သန့်ရှင်းထွန်း
နံနက် ၅ နာရီသံပိတ်ပေးထားသည့် နာရီနိုးစက်သံကြောင့် ဒေါ်ချိုမှာ ထမင်းချက်ရန် ထရသည်။ အသက် ၄၀ ကျော်အရွယ် ဒေါ်ချိုက သူ့သမီးဖြစ်သူအတွက် မနက်မနက်ထထချက်နေရသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။
“တခါတလေအိမ်က စားသွားသလို တခါတလေတော့လည်း ထမင်းဂျိုင့်မှာ ထည့်ပေးလိုက်ရတယ်။ ဟင်းကတော့ ရှိတာနဲ့ ထည့်ပေးရတာပဲ”ဟု ဒေါ်ချိုက သမီးဖြစ်သူအတွက် နံနက်စာ ထမင်းစီစဉ်ပေးရပုံကို ပြောသည်။ မိခင်ပြင်ဆင်ပေးသည့် နံနက်စာကိုစားပြီးသည်နှင့် ဒေါ်ချို၏ သမီးဖြစ်သူ မချိုချိုဝင်းမှာ သူ၏လုပ်ငန်းခွင်ဆီသို့ ထွက်ခွာရန် ပြင်ဆင်ရပြန်သည်။
မချိုချိုဝင်းတစ်ယောက် လုပ်ငန်းခွင်ဆီသို့ နံနက်တိုင်းနီးပါး ထွက်ခွာသွားသော်လည်း သူ၏လုပ်ငန်းက တမူထူးခြားလှသည်။ သူသည် လခစားဝန်ထမ်းမဟုတ်သလို ကိုယ်ပိုင်စီးပွားရေးလုပ်သူလည်းမဟုတ်။ ကိုယ့်ထမင်းကိုယ်စားရင်း ကမ္ဘာကြီးကို ကယ်တင်နေသည့် လူငယ်တစ်ဦးဖြစ်သည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် လင်ပန်းကျွန်းကျေးရွာတွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် အဝေးသင် တက္ကသိုလ်ကျောင်းသူ မချိုချိုဝင်းမှာ လုပ်အားခမရသည့် ဒီရေတောစိုက်ပျိုးသည့် အလုပ်တွင် ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချရန် ကြိုးစားနေသူတစ်ဦးလည်းဖြစ်သည်။
“ကြီးမားတဲ့တိုက်ပွဲအတွက် ညီမပြင်ဆင်နေတာ”ဟု မချိုချိုဝင်းက ပြောသည်။
မချိုချိုဝင်း ကြိုတင်ပြင်ဆင်နေသော တိုက်ပွဲကြီးက လက်ရှိတွင် မပြင်းထန်သေးသော်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ မဆောင်ရွက်ပါက ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ ထိုသို့ ကြီးမားသော တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မချိုချိုဝင်း၏ အလုပ်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ပင်လယ်ကမ်းစပ်နှင့် မြစ်ချောင်းများ၌ ကမ်းခြေစောင့်ခံတပ်ဖြစ်သော ဒီရေတောများကို စိုက်ပျိုးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုန်တိုင်းကဲ့သို့သော သဘာဝဘေးများကို မကြာခန ရင်ဆိုင်ရလေ့ရှိသည်။ သဘာဝဘေးများနှင့် ရေနေသက်ရှိများအတွက် အရေးကြီးပြီး ကမ်းခြေစောင့်ခံတပ်ဟု တင်စားသည့် ဒီရေတောများ ဆက်လက်ရှိနေရေးက ရခိုင်ဒေသအနာဂတ်အတွက် အရေးပါလှသည်။
“လူလူချင်းဖြစ်တဲ့ တိုက်ပွဲတွေထက် ကြီးမားတဲ့တိုက်ပွဲတိုက်ပွဲတစ်ခုကို လူတွေကြုံတွေ့နေရတာကို သတိထားမိသူ နည်းနေပါသေးတယ်”လို့ ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူ အမ်းမြို့မှ ကိုမျိုးလွင် ကပြောသည်။
မချိုချိုဝင်းသည် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်ကစ၍ ဒီရေတောစိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်လာခြင်းဖြစ်ပြီး သူငယ်စဉ်က အနီးပတ်ဝန်းကျင်တွင် ဒီရေတောများကို စိမ်းစိမ်းစိုစို မြင်တွေ့ခဲ့ရသော်လည်း ခုတ်ယူသူများပြားလာခြင်းကြောင့် ဒီရေတောများ ပျက်စီးမှုများလာခြင်းကို မြင်တွေ့လာသည့်အတွက် ယခင်ကဲ့သို့ စိမ်းစိမ်းစိုစို ပြန်ဖြစ်လာစေချင်သည့် စိတ်ကူးကြောင့် ဒီရေတော စိုက်ပျိုးသည့်အလုပ်တွင် ပူးပေါင်းပါဝင်လာခဲ့ခြင်းဟုဆိုသည်။
