Home ဆောင်းပါး “ပြေးစရာ မြေမရှိ” အစီရင်ခံစာမှ ဖော်ပြနေသော မြေပြင်ရှိအကျပ်အတည်းများ

“ပြေးစရာ မြေမရှိ” အစီရင်ခံစာမှ ဖော်ပြနေသော မြေပြင်ရှိအကျပ်အတည်းများ

ခက်ဆစ်။ ။

“ပြေးစရာ မြေမရှိ” ဆိုတဲ့ စာတမ်းတိုတစ်ခုကို ရှေ့ပြေးအသံအဖွဲ့က ဦးဆောင်ကာ အရပ်ဘက် လူထု အခြေပြု အဖွဲ့အစည်း ၁၀ ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းဆိုးရွာလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း၊ မြေပြင်ရှိ ဖြေရှင်းချက်များအနေအထားတွေကို တင်ပြထားတဲ့ဒီစာတမ်းတိုကို အွန်လိုင်းဆွေးနွေးတစ်ခုနဲ့ တင်ပြမှုကိုအောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာကတော့ “အဓိက ကျမပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ နွေဦးတော်လှန်ရေးမတိုင်ခင် ၁၀ စုနှစ်ပေါင်းများစွာတည်းက ကြုံလာရတဲ့ကိစ္စတွေဟာ နွေဦးတော်လှန်ရေးဖြစ်တဲ့နောက်ပိုင်းမှာ ပိုပြီးပြန်ဖြစ်လာတယ်။ အထူးသဖြင့် ကျန်ခဲ့တဲ့ ၁၀ နှစ်မှာငြိမ်းချမ်းရေးလုပ်တယ်ဆိုပြီးတော့ လက်မှတ်တွေထိုးကြတယ်ဆိုပေမယ့် တကယ်တမ်းက မြေပြင်မှာ ပြည်သူတွေကြုံနေရတာက တိုင်းရင်းသားဒေသတွေမှာ ဘယ်တုန်းကမှလျော့သွားတာမရှိပါဘူး။ အခုကတော့ ပိုဆိုးလာတယ်။ ” လို့တင်ပြထားပါတယ်။

တိုင်းရင်းသားနယ်နိမိတ်တွေမှာ အကူညီအထောက်အပံ့အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေထံ ရောက်အောင် ပို့ဆောင်နိင်ခြင်းမရှိတာကြောင့် ကြီးမားတဲ့ကျရှုံးမှုတွေရှိနေပြီး အခုလို ဖြစ်ရတဲ့အကြောင်းမှာ လူသားချင်းစာနာထောက်အပံ့များကို စစ်အုပ်စုက လက်နက်သဖွယ် အသုံးချပြီး ပိတ်ဆို့ခြင်း တားဆီးခြင်းတွေကိုလုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်လိုူ့ဆိုပါတယ်။

မြန်မာနဲ့ ထိုင်းနယ်စပ် ဖြစ်တဲ့ မဲဆောက်ရှိ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီမောင်ကတော့ တိုင်းရင်းသားဒေသတွေနဲ့ နယ်စပ်ဒေသကတွေက ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးလည်း အခုလို ဆွေးနွေးထားပါတယ်။

“လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက လူ့အခွင့်အရေးချိုးဖောက်မှုက အမြင့်ဆုံး အဆင့်မှာရောက်ရှိနေတယ်ဆိုတာလည်း အားလုံးသိရှိရတယ်။ ဒီကြားထဲမှာ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာတာက ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်လုံခြုံမှုမရှိတာ၊ ပြည်တွင်းမှာဖြစ်စော နယ်စပ်မှာဖြစ်စေ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်လာကြတဲ့ ဖမ်းဆီးခံရတာတွေ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကလည်း ပိုပြီးတော့ နက်နက်နဲနဲ ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ ”လို့ထောက်ပြထားပါတယ်။

