ရက္ခ။ ။
ဒေါ်မညွန့်ရီ တစ်ယောက် ကလိန်တောင်မြစ်ကမ်းစပ်ကိုခြေချလိုက်မိသည်နှင့် လေနှင့်မိုးရော ထွေးကာ သည်းသည်းမည်းမည်း ရွာချလာတော့၏။ ရွာမှထွက်လာခဲ့စဉ်က ကြည်လင်နေခဲ့သော အာကာသေ လာကကြီး တစ်ခွင်လုံး မိုးသက်လေပြင်းများကြောင့် ရုတ်ချည်းမှောင်မည်းသွားလေသည်။ အနောက်တောင် လေပြင်းများနှင့်အတူ ကသုတ်ကရက် လွင့်ပါလာခဲ့ကြသော တိမ်မည်းညိုများကို အဆုပ်လိုက်တွေ့ရသည်။ ရွာ မိလျှင် တော်ရုံနှင့် မစဲတတ်သော ဝါခေါင်မိုး၏အထာကိုသိနေသူမို့ ဒေါ်မညွန့်ရီတစ်ယောက် သက်ပြင်းမော တစ်ချက်ကို ခပ်ဖွဖွချကာ သည်အတိုင်းဆိုပါက မိုးထဲလေထဲတွင် နာရီအတော်ကြာနေရလိမ့်ဦးမည်ဟု သူက တွေးလေသည်။
ဒေါ်မညွန့်ရီ သည် အထက်ဆင်စုတ်ပြဲနေသော ထမိန်ကို ဒူးခေါင်းအထက်နားအထိ ခပ်တိုတိုဝတ်ဆင် လိုက်ရင်း ပိုမိုမြဲမြံနေစေရန်အတွက် ခါးကြောနေရာမှ ပီနံကြိုးဖြင့်တုတ်နှောင်ထားလိုက်၏။ ထို့နောက် အနီးအ နားခြုံစပ်မှ ဒီရေတောအပင်ငယ်ကလေးတစ်ပင်ကို ချိုးယူလိုက်ပြီး အရွက်များကိုသပ်ချပစ်လိုက်သည်။ ထိုတုတ် ချောင်းကလေးကို လက်တစ်ဖက်မှကိုင်ရင်း ဒီရေခမ်းပြီးစ ကလိန်တောင်မြစ်ကြောင်းထဲသို့ တစ်လှမ်းချင်းစတင် တိုးဝင်လိုက်တော့သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ရွှံ့နွံများက သူ၏ ဒူးခေါင်းနားလောက်အထိ ကျွံဝင် သွားတတ်သည်။ သို့သော် ဒေါ်မညွန့်ရီ သည် ဒီရေခမ်းပြီးစ ရွှံ့နွံများကြားထဲတွင် ပုန်းအောင်းနေတတ်ကြသော ပင်လယ်ဂုံး ခေါ် ဂုံးသွားကြဲ အများအပြားရရှိရေးကိုသာအာရုံထားနေသည့်အတွက် ကျွံနေသောရွံ့များနှင့် သည်းနေသောမိုးသက်လေပြင်းများကို ဂရုမစိုက်အားတော့ချေ။
ရွှံ့နွံများထဲသို့ ကျီးကန်းတောင်းမှောက်ကြည့်ရှုရင်း ခြေလှမ်းများကိုဖြည်းဖြည်းချင်း ရွေ့လျှားရင်း တခါ တရံတွင် လက်ထဲ၌ကိုင်ထားသော တုတ်ချောင်းကလေးဖြင့် ရွှံ့နွံများထဲသို့ ထိုးမွှေလိုက်ပြီးနောက် ဂုံး များပေါ် ထွက်လာပါက ကောက်ယူကာ ပီနံအိတ်ထဲသို့ ထည့်၏။ သည်လိုနှင့်ပင် မိုးသက်လေပြင်းများကြားထဲတွင် ဂုံးများရှာဖွေကောက်ယူနေရင်း ကလိန်တောင်မြစ်ကြောင်းထဲသို့ ဒီရေလှိုင်းများ ပြန်လည်တက်စပြုလာ ချိန်တွင် မူ နေဝင်ရီတရောအချိန်သို့ ရောက်ရှိသွားခဲ့သည်။ တစ်နေကုန် ရွာသွန်းနေခဲ့သော မိုးသက်လေပြင်း များသည် လည်း ဆိတ်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ဒေါ်မညွန့်ရီ သည် ပီနံအိတ်တစ်လုံးစာတနင့်တပိုးရရှိထားသော ပင်လယ်ဂုံးများကို ကမ်းစပ်သို့ဆွဲယူ လာရင်း ခေတ္တမျှထိုင်ကာ အမောဖြေ၏။ မိုးရေနှင့် ရွှံ့နွံများကြားထဲတွင် တစ်နေကုန်တစ်နေခမ်း နေလာခဲ့ရသ ဖြင့်သူ့တစ်ကိုယ်လုံး နွမ်းလျှတုန်ရီနေသည်။ သူ့ခန္ဓာကိုယ်၌ ဂုံးညှီနံ့များ သင်းနေလေသော်လည်း မည်သို့ပင် ဖြစ်စေ ဒေါ်မညွန့်ရီတစ်ယောက် သည်နေ့အဖို့စိတ်ချမ်းသာနေမိသည်။ သူရှာဖွေရရှိထားသော ပင်လယ်ဂုံး များကိုရောင်းချလိုက်ပါက မိသားစုစားဝတ်နေရေးတစ်နေ့တာကို ဖူလှုံနေနိုင်လိမ့်မည်ဟု တွေးမိ၏။ ဂုံးတွေရှိ နေသရွေ့ မိသားစုစားဝတ်နေရေးအတွက် မစိုးရိမ်မိသော်လည်း အသက်အရွယ် ၆၀ ကျော်လာခဲ့ပြီဖြစ် သော သူ့အတွက် မည်သည့်အချိန်အထိ ဒီရေတောရွှံ့နွံများကြားထဲတွင် အလုပ်ဆက်လုပ်နိုင်လိမ့်ဦးမည်နည်းဟု တွေးမိချိန်တွင်တော့ ဒေါ်မညွန့်တစ်ယောက် သက်ပြင်းမောတစ်ချက်ကိုသာ ချလိုက်မိလေတော့သည်။
ဒေါ်မညွန့်ရီသည် ပင်လယ်ကမ်းခြေကျေးရွာတစ်ခုဖြစ်သော တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေး ရွာကလေးတွင် မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး သိတတ်စအရွယ်မှစတင်ကာ ရွှံ့နွံများထဲတွင် သူ့ဘဝကို ကြမ်း တမ်းစွာ ရုန်းကန်လာခဲ့ရသည်။ ဒီရေတောများကြားထဲတွင် ဂုံးရှာ၊ ငါးရှာ၊ ကဏန်းဖမ်းစသော အလုပ်များကို လုပ်ကိုင်ရင်း မိသားစု ရှစ်ယောက်၏စားဝတ်နေရေးကို နိုင်ရာဖက်မှ ကျားကန်ထောက်မပေးလာခဲ့ရသူ ဖြစ် သည်။ ကလိန်တောင်ကျေးရွာဆိုသည်မှာ ကလိန်တောင်မြစ်ကမ်းနံဘေးတွင်တည်ရှိသော မြောက်ဖက်ချိုင်ရွာ၊ နပင်းချိုင်ရွာနှင့် ကျောင်းချောင်းရွာစသော ကျေးရွာသုံးသုံးရွာကို စုပေါင်းခေါ်ဝေါ်သော အမည်ဖြစ်၏။ အိမ် ထောင်စု ၁၈၃ စု နှင့် လူဦးရေ ၅၆၀ ရှိသော ကျေးရွာအုပ်စုကြီးတစ်ခုပင် ဖြစ်သည်။
ဒေါ်မညွန့်ရီ အသက် ၂၀ ဝန်းကျင်အရွယ်သို့ရောက်သောအခါ တစ်ရွာတည်းနေထိုင်သူ ဦးမောင်ဖြူ ချေနှင့် အိမ်ထောင်ကျကာ သားသမီးသုံးဦး ထွန်းကားလာခဲ့သည်။ အငယ်ဆုံးသမီးကလေး ၄ နှစ်ခန့် အရွယ်သို့ ရောက်လာချိန်တွင်မူ လင်ယောကျ်ားဖြစ်သူ ဦးမောင်ဖြူချေတစ်ယောက် အပြင်းအထန် နာမကျန်း ဖြစ်ကာ ဆုံးပါးသွားခဲ့သည်။ ဒေါ်မညွန့်ရီသည် သားသမီးသုံးယောက်နှင့် ထိုအချိန်မှစတင်ကာ သူ၏ဘဝကို နှစ်ဆ ခန့်မျှအထိ ပိုမို ရုန်းကန်လာရတော့သည်။
