Home မေးမြန်းခန်း စစ်ပွဲပြန်လည်ဦးမော့လာမည်ကို စိုးရိမ်နေသည့် ရခိုင်စစ်ဘေးရှောင်များ၏ ခံစားချက်များ

စစ်ပွဲပြန်လည်ဦးမော့လာမည်ကို စိုးရိမ်နေသည့် ရခိုင်စစ်ဘေးရှောင်များ၏ ခံစားချက်များ

Honest Information (Hi Burma) ။ ။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် ရခိုင်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုမရှိတာဟာ အခု ဒီဇင်ဘာလဆိုရင် တစ်နှစ်ကျော် လာပြီဖြစ်ပါတယ်။ တိုက်ပွဲတွေမဖြစ်တာကြောင့် လတ်တလောအခြေနေမှာ တည်ငြိမ်နေတယ်ဆိုပေမယ့် နိုဝင်ဘာလဆန်း ပိုင်း က မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နှင့်ရခိုင်တပ်တော်(AA)တို့ ထိတွေ့မှုတစ်ချို့ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အဲလို မြန်မာစစ်တပ်နှင့် AAတို့ ထိတွေ့မှုဖြစ်ခဲ့တာကြောင့် လက်ရှိ ရခိုင်ကစစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ မိသား စုတွေဟာ နေရပ်ပြန်ဖို့အရေးကို ပြန်လည်စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ မြန်မာစစ်တပ်နှင့် AAဟာ တရားဝင်အပစ်ခတ် ရပ်စဲ ထားတာမဟုတ်တဲ့အတွက် အချိန်မရွေးတိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒါကြောင့် နေရပ်ပြန်မယ့် စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ လတ်တလော စိုးရိမ်ပူပန်မှုတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မသျှင်ထွီးချေ(ဘူးသီးတောင် ရန်အောင်မြေ စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

ပြန်တော့ပြန်ချင်တယ်။ ဒါပေမယ့် ကျမတို့နေတဲ့နေရာတွေက အချိန်မရွေးထိတွေ့နိုင်တဲ့နေရာတွေဖြစ်နေတယ်။ အဲဒါကြောင့်မို့ လို့ ပြန်တော့ပြန်ချင်တယ် ပြန်လို့ကမဖြစ်ဘူး။ ကျမတို့ရွာနဲ့ကျတော့ AA နဲ့ မြန်မာစစ်တပ်က အချိန်မရွေးထိတွေ့နိုင်တယ်။ အဲဒါကြောင့် ကျမတို့ရွာပြန်ဖို့အတွက် အများကြီး စိုးရိမ်နေရတယ်။ အခုချိန်မှာ ရွာပြန်လို့ရှိရင် သက်ဆိုင်သူတွေက မိုင်းရှင်းလင်း ရေးတွေ လုပ်မပေးရင် ပြန်လို့မဖြစ်ဘူး။ အဲနေရာကို ရောက်သွားပြန်ရင်လည်း အဲပတ်ဝန်းကျင်မှာ ဘာတွေ ရှိမှန်းလည်း မသိနိုင်ဘူး။ အဲဒါကြောင့် ကျမတို့ အသက်အန္တရာယ် အများကြီးစိုးရိမ်နေရတယ်။ ဒီနေရာကနေ ပြန်မယ်ဆိုလို့ ရှိရင် သက်ဆိုင်သူတွေက ရှင်းလင်းရေးပြီးခါမှ ပြန်ဖို့ အဆင်ပြေပါမယ်။

မမြသန္တာ (ဘူးသီးတောင် ရန်အောင်မြေ စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