ဆက်လက်ပြီး ဒေါက်တာစင်သီယာမောင်က “လူထုတွေနဲ့ဆက်သွယ်ရေးဖြစ်စေ ဆေးဝါးပစ္စည်းကိရိယာသယ်ယူဆက်သွယ်ရေးဖြစ်စေ နောက် ဆေးရုံ ဆေးခန်းတွေရဲ့ လုံခြုံမှုပေါ့ ဆေးရုံဆေးခန်းတွေက လူထုတွေရရှိနိုင်တဲ့ အခွင့်အရေးကို အကာကွယ်မပေးနိုင်တာဖြစ်စေ အဆောက်အဦးတွေကိုဖျက်ဆီးတာ စစ်တပ်ကသိမ်းလိုက်တာ ဖြစ်စေ ရှိလာတယ်။ ရွေ့ပြောင်းလူဦးရေတွေကလည်း မတန်တဆများလာတယ်။ ထုတ်ထားတဲ့စစ်တမ်းတွေအရက လည်းမကြာခင်မှာ ကျမတို့နိင်ငံမှာ ပိုပြီးတော့ ဆိုးရွားတဲ့ စားနပ်ရိက္ခာပြသာနာတွေ တချိန်တည်းမှာပဲ ကလေးတွေ လူငယ်တွေရဲ့ အနာဂတ်မှာလုံခြုံမှုဆိုင်ရာ ပြသာနာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုရွေ့ပြောင်းပြီး တရားမဝင်နေထိုင်သွားရတဲ့ပြသာနာတွေက ဆက်လက်ကြီးထွားလာမှာတွေလည်းတွေ့ရှိရတယ်” လို့ ဆွေးနွေးထားပါတယ်။

သမိုင်းနဲ့ချီပြီး ၁၀ စုနှစ်ပေါင်းများစွာ ပဋိပက္ခများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနဲ့ အကူအညီအထောက်ပံ့များ ရှားပါးမလောက်ငှမှုများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တိုင်းရင်းသားဒေသက အခြေအနေတွေကို အလေးပေးဖော်ပြထားပါတယ်။ သို့သေ်ာလည်း အကြောင်းအရာကိစ္စရပ်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတို့အပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း သက်ဆိုင်ကြောင်းထည့်သွင်းဖော်ပြထားပါတယ်။

ယခုစာတမ်းတိုမှာ စစ်တပ်က တရားမဝင်အာဏာသိမ်းမှုကြိုးပမ်းချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ အစပိုင်းအထိ ၇ လ နီးပါး ကာလအတွင်းအဖြစ်အပျက်ကို သုတေသနပြု တင်ပြထားပြီး အကြံပြုတိုက်တွန်းချက်တွေကိုလည်း ပါရှိတာတွေ့ရပါတယ်။

အာဏာသိမ်းရန်ကြိုးပမ်းမှုက လူဦးရေ ၁ သန်းရဲ့ လေးပုံတစ်ပုံကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်ရှောင်စေခဲ့တာကြောင့် အာဏာသိမ်းမှုမတိုင်မီကရှိနေတဲ့ ပဋိပက္ခတွေကြောင့် ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၁ သန်းရဲ့ ထက်ဝက်ကျော်ဦးရေ ထပ်မံတိုးလာစေခဲ့ပါတယ်။

မြန်မာစစ်တပ်မှ လေယာဉ်နဲ့ ဗုံးကြဲခြင်းအပါအဝင် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ကရင်၊ကရင်နီ၊ ကချင်၊ရှမ်း နဲ့ ချင်းပြည်နယ်တို့မှာ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်ပစ္စည်းများ နေအိမ်များ ဘာသာရေးအဆောက်အအုံများ ပျက်စီးခြင်း ကြီးမားတဲ့ရွေ့ပြောင်းမှုများဖြစ်ပေါ်စေခြင်း ကလေးများအပါဝင် အရပ်သားများ သေဆုံးရခြင်း၊ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကျူးလွန်ခဲ့ကြတယ်လို့ စာတမ်းမှာဖော်ပြပါရှိပါတယ်။