ငွေကြေးဥစ္စာ မပြည့်စုံသော ဒေါ်မညွန့်ရီ၏ဘဝတွင် သားသမီးများကို စာရေးတတ်ဖတ်တတ်ရုံ အဆင့်မျှသာ ပညာသင်ကြားခဲ့ရသည့်အတွက် လက်ရှိအချိန်တွင် နောင်တရချင်သလိုလို ဖြစ်မိသည်။ သားသမီးများ ပညာ တတ်မြောက်ခဲ့ကြမည်ဆိုပါက လက်ရှိဘဝကဲ့သို့ အခြေအနေမျိုးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူက တွေးမိ လေသည်။
ကလိန်တောင်ကျေးရွာသည် ပင်လယ်ကမ်းခြေဒီရေတောများနံဘေးတွင်တည်ရှိသောကြောင့် ကျေး ရွာသားအများစုမှာ ထိုနေရာကိုအမှီပြု၍ လုပ်ကိုင်စားသောက်ကြ၏။
“အဒေါ် ငယ်ငယ်လေးကတည်းကပဲ မိဘတွေ ချောင်းဆင်းပြီး ကဏန်းရှာ၊ ငါးရှာထွက်တာကို လိုက်သွားရင်း ရွှံ့နွံတွေထဲမှာ အလုပ်လုပ်ခဲ့ရတာပါ… ဒါကြီး ရှိနေသရွေ့ကတော့ အဒေါ်တို့ တစ်ဝမ်းတစ်ခါး အတွက် မပူပန်ရဘူးပေါ့… ဒါပေမယ့် အခု အသက်ကြီးလာပြီဆိုတော့ ရွှံ့ထဲ နွံ့ထဲ၊ မိုးထဲလေထဲမှာ လုပ်ကိုင် စားသောက်ရတာကို သိပ်ပြီး အဆင်မပြေတော့ပါဘူး…. အခက်အခဲတွေ တော်တော် များပြားလာခဲ့ပါပြီ” ဟု သူ က ပြန်ပြောင်းပြောပြသည်။
ငွေကြေးတတ်နိုင်သူများကမူ သဘာဝ ရေငံပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ငါးမွေးမြူရေးကန်လုပ်ငန်းတို့ ကို စီးပွားဖြစ်လုပ်ကိုင်ကြ၏။ သို့သော် စီးပွားဖြစ်ငါး မွေးကန်နှင့်ပုဇွန်ကန်အများစုမှာ တနယ်တကျေးမှ ငွေရှင် ကြေးရှင်များလာ ရောက်လုပ်ကိုင်ကြသော လုပ်ငန်းများသာဖြစ်ပြီး ဒေသခံအများစုမှာ တပိုင်တနိုင် ငါးရှာ၊ ကဏန်းရှာလုပ်ငန်းဖြင့်သာ လုပ်ကိုင်စားသောက်ကြခြင်း ဖြစ်သည်။ သည်နောက်ပိုင်းနှစ်များတွင် ငါးမွေးကန်နှင့် ပုဇွန်ကန်ထူထောင်ကြသူများက ၎င်းတို့ လုပ်ငန်းပါမစ်ရယူထားသော နေရာအနီးတစ်ဝိုက် ပင်လယ်ကမ်းစပ် များတွင် တပိုင်တနိုင်ငါးရှာ၊ ကဏန်းရှာ သူများကို ပိတ်ပင်တားဆီးမှုများ ရှိလာခဲ့သည်။ ထိုသို့ ပိတ်ပင်တား ဆီးမှုများကြောင့် ဒေါ်မညွန့်ရီတို့ကဲ့သော ဒေသခံဂုံးရှာသူများအတွက် အခက်အခဲနှင့် ရင်ဆိုင်လာရတော့ သည်။
“အရင်ကဆိုရင် ကလိန်တောင်မြစ်ကမ်းစပ်တလျှောက် ဘယ်နေရာမှာပဲဖြစ်ဖြစ် အဒေါ်တို့ ဂုံးကောက်၊ ငါးရှာ၊ ကဏန်းရှာ၊ မျှင်ထိုးစတဲ့ အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။ အခုကတော့ ပုဇွန်၊ ငါးကန်ပိုင်ရှင်တွေက သူတို့ လုပ်ငန်းရှိတဲ့ကမ်းခြေတွေမှာ ဂုံးကောက်၊ ငါးဖမ်း၊ ကဏန်းရှာ၊ မျှင်ထိုး မလုပ်ဖို့ တား ဆီးပိတ်ပင်လာကြပါတယ်။ ဒီလိုဆိုတော့ အဒေါ်တို့လို ဆင်းရဲတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေး အခက် အခဲ ဖြစ်စေတာပေါ့။”
