ခွန်း။ ။
“ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် ကျွန်တော်တော့ ပညာရေးကိုပဲ အားပေးချင်တယ်။ စားဝတ်နေရေးအခက်ခဲ ပြဿနာ ထက် ကျွန်တော့်မြေးလေးတွေရဲ့ ပညာရေးကိုပဲ ဦးစားပေးပါ့မယ်” လို့ အသက် ၆၂ နှစ်အရွယ် ဦးပေါလူ ကပြောပါတယ်။
ဦးပေါလူ(အမည်လွဲ)ဟာ ကရင်နီဒေသလို့လည်းခေါ်တဲ့ ကယားပြည်နယ်မှာ စစ်ပြေးနေရတဲ့ သူ၏မြေးများအပေါ် ထားရှိတဲ့ မျှော်လင့်ချက်ကို အထက်ပါအတိုင်း ပြောခဲ့တာပါ။
သို့သော်သူရဲ့ဆန္ဒက ယမ်းငွေ့များနှင့်အတူ ပျောက်ရှသွားခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား ကရင်နီဒေသမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဦးပေါလူတယောက် သူရဲ့ ရွာကို စွန့်ခွာခဲ့ရသလို မြေးတွေဟာလည်း စာသင်ခန်းများကို ကျောခိုင်းခဲ့ရပါတယ်။
စစ်မဖြစ်ခင်က ဦးပေါလူက ဒီးမော့ဆိုမြို့နယ်လေးထဲမှာ မိရိုးဖလာတောင်ယာလုပ် ကိုင်ခြင်းနဲ့ အသက်မွေးနေခဲ့သူပါ။ ဒီးမော့ဆိုမြို့နယ်လေးဟာ စိုက်ပျိုးရေးကိုသာအဓိက ထားပြီးလုပ်ကိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့အတွက် ကယားပြည်နယ်ထဲမှာ စီးပွားကောင်းတဲ့ မြို့ငယ်လေးတစ်မြို့ပါ။မြို့ရဲ့ အဓိကထွက်ကုန် ဆန်စပါးနှင့် ပြောင်းများကို အထက်မြန်မာပြည်ဖက်သို့ အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးမြေများလည်း ဆုံးရှုံးခဲ့ကြသလို အသက်အိုးအိမ်များ လည်းဆုံးရှုံးခဲ့ကြရပြန်တယ်။
“ အာဏာသိမ်းပြီး ၁ နှစ်အကြာမှာပဲ ကျွန်တော်တို့နေထိုင်တဲ့ရွာဧရိယာအထိ တိုက်ပွဲမီးစတွေ စတင်ကူးစက်လာခဲ့တယ်။ ရွာအထိလက်နက်ကြီးတွေ စတင်ကျရောက်တဲ့ အချိန်ကနေစပြီး ကျွန်တော်တို့ စစ်ရှောင်ခဲ့ကြတယ်။ ရွာပြန်လာလို့ရပြီဆိုတဲ့ သတင်းကြားပြီး ပြန်လာခဲ့ကြပေမယ့် လက်နက်ကြီးတွေက စိုက်ပျိုးမြေတွေထဲမှာ ကျနေဆဲမို့ စိုက်ပျိုးရေးတွေ ပြန်လုပ်လို့မရတော့ဘူး.”ဟု ဦးပေါလူကဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဧရိယာများ ကျယ်ပြန့်လာသည်နှင့်အမျှ စိုက်ပျိုးမြေများလည်း စစ်ဇုံများအဖြစ် ပြောင်းလဲလာခဲ့ပြီး နေရာအများစုမှာလည်း စစ်ရှောင်စခန်းများအဖြစ် အသွင်ကူးပြောင်းလာခဲ့တယ်။
သိမ်းဆည်းထားတဲ့ စပါးကျီများလည်း မီးလောင်ပျက်စီးခဲ့ရသလို စားနပ်ရိက္ခာနှင့်လူအင်အား မမျှတတော့သည့် အခြေအနေများနှင့်လည်း စတင်တွေ့ကြုံခဲ့ရတယ်။
ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာလေးတစ်ခုမှာ လုံခြုံမယ်ထင်လို့ စစ်ရှောင်သွားခဲ့ကြသော်လည်း ရိက္ခာများ ပြတ်လပ်သွားတဲ့အထိ တွေ့ကြုံခဲ့ရကြောင်း ဦးပေါလူမှ ပြောပြခဲ့တယ်။
“လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ အစားအသောက်ပြတ်လပ်တာတွေ ဆေးဝါးမရှိတာဖြစ်လာတဲ့အတွက် နောက်ထပ်စစ်ရှောင်စခန်းကို ပြောင်းရတယ်။ အဓိက ဒီနေရာကို ရွေးရတဲ့အကြောင်းကလည်း မြေးတွေရဲ့ပညာရေး အတွက်လည်းပါတယ်” လို့ သူကပြောပါတယ်။
မူလတန်းအထိသာ ပညာသင်ခွင့်ရခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် အဖိုးအိုက သူ၏မြေးများကိုတော့ ပညာတတ်ဖြစ်စေချင်ပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းများစွာရှိသော်လည်း စစ်ရှောင်စခန်းတိုင်းတွင်တော့ အလှူရှင်များရဲ့ ပံ့ပိုးကူညီမှု မရောက်ရှိနိုင်ကြပေ။ လမ်းပန်းဆက်သွယ်ရေးကြောင့်အပြင် စစ်ရှောင်အနည်းငယ်သာ စုစည်းနေထိုင်ကြတဲ့ စစ်ရှောင်စခန်းများတွင် ကိုယ်ထူကိုယ်ထရုန်းကန်ရပြန်တယ်။