၂၀၂၁ ခုနစ် သြဂုတ်လ ၂၈ ရက်နေ့အချိန်အထိ နွေဦးတော်လှန်ရေးအတွင်းငြိမ်းချမ်းစွာဆန္ဒပြများကို ကြောက်မက်ဖွယ် အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် လူပေါင်း ၁၀၂၆ဦး သေဆုံးခဲ့ရခြင်း၊ ၇၆၂၇ ဦး ဖမ်းဆီးခံရခြင်း၊ ကလေး ၁၀၄ ဦး အပါအဝင် ၆၀၀၅ ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရခြင်း၊ ၁၉၈၄ ဦးဖမ်းဝရမ်းထုတ်ခံရခြင်း၊ ၁၁၈ ဦး မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံရခြင်း၊ နဲ့ ၃၉ ဦး မျက်ကွယ်သေဒဏ် ချမှတ်ခံရခြင်းတို့ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဝမ်းနည်းဖွယ်အကောင်းဆုံးကတော့ အာဏာသိမ်းမှု ကြိုးပမ်းချိန်ကစလို့ ယခုအချိန်ထိ သတ်ဖြတ်ခံရသူတွေ ထဲမှာ အနည်းဆုံး ကလေး ၇၅ ဦး ပါဝင်နေပြီး အမှန်တကယ်ဦးရေကတော့ အစီရင်ခံစာထဲမှာဖော်ပြထားတဲ့ ကိန်းကဏန်းထက်ပိုများ နိုင်တယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်ဟာ အခုချိန်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်တွေ များစွာရှိနေပါသေးတယ်။ တခြားဒေသတွေနည်းတူ ရခိုင်ပြည်နယ်မှာရှိတဲ့ အိုင်ဒီပီ စခန်းတွေမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကန့်အသတ်အတားအဆီးတွေရှိနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ အခြားသော သဘာဝဘေး ကပ်ရောဂါဘေးတွေကိုလည်းရင်ဆိုင်နေရတာကြောင့် ယခုစာတမ်းမှာ ရခိုင်ပြည်နယ်က အခြေအနေတွေကိုလည်း ထည့်သွင်းဖော်ပြရခြင်းဖြစ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ဆိုထားပါတယ်။

“ဒီစာတမ်းတိုလေးထဲမှာတော့ ကျမတို့က ရခိုင်ပြည်နယ်ကို ထည့်သွင်းဆွေးနွေးထားပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၁၈ နောက်ပိုင်းမှာ ပိုပြီးတော့ ဆိုးလာတဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာတွေ၊ ရိုဟင်ဂျာတွေ၊ ကမန်တွေ၊ အခြား မွတ်ဆလင် community တွေအတွက်ဆိုရင် ခွဲခြားဆက်ဆံခံရမှုတွေ ပိုပြီးတော့ ဆင့်ကဲပြီးခံရတဲ့အတွက်ကြောင့်မို့ ပိုဆိုးရွားတဲ့အခြေအနေတွေကြုံနေရတယ်ဆိုတာ ဖော်ပြထားတယ်”

