သန့်ရှင်းထွန်း။ ။
“ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ လူ့ဘဝမှာ စိတ်ဓာတ်ကျနေရင် စိတ်ကျရောဂါနဲ့ သေသွားလိမ့်မယ်၊ အဲလိုမသေချင်ရင်တော့ ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ” ဟု အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက အမျိုး သမီးထုကို တိုက်တွန်းသည်။
အဆိုပါ အမျိုးသမီးငယ်မှာ ဂုဏ်သတင်းကျော်ဇောသော၊ နာမည်ကြီး လူသိများသောသူမဟုတ်သော်လည်း မွေးရာပါအကြား၊ အမြင်မသန်စွမ်းသည့် ဖခင်နှင့် လေးတန်းကျောင်းသားအရွယ် မောင်ငယ်တစ်ဦးတို့ကို အိမ်ထောင် ဦးစီးအဖြစ် ရှာဖွေလုပ်ကျွေး နေသည့် ခြေတစ်ဖက်မသန်စွမ်းသော မမိုးမိုးနွယ် ဖြစ်သည်။
ကျောင်းနေအရွယ်သာရှိသေးသော မမိုးမိုးနွယ်သည် မိသားစုစားဝတ်နေရေးအဆင်မပြေမှုကြောင့် ပညာဆက်လက် မသင်ကြား တော့ဘဲ ကြုံရာကျဘန်းအလုပ်ကိုလုပ်၍ မိသားစုတာဝန်ကို အသက် ၁၃ နှစ်ကစ၍ တာဝန်ယူခဲ့သည်ဟု သူမကပြောသည်။
“ ခြေတစ်ဖက်ဖြတ်လိုက်ရလို့ အလုပ်ကြမ်းတွေမလုပ်နိုင်ပေမယ့် ကိုယ်လုပ်နိုင်တဲ့အလုပ်နဲ့ အဖေနဲ့ မောင်လေးကို ပြုစုစောင့် ရှောက်သွားမယ်”ဟု ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ ဆံပင်အရှည်၊ အရပ်မတိုမရှည်နှင့် မျက်နှာဝိုင်းဝိုင်းတို့ကို ပိုင်ဆိုင်ထားသော မမိုးမိုးနွယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
ယနေ့ခေတ်ကာလအနေအထားအရ မိသားစုဝင်များအတွက် လိုအပ်ချက်အားလုံးကို သာမာန်လူကောင်းများပင် ရုန်းကန်ရ ခက်ခဲနေရချိန်တွင် မမိုးမိုးနွယ်မှာ မသန်စွမ်းသည့်ကြားက အသက်အရွယ်နှင့် မလိုက်အောင် ကြိုးစားနေသည်ဟု မမိုးမိုးနွယ် ယာယီခိုလှုံနေသော စစ်တွေမြို့ အလိုတော်ပြည့်စစ်ရှောင်စခန်းက ဆရာတော် ဦးပညာဇောတ ကမိန့်သည်။
မမိုးမိုးနွယ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သင်္ဘာကွေ့ကျေးရွာဇာတိဖြစ်ပြီး မိခင်မှာ သူမအသက် ၅ နှစ် အရွယ်ကပင် ဆုံးပါးသွားခဲ့ပြီး သူမ၏ဖခင်၊ မောင်ငယ်တစ်ဦး၊ မွေးစားမိခင်တစ်ဦးနှင့်အတူ နေထိုင်ခဲ့ရသည်။ ဖခင်ဖြစ်သူမှာ အကြား၊အမြင်မသန်စွမ်းခြင်းနှင့် လသားအရွယ် မောင်ငယ်အတွက် ပညာသင်ရမည့်အချိန်တွင် ပညာမသင်နိုင်ဘဲ အသက် ၁၃ နှစ်အရွယ်တွင် ကျောင်းထွက်ကာ လုပ်ငန်းခွင်ကို ဝင်ခဲ့ရသည်ဟု ပြောပြသည်။
“ ရွာမှာနေတုန်းက ပန်းရံလုပ်တယ်။ လယ်အလုပ်မှာ အငှားလိုက်တယ်။ အုတ်ဖုတ်တဲ့အလုပ်မှာ ဝင်လုပ်ခဲ့တယ်။ အဲလို လုပ်လို့ ရတဲ့ငွေနဲ့ မိသားစုအတွက် ဝင်ငွေရှာခဲ့တယ်”ဟု မမိုးမိုးနွယ်က ပြောသည်။