ထို့အပြင် စစ်ရှောင်ရာ နေရာတိုင်းတွင် ကလေးတိုင်းအတွက် ပညာရေးသင်ကြားခွင့်မရနိုင်ကြ။ သင်ကြားပေးရန်ဆရာ/မ များမရှိခြင်း၊ သင်ထောက်ကူအပြင် သင်ကြားဖို့ အဆောက်အအုံများ မရှိခြင်းကလည်း ကလေးများ ပညာသင်ကြားခွင့်ဆုံးရှုံး ရခြင်းရဲ့ အဓိကအချက်များပဲ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းတွင် ယခင်က အစိုးရကျောင်းအပြင် မူကြိုကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အပါအဝင် ကျောင်းပေါင်း (၁၈၃) ကျောင်းရှိခဲ့သော်လည်း အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း အစိုးရကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့။
မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာအရ ကျောင်းပြင်ပ ရောက်ရှိနေတဲ့ ကလေးစုစုပေါင်း (၇.၈) သန်းထဲတွင် ကရင်နီပြည်နယ် နယ်အတွင်းရှိ ကလေးများလည်းအပါအဝင်ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် သမရိုးကျပညာသင်ခွင့် မရခဲ့ကြပေမယ့် ဒေသခံအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ NUG တို့က စာသင်ကြားပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်အားလုံးကိုတော့ မဖြည့်စည်းပေးနိုင်သေးပါဘူး။
စစ်ပြေးနေရတဲ့ မိဘတွေအနေနဲ့လည်း စားဝတ်နေရေးနဲ့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေကြရတဲ့အတွက် သားသမီးတွေ ပညာသင်ကြားရေးက ဦးစားပေးမဖြစ်နိုင်ရှာပါဘူး။ စိုက်ပျိုးလုပ်ကိုင်ခွင့်မရတော့တဲ့ နောက်ပိုင်း ခက်ခဲလာတဲ့ အခြေအနေက မိသာစုအတွင်း စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ကလေးတွေပညာရေးအတွက်ပါ ရိုက်ခက်မှုများရှိလာခဲ့တယ်။
“တစ်ခါတစ်ခါ စစ်ရှောင်ဖို့ဆိုရင် သူများဆီမှာပိုက်ဆံချေးရတယ်။ တောင်ယာလည်းမလုပ်တာကြာတော့ ဘာနဲ့စားမလဲဆိုတာပဲ တွေးလာတယ်။ ငတ်ပြီးသေတော့မှာပဲလို့လဲ တွေးမိတယ် “ လို့ သူကဆိုပါတယ်။
သားသမီးအပေါ်ထားတဲ့ မိဘတိုင်းရဲ့မျှော်လင့်ချက်၊ မိဘကိုမှီခိုပြီး အနာဂတ်ကို ပုံဖော်ကြမယ့် ကလေးတွေရဲ့ ရည်မှန်းချက်တွေဟာ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် တစ်စစီ ရိုက်ချိုးဖျက်ဆီး ခံခဲ့ကြရပါတယ်။
ခက်ခဲလာသည်နှင့်အမျှ စားဝတ်နေရေးထက် အရေးကြီးတာမရှိတော့ကြောင်း ပြောင်းလဲလက်ခံလာတဲ့နောက်ပိုင်း ပညာရေး က တစ်ဖြည်းဖြည်းချင်းနောက်ကျ ကျန်ရစ်ခဲ့ပြီ။ ပညာရေးထက် ထမင်းတစ်နပ်စားနိုင်ဖို့အရေးက စစ်ရှောင်တွေရဲ့ အဓိကဦး စားပေးဖြစ်လာခဲ့ပြီ။
“အရင်လိုပဲ အိပ်ရာထ သွားတိုက် မျက်နှာသစ်ပြီးရင် ထမင်းစား ကျောင်းသွားရတာမျိုး ပြန်ဖြစ်ချင်တယ်။ ကျောင်းတတ်ရတာ ပျော်တယ်။ အဖြုအစိမ်း ဝတ်ရတာလည်း ပျော်တယ်” လို့ အသက် (၁၁) အရွယ် မအဲလစ် (အမည်လွဲ) သူမရဲ့ခံစား ချက်အား ယခုလိုပဲပြောပြလာခဲ့တယ်။
အဲလစ်လေးရဲ့ အိမ်မက်က တနေ့နေ့မှာ သူနာပြုဆရာမ ဖြစ်ချင်တာဖြစ်ပါတယ်။
ဒါပေမယ့် မအဲလစ်၊ ဦးပေါလူ ရဲ့မြေးတွေအပါအဝင် ကရင်နီဒေသက ကလေးငယ်တွေဟာ အခုအချိန်မှာတော့ ပညာသင်ကြား ရေးထက် တိုက်ပွဲတွေကြားမှာ အသက်မသေရေးကိုသာ ကြိုးစားနေကြရပါတယ်။