ချင်းပြည်နယ်
ယခုလက်ရှိ ချင်းပြည်နယ် မင်းတပ်မြို့မှာ အကြမ်းဖက်မှုများကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စု တပ်ဖွဲ့များချထားပြီး ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ မြို့ကို စီးနင်းထားတာကြောင့် မြို့သူ မြို့သား လူဦးရေ ၁၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိ တောတောင်တွေထဲမှာ လက်လုပ်ယာယီတဲတွေနဲ့ နေထိုင်နေကြရပြီး မင်းတပ်မြို့နဲ့ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် အစားအစာ၊ ရေ၊ မိုးရွာသွန်းမှုကိုကာကွယ်ရန် လုံလောက်တဲ့အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်သွယ်ရေး ကိရိယာများ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“UNHCR တို့ဆို မင်းတပ်မြို့ပေါ်ထိ ရောက်လာပြီးတော့ စစ်ဘေးရှောင်တွေနေတဲ့ဆီကို မရောက်သွားနိုင်ဘူး။ သူတို့ရဲ့ အထောက်အပံ့က တကယ်လိုအပ်နေတဲ့သူတွေ စစ်ဘေးရှောင်တဲ့သူတွေဆီကိုမရောက်သွားဘူး။ စစ်ကောင်စီနဲ့ညှိုနှိုင်းပြီးတော့ သူတို့ကနေ တဆင့် စစ်ဘေးရှောင်တွေဆိုရောက်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျမတို့ပြန်ကြားရတာက စစ်သားမိန်းမတွေ၊ ရဲသားမိန်းမတွေဆီကိုပဲ ခွဲဝေပေးတယ်လို့ ကြားရတယ် တကယ့်တကယ်စစ်ဘေးရှောင်တွေဆီကို ဘာမှရောက်မလာဘူး” လို့ ချင်းပြည်နယ်မှ လူ့အခွင့်အရေးလှုပ်ရှားသူ မိုင်ခင်ခင်ကပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းဟာ အိန္ဒိယနိုင်ငံ မီဇိုရ်မ်နဲ့ မဏိပူပြည်နယ်များနဲ့ နပ်စပ်ချင်းထိစပ်နေပြီး အာဏာသိမ်းမှုကြိုးပမ်းချိန်ကစလို့ ခန့်မှန်းခြေ လူပေါင်း ၁၆၀၀၀ ခန့်ဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကနေ လွတ်မြောက်ဖို့ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်နေရသူတွေကိုလည်း အိန္ဒိယနိုင်ငံမှ ခရီးသွားအထောက်အထားမပါပဲ ဝင်ရောက်မှုကြောင့် နိုင်ငံသားအက်ဥပဒေအရ ထိန်းသိမ်းခံရပြီး ကိုဗစ်ရောဂါ ကူစက်ခံထားရမှုတွေလည်းရှိနေကြောင်းဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်
ကရင်နီပြည်နယ်အတွင်းမှာတော့ ပဋိပက္ခတွေကို ရပ်တန်သွားစေဖို့ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေမှ ကြိုးပမ်းလုပ်ဆောင်နေတဲ့ကြားကပင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဇွန်လနဲ့ ဇူလိုင်လတွေမှာ တိုင်ပွဲများဆက်လက်ဖြစ်ပေါ်စေခဲ့ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့မှာ ၁၈ ရက်နေ့အတွင်း လူပေါင်း ၁၀ ၀၀၀ ကျော်ထွက်ပြေးရခြင်းနဲ့အတူ ဇူလိုင်လ ၂၂ ရက်နေ့အထိ စာရင်းများအရ လူပေါင်း ၁၁၉ ၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၅ရက်နေ့မှာ ထုတ်ပြန်တဲ့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ရဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ စုစုပေါင်း အိုင်ဒီပီ ဦးရေ ၁၂၀၄၄၉ ဦးအထိ ရှိလာခဲ့ပြီး စစ်အုပ်စုရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ယခုထက် ပိုမိုများပြားလာနေတယ်လို့ ဖော်ပြထားပါတယ်။

“အိုင်ဒီပီ စခန်းတွေက တနေ့ရာပြီးတနေရာ ရွေ့လျားစနစ်နဲ့ ဖြစ်လို့ ပို့ဆောင်ရေးမှာလည်း အခက်အခဲရှိတယ်။ ရိက္ခာတွေလည်းအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့ တရားဝင်စစ်ရှောင်ဖြစ်အောင် UNHCR နဲ့ ICRC လည်း ကြားဝင်ပြီး အမြန်ဆုံးညိနှိုင်းပေးဖို့လိုတယ်ဆိုတာကို ပြောပြချင်ပါတယ်” လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး မော်ဖရေးမြာက ဆွေးနွေးထားပါတယ်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
ကချင်ပြည်နယ်မှာတော့ မြန်မာစစ်တပ်က အရပ်သားတွေရဲ့နေရာတွေကို လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်ခတ်တိုက်ခိုက်မှုများရှိနေပြီး အရပ်သားတွေကို သွေးအေးအေးနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေလည်းရှိနေကြောင်း ယခု စာတမ်းပါအချက်အလတ်တွေအရ သိရပါတယ်။

ဒါ့အပြင် ကချင်လုထုတွေဟာ ကိုဗစ်ဆိုင်ရာ ပိတ်ဆို့မှုတွေကြောင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းရှားပါးမှု၊ တရုတ်နယ်စပ်ပိတ်ဆို့ထားမှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများထိခိုက်စေခြင်းနဲ့ စစ်အုပ်စုမှ ရွာများကို ဖျက်ဆီးခြင်းတို့ကြောင့် အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြရပါတယ်။

