Home ဆောင်းပါး “သေကံကလွှတ်လာပေမယ့် ရှင်သန်ဖို့ခက်ခဲနေပြန်တယ်”

“သေကံကလွှတ်လာပေမယ့် ရှင်သန်ဖို့ခက်ခဲနေပြန်တယ်”

ရက္ခ။ ။

“ဤအမှုမှ တရားသေ ကင်းလွတ်ခွင့်ပြုလိုက်သည်” ဆိုသော တရားသူကြီး၏အမိန့်ချသံကိုကြားရသည် နှင့် အသက် ၅၉ နှစ်ခန့်အရွယ် ဒေါ်မချေတစ်ယောက် ဝမ်းသာလွန်း၍ ထခုန်လိုက်မိသည်လားပင် မပြောတတ် တော့ချေ။ သူနှင့်အတူ တရားသူကြီး၏အမိန့်ကို ရင်တုန်လှိုက်မောစွာစောင့်မျှော်နေခဲ့ကြသော တူတော်မောင် ကိုသန်းထွန်းမောင်တို့သားအဖထံမှလည်း “ဟေး” ခနဲ့ ဝမ်းသာအားရအော်ဟစ်လိုက်သံတစ်ချက်ကို ကြားရ ၏။

အချိန်မှာ ညနေခင်း(၃) နာရီခန့်အချိန်ဖြစ်သည်။ မိုးနှောင်းရာသီ၏ နှုတ်ဆက်မိုးဖွဲကလေးများ တစိမ့် စိမ့်တသိမ့်သိမ့်စွေနေ၏။ ဆုတ်ခွာစပြုနေပြီဖြစ်သော အနောက်တောင်မုတ်သုန်လေပြေအေးကလေးများက လည်း တသုန်သုန်ညှင်းလျှက်ရှိနေ၏။ တရားစွဲဆိုထားသောအမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ကြသော ဒေါ်မချေတို့သုံးယောက် မြောက်ဦးခရိုင်တရားရုံး၏ အပြင်ဘက်လမ်းမကြီးဆီသို့ လွတ်လပ်ပါ့ပါးသောခြေလှမ်း ကြဲကြီးများဖြင့် ထွက်လာကြ၏။ ထို့နောက်မဆိုင်းမတွပင် သူတို့မိသားစုများရှိရာ ကျောက်တော်မြို့နယ်သို့ ဆက်လက်ခရီးပြင်းနှင်ကြသည်။ သူတို့၏ရင်ထဲတွင် လှောင်အိမ်မှလွတ်မြောက်လာသော ငှက်ကလေးများပ မာ လွတ်လပ်ပျော်ရွှင်ခြင်းများက တသွင်သွင် စိမ့်ဝင်လျှက်ရှိနေသည်။

ညနေစောင်းအချိန်တွင် ဒေါ်မချေသည် သူ၏ကျေးရွာသားများ ခိုလှုံနေထိုင်ကြသော မဟာကံကြီးသျှင် တိုက်ပွဲရှောင်စခန်းသို့ရောက်ရှိလာ၏။ သို့သော် မဟာကံကြီးသျှင် တိုက်ပွဲရှောင်စခန်းသို့ရောက်ရှိသည်နှင့် ဒေါ်မချေ၏ ရင်ထဲမှ အပျော်လှိုင်းများ လေလွင့်တိမ်သဖွယ် တစစပြယ်ပျက်သွားခဲ့ရလေသည်။ အကြောင်းမှာ သူ ဖမ်းဆီးချုပ်နှောင်မခံရမီက ခိုလှုံနေထိုင်ခဲ့သော မဟာကံကြီးသျှင် တိုက်ပွဲရှောင်စခန်းမှ ဒေါ်မချေ ကို လူသစ် လက်မခံဟုဆိုကာ တည်းခိုနေထိုင်ခွင့်အားငြင်းပယ်လိုက်သောကြောင့်ပင်ဖြစ်သည်။ တိုက်ပွဲရှောင်စခန်းတာဝန် ရှိသူ၏စကားက မျှော်လင့်ချက်တပွေ့တပိုက်ဖြင့် ခရီးနှင်လာခဲ့ဲကြသော ဒေါ်မချေ၏ရင်ဝကို ဆီးကန်လိုက်သ ကဲ့သို့ပင်ဖြစ်လေသည်။

