစ်ပြီး နေ့စားခ တရက်ကို ဘတ် ၂၅၀ သာရရှိပါတယ်။
လင်မယားနှစ်ယောက်ပေါင်းဝင်ငွေက မြန်မာငွေနဲ့ဆိုပါကတစ်ရက်ကို ၄၆၀၀၀ ကျော်လောက် ရတယ်ဆိုပေမယ့် ကိုယ့်အိမ်ကိုယ့်မြေမဟုတ်တော့ ကုန်ကျစားရိတ်ကလည်း ကြီးလှပါတယ်။ သူမဟာ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းကို အံတုပြီး နေပူရှိန်၊ ပင်ပန်းဒဏ်ကို မကြောက်ဘဲ နေ့စားခ နည်းပါးမှုကိုလည်း မမှုဘဲ လုပ်ဆောင်နေရပါတယ်။
“ အိမ်ဖော်အလုပ်ဆိုတာက ပြောရင်တာ လွယ်တာ မနက်ကနေညထိ အိမ်ရှင်တွေ လိုလေသေးမရှိ လုပ်ရတယ်။ ကျမ အခုလုပ်နေတဲ့အိမ်ဆိုရင် မနက် ၇နာရီ အရောက်သွားရတယ်။ အိမ်ရှင်တွေစားဖို့ လုပ်ရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ မလုပ်ရင်လည်း ငွေမလောက်ဘူးလေ” လို့ နန်းကိန်က ဆိုပြန်ပါတယ်။
အိမ်ဖော်အလုပ်တွေဟာ လစာနည်းပါးသလို အိမ်ဖော်အလုပ်သမားအတွက် လူမှုဖူလုံရေးကိစ္စလည်း မရှိတဲ့အတွက် နန်းကိန်တို့ မိသားစုအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
“ ကျမတို့ အိမ်ဖော်အလုပ်ဟာ အိမ်ရှင်က သဘောထားမကောင်းရင်လည်းခံရတယ်။ နောက်ပြီးနားရက်လည်းမရှိ။ လစာလည်း သတ်မှတ်ထားသလောက်မရသလို လူမှုဖူလုံရေး ကိစ္စလည်း မလုပ်ပေးတော့ စိတ်ချလက်ချတော့မရှိဘူးပေါ့။ နောက်ပြဿနာ တခုခုဖြစ်ရင်လည်း ကိုယ်ဘက်က အရှုံးပဲလေ” လို့ နန်းကိန် က ပြောပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့သူအများစုဟာ နန်းကိန်လို အမျိုးသမီးအများစုဟာ အိမ်ဖော်အလုပ်ကို လာလုပ်သူတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်လာလုပ်တဲ့သူတွေ များကြပေမယ့် အိမ်ဖော်ဥပဒေမရှိခြင်း၊ အလုပ် သမားဆိုင်ရာ အခွင့်အရေး တစုံတရာ သတ်မှတ်ထားမှု မရှိကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက် သူတွေ က ပြောဆိုလိုက်ပါတယ်။
အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်လုပ်တဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက လူမှုဖူလုံရေးကိစ္စ မလုပ်ပေးပါက အလုပ်သမား တွေအတွက် နစ်နာမှုများရှိကြောင်း၊ အလုပ်နားခံရပါက နစ်နာကြေးမရရှိကြောင်း၊ ဒါ့အပြင် စာချုပ်စာတမ်းဖြင့် အလုပ်လုပ်ရ ခြင်းမဟုတ်တဲ့အတွက် ပြဿနာဖြစ်လာပါက အလုပ်သမားများသာ နစ်နာကြောင်း လည်း ချင်းမိုင်မြို့တွင် အိမ်ဖော်လုပ်နေတဲ့ ပါ့နန်းယုံ က ပြောပါတယ်။
“ အိမ်ဖော်တွေက တခြားအလုပ်တွေက လိုမဟုတ်ဘူး။ အရမ်းလည်းပင်ပန်းတယ်။ လစာလည်းနည်းတယ်။ နောက်ဘာမှ ခံစားခွင့်လည်းမရှိဘူး။ အိမ်ဖော်တွေလုပ်ရတာ ကျွန်လိုပဲ။ မလုပ်ရင်လည်း မရဘူးလေ” လို့ ပါ့နန်းယုံ က ရှမ်းဘာသာစကားဖြင့် ပြောပြပါတယ်။
အိမ်ဖော်အလုပ်ဟာ အဖက်ဖက်မှ ကြည့်မယ်ဆိုရင် နစ်နာမှုရှိပေမယ့် ရွေးချယ်စရာနည်းလမ်း မရှိတဲ့အတွက်သာ လုပ်နေရ ကြောင်း၊ အစစအရာရာ အိမ်ရှင် (သူဌေး)တွေရဲ့ မျက်နှာကိုသာကြည့်ပြီးနေရပြီး၊ သူဌေးတွေ ဆူငေါက်တာ ရိုက်တာရှိရင်လည်း ခံရကြောင်း ပါ့နန်းယုံက ဆိုပြန်ပါတယ်။