ရခိုင်ကမ်းရိုးတန်းတွင် ဒီရေတောများ ပြုန်းတီးကာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုမမှန်ခြင်း၊ အပူချိန်မမှန်ခြင်း၊ မိုးကြီးခြင်း၊ မိုးခေါင်ခြင်း စသည့်ဆိုးကျိုးများကို သူ၏ပတ်ဝန်းကျင်တွင် ကြုံတွေ့နေရပြီး အဆိုပါဆိုးကျိုးများ၏ နောက်ဆက်တွဲပြသနာအဖြစ် သီးပင်စားပင်များ စိုက်ပျိုးမရဖြစ်ခြင်း၊ မိုးခေါင်သည့်အတွက် အပင်များပိုးကျခြင်း၊ လူအများ ကျန်းမာရေး ထိခိုက်ခြင်း စသည်တို့ကို ကြုံတွေ့နေရကြောင်း မချိုချိုဝင်းက ပြောသည်။
မချိုချိုဝင်းနေထိုင်သည့် အမ်းမြို့နယ်တွင် ၂၀၀၆ ခုနှစ် ဧပြီလ ၂၁ ရက်က အမြင့်ဆုံးအပူချိန် ၄၀ ဒသမ ၆ ဒီကရီစင်တီ ဂရိတ်ထိမြင့်တက်ခဲ့ပြီး အဆိုပါ အမြင့်ဆုံးအပူချိန်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၉ ရက်က အမြင့်ဆုံးအပူချိန် ၄၂ ဒီကရီစင်တီဂရိတ်ဖြင့် စံချိန်ချိုးခဲ့ကြောင်း မိုးလေဝသဌာန၏ စာရင်းတွင် ဖော်ပြသည်။
ယခုကဲ့သို့ အပူချိန်များ စံချိန်တင်မြင့်တက်လာခြင်းမှာ အမ်းမြို့နယ်တခုတည်းတွင်မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးတွင်လည်း အပူချိန်များ စံချိန်တင်မြင့်တက်လာနေခြင်းဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို သိပ္ပံပညာရှင် အားလုံးက သဘောတူလက်ခံထားကြသည်။
“ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ ဒီကရီဆပ်စီယပ်(၂ ဒသမ ၇ ဒီကရီဖာရင်ဟိုက်) ထက်မကျော်အောင် ကန့်သတ် ချင်တယ်ဆိုရင်တော့ အခုချက်ချင်းမလုပ်ရင် နောက်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး။”ဟု International Panel on Climate Change(IPCC) လုပ်ငန်းအဖွဲ့ ၃ ၏ ပူးတွဲဥက္ကဌ Jim Skea က ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်က ထုတ်ပြန်သည့် IPCC သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သို့သော် ဒီရေတောအပါအဝင် စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေယာအသုံးပြုမှုမှတဆင့် ပမာဏများပြားသော ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို လုပ်ဆောင်နိုင်သည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့(CO2)ကို ဖယ်ရှားပြီး အတိုင်းအတာတခုထိ သိုလှောင်နိုင်သည်ဟု IPCC သတင်းထုတ်ပြန်ချက်တွင် အကြံပြုထားသည်။
အဆိုပါ အကြံပြုချက်က မချိုချိုဝင်းလုပ်ကိုင်နေသည့် ဒီရေတော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းနှင့် ကွက်တိဖြစ် နေသည်။