ကျမတို့ရွာပြန်လို့ရှိရင် မြန်မာစစ်တပ်နဲ့ AAနဲ့ ဘာတွေဖြစ်လာမလဲ။ တရားဝင်အပစ်အခတ် ရပ်စဲထားတာလည်း မရှိသေးဘူး လေ။ အဲဒါကြောင့် ကျမတို့ကကြောက်တယ်။ အဲလိုဆိုတော့ ရွာပြန်ဖို့က အဆင်မပြေဘူးလေ။ စစ်ဘေးရှောင်မှာလည်း အဆင် ပြေတာတော့မဟုတ်ဘူး။ ဒီလိုနေနေရတာပဲ။ ကိုဗစ်ကလည်းတစ်မျိုးဆိုတော့ အလုပ်အကိုင်ကလည်းမရှိကြဘူး။ ဒီလိုပဲနေကြ ရတာ။ ရွာမှာနေရတာက အဆင်ပြေတယ်။ စစ်ဘေးရှောင်ဆိုတော့ အစစအရာရာအဆင်ပြေဘူး။ ကိုယ့်ရွာမှာဆိုလို့ရှိရင် ကိုယ့် အလုပ်နဲ့ကိုယ် အဆင်ပြေနေကြတယ်။ ရွာပြန်လို့ရှိရင်လည်း မိုင်းပေါက်မှာကိုလည်း ကြောက်နေရတယ်။ တိုက်ပွဲတွေက ဆက်ဖြစ်လာမလားဆိုတာ စိုးရိမ်နေရတယ်။

ဒေါ်ဦးနွဲ့ရီ(ဘူးသီးတောင် မြတောင် စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

စစ်ပွဲက အခုက အစိုးရနဲ့ AA က သဘောတူရပ်ဆိုင်းထားတာမဟုတ်တဲ့အတွက် ရုတ်တရက်ပြန်ဖြစ်လာနိုင်တယ်။ အဲအချိန်မှာ ကျမတို့က ပြန်သွားလို့ရှိရင် ပြန်ပြီးတော့ ဒီကိုပြန်လာရမှာ။ မောင်တောမှာဖြစ်ခဲ့တုန်းကလည်း အဲလိုပဲပေါ့ အဲလိုမျိုးရုတ်တရက် ဖြစ်မှာစိုးတယ်။ အဲဒါမို့လို့စိတ်မချသေးတာတွေ အများကြီးပါတာပေါ့နော်။ ပြန်သွားလို့ရှိရင် ဒီကိုပြန်လာရမယ်ဆိုရင် ဘာမှ အကျိုးမထူးဘူး။ နိုင်ငံရေးအခြေနေကလည်း သိတဲ့အတိုင်းပဲ စစ်တပ်က အာဏာသိမ်းထားတော့ ဘာတွေဆက်ဖြစ်လာမယ် ဆိုတာကို ခန့်မှန်းရခက်ပါတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်စခန်းမှာပဲ မဝရေစာစားပြီးနေရမှာပဲ။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲတွေ ဆက်မရှိချင်တော့ဘူး။

ဒေါ်စိန်(ဘူးသီးတောင် မြတောင် စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

ကျမတို့က ရွာကိုပြန်မယ်ဆိုလို့ရှိရင် ပြန်ဖို့ကလည်းမလွယ်ဘူး။ အခက်ခဲတွေလည်းရှိတယ်။ နောက်ပြီးရင် စစ်ပွဲက တရားဝင် ရပ်ဆိုင်းထားတာမဟုတ်ဘူး။ ဗြုန်းခနဲ ဗြန်းခနဲဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့ ကျမတို့ ရွာပြန်ဖို့စိုးရိမ်နေကြတယ်။ ရွာမှာက စစ်သား တွေလည်း အမြဲနေတယ်။ စစ်သားတွေရှိနေရင် ကျမတို့လည်း ကိုယ့်ဟာကိုယ် စိတ်မချဘူး။ နေ့တိုင်းဘယ်နေရာမှာ ဘာဖြစ် မလဲ။ တိုက်ပွဲပြန်ဖြစ်သံကြားရမလားဆိုတာကို စိုးရိမ်စိတ်နဲ့ နားစွင့်နေရတယ်။ စစ်ဘေးရှောင်မှာ တစ်သက်လုံးနေဖို့က လည်း မဖြစ်နိုင်ဘူးလေ။ အခုတောင် တစ်ချို့စစ်ဘေးရှောင်တွေက အလုပ်လုပ် ရမယ့်နေရာတွေကို ပြောင်းပြီးနေလာကြတယ်။ မိုးတွင်း အလုပ်မရှိရင်တော့ စစ်ဘေးရှောင်စခန်းကိုပဲ ပြန်လာကြရမှာပေါ့။