“ကျွန်မတို့ အချုပ်ကလွတ်လာတော့ ဖမ်းဆီးမခံရခင်အချိန်က ခိုလှုံနေထိုင်ခဲ့တဲ့ မဟာကံကြီးရှင် တိုက်ပွဲ ရှောင်စခန်းကို ပြန်လည်နေထိုင်ဖို့ရောက်သွားပါတယ်…အဲဒီတိုက်ပွဲရှောင် စခန်းထဲမှာ ကျွန်မတို့ မာလာကျေးရွာ သားတွေ နေထိုင်ကြတာပါ …ဒါပေမယ့် စခန်းတာဝန်ခံက ကျွန်မတို့ကို စခန်းမှာနေထိုင်ဖို့ လက်မခံတော့ပါဘူး”

သူ့အနေဖြင့် ရွာသို့လည်းမပြန်နိုင်၊ တိုက်ပွဲရှောင်စခန်းမှာလည်း ခိုလှုှံနေထိုင်ခွင့်မရတော့သည့်အတွက် အိမ်ခြေရာခြေမရှိ အလေအလွင့်ဘဝတွေလို ခံစားနေခဲ့ရသည်။

ဒေါ်မချေတို့သုံးယောက်သည် သူတို့မကျူးလွန်ခဲ့သောအမှုအတွက် အချုပ်ခန်းထဲတွင် တစ်နှစ်နှင့်ခုနစ်လကျော်ကြာမျှ ဒုက္ခပေါင်းစုံဖြင့် နေထိုင်ခဲ့ကြရသလို အမှုမှ ကံကောင်းထောက်မစွာ ပြန်လည်လွတ်မြောက်လာကြသော်လည်း ခိုလှုံနေထိုင်စရာ မရှိသော အခြေအနေကို ချက်ချင်းလက်ငင်း ကြုံတွေ့ရပြန်သည်။ မိန်းမသားတစ်ယောက်အနေနှင့် ညအချိန်မတော်ကြီးတွင် မည်သည့်နေရာသို့ သွားရောက်တည်းခိုရပါမည်ကိုတွေးရင်း မျက်ရည်တသွင်သွင်ကျခဲ့ရတော့သည်။

အသက်(၅၉)နှစ်ခန့်အရွယ် ဒေါ်မချေသည် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာတွင်နေထိုင်ကာ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေ သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလ၊ ၂၀၂၀ခုနှစ်၊ မတ်လထဲတွင် ဒေါ်မချေနေထိုင်သော မာလာကျေးရွာ နှင့် နှစ်မိုင်ခန့်မျှဝေးကွာသောနေရာ၌ မြန်မာ့တပ်မတော်နှင့်ရခိုင့်တပ်တော်(AA)တို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများနှင့် စစ်ရဟတ်ယဉ်များလာရောက် ဗုံးကြဲတိုက် တိုက်ခိုက်ခိုက်နေသည်ကို ဒေါ်မချေတို့ကျေးရွာဖက်မှ အတိုင်းသား မြင်ရကြားရသည်။ ထိုသို့ တိုက်ပွဲများပြင်း ပြင်းထန်ထန်ဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာတွင် စစ်သားဦးရေ (၈၀)မှ (၁၀၀)အတွင်းပါဝင်သော စစ်ကြောင်း တစ်ခု မာလာကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုစစ်ကြောင်းသည် မာလာကျေးရွာသားများကို ခေါ် ယူစစ်ဆေးမေးမြန်းခြင်းနှင့် အခန့်မသင့်ပါက ရိုက်နှက်ခြင်းများရှိသဖြင့် အိမ်ခြေ(၁၇၀) ခန့်မျှရှိသော မာလာ ကျေးရွာလုံးကျွတ်မျှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထွက်ပြေးလာကြသော ကျေးရွာသား များသည် ကျော်ကတော်မြို့နယ်ရှိ မဟာကံကြီးသျှင်ဘုရားကြီးအနီးတွင် စုစည်းနေထိုင်ခဲ့ကြသည်။ သို့သော် စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမည့်သူမရှိသေးသည့်အပြင် ကျေးရွာမှလည်း မည်သည့်ပစ္စည်းကိုမှ ယူ ဆောင်မလာရခဲ့ကြရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲရှိလာခဲ့သည်။