တက္ကသိုလ်အဝေးသင် ကျောင်းသူတစ်ဦးဖြစ်သော မချိုချိုဝင်းသည် ကျောင်းပိတ်ရက် ရက်ရှည်ကို ဒီရေတော စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် ကောင်းစွာအသုံးချနိုင်ပြီး သူဒီရေတော စိုက်ပျိုးရန်အတွက် နေအိမ်မှ တစ်မိုင်ခန့်ဝေးကွာသော လမ်းခရီးကို ခြေလျင်လျောက်သွားရပြီး ထိုမှတဆင့် ပင်လယ်ကမ်းစပ်နှင့် မြစ်ကမ်းစပ်သို့ စက်လှေဖြင့် ခြောက်ဖာလုံခန့် သွားရသည်ဟု ဆိုသည်။
“မနက်အစောထရတဲ့ နေ့တွေဆို အမေက ထမင်းအစောကြီး ထချက်ပြီး ထမင်းကျွေးတယ်”ဟု မချိုချိုဝင်းက ပြော သည်။
ဒီရေတော စိုက်ပျိုးသည့်အလုပ်ကို မချိုချိုဝင်း၏ မိဘများနှင့်အတူ တခြားလူငယ်များ၏ မိဘများကလည်း သဘောကျ ကြကြောင်း ဒီရေတောစိုက်ပျိုးရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသည့် အမ်းမြို့မှ ကိုမျိုးလွင်က ပြောသည်။
အမ်းမြို့မှ ကိုမျိုးလွင် ဦးဆောင်သော ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း သုံးရာကျော်ရှိပြီး ထိုအထဲတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ ဆယ်ကျော်သက်အရွယ် ကလေးငယ်များဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျမတို့ကိုယ်တိုင် ပါဝင်ချင်တာပါ။ အလုပ်မအားလို့ ကလေးတွေကို ဒီရေတောစိုက်ဖို့ နေ့တိုင်းလွတ်ပေးတယ်”ဟု မချိုချိုဝင်း၏ မိခင်ဒေါ်ချို ကပြောသည်။
ထိုသို့ ဒီရေတောစိုက်ပျိုးရေးအလုပ်များကို လုပ်ကိုင်သည့်အခါ သူငယ်ချင်းများနှင့်အတူ ပျော်စရာများအဖြစ် ပင်လယ်နှင့် မြစ်ကမ်းစပ်က စေတီခရုများကောက်ခြင်း၊ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းနှင့် ရေကူးခြင်းတို့ကို ပြုလုပ်တတ်ကြသည်ဟု မချိုချိုဝင်းက ပြောပြသည်။
ဒီရေတောများ စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းလုပ်သည့်အခါ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စိုက်ပျိုးပြီးခဲ့သော ဒီရေတောများကို ထိန်းသိမ်းရာတွင် အားမစိုက်နိုင်ဖြစ်နေပြီး ပျက်စီးမှုတချို့ကိုလည်း ကြုံတွေ့ နေရသည်ဟု သူကြုံတွေ့နေရသော စိန်ခေါ်မှုကို ကိုမျိုးလွင်က ပြောပြသည်။
အလားတူ ငွေကြေးအခက်အခဲ တချို့လည်းရှိနေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများကို တိတိကျကျ လိုက်နာအကောင်အထည် မဖော်ခြင်းကလည်း စိန်ခေါ်မှုများဖြစ်နေကြောင်း ကိုမျိုးလွင်က ဆိုသည်။
ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)(၂၀၁၈-၂၀၃၀)၏ မဏ္ဍိုင် ၃ ဖြစ်သော ပြည်သူများနှင့် ကမ္ဘာမြေကဏ္ဍတွင် ပန်းတိုင် ၅ ဖြစ်သော နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကို မဟာဗျူဟာ ခြောက်ခုဖြင့် ဆောင်ရွက်သွားရန် ရေးဆွဲထားသော်လည်း လက်ရှိအခြေ အနေတွင် အဆိုပါ စီမံကိန်းမှာလည်း စစ်ကောင်စီ လက်ထက်တွင် ဆက်လက် အကောင်အထည်ဖော်၊ မဖော်ကို မည်သူမျှ မသိရဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသူ တချို့က ပြောသည်။
သို့သော် ရခိုင်ကမ်းရိုးတန်းတွင် ဒီရေတော စိုက်ပျိုးထိန်းသိမ်းရေးအလုပ်ကို လုပ်နေသည့် မချိုချိုဝင်းတို့မှာ MSDP စီမံကိန်း အကောင်အထည်ဖော် မဖော်ကို ဂရုမစိုက်ကြဘဲ သူတို့လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်ဟု ဆိုသည်။