ထိုသို့ မိသားစုအတွက် ဝင်ငွေရှာဖွေပေးနေသည့် မမိုးမိုးနွယ်ထံသို့ မုန်တိုင်းတစ်ခုက လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက တည့်တည့်ဝင်လာခဲ့သည်။ ထိုမုန်တိုင်းက မမိုးမိုးနွယ်၏ ဘယ်ဖက်ခြေထောက်တစ်ဖက်ကို နုတ်ယူသွားခဲ့သည်။
မမိုးမိုးနွယ်ထံသို့ ဝင်ရောက်ခဲ့သော မုန်တိုင်းက လေမုန်တိုင်းမဟုတ်ဘဲ ကျည်မုန်တိုင်းဖြစ်ခဲ့သည်။ ရခိုင်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်နှင့် ရခိုင်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း လမ်းမပေါ်က ရမ်းသန်းပစ်ခတ်ခဲ့သော သေနတ် ကျည်ဆံက အိမ်ထဲတွင် ပြားပြားဝပ်နေသော မမိုးမိုးနွယ်၏ ဘယ်ဖက်ခြေကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။
“ သေနတ်ပစ်သံကြားလို့ အိမ်ထဲမှာ လူခုနစ်ယောက်တူတူ မှောက်ခုံဝပ်နေကြတာ ညီမတစ်ယောက်တည်းကိုပဲ ကျည်ဆံလာထိ တယ်။”ဟု ခြေ တစ်ဖက်ဖြတ်ခဲ့ရသည့် အကြောင်းရင်းကို မမိုးမိုးနွယ်က ပြန်ပြောပြသည်။
ခြေထောက်သို့ သေနတ်ကျည်ဆံထိမှန်ချိန်တွင် သတိတချက်ရခဲ့ပြီး နောက်ပိုင်းတွင် သတိလစ်နေခဲ့ပြီး ၂ ရက်ခန့်အကြာ သတိ ပြန်ရလာချိန်တွင် မမိုးမိုးနွယ်မှာ စစ်တွေဆေးရုံသို့ ရောက်နေရှိနေပြီဟု ဆိုသည်။ သေနတ်ကျည်ဆံထိမှန်ခဲ့သော ခြေထောက် ကို ဖြတ်ရမည်ဟု ဆရာဝန်က ပြောသည့်အခါ မမိုးမိုးနွယ်မှာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ပြီး သူမကို အားကိုးနေရသော ဖခင်နှင့် မောင်ငယ်အတွက် ပို၍စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်ခဲ့သည်ဟု ပြောပြသည်။
“ ခြေလက်အင်္ဂါအစုံရှိတဲ့အခါ အလုပ်တွေ ဘယ်လောက်ကြမ်းကြမ်း ညီမလုပ်နိုင်တယ်။ ခြေတစ်ဖက် ဖြတ်လိုက်ရမယ် ဆိုတော့ ရှေ့ရေးကိုတွေးပြီး အရမ်းကြောက်လန့်ခဲ့တယ်”ဟု ခြေထောက်ဖြတ်ရသည့်အချိန်က အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် မမိုးမိုးနွယ်က ဆိုသည်။
မမိုးမိုးနွယ်မှာ သေနတ်ကျည်ဆံထိမှန်ခဲ့သော ခြေတစ်ဖက်ကို ဖြတ်လိုက်ရချိန်မှစတင်ကာ မိသားစုနှင့်အတူ စစ်တွေမြို့ရှိ အလို တော်ပြည့်ဘုန်းတော်ကြီးကျောင်း စစ်ရှောင်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သည်မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။
မမိုးမိုးနွယ်တို့နေထိုင်သော စစ်တွေမြို့အလိုတော်ပြည့် စစ်ရှောင်စခန်းတွင် လူဦးရေ ၂၆၀ ကျော်နေထိုင်လျက်ရှိပြီး အမျိုးသမီး ဦးရေမှာ ၁၆၀ ကျော်နေထိုင်လျက်ရှိသည်။ အဆိုပါ မိသားစုဝင်များသည် တာပေါ်လင်စများဖြင့် တည်ဆောက်ထားသော တန်းလျားများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ကျောင်းဆောင်တစ်ဆောင်တွင် နေထိုင်ခွင့်ပြုထားသည်ဟု ကျောင်းထိုင် ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။