ကျေးရွာမှထွက်ပြေးလာပြီး သုံးရက်မြောက်အကြာ (၂၀.၃.၂၀၂၀)ရက်နေ့တွင် မာလာကျေးရွာထဲမှ စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြဟု သတင်းကို ဒေါ်မချေ တစ်ယောက် ကြားသိရသည်။ ထို့ကြောင့် ရွာသို့ တဏတဖြုတ်ပြန်ကာ ယူစရာရှိသည်များကိုယူဆောင်မည်ဟုတွေးရင်း တူတော်မောင် ကိုသန်းထွန်း မောင်၊ ကိုသန်းထွန်းမောင်၏ခဖင် ဦးမဲတူနှင့် ကိုသန်းမောင်ရွှေတို့လေးယောက်နှင့်အတူ ကျေးရွာတွင်းသို့ စက်လှေကလေးတစ်စီးဖြင့် ရေကြောင်းလမ်းခရီးနှင်လာခဲ့ကြသည်။

ဒေါ်မချေသည်ကျေးရွာသို့ရောက်သည်နှင့် အစာသုံးရက်ခန့်မစားရသေးသောဝက်လေးကောင်ကို အ စာတစ်ချို့ချကျွေးပြီးနောက် ဝက်ခြံကိုဖွင့်၍လွှတ်ပေးလိုက်သည်။ ကိစ္စဝိစ္စများ အားလုံးပြီးစီး၍ စက်လှေအနီး၌ လူပြန်စုကြချိန်တွင် နေ့လည်ခင်း(၂)နာရီခန့်ရှိပြီဖြစ်၏။ ထိုစဉ်အချိန်မှာပင် မာလာကျေးရွာအနီးရှိ ဘုရား တောင်(ခေါ်) မျောက်တော်တောင်ပေါ်မှ သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ဒေါ်မချေတို့ ရှိနေရာစက်လှေအနီးသို့ ကျည်ဆံများ မိုးသီးမိုးပေါက်ပမာ တဖွဲဖွဲ ကြွေကျလာတော့သည်။ လက်နက်ကြီးကျည် ဆန်တချို့လည်း ဒေါ်မချေတို့ရှိနေရာ ချောင်းကမ်းစပ်နံဘေးသို့ ကျယ်လောင်စွာကျရောက်ပေါက်ကွဲ၏။ ဒေါ်မ ချေတို့သည် ရေထဲသို့ဆင်းကာ ပုန်းခိုကြပြီးနောက် စက်လှေကို ကျည်ကွယ်ရာသို့မောင်းထွက်ပြေးနိုင်ရန် ပြင် ဆင်ကြ၏။ သို့သော် စက်လှေမောင်းသူ ကိုသန်းထွန်းမောင်၏ ချိုင်းကြားသို့ သေနတ်ကျည်ဆံတစ်ချက် ထိမှန် သွားခဲ့ပြီးစက်လှေမောင်းရန်မဖြစ်နိုင်တော့သည့်အခြေအနေကိုကြုံတွေ့ကြရသည်။သိပ်မကြာမီပင်ဘုရား တောင်ပေါ်မှ စစ်သား ၂၀ ဦးခန့် ဆင်းလိုက်လာကာ ဒေါ်မချေတို့ကို ဖမ်းဆီးလိုက်တော့သည်။

“ အဲဒီနေ့ကအဖြစ် အပျက်ကိုပြန်တွေးရင် ကျွန်မ အခုထိတိုင် ကြောက်ရွံ့တုန်လှုပ်မိဆဲပါပဲ။ အဲဒီနေ့ ဟာ ကျွန်မဘဝထဲကို ကံ ကြျမ္မာဂြိုလ်ဆိုးတွေ အတုံးလိုက်အခဲလိုက် စတင်ဝင်ရောက်လာခဲ့တဲ့နေ့တစ်နေ့ပါပဲ” ဟု ဒေါ်မချေက ပြန်ပြောင်းပြောပြသည်။

