Home ဆောင်းပါး ကိုဗစ်နဲ့လက်ရှိနိုင်ငံရေးရိုက်ခတ်မှုအောက်က စက်ရုံအလုပ်သမတွေ

ကိုဗစ်နဲ့လက်ရှိနိုင်ငံရေးရိုက်ခတ်မှုအောက်က စက်ရုံအလုပ်သမတွေ

Honest Information (HI)

စက်မှုဇုန်အများအပြားတည်ရှိရာ လှိုင်သာယာမြို့ရဲ့ မနက်ခင်းလမ်းမတွေဟာ ထမင်းချိုင့် ကိုယ်စီကိုင်ကာ သွားလာနေကြ တဲ့ အသက်အရွယ်စုံအမျိုးသမီးလေးတွေနဲ့ ပြည့်နှက်နေပါတယ် ။

အမျိုးသမီးငယ်တချို့က အလုပ်သွားဖို့ တက်ကြွနေကြသလို တချို့ကတော့ စိုးရိမ်ပူပန်မှုအနည်းငယ်ရှိတဲ့ မျက်နှာသွင်ပြင် တွေနဲ့ အလုပ်ရှာဖို့ စက်ရုံတွေဆီသွားကြတာဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ အသက် ၃၀ အရွယ် မမျိုးမျိုး(အမည်လွှဲ)တစ်ယောက်လည်း ပါဝင်ပါတယ်။ မမျိုးမျိုးဟာ မနက်မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ လုပ်စရာရှိတဲ့အိမ်အလုပ်တွေလုပ်ပြီး လမ်းစရိတ်အနည်းငယ်ကိုယူကာ အလုပ်ရှာဖို့ အိမ်ကထွက်လာခဲ့ ပါတယ်။

မမျိုးမျိုးအလုပ်လုပ်နေတဲ့ စက်ရုံဟာ ယာယီပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်အသစ်ရှာဖို့ နေ့စဉ်လမ်းပေါ် ထွက်လာရ တာဖြစ်ပါတယ်။

“ လတ်တလောအလုပ်တွေ လျှောက်နေပေမယ့် အလုပ်တွေကအဆင်မပြေဘူးဖြစ်နေတာ။ စက်ရုံတွေကပိတ်ကြတယ်။ ကိုယ်နဲ့နီးစပ်ရာလိုက်တော့ လျှောက်နေကြတာပဲ” လို့ မမျိုးမျိုးကပြောပါတယ်။

ကိုဗစ်-၁၉ရိုက်ခက်မှုဒဏ်ကြောင့် မူလက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ စက်ရုံအလုပ်ရုံတွေဟာ စစ်အာဏာသိမ်းမှုမှာတော့ အပြီး ပိတ်သိမ်းတဲ့အခြေအနေကို ရောက်ခဲ့ကြပါတယ်။ နိုင်ငံတကာမှ အော်ဒါတွေရပ်ဆိုင်းတဲ့အတွက် အလုပ်သမားလျှော့ချတာ၊ စက်ရုံယာယီပိတ်တာနဲ့ အပြီးပိတ်သိမ်းတဲ့အခြေအနေတွေရှိလာတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါရိုက်ခက်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် ယာယီနဲ့အပြီးပိတ်သိမ်းတဲ့စက်ရုံအလုပ်ရုံ ရာကျော်ရှိနေပြီ ဖြစ်ပြီး အလုပ်လက်မဲ့ဦးရေ လေးသိန်းနီးပါးရှိနေပြီလို့ အလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် အမျိုး သမီးဦးရေ အများဆုံးလုပ်ကိုင်ကြတဲ့ အထည်ချုပ်လုပ်ငန်းနဲ့ စက်ရုံအလုပ်ရုံတွေပိတ်သိမ်းတာကြောင့် အဲ့ဒီမှာလုပ်ကိုင် နေကြတဲ့ အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

“တချို့စက်ရုံတွေဆိုလည်း သုံးလပိတ်မယ်။ နေ့စားခ (Dayကြေး) ပေးထားမယ်ဆိုတာတွေရှိတယ်။ တချို့ဆိုလည်း ပိတ်တယ် မပေးဘူးဆိုတာတွေလည်းရှိတယ်။ ဘာမှမပေးဘူး ပိတ်လိုက်တယ်ဆိုတာမျိုးတွေလည်းကြားရတယ်။ ပိတ်ရင်း ပိတ်ရင်းနဲ့အရှည်ဆွဲဆန့်ပြီးတော့ လျော်ကြေးလည်းမပေးဘဲ အပြီးပိတ်လိုက်တဲ့စက်ရုံတွေလည်းရှိတယ်”လို့ အမည်မဖော် လိုတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။

မမျိုးမျိုးလုပ်ကိုင်တဲ့ စက်ရုံဟာ ယခုသြဂုတ်လလယ်ကစတင်ကာ လေးလယာယီပိတ်တာဖြစ်ပြီး ယာယီပိတ်ထားတဲ့လ တွေအတွက် လုပ်ခလစာငွေတစ်သိန်းသာရရှိခဲ့ပြီး နှစ်ကုန်မှာ ပြန်ဖွင့်မယ်လို့ပြောထားပေမယ့် မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။

ဝင်ငွေမရှိတော့တဲ့အတွက် အိမ်မှာဆေးဆေးထိုင်နေလို့မရဘဲ အလုပ်သစ်ရဖို့ အပူတပြင်းရှာဖွေနေရပါတယ်။ ပိတ်သိမ်းတဲ့ စက်ရုံတွေများတဲ့အတွက်လည်း အလုပ်အလွယ်တကူမရဘဲ ဖြစ်နေပါတော့တယ်။ နီးစပ်ရာ အလုပ်ခေါ်တဲ့စက်ရုံတွေကို ဆက်သွယ်ပြီး အလုပ်လျှောက်ပေမယ့် အလုပ်လျှောက်တဲ့လူ များလွန်းတဲ့အတွက် မမျိုးမျိုးတစ်ယောက် အခုထိအလုပ် မရသေးပါဘူး။

နီးစပ်ရာနေရာတွေကို လမ်းလျှောက်ပြီးသွားသလို ဝေးတဲ့နေရာတွေကို သုံးဘီးငှားပြီးသွားရတဲ့အတွက် ဝင်ငွေမရှိတဲ့ကြား က လမ်းစရိတ်ငွေကို အိတ်စိုက်ထုတ်ပြီးသုံးနေရပါတယ်။ စားဝတ်နေရေးအတွက် ပူပန်ရတာအပြင် လမ်းမှာအမျိုးမျိုးသော အန္တရာယ်တွေအတွက်လည်း စိုးရိမ်ရပါသေးတယ်။

“