ခြေတစ်ဖက်ဖြတ်ခဲ့ရပြီး တစ်နှစ်ကျော်ခန့်အကြာမှာ မမိုးမိုးနွယ်ထံသို့ နောက်ထပ် ကံဆိုးမှုတစ်ခုက ထပ်ရောက်လာခဲ့သည်။ ထိုကံဆိုးမှုမှာ သူနှင့်အနီးကပ်နေသော မွေးစားမိခင်မှာ ၉၆ ပါးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မမိုးမိုးနွယ် ၏ မွေးစားမိခင်သေဆုံးခဲ့သည်မှာ ခြောက်လခန့်ရှိပြီဟု ပြောပြသည်။
ထိုသို့ မွေးစားမိခင်သေဆုံးပြီးနောက်တွင် ဖခင်ဖြစ်သူနှင့် မောင်ငယ်တို့အတွက် ချက်ပြုတ်ရေးနှင့် လျော်ဖွတ်ရေး အကအစ မမိုးမိုးနွယ် ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။
မမိုးမိုးနွယ် ယာယီခိုလှုံနေသော စစ်ရှောင်စခန်း၌ သူမ၏ တစ်နေ့တာအိမ်အလုပ်မှာ မနက်အစောပိုင်းတွင် ဈေးဝယ်ထွက်ရပြီး ပြန်လာချိန်တွင် စားသောက်ရေးအတွက် ချက်ပြုတ်ရေးကို စီစဉ်ရသည်ဟုဆိုသည်။ ထိုအလုပ် ပြီးချိန်တွင် ဖခင်နှင့် မောင်ငယ်၏ အဝတ်အထည်များကို လျော်ဖွတ်ကာ မောင်ငယ်ကျောင်းတက်ဖို့အတွက် စီစဉ်ပေးရသည်ဟု ပြောပြသည်။
ထို့နောက် သူ၏ အသက်မွေးဝမ်းကျောင်းပညာဖြစ်သော စက်ချုပ်သင်ကြားခြင်းကို နေ့လယ်ပိုင်းတွင် ဆက်လုပ်သည်ဟု ဆို သည်။ လက်ရှိကာလ စားသောက်နေထိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ အခြားသော နိုင်ငံတကာ အလှုရှင်များနှင့် ခိုလှုံ သည့် ဘုန်းကြီးကျောင်းတို့၏ စီမံမှုဖြင့် ဖြတ်သန်းနေရခြင်းဖြစ်သည်။
“ နေ့လယ်စာစားပြီးရင်တော့ စက်ချုပ်တယ်။ စက်ချုပ်တာက သင်နေဆဲဖြစ်တာကြောင့် သိပ်ပြီးတော့ မတတ်သေးဘူး။ ညနေ ၄ နာရီလောက်ဆိုရင် ညနေစာတွက်ချက်ပြုတ်ရတယ်”ဟု သူမ၏ တနေ့တာအလုပ်ကို မမိုးမိုးနွယ်က ရယ်မော၍ ပြောပြသည်။
မမိုးမိုးနွယ်သည် စစ်ရှောင်စခန်းမှ နေရပ်ပြန်လျင် မိသားစုရှေ့ဆက်မည့် ဘဝလမ်းအတွက် စီမံကိန်းတစ်ခုကို ရည်မှန်း ထား သည်ဟုဆိုသည်။ ထိုရည်မှန်းချက်မှာ ရွာတွင် ဈေးဆိုင်တစ်ဆိုင်ဖွင့်ပြီး စက်ချုပ်ရင်းနှင့် ဈေးရောင်းမည်ဟု သူက ပြောပြသည်။ လက်ရှိ ရခိုင်တွင် စစ်ရှောင်ခစန်းများ၌နေထိုင်လျက်ရှိသော မိသားစု အများစုမှာ နေရပ်ပြန်ခဲ့ကြပြီဖြစ်သော်လည်း နေအိမ်မီးရှို့ခံခဲ့ရသည့် ကျေးရွာများနှင့် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြသည့် မိသားစုများမှာ နေရပ်ပြန်ရန် ခက်ခဲနေကြဆဲဖြစ် သည်။
“စက်ချုပ်ရင်းနဲ့ ဈေးရောင်းနိုင်တဲ့ အနေအထားမျိုး ဆိုင်လေးတစ်ဆိုင်ဆောက်မယ်။ ခြေတစ်ဖက်မသန်တော့ အပြင်ကို ထွက်ပြီး အလုပ်ကြမ်းလုပ်လို့အဆင်မပြေဘူးလေ။ ဈေးဆိုင်တစ်ဖက် စက်ချုပ်တစ်ဖက်နဲ့ အဖေနဲ့ မောင်လေးကို ထပ်ပြီးပြုစုစောင့်ရှောက် သွားမယ်”ဟု မမိုးမိုးနွယ်၏ ရည်မှန်းထားချက်ကို ပြောပြသည်။
မမိုးမိုးနွယ်၏ ရည်မှန်းချက်နှင့် ပတ်သက်၍ သူမတို့မိသားစုယာယီခိုလှုံနေသော အလိုတော်ပြည့်ကျောင်း စစ်ရှောင် စခန်းက ဆရာတော် ဦးပညာဇောတက စက်ချုပ်အလုပ်ထက် ဈေးဆိုင်အလုပ်က ပို၍သင့်မြတ်မည်ဟု မှတ်ချက် ပြုသည်။
“ စက်ချုပ်တာတစ်ခုတည်းနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းဖို့ကခက်ခဲလိမ့်မယ်။ ဒီခေတ်မှာ အထည်တွေဆိုလည်း ရယ်ဒီ မိတ်လာတာများတယ်။ အဲဒါကြောင့် သူနဲ့အသင့်တော်ဆုံးက ဈေးဆိုင်လေးတစ်ဆိုင် ရောင်းနိုင်ဖို့ပါပဲ”ဟု ဆရာတော်က မိန့်သည်။
မမိုးမိုးနွယ်တို့ မိသားစု စစ်ရှောင်စခန်းကို ရောက်လာချိန်က ဆရာတော်သည် စခန်းရှိအမျိုးသမီးငယ်များကို ခေါ်၍ ရင်ထဲတွင် ခံစားနေရသည့် ခံစားချက်များကို ဖွင့်ဟပြောကြားရန် ပြောကြားသည့်အခါ အမျိုးသမီးငယ်ဦးရေ ၈၀ ကျော်မှာ မမိုးမိုးနွယ်က ပထမဆုံး မတ်တပ်ရပ်၍ သူမ၏ ဘဝဇာတ်ကြောင်းနှင့် အခက်ခဲများကျော်လွှားနေပုံကို တခြားအမျိုးသမီးငယ်များကို ရှင်းပြခဲ့ သည်ဟု ချီးကျူးစကားဆိုသည်။
“ သူက သတ္တိရှိတယ်။ ရဲရင့်တယ်။ လူရှေ့သူရှေ့ဆိုပြီး ရှက်ကိုးရှက်ကန်းမရှိဘူး။ ပြောရဲဆိုရဲတယ်။”ဟု စစ်တွေမြို့ အလိုတော် ပြည့်ကျောင်းဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။
တိုင်းပြည်ကို အနိုင်ကျင့်ဗိုလ်ကျချင်သည့် လူတစ်စုနှင့် မတရားမှုများကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် မမိုးမိုးနွယ်ကဲ့သို့ သာမန်လူကောင်းဘဝမှ မသန်စွမ်းဖြစ်ခဲ့ရသူများလည်း များစွာရှိနေပြီး ၎င်းတို့မှာလည်း သူတို့၏ ဘဝအတွက် ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြရမည်ဖြစ်သော်လည်း အကြား၊ အမြင် အာရုံမသန်စွမ်းသည့် ဖခင်နှင့် အရွယ်မရောက် သေးသော မောင်ငယ်အတွက် မမိုးမိုးနွယ်၏ ကြိုးစားအားထုတ်မှုကို လေးစားမိသည်ဟု မမိုးမိုးနွယ်နေထိုင်သော အခန်းအနီး က မိုင်းထိမှန်၍ ညာဖက်ခြေ ဖြတ်ထားရသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေ ၅ ဒသမ ၆ သန်းကျော်ရှိနေခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်(AA)တို့ အကြား တိုက်ပွဲများကြောင့် အရပ်သားဦးရေ ၉၀၀ ကျော်မှာသေဆုံးခဲ့ပြီး ၁၈၀ ကျော်မှာ မသန်စွမ်းဖြစ်ခဲ့ရသည်ဟု ရခိုင်တိုင်ရင်းသား မျိုးနွယ်စုများ အစည်းအရုံး(REC)၏ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကပြောသည်။
တိုက်ပွဲများအတွင်း ထိခိုက်ခဲ့ရသည့် မိသားစုဝင်များနှင့် အမျိုးသမီးများအတွက် ပြန်လည်ထူထောင်ရေးကို အပြည့်အဝ မလုပ်ဆောင်နိုင်ခြင်းမှာ လက်ရှိအခြေနေမှာမှ မဟုတ်ဘဲ ယခင်ပြည်သူရွေးကောက်တင်မြောက်ခဲ့သည့် အစိုးရလက်ထဲ ကပင် စစ်ပဋိပက္ခအတွင်း အမျိုးသမီးများ၏ဘဝ ရေရှည်ပြန်လည်ထူထောင်ရန် အရေးတယူ မူဝါဒပေါ်လစီချမှတ်ပြီး စီမံကိန်းသေသေ ချာချာရေးဆွဲ အကောင်ထည်ဖော်ခဲ့ခြင်းမရှိခဲ့ဘဲ ၎င်းတို့ဖာသာ ကိုယ့်ဝကိုယ် ရပ်တည်နေရသည်ဟု အမျိုးသမီးအရေး လှုပ်ရှား နေသူ ဒေါ်နန်းမွန်းကိန် ကပြောသည်။
“ ရုပ်ပိုင်းဆိုင်ရာကို ကုစားဖို့ စိန်ခေါ်မှုအကြီးကြီးမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာကို ကုစားဖို့ အဆင့်ဆင့်အချိန်ယူပြီး လုပ်ဆောင် ရမယ်”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများအတွင်း ထိခိုက်ခဲ့ရသည့် အမျိုးသမီးများဘဝ ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို မြန်မာနိုင်ငံက လိုက်နာရန်တာဝန်ရှိသော်လည်း ယနေ့ချိန်ထိ အစိုးရဘက်က ပျက်ကွက်မှု များရှိနေသေးသည်ဟု Women Generation အဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော် ကပြောသည်။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ သည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များအတွက် နိုင်ငံတွင်းရှိ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များက လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ၊ အကာကွယ် ပေးရေးအစီစဉ်များနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်များ၌ အမျိုး သမီးများ၏ အရေအတွက် တိုးမြှင့်ရန်တို့ ပါဝင်နေသည်။
ထို့အပြင် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက အမျိုးသမီးများအတွက် ပူးပေါင်းပါဝင်မှု၊ ကြိုတင်ကာကွယ်ရေး၊ ကာကွယ် ပေးမှုနှင့် ပြန်လည်ထူထောင်ပေးရေးတို့ လုပ်ဆောင်ပေးရမည်ဟု ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ တွင် အဓိက ဖော်ပြထားသည်။
သို့သော် လက်ရှိအချိန်ထိ အမျိုးသမီးများအတွက် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါ အခွင့်အရေးများကို ရရှိခံစားရမှု မရှိသေးပေ။
အလားတူ မြန်မာနိုငံက ပြဌာန်းထားသော မသန်စွမ်းသူများအခွင့်အရေးဥပဒေ အခန်း(၉)တွင် အစိုးရဖွဲ့စည်းပေးထားသော အမျိုးသား ကော်မတီက မသန်စွမ်းသူများ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် မသန်စွမ်းသူများ လူမှု အသိုက် အဝန်းတွင် အခြားသူများ နည်းတူ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ မသန်စွမ်းသူများ၏ လုပ်ရည် ကိုင်ရည်နှင့် စွမ်းဆောင်နိုင် မှုများကို မြှင့်တင်ပေးနိုင်ရေး အတွက်လည်းကောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း၊ ဘာသာစကားဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လည်းကောင်း မူဝါဒများ၊ စီမံချက်များနှင့် အစီအစဉ်များ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
သို့သော် နိုင်ငံကိုအုပ်ချုပ်နေသည့် အစိုးရ(လက်ရှိစစ်ကောင်စီ)တွင်လည်း ၎င်းတို့ဘဝ ရေရှည်ပြန်လည် ထူထောင်ရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်ထားခြင်းမရှိသေးဟု မသန်စွမ်းရေးဆောင်ရွက် ပေးနေသည့် ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောသည်။
“တိုက်ပွဲမှာထိခိုက်ခဲ့တဲ့ စစ်ဝန်ထမ်းတွေအတွက်သာ သူတို့ဘဝပြန်လည်ထူထောင်ဖို့အတွက် စီစဉ်ပေးမှု အထိုက် အလျောက် ရှိတယ်။ အရပ်သားတွေအတွက် နိုင်ငံတော်စီမံကိန်းအနေနဲ့ မရှိသေးဘူး။”ဟု ၎င်းကဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပြည်သူများအတွက် ကဏ္ဍအလိုက် ကာကွယ်ပေးရေးဉပဒေများကို ပြဌာန်းပေးထားသော်လည်း လက်တွေ့တွင် ဉပဒေပါအခွင့်အရေးများကို ရရှိမှုမှာ မရှိသလောက်နည်းပါးနေသေးသည်ဟု အမ်းမြို့နယ်မှ တရားလွှတ်တော် ရှေ့နေ ဦးဟန်မင်းလှိုင် ကပြောသည်။
“ ပြည်သူတွေက ဖွဲ့စည်းပုံဥပဒေအရ ပေးထားတဲ့ အကာကွယ်တွေကိုတောင် အပြည့်အဝမရတဲ့ အနေအထားပါ။ တခြား ဥပဒေပါ ပြဌာန်းချက်တွေဆိုရင် ပိုဝေးသွားတာပေါ့”ဟု ၎င်းကဆိုသည်။
သို့သော်လည်း မမိုးမိုးနွယ်အနေဖြင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများအတွက် အဆင်သင့်ပြင်ဆင်ထားသည်ဟု ပြောသည်။ မမိုးမိုးနွယ်သည် လေးတန်းကျောင်းတက်နေသော မောင်ငယ်ဖြစ်သူကို ဘွဲ့ရအောင်ထိ ကြိုးစားသင်ပေးသွားရန် ရည်မှန်း ထားပြီး မောင်ငယ်ဖြစ်သူကလည်း အစ်မဖြစ်သူ၏ ရည်မှန်းချက်ကို အကောင်ထည်ဖော်ပေး သွားမည်ဟု ဆိုသည်။
မမိုးမိုးနွယ်အနေဖြင့် စစ်ရှောင်စခန်းမှ မိမိနေရပ်ကို ပြန်လျင် နေအိမ်ပြန်လည် တည်ဆောက်ရေးနှင့် ဈေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန် အရင်းအနှီးက အရေးကြီးဆုံးဖြစ်နေပြီး သူမျှော်မှန်းထားသည့် အရင်းအနှီးကို ရရှိမည်ဆိုပါက သူ၏ မိသားစုဘဝ ရှေးရေး အတွက် အခက်အခဲမရှိ ဖြတ်သန်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း ပြောသည်။
လောကဓံ၏ မုန်တိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ပြီး လေဆန်သော ဘဝကိုကျော်ဖြတ်နေသော အစ်မဖြစ်သူ မိုးမိုးနွယ်ကို ကူညီရန် မောင်ငယ်ဖြစ်သူ မောင်မိုးဇော်က “ အစ်မတစ်ယောက်တည်း ပင်ပန်းနေတာ သိတယ်။ ကျနော်ကြီးရင် ကျောင်းဆရာမဟုတ် ရင် ဆရာဝန်လုပ်မယ်။ ကျောင်းဆရာကို ပိုပြီးသဘောကျတယ်။ ရတဲ့ငွေတွေအကုန်လုံး အစ်မကိုပေးမယ်”ဟုဆိုလေသည်။