ကချင်ပြည်နယ်မှာနည်းတူ ရှမ်းပြည်နယ်မှာလည်း တူညီတဲ့အခြေနေတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက အိုင်ဒီပီများကို ကူညီမှုများပေးလေ့ရှိပေမယ့်လည်း ယခုအခါ စစ်အုပ်စုက အဓိက ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ဆို့ထားတာကြောင့် အထောက်အပံ့များဖြန့်ဝေနိုင်ခြင်းမရှိသလို တချို့အိုင်ဒီပီများမှာ ကုန်ပစ္စည်းအစား ငွေကြေးအကူညီအချို့ရရှိခဲ့ပေမယ့်လည်း အခြေခံကုန်ဈေးနှုန်းမြင့်တက်နေမှုတွေကြောင့် လုံလောက်စွာ ဖြည့်ဆည်းနိုင်ခြင်းမရှိကြောင်းဖော်ပြထားပါတယ်.။

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်းပိုင်းဒေသများ
မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်းပိုင်းမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှု အများအပြားဟာ တိုင်းရင်းသားဒေသတွေမှာ တွေ့ကြုံနေရတဲ့အခြေအနေတွေနဲ့ တူညီနေပါတယ်။ မြန်မာစစ်အုပ်စုရဲ့ အနိုင်ကျင့်မှုဒဏ်ကို ခံစားနေရပြီးထွက်ပြေးတိမ်းရှောင်နေရမှု၊ အစာရေစာ ရှားပါးမှု၊ အလုပ်ဆုံးရှုံးမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ ကိုဗစ်ကူးစက်ရောဂါ တိုက်ဖျက်ရာမှာ လုံလောက်တဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု မရှိခြင်းတို့ ရင်ဆိုင်ဆိုင်နေကြရပြီး အထူးသဖြင့် ရန်ကုန် မန္တလေး စစ်ကိုင်း မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူနေတာတွေကို တွေ့ရှိရကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် စစ်အုပ်စုမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာတစ်ခုလုံးကို မီးရှိုှု့ခဲ့ပြီး ပြည်သူတွေကို တိုက်ခိုက်ခဲ့တာကြောင့် တစ်ရွာလုံးရှိ ပြည်သူတွေဟာ အနီးနားရှိ တောအုပ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ဟာလည်း လူထုခုခံတော်လှန်ရေးမှာ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်မှ သေနတ်များနဲ့ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အိမ်တွေကိုဝင်ရောက်စီးနင်းခြင်းတို့နဲ့ မြို့အတွင်းရှိ ကျေးရွာတွေကို တင်းကျပ်စွာစီးနင်းခြင်းတို့ကြောင့်လည်း လူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးရုံး UN OCHA ကို မြန်မာစစ်အုပ်စုမှ အပြည့်အဝလွှမ်းမိုးထားပြီး တင့်ကားတွေနဲ့ လူထုအာဏာဖီဆန်မှုလက္ခဏာများကို လမ်းမထက်မှာ ပိုက်စိတ်တိုက်ရွာဖွေမှုတွေဖြစ်ပေါ်နေပြီး မန္တလေးမြို့အပါဝင် မြို့ပြဒေသတွေမှာရှိတဲ့ လူပေါင်း ၁.၇ သန်းအထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်းခန့်မှန်ထားပါတယ်။