ဒေါ်မညွန့်ရီသည် ပင်လယ်ဂုံး ခေါ် ဂုံးသွားကြဲရှာဖွေကောက်ယူသောအလုပ်ကို တစ်လလျှင်သုံးပတ် ခန့်မျှအထိ ပုံမှန်လုပ်ကိုင်နေကာ ပင်လယ်ဂုံးကောက်သောအလုပ်သည် ဒီရေသေရက်များတွင်မှသာ လုပ်ကိုင် နိုင်သော အလုပ်မျိုးဖြစ်၏။ ထိုရက်မျိုးတွင် ကလိန်တောင်မြစ်ကမ်းခြေသည် ရွှံ့နွံသောင်ခုံပြင်ကြီးအဖြစ် တမျှော် တခေါ်ပေါ်လာတတ်ပြီး ထိုရွှံ့နွံများထဲ၌ပင် ဒေသခံများက တပိုင်တနိုင် ငါးရှာ၊ ဂုံးရှာ၊ ကဏန်းဖမ်းစသော လုပ် ငန်းများကို လုပ်ကိုင်ကြခြင်းဖြစ်သည်။
“ ဒီအလုပ်က စီးပွားဖြစ်မဟုတ်ပေမယ့် ဝမ်းဝရုံကလေးတော့ ရပါတယ်။ တနေကုန်ရှာပြီး ဒိုင်ဝင်စံချိန်မှီ အကောင်ကြီးတွေရရင် တနေ့ကို ငွေသား ၄၀၀၀ လောက်ရတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ၁၀၀၀ လောက်တည်းပဲ ရတတ်ပါတယ်။ ရွှံ့ထဲနွံထဲမှာ သဘာဝအတိုင်းနေနေ တဲ့ ဂုံးတွေကိုရှာရတာဆိုတော့ ပုံမှန်ဝင်ငွေရယ်လို့တော့ မရှိဘူးပေါ့” ဟုဆိုသည်။
ဒေါ်မညွန့်ရီသည် လက်ရှိအချိန်တွင် သမီးဖြစ်သူနှင့်အတူ ဘဝကို တနိုင်တပိုင် လုပ်ကိုင်စားသောက် နေကြသော်လည်း အနာဂတ်အတွက်တော့ မည်သည့် အာမခံချက်တစ်ခုမျှ မရှိဘဲ ယခုထက်ပိုမို၍ အသက် အရွယ်ကြီးရင့်လာပါက မည်သို့နေထိုင်ရမည်ကို စိုးရိမ်ပူပန်နေသည်။ လက်ရှိ သူတို့နေထိုင်ရာ ဓနိမိုး ထရံကာ နေအိမ်ကလေးသည်လည်း အိုဟောင်းဆွေးမြေ့နေခဲ့ပြီဖြစ်သဖြင့် ပြန်ပြင်ရန် လိုအပ်နေပြီဖြစ်သော်လည်း ငွေ ပိုငွေလျှံမရှိသောသူတို့ ဘဝတွင် နေအိမ်ပြုပြင်ရေးဆိုသည်မှာ ရွှေပြည်တော် မျှော်ရသကဲ့သို့ပင် ဖြစ်နေလေသည်။
“ဖြစ်နိုင်မယ်ဆိုရင် ဒီအရွယ်ဒီအချိန်မျိုးမှာ ဘုရားသွားကျောင်းတက် နေချင်တာပေါ့… ဒါပေမယ့် အဒေါ့် မှာ သားသမီးတွေကိုလည်း အားကိုးအားထားမပြုရတော့ ပင်လယ်ပြာဒီရေလှိုင်းတွေထဲမှာ အခုအချိန်ထိ ဘဝကို ရုန်းကန်နေရဆဲပါပဲ”
လေးနှစ်ခန့် ကြာခဲ့ပြီဖြစ်သော ဒေါ်မညွန့်ရီ၏ ခေါင်မိုးမှာ ဓနိရွက်များက ဟောင်းနွမ်းပေါက်ပြဲနေခဲ့ပြီး နွေတက်လျှင် အိမ်ခေါင် အသစ် ပြန်ပြင် မိုးရချေတော့မည်။ သို့သော် အိမ်တစ်ဆောင်လုံးကို မိုးနိုင်ရန်အတွက် သူ့တွင် မည်သည့်နေရာမှ ငွေကြေး ရရှိပါမည်နည်းဟုတွေးနေရစဉ်အချိန်၌ပင် မိုးတစ်မ ရွာချလိုက်လေရာ သူထိုင်နေရာနေရာနားသို့ခေါင်မိုးမှ မိုးရေစက်များစီးကျလာတော့သည်။