ခွန်း။ ။
“ ကျွန်မ KNDF အဖွဲ့ထဲကိုဝင်ဖို့ စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် အဖေကပြောတယ် နင့်ကလေးကို ဘယ်သူက ကြည့်မလဲ။ နင့်ကလေးအတွက်လည်း နင်စဉ်းစားပေးရမယ်တဲ့။”
ကရင်နီပြည် ဒီမော့ဆိုမြို့နယ် စစ်ရှောင်နေရာတစ်ခုတွင် ရောက်ရှိနေစဉ် သူဖြစ်ချင်ခဲ့သည့် ဆန္ဒတစ်ခုအား ဒေါ်အမာ ( အမည်လွဲ) တစ်ယောက် ပြောပြနေခြင်း ဖြစ်သည်။
အဆင်မပြေမှုများစွာ၊ နာကျင်မှုများစွာဖြင့် စစ်ရှောင်လိုက်ရစဉ် အမျိုးသားများနည်းတူ တိုက်ပွဲဝင်ဖို့ရန် ဆုံးဖြတ်လိုက်သေးသည်။ သို့သော် ကလေး ၄ ယောက်အတွက် ခိုကိုးစရာဆိုလို့ သူသာရှိတော့သည်။ သူ၏ရွေးချယ်မှုက သူ၏ဆန္ဒထက် သားသမီး၏စား ဝတ်နေရေးကသာ ပို၍အရေးကြီးသည်။
“အကယ်၍ ကျွန်မ KNDF ထဲဝင်ဖြစ်ခဲ့ရင် ဘယ်တော့မှ နောက်တန်းမှာမနေဘူး။ ရှေ့တန်းပဲတက်မယ်။ သူတို့ကိုရအောင်တိုက်မယ်” ဟု ၃ နှစ်ကျော် သမီးလေးအား ရင်ခွင်ထဲတွင် ထွေးပွေ့ထားရင်း ပြောလိုက်သည့် ဒေါ်အမာ၏ စကားတစ်ခွန်းက သူတွေ့ကြုံခဲ့ရသည့် နာကျည်းစရာ အဖြစ်အပျက်များကိုပြန်လည် အမှတ်ရစေခဲ့သည်။
ဒေါ်အမာ၏ ခင်ပွန်းဖြစ်သူသည် အာဏာသိမ်းမှုစတင် ဖြစ်ပွားသည့် အချိန်ကတည်းကပင် မိမိဆန္ဒအလျှောက် CDM လုပ်ခဲ့သည်။ ဒေါ်အမာတို့ ဇနီးမောင်နှံအတွက် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းထက်၊ လက်သုံးချောင်းထောင်၍ တော်လှန်ရခြင်းက အဓိပ္ပါယ်ရှိသော နေ့ရက်များအဖြစ် ယူဆခဲ့သောကြောင့် စစ်ကောင်စီကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများတွင် နေ့စဉ်နေ့တိုင်း ပါဝင်ခဲ့ကြသည်။ သို့သော် သပိတ်အားဖြိုခွင်းမှုပုံစံက ကြမ်းသည်ထက် ကြမ်းလာသည့်အပြင် ဒေါ်အမာတို့နေထိုင်ရာ ကျေးရွာအထိပင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာခဲ့ကြသည်။
ကျေးရွာထဲသို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာခဲ့သည့်နောက် CDM ဝန်ထမ်းသူတို့မိသားစုမှာ ဗုံးခိုကျင်းထဲတွင် (၉) ရက်တိုင်တိုင် ခိုအောင်းနေခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် ဒလန်၏သတင်းပေးမှုကြောင့် ဒေါ်အမာတို့၏ ပုန်းခိုရာနေရာကို စစ်ကောင်စီတပ်သားများက ရှာတွေ့သွားခဲ့သည်။
“ကျွန်မတို့ပုန်းနေတဲ့ ဗုံးခိုကျင်းထဲကို သူတို့သေနတ်နှစ်ချက် ပစ်လိုက်သေးတယ်။ သေနတ်ကျည်ဆန်အခွံတောင် ကျွန်မသမီးအငယ်ဆုံးလေးကို လာထိသေးတယ်။ နောက်ပြီးတော့ ကျွန်မတို့မိန်းကလေးတွေကိုတော့ သီးသန့်ခွဲထားပြီး ကျွန်မအမျိုးသားနဲ့ ကျွန်မမောင်လေးကိုတော့ သူတို့မီးကြိုးတွေနဲ့ ချည်ထားလိုက်ကြတယ်။”
ထို့နောက်တွင်တော့ စစ်ကောင်စီ၏ စစ်ကြောရေးငရဲစခန်းကို သူတို့မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။ လက်နက်ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ကောင်စီဖက်မှ မေးမြန်းချက်များကို သူ၏ခင်ပွန်းဖြစ်သူက မရှိကြောင်း ကောင်းမွန်စွာ ပြန်လည်ရှင်းပြခဲ့သော်လည်း စစ်ကောင်စီတပ်သားများက ထိုအဖြေကို မကျေနပ်ခဲ့။ ထုံးစံအတိုင်း ထိုးနှက်ကန်ကျောက် နှိပ်စက်ခဲ့ကြသည်။
သူ၏အမျိုးသားနှင့် မောင်ဖြစ်သူအား စစ်သားများက နှိပ်စက်နေသည့်အချိန်တွင် သူတို့အား အခြားတစ်ဖက်သို့ မျက်နှာလှည့်ခိုင်းထားခဲ့သည်။ သို့သော် သမီးအငယ်ဆုံးဖြစ်သူမှာ ဖခင်ဖြစ်သူ၏ လူ့ငရဲကျနေပုံကို အစအဆုံးမြင်ခဲ့ရသည်ဟု ဒေါ်အမာ ကဆိုသည်။
နာရီအနည်းငယ်ကြာတော့ သူ၏ခင်ပွန်းနှင့်မောင်ဖြစ်သူအား စစ်သားများက အခြားနေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက် သေနတ်သံများ ကြားလိုက်ရသည်။ ထိုအချိန်မှစတင်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် မိသားစုနှင့် ဘယ်တော့မှ ပြန်မဆုံနိုင်ကြရှာတော့။
“ကျွန်မယောင်္ကျားရယ် ကျွန်မရဲ့မောင်လေးရယ်ကို အခုလို ရက်ရက်စက်စက် သတ်သွားခဲ့တဲ့ စစ်ကောင်စီကိုတော့ လုံးဝလုံးဝကိုတော့ မကျေနပ်တာအမှန်ပဲ၊ စိတ်ထဲမှာလည်း ဒဏ်ရာတွေအများကြီး ရခဲ့တယ်”
“ သူတို့ရဲ့အသက်က ကျွန်မတို့ကို ကယ်တင်လိုက်တဲ့သဘောပဲ ကျွန်မအတွက်တော့ အာဇာနည်ကောင်း လို့ပဲခံယူထားတယ်” ဟု ဒေါ်အမာ ကပြောသည်။
ထိုအဖြစ်အပျက်အား ရင်ဆိုင်ခဲ့ရသည့်အချိန်တွင် ကျန်ရစ်သူမိသားစုနှင့်အတူ သူတို့နေထိုင်ရာ ကျေးရွာမှ အခြားလုံခြုံမည့် နေရာလေးဆီသို့ ထွက်ပြေးတိမ်းရှောင်ရန်အတွက် ဒေါ်အမာမှ ဦးဆောင်ခဲ့ရသည်။ ခင်ပွန်းမရှိတော့သည့် နောက်ပိုင်း နောက်ထပ်မိသားစုဝင် တစ်ဦးတစ်ယောက်ကိုမျှ စစ်ကောင်စီလက်ချက်ဖြင့် အသက်မဆုံးစေရန် ဒေါ်အမာဆုံးဖြတ်ခဲ့သည်။
“ကျွန်မတို့ ပြေးလာတဲ့ လမ်းကြောင်းတွေမှာ လက်နက်တွေ စနိုက်ဘာတွေနဲ့တော့ ချိန်ထားတယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ ဒါကြောင့် ခြံကြိုခြံကြားတွေ မြောင်းကြိုမြောင်းကြားတွေမှာ ပြေးခဲ့ရတယ်။ မတ်မတ်ရပ်လို့လည်း မရတဲ့အတွက် လေးဖက်ကုန်းရင်းနဲ့ပဲ အမေကိုကျောမှာပိုးထားပြီး ပြေးခဲ့တယ်” ဟု သူ့မှာရှိသည့် ခွန်အားအစွမ်းသတ္တိဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ပုံကို ပြောသည်။
ဒေါ်အမာ၏မိခင်သည် လေဖြတ်နေသည်မှာ လေးနှစ်နီးပါးပင်ရှိခဲ့ပြီဖြစ်သည်။ ထို့အပြင်စစ်ကောင်စီ၏ ချောက်လှန့်မှုကြောင့်ပင် စိတ်ဒဏ်များစွာလည်း ရရှိခဲ့သည်။ ထိုသို့ပြေးရလွှားရမည့် အခြေအနေ တစ်ခုအား ရင်ဆိုင်တွေ့ကြုံရသည့်အခါ မိခင်ဖြစ်သူက သူ့အားထားခဲ့ပြီး လွတ်မြောက်ရာသို့ အမြန်ပြေးရန် တိုက်တွန်းခဲ့သော်လည်း ဒေါ်အမာက ငြင်းဆိုခဲ့သည်။ မွေးမိခင်ကတစ်ဖက်၊ မွေးထားသည့် ကလေးများကတစ်ဖက် ခက်ခဲလှသည့်ကြားက မိသားစုဝင်အားလုံး အသက်ရှင်ရေးအတွက် ဒေါ်အမာတစ်ယောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့သည်။
“သမီးအမေ့ကို ထားခဲ့လိုက်လို့ ကျမကိုပြောတယ်။ ဒါပေမယ့် ကျမပြန်ပြောလိုက်တယ်။ သမီးအမေ့ကိုတော့ မထားခဲ့နိုင်ဘူး။ သမီးယောင်္ကျားကိုတော့ သူတို့ပစ်သတ်ခဲ့ပေမယ့် အမေ့ကိုတော့ သူတို့မပစ်သတ်မချင်းတော့ မချန်ထားခဲ့နိုင်ဘူး။ အမေ့ရဲ့ ကျေးဇူးတွေက သမီးအပေါ်မှာ အများကြီးရှိတယ်ဆိုပြီး ကျွန်မအမေ့ကို အနောက်လမ်းကနေပဲ ခက်ခက်ခဲခဲ ပိုးပြီးထွက်ပြေးခဲ့ကြတယ်။”
စစ်ရှောင်စခန်း ရောက်ပြီး ခြောက်လအကြာတွင် ဒေါ်အမာ၏ မိခင်သည်ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကျန်နေသေးသည့် ကျန်းမာရေး မကောင်းသည့် ဖခင်နှင့်အတူ သားသမီးလေးယောက်အား ရရာအလုပ်ဖြင့် ရှာဖွေကျွေးမွေးခဲ့သည်။ အခြေအနေ အနည်းငယ်တည်ငြိမ်လာသည့်နောက်ပိုင်း သူနေထိုင်ရာကျေးရွာလေးဆီသို့ ခေတ္တပြန်လည်ကြည့်ရှုရာတွင် အရိုးသာကျန်တော့သည့် ခင်ပွန်းသည်နှင့် မောင်လေးဖြစ်သူ၏ ရုပ်အလောင်းအပြင် တစ်စစီဖျက်ဆီး ခံခဲ့ရသည့် နေအိမ်သာတွေ့မြင်ခဲ့ရသည်။
လက်ရှိအချိန်အထိ စစ်ရှောင်စခန်းတွင် သာနေထိုင်နေရသည့် ဒေါ်အမာတို့အဖို့ အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့သည်။ စားဝတ်နေရေးပိုင်း၊ သောက်ရေသုံးရေပိုင်းအပြင် ကလေးများ၏ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်ရသည့်အခါ ပြည့်စုံလုံလောက်မှုထက် လိုအပ်ချက်များသာ ပိုမိုများပြားခဲ့သည်။ ဘဝတူ စစ်ရှောင်များသာ စုဝေးနေသည့် စစ်ရှောင်စခန်းသည် ဘဝတူအချင်းချင်းဖေးမရင်း အချိန်တန်လျှင် အိမ်ပြန်ခွင့်ရဖို့အရေး မျှော်လင့်တောင့်တနေခဲ့ကြသည်။
“ကျွန်မတို့ တဲတို့မိုးကာအောက်တို့မှာ နေရတာအရမ်းကိုမွန်းကျပ်တယ်၊ အိမ်ကိုလည်းအရမ်းပြန်ချင်တယ်။ အရေးတော်ပုံလည်း အမြန်ဆုံးပြီးစေချင်တယ်။ ကျွန်မတို့ရဲ့ သားသမီးတွေကိုလည်း ဒီလိုဘဝမျိုးနဲ့မနေခိုင်း စေချင်တော့ဘူး။ အရေးတော်ပုံ အမြန်ဆုံးအောင်ဖို့ပဲ ကျွန်မမျှော်လင့်ပါတယ်။”