ဒေါ်မလှဦး(ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

ကျမတို့နေရပ်ပြန်မယ်ဆိုရင် စောစောတုန်းကပြောခဲ့သလိုပဲ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်ပြည်နယ်အစိုးရက တာဝန်ရှိသူ အသီးသီးက ကျမတို့နေရာပြန်ဖို့အတွက်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရမယ်။ ထောက်ပံ့ကြေးကိုလည်း အနည်းဆုံးသုံးလ၊ ငါးလလောက် ပံ့ပိုးပေးရမယ်။ ဘာလို့လဲဆိုတော့ ရွာပြန်သွားရင် အိမ်တွေလည်း ပြန်ပြီး ပြုပြင်ရမယ်။ ပြီးတော့ စားနပ်ရိက္ခာ အတွက်လည်း အခက်ခဲတွေရှိတယ်။ ပြီးတော့ ကျန်းမာရေးကိစ္စတစ်ခုကိုတော့ အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေချင် တယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးမှာလည်း ကိုယ်ဝန်ဆောင်နဲ့ ငါးနှစ်အောက်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ သူတို့က အလွန်ပဲထိခိုက်လွယ်တယ်။ အဲဒါကြောင့် သူတို့ ကျန်းမာရေးအတွက် တာဝန်ယူပေးစေချင်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဲဖြစ်ဖြစ်၊ စစ်ကောင်စီပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် နေအိမ်နဲ့ ကျေးရွာတွေ လုံခြုံမှုရှိဖို့အတွက် ဆောင်ရွက်ပေးစေချင်တယ်။

ဒေါ်ခင်ဝိုင်း(ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

ကျမတို့ ကိုယ့်ရွာပြန်ဖို့ဆိုရင်တော့ အခုကျမတို့ စဉ်းစားနေရတာက မြန်မာစစ်တပ်နဲ့ AA က စာချုပ်လက်မှတ် ဘယ်လို ရေးထိုး ကြမလဲဆိုတာကို ကျမတို့စောင့်ဆိုင်းနေပါတယ်။ တကယ်လို့ စာချုပ်လက်မှတ်ထဲမှာသာ တိုင်းပြည်အခြေနေ ကောင်းမယ် ဆိုရင် ချက်ချင်းကျမတို့ ပြန်လို့ရပါတယ်။ အဲလိုမဟုတ်ဘဲ အဲဒီနှစ်ဖွဲ့က အဆင်မပြေလို့ရှိရင် ကျမတို့ နေရပ် မပြန်ချင်သေးဘူး။ ဆက်ပြီးတော့ စစ်ဘေးရှောင်စခန်းမှာပဲ နေရမှာပဲ။ စစ်ဘေးရှောင်စခန်းမှာနေရတာလည်း အရင် ဒီမိုကရေစီအစိုးရ လက်ထက် ကလောက် အလှူအတန်းတွေမရကြတော့ဘူး။ ဒုက္ခတွေကတော့မျိုးစုံပါပဲ။ ဒီကြားထဲ ဘယ်နေ့တိုက်ပွဲပြန်ဖြစ်မလဲဆိုတာကို လည်း ကြောက်နေရတယ်။

မသက်စုမွန်(မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း)

Photo- သန့်ရှင်းထွန်း

တိုင်းပြည်ကပြောလို့မရဘူး။ ရွာပြန်သွားရင်လည်း စစ်သားတွေကလည်းရှိနေတယ်။ လက်နက်ကြီးတွေ ဘယ်ချိန်ကျလာမလဲ ဆိုတာလည်း မပြောနိုင်ဘူး။ ရွာပြန်သွားရင် တစ်ချို့က စားစရာရှိတယ်။ နေစရာရှိတယ်။ တစ်ချို့က မရှိဘူး။ ရွာမှာကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ သိပ်မရှိဘူး။ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုမရှိဘူး။ အမျိုးသမီးတွေအတွက်ဆို ပိုဆိုးတယ်။ အဲဒါ ကြောင့် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ပါတယ်။ အကုန်လုံးက ကိုယ့်အိမ်ကို ပြန်ချင် ကြပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေကို စိတ်မချ ရသေးပါဘူး။ ဘယ်နေ့ပြန်ဖြစ်မယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ကြပါဘူး။ အဲဒါကြောင့် စိုးတထိတ်ထိတ်နဲ့ နေနေကြရပါတယ်။

Author:

Related Articles