“ ကျမတို့ အိမ်ဖော်တွေက သူဌေးတွေ မကြည်ရင် အလုပ်ထုတ်ခံရတာ။ တချို့ သူဌေးဆိုရင် အိမ်ဖော်တွေကို မထင်ရင် မထင်သလို ရိုက်တာရှိတယ်။ အိမ်ဖော်တွေကို မုဒိမ်းကျင့်တာတွေတောင် ရှိတယ်။ ကျမတို့မှာက အိမ်ဖော်ဥပဒေတွေ နောက်လူမှုဖူလုံရေးတွေမရှိတော့ ခံရတာများတယ်။ အမျိုးသမီးဆိုတော့ အရှက်လည်းကြီးတော့ မတိုင်ရဲတာကို အခွင့်ကောင်းယူကြတယ်” လို့ ပါ့နန်းယုံက လက်ရှိ အိမ်ဖော်တွေကြုံတွေ့နေရတဲ့ပြဿနာကို ရင်ဖွင့်ပြောလာပါတယ်။
ပါ့နန်းယုံ တယောက်ဟာ အိမ်ဖော်အလုပ်လုပ်နေရင် အိမ်ရှင်ရဲ့ နှိပ်စက်တာ၊ လစာမပေးတာတွေကို ကြုံဖူးခဲ့ပြီး၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားရန် ယန္တယားမရှိခဲ့ဟာ ခက်ခဲတဲ့အတွက် ကျိတ်ခံခဲ့ရတာတွေရှိခဲ့ကြောင်း သူမက ပြောပြပါတယ်။
“ ကျမ လွန်ခဲ့တဲ့ ၄နှစ်တုန်းက အိမ်ရှင်က လစာမပေးဘဲ အလုပ်ထုတ်တာခံခဲ့ရတယ်။ တိုင်လို့လည်းမရဘူးလေ။ ကျမမှာက လူမှုဖူလုံရေးမှ မရှိတာ။ နောက်အိမ်ဖော်ကို ကာကွယ်ပေးတဲ့ ဥပဒေကလည်း မရှိဘူးလေ” လို့ ပါ့နန်းယုံက ရှင်းပြပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ဖော်တွေ မုဒိမ်းကျင့်ခံရသည့်အမှုမှာ တနှစ်လျှင် အနည်းဆုံး ၁၀မှု ထက်မနည်းရှိကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမများကို ကူညီပေးနေတဲ့သူများထံက စုံစမ်းသိရပါတယ်။
အိမ်ဖော်တွေကို ကာကွယ်ပေးတဲ့ဥပဒေမရှိတဲ့အပြင် အိမ်ဖော်တွေမရှိတဲ့အပြင် အိမ်ဖော်တွေရဲ့ လစာဟာလည်း တခြားရွှေ့ပြောင်းအလုပ်သမားတွေနည်းတူ တန်းတူညီမျှမှု မရရှိကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကူညီပေးနေတဲ့ MAP ဖောင်ဒေးရှင်း က ပီတောင်းခမ်းက ပြောပြပါတယ်။
“ ဒီနှစ် မေဒေးမှာ အိမ်ဖော်အလုပ်သမား၊ တောင်းဆိုတာက အိမ်ဖော်အလုပ်သမားတွေလည်း ပင်ပန်းတာတူတူ လူမှုဖူလုံရေးလုပ်ပေးဖို့၊ နောက်လုပ်အားခ တန်းတူရချင်တယ်” လို့ ပီတောင်းခမ်း က ဆိုပါတယ်။
အိမ်ဖော်အလုပ်သမတွေဟာ တခြားရွှေ့ပြောင်းနည်းတူ အချိန်ပေးလုပ်ဆောင်ရပြီး ပင်ပန်းမှုခြင်းတူသော်လည်း လစာရရှိခြင်း မတူသလို လူမှုဖူလုံရေး လည်း မရှိကြောင်း ပီတောင်းခမ်း က ပြောသည်။
“ လူမှုဖူလုံရေး ကလည်း အရေးကြီးတယ်။ လူမှုဖူလုံရေးမရှိရင် အိမ်ဖော်တွေက ခံရတယ်။ အလုပ်ရှင်တွေက တာဝန်ယူမှု မရှိဘူးပေါ့။ အလုပ်နားခံရတာ နောက် တခုခုဖြစ်ရင် အိမ်ဖော်တွေပဲခံရတာလေ။ အလုပ်နားရင်လည်း လျော်ကြေး ငွေ မရဘူး။ ဒါကြောင့် အိမ်ဖော်တွေအတွက် လူမှုဖူလုံရေး လုပ်ဖို့ တောင်းဆိုကြတယ်” လို့ ပီတောင်းခမ်းက မေးဒေးနေ့ အိမ်ဖော်အလုပ်သမားတွေ တောင်းဆိုချက်ကို ပြောပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ လူဦးရေ ၁ဒသမ ၆သန်းမှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက်ကျော်ဖြစ်တဲ့ ၂၅သန်းကျော်ဟာ ငတ်မွတ်ဘေးကြုံနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာသူ စုစုပေါင်း ၃သန်း အထက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေ ခန့်မှန်းတွက်ချက်ထား ပါတယ်။
တဖက်မှာလည်း တိုင်းတပါး ကိုရောက်လာပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ မုဒိမ်းကျင့်ခံရတာတွေ အမျိုးသမီး တွေ တရားမျှတမှုမရတာ နောက်ပြီး တန်းတူညီမျှမှု မရတာတွေနဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးတဲ့အဖွဲ့တွေက နည်းပါးပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အရမ်းများပေမယ့် အလုပ်သမားအခွင့်အရေး ၊ အလုပ်သမားရဲ့အသံတွေဟာ လွှတ်တော်ထဲမရောက်ရှိတဲ့အပြင် ရွှေ့ပြောင်းသမားတွေဟာ ထိုင်းနိုင်ငံနဲ့ ဆက်နွယ်တဲ့ လူသားတွေဖြစ်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားအရေး ကိစ္စဟာလည်း အလွန်ပင် အရေးကြီးကြောင်း ထိုင်းနိုင်ငံအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Human Right and Development Foundation ဒါရိုက်တာ Plowish Subsrisunjai က မေ ၁၀ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တက္ကသိုလ်ထဲမှာ ပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးမှာ ပြောဆိုခဲ့ပါတယ်။
“ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး၊ သူတို့အသံတွေက လွှတ်တော်ထဲတွေမရောက်ဘူး. နိုင်ငံရေးပါတီတွေကလည်း သူတို့ကို စိတ်မဝင်စားကြဘူး။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား အများကြီးရှိတယ်။ သူတို့ကလည်း ကျနော်တို့ နိုင်ငံ အရေးနဲ့ ဆက်နွယ်တယ်” လို့ သူက ဆိုပါတယ်။
အခုနှစ် နိုင်ငံတကာ အလုပ်သမားများနေ့ ( မေ ဒေးနေ့)မှာလည်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမတွေကတော့ အမျိုးသားနည်းတူ လစာတန်းတူရရှိရေး၊အိမ်ဖော်အလုပ်သမားတွေ လူမှုဖူလုံရေးလုပ်ပေးရေး နဲ့ တရားမျှတရေး ရရှိရေးအတွက် တောင်းဆိုလိုက်ကြပါတယ်။
“ ကျမတို့ နှစ်ပေါင်းများစွာ တောင်းဆိုတဲ့ အိမ်ဖော်အလုပ်သမတွေ ဥပဒေထုတ်ပေးဖို့နဲ့ အမျိုးသားနည်းတူ တန်းတူလစာရဖို့အတွက်ပါပဲ။ နှစ်တိုင်းတောင်းဆိုခဲ့ပေမယ့် အခုထိ ထိုင်းအစိုးရက အရေးတယူလုပ်ပေးတာမရှိဘူး” လို့ ပီတောင်းခမ်းက ပြောဆိုလိုက်ပါတယ်။
အိမ်ဖော်အလုပ်လုပ်တဲ့သူတွေဟာ တခြားအလုပ်အမျိုးအစားနည်းတူ Passport (နိုင်ငံကူးလက်မှတ်)၊ ဗီဇာ နဲ့အလုပ်သမားကဒ်တွေကို တနှစ်တကြိမ် သက်တမ်းတိုးရပေမယ့် သူတို့ရဲ့ ရပိုင်ခွင့်ကတော့ တခြားသူတွေနဲ့ မတူကြပါဘူး။
ဒါ့ကြောင့် နန်းကိန်တယောက်ဟာ အိမ်ဖော်အလုပ်အကိုင် နေတဲ့သူတွေ ဘဝလုံခြုံမှု၊ အိမ်ဖော်ဥပဒေကလည်း အလွန်ပင်ရေးကြီးတဲ့အရာဖြစ်သလို လူမှုဖူလုံရေး လုပ်ဆောင်မှုကလည်း အမြန်ဆုံးပြုလုပ်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
“ ကျမတို့ အိမ်ဖော်အလုပ်သမတွေ အတွက်ကတော့ အိမ်ဖော်ဥပဒေအမြန်ဆုံးထွက်လာဖို့နဲ့ နောက် အိမ်ရှင်တွေ သူဌေးတွေ ခေါင်းပုံဖြတ်မခံရအောင် လူမှုဖူလုံရေးကဒ်ကလည်း လုပ်ဆောင်ပေးစေချင်ပါတယ်” လို့ နန်းကိန် ကပြောဆိုလိုက်ပါတယ်။