“ညီမတို့ကို ဒီရေတောစိုက်ဖို့ တိုက်တွန်းတာက ကိုယ်ကိုယ်တိုင်နဲ့ မိဘတွေဖြစ်တယ်။”ဟု မချိုချိုဝင်းက ပြောသည်။
ဒီရေတောများကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတဖြစ်ခြင်း၊ မိုးပုံမှန်ရွာခြင်း၊ သားငါးပုစွန်ပေါများခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဟု မချိုချိုဝင်းက ဆက်ပြောသည်။
ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင်များဖြစ်ပြီး ဒီရေတောများမှ လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးနှင့် သွယ်ဝိုက်သော အကျိုးကျေးဇူး နှစ်မျိုးကို ရရှိစေကြောင်း Worldview Myanmar သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများမှာ ဒီရေတောပင်များမှတဆင့် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သော သစ်၊ ထင်းမီးသွေး၊ ဓနိချပ်များ၊ စားသုံးရန် အသီးအရွက်အဖြစ် ငှက်ကြီးတောင်(မှိုဟင်း)၊ ကန့်ပလာ(ပျားဇီး)၊ ဓနိရည်၊ ဓနိဖူးခြောက်တို့ကိုရရှိနေပြီး ဆေးဖက်ဝင်အပင်များဖြစ်သော ခယာအရွက်၊ အဆိပ်တရား၊ မိကျောင်းကွမ်းဖတ် တို့ကိုလည်း ရရှိနေသည်ဟု Worldview Myanmar ကရေးသားထားသည်။
ဒီရေတောများမှ သွယ်ဝိုက်၍ရရှိသော အကျိုးကျေးဇူးများမှာ လေမုန်တိုင်းဒဏ်၊ ရေတိုက်စားမှုဒဏ်၊ ကမ်းပါး ပြိုမှုဒဏ်များကို ကာကွယ်ပေးနေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထဲမှစုပ်ယူကာ အောက်ဆီဂျင် ထုတ်လွတ် ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မြေပေါ်သာမက မြေအောက်တွင် ပိုမိုစုပ်ယူထားနိုင်ခြင်းတို့မှာ အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးများဖြစ်ကြောင်း ဖော်ပြထားသည်။
မချိုချိုဝင်းတို့ နေထိုင်သော ရခိုင်ပြည်နယ်တွင် ဒီရေတောစိုက်ဧကပေါင်း ဒီရေတောဧကပေါင်း လေးသိန်းကျော်ရှိပြီး မီးသွေးဖုတ်ခြင်း၊ လောင်စာထင်းထုတ်ယူခြင်း၊ ပုစွန်မွေးကန်များပြုလုပ်လာခြင်းနှင့် မြေယာချဲ့ထွင်လာခြင်းကြောင့် ဒီရေတောများ ပျက်စီးပြုန်းတီးမှုနှင့် ရင်ဆိုင်လာရသည်ဟု ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ကိုင်နေသူ ကိုမျိုးလွင် ကပြောသည်။
“ရခိုင်ကမ်းရိုးတန်းမှာ ဒီရေတောဟာလည်း စံချိန်တင်လောက်အောင် ပြုန်းတီးမှု၊ ပျောက်ကွယ်မှုတွေဖြစ်နေပါတယ်။” ဟု ကိုမျိုးလွင်က ဆိုသည်။
အဆိုပါ ဒီရေတောများ ပြုန်းတီး ပျောက်ကွယ်မှုကို တားဆီးရန်အတွက် ဥပဒေများ၊ မူဝါဒများကို သေချာချမှတ်၍ ဆောင်ရွက်ရန် အရေးကြီးနေသည်ဟု ၎င်းက ထောက်ပြသည်။
ရခိုင်ကမ်းရိုးတန်းတွင် နှစ်နှစ်ကျော်ကာလအတွင်း ဒီရေတောအပင်ပေါင်း ငါးထောင်ကျော်ကို စိုက်ပျိုးထားသော မချိုချိုဝင်းက ဒီရေတောထိန်းသိမ်းရေးကို လူတိုင်းပူးပေါင်းပါဝင်လာရန် အရေးကြီးကြောင်း ယခုကဲ့သို့ ပြောသည်။
“ဒီရေတောတွေ ရှင်သန်လာလို့ ပတ်ဝန်းကျင်ကောင်းလာရင် ညီမတို့ကမ္ဘာကြီးဟာ ဒီထက်ပိုကျန်းမာလာမှာ ဖြစ်ပါတယ်။”