ဒေါ်မချေ၊ ကိုသန်းထွန်းမောင်၊ ဦးမဲတူနှင့် ကိုသန်းရွှေမောင်တို့လေးဦးကို မြန်မာ့တပ်မတော်မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုတ်ကာ မာလာကျေးရွာအနီးရှိ ဘုရားတောင်ပေါ်တွင် တစ်ညတာ ထိန်းသိမ်းထားခဲ့သည်။ ထိုတောင်ပေါ်တွင်တစ်ညအိပ်ပြီး နောက်တစ်နေ့မနက်တွင် တစ်နေကုန်ခြေလျှင်ခရီး နှင်ကြရသည်။ ဒေါ်မချေတစ်ယောက် ပင်ပန်းလွန်းသော်လည်း မည်သည့်စကားကိုမျှမပြောရဲသဖြင့်တပ်မတော် ၏ ခေါ်ရာနောက်သို့ ကြိတ်မှိတ်ကာ လိုက်နေခဲ့ရသည်။ နှစ်ရက်မြောက်သောနေ့တွင် သူတို့ရှိရာအရပ်သို့ တပ်မတော်စစ်ကားများရောက်ရှိလာခဲ့ပြီး ထိုစစ်ကားများဖြင့် ကျောက်တော်မြို့နယ်တပ်မထဲသို့ ခေါ်ဆောင် ခြင်းခံခဲ့ရပြန်သည်။

“စစ်တပ်ထဲမှာ စစ်ကြောရေးကာလကို ရှစ်ရက်တာ ဖြတ်သန်းခဲ့ရပါတယ်…. ကျွန်မတို့ကို တစ်ချိန်လုံး လက်ပြန်ကြော တုပ်ထားပါတယ်….. ကျွန်မအနေနဲ့ သိပ်ကြောက်ပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး…..အဲဒီ စစ် ကြော ရေးကာလကို ဖြတ်သန်းရတဲ့ အချိန်တွေဟာ ကျွန်မအတွက် သေမင်းခံတွင်းဝကို ဖြတ်သန်းရတဲ့နေ့ရက် တွေပါဘဲ…..ပြန်တွေးတိုင်းလည်း တုန်လှုပ် ခြောက်ခြားမိပါတယ်… ”

စစ်ကြောရေးကာလ ရှစ်ရက်တာကို လွန်မြောက်ပြီး နောက် ၂၉.၃.၂၀၂၀နေ့တွင် စစ်သားများက ဒေါ်မချေတို့သုံးယောက်အဖွဲ့ကို ကျောက်တော်မြို့နယ်ရဲစခန်းသို့ အပ်နှံတရားစွဲဆိုကြောင်း ဒေါ်မချေက ပြောပြသည်။ တရားစွဲဆိုသောပုဒ်မမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ (ည)/၅၂(က)ဖြစ်သည်။ ၄.၅.၂၀၂၀နေ့ရက်တွင် ကျောက်တော်ရဲစခန်းမှ မြောက်ဦးရဲစခန်းသို့ ထပ်မံ ပြောင်းရွှေ့ခံခဲ့ရပြီး ထိုအချိန်မှစတင်ကာမြောက်ဦးခရိုင်တရားရုံးတွင်တောက်လျှောက်တရားရင်ဆိုင်ခဲ့ရကြောင်း ကိုသန်းထွန်းမောင်က ပြောပြသည်။ ဒေါ်မချေတို့၏ အမှုကို စစ်တွေမှ ပရဟိရှေ့နေတစ်ဦးက သူတို့ဖက်မှ အခ မဲ့ အမှုလိုက်ပေးခဲ့ကြောင်း ဆိုသည်။ သို့သော် ကိုဗစ်ရောဂါပျံ့နှံ့လာချိန်တွင်မူ ရုံးမထုတ်နိုင်ပဲ ကာလအ တန် ကြာနေခဲ့ရကြောင်း ဒေါ်မချေက ပြောပြသည်။ ဒေါ်မချေတို့သုံးယောက်အဖွဲ့သည် မြောက်ဦးခရိုင်ရားရုံး တွင် တစ်နှစ်နှင့် ခုနစ်လတာမျှ တရားရင်ဆိုင်ခဲ့ပြီး ၁၄.၉.၂၀၂၁ ရက်နေ့တွင်မူ သက်သေမခိုင်လုံသဖြင့် တရား ရုံးက သူတို့ကို တရားသေ ပြန်လွှတ်ပေးခဲ့သည်။