ဆက်လက်ပြီးအစီရင်ခံစာမှာ တိုင်းရင်းသားဒေသတွေမှာ ပုန်းအောင်းနေရတဲ့ CDM အဖွဲ့တွေနဲ့ ရေကြီးမှု အခြေအနေများ၊ အာဟာရပြည့်ဝတဲ့ အစာရေစာနဲ့ သန့်ရှင်းတဲ့ ရေ၊ ကူးစက်ရောဂါတွေနဲ့ ကိုဗစ်ရောဂါ ကုသရန်အတွက် ဆေးဝါးတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေပြီး ကိုယ်ဝန်ဆောင်တွေအနေနဲ့ မီးဖွားရန် အခက်အခဲများရှိနေကြောင်းဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ ၎င်းတို့က ပြည်သူကို ကာကွယ်ပေးနေသူများဖြစ်တယ်ဆိုတဲ့ လုပ်ဇာတ်နဲ့ ၎င်းတို့ အသာစီးရနေတဲ့အတွက် အကူအညီ အထောက်အပံ့တွေကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် သယ်သူပို့ဆောင်မှုများကို ဖျက်ဆီးပြီး အထောက်အပံ့များကို လက်နက်သဖွယ် အသုံးချနေတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ်များစွာသူတို့အကြမ်းဖက်တိုင်း သုံးလာတဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို အခုကာလမှာလည်းသုံးလာတာတွေ့ရပြီး အခု နွေဦးတော်လှန်ရေးကို အကြမ်းဖက်ဖိနှိပ်တဲ့ကာလတွေမှာလည်း ဒီနည်းကိုသာ အသုံးပြုနေကြောင်း တင်ပြဆွေးနွေးထားကြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအများအပြားဟာ မြန်မာနိုင်ငံအတွင်းရှိ အကျပ်အတည်းကို အာဆီယံအားလွှဲပြောင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးကို ASEAN Coordinating Centre for Humanitarian Assistance on disaster management ( AHA Centre) မှတဆင့် လုပ်ဆောင်ရန် လွှဲပြောင်းထားပေမယ့်လည်း မည်သည့် စာနာထောက်ထားမှု အကူအညီမျှ အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မျိုး မတွေ့ရှိရသေးကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးရာမှာ စစ်အုပ်နဲ့ မပူးပေါင်းရန်၊ အကူညီ အထောက်အပံ့များကို နယ်စပ်ဖြတ်ကျော ်လမ်းကြောင်းများ၊ ဆေးဘက်ဆိုင်ရာအကူအညီပေးနေတဲ့ ဒေသခံကွန်ယက်များ၊ တိုင်းရင်းသားဝန်ဆောင်မှုပေးနေသူများ CBO CSO များမှ တဆင့် လွှဲပြောင်းပေးရန်၊နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် NUG ၊EAOတွေနဲ့ ဆွေးနွေးညှိုနှိုင်းတိုင်ပင်ပြီး သဘောတူစာချွန်များလက်မှတ်ထိုးရန် အပါအဝင် နပ်စပ်ဒေသများမှ ပြသာနာများ၊ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာပြသာနာများ စတဲ့ အခြေအနေတွကို ဖြေရှင်းနိုင်ရန်အတွက် အကြံပြုချက်တွေကိုလည်း ယခုအစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒေါ်ခင်ဥမ္မာကတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြည်သူတွေအပေါ် အကြမ်းဖက် ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အခုလို သတိပေးထားပါတယ်။

“စကစရဲ့လူ့အခွင့်အရေးချိုုးဖောက်မှုဆိုတာကိုကျမတို့က လူ့အခွင့်အရေးချိုးဖောက်မှုထက် ကျော်တဲ့အဆင့်ကိုရောက်သွားပြီ၊ စကစလုပ်နေတာဟာ သူတိူ့သည် အကြမ်းဖက်တဲ့အဖွဲ့အစည်းဖြစ်တယ်။ သူတို့တွေပြည်သူအပေါ်မှာ ကျူးလွန်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်။သူတို့ဟာ နိုင်ငံတကာ ရာဇဝတ်သားတွေဖြစ်တယ်ဆိုတာ ကျမတို့ ဒီဟာကို သေသေချာချာကြည့်ဖို့လိုတယ်လို့ ဒီနေရာမှာ သတိပေးချင်ပါတယ်”

ပြေးစရာ မြေမရှိစာတမ်းတိုကို ကချင်အမျိုးသမီးများအစည်းအရုံး- ထိုင်းနိုင်ငံ၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ တအောင်းအမျိုးသမီးအဖွဲ့အစည်း၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ ရှေ့ပြေးအသံအဖွဲ့တို့က ပူးတွဲထုတ်ဝေထားတာ ဖြစ်ပါတယ်။

Related Articles