“ ကျွန်မမှာ မချမ်းသာပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာမှာ ကြုံရာလုပ်ကိုင်စားသောက်ပြီးတော့ ဘဝကို ရိုးရိုး ရှင်းရှင်းပဲ နေထိုင်လာခဲ့ပါတာပါ…. အခုလိုအဖြစ်မျိုးကို ကြုံရလိမ့်မယ်လို့ တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့ပါဘူး…. ကျွန်မက အသက်လည်းကြီးနေပါပြီ… အခု ကျွန်မ အချုပ်ကလွတ်လာတော့ ဘာတစ်ခုမှ အဆင်မပြေဘူး…. အ ခက်အခဲတွေ သိပ်များနေပါတယ်…. နေမယ့်နေရာတောင်မရှိလို့ အစ်မအိမ်မှာ ခဏလေး ခိုကပ်နေ နေရပါတယ်။ ရွာမှာ အိမ်ရှိပေမယ့် အခုအချိန်ထိ ဘယ်သူမှ ကိုယ့်အိမ်ကိုယ့်ယာကို မပြန်ရဲကြသေးပါဘူး… ရွာအနီးအနား မှာ တပ်မတော် စစ်ကြောင်းရှိနေတာဆိုတော့ ကျွန်မတို့ စိုးရိမ်ပြီး မပြန်ရဲကြပါဘူး… ”

လက်ရှိအချိန်တွင် ဒေါ်မချေနှင့်အတူ အချုပ်ကျခဲ့သော တူတော်မောင် ကိုသန်းထွန်းမောင်သည်လည်း ဖမ်ဆီးခံရစဉ်နေ့က ပစ်ခတ်ခံခဲ့ရသောကျည်ဆန်မှာ ချိုင်းကြား (နံစောင်းကြား) ထဲတွင် စိုက်ဝင်နေဆဲဖြစ်ပြီး ခွဲထုတ်ပစ်ရန် လိုအပ်နေသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲပြီးဆုံးပြီးနောက် ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိ တော့သော်လည်း တိုက်ပွဲရှောင်များ နေရပ်ပြန်ရေးမှာ အခက်အခဲများရှိနေသေးသည်။ အထူးသဖြင့် ကျေးရွာ အနီးအနားတွင် မြန်မာ့တပ်မတော်စစ်စခန်းများရှိနေခြင်းက နေရပ်ပြန်လိုသည့်တိုက်ပွဲရှောင်များကို တွန့်ဆုတ်နေစေသည်။ ထို့အပြင် ဒေသခံများလုပ်ကိုင်စားသောက်နေကြသော ကျေးရွာအနီးရှိတောတောင်များထဲတွင် မြေမြှုပ်မိုင်းများ မကြာခဏပေါက်ကွဲလေ့ရှိသဖြင့် တိုက်ပွဲရှောင်များ၏ ရွာပြန်မျှော်လင့်ချက်မှာ ဆောင်းတွင်းအိပ် မက်တစ်ခုပမာ မရေမရာ ဖြစ်နေကြရသည်။

“ တိုက်ပွဲရှောင်တွေအပါအဝင် ရခိုင်တစ်ပြည်နယ်လုံး ငြိမ်းချမ်းဖို့ လိုအပ်ပါတယ်….ငြိမ်းချမ်းစေချင်ပါ တယ်… အခုလို ငြိမ်းချမ်းနေတဲ့ကာလကို ရေရှည် တည်တံ့စေလိုပါတယ်…. ပြီးတော့ တိုက်ပွဲရှောင်တွေ နေရပ် ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်ခွင့်ကလည်း အမှန်တကယ် လိုအပ်နေပါတယ်… ကျွန်မတို့လည်း အိမ်ပြန်ချင်ပါတယ်”

အသက် ၆၀ နီးပါ်းရှိနေပြီဖြစ်သော ဒေါ်မချေတစ်ယောက်ကတော့ အိမ်ပြန်ချိန် နေ့တစ်နေ့သည် သူ့ထံသို့ တစ်ချိန်ချိန်တွင် မလွဲမသွေ ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်နေဆဲပင်ဖြစ်သည်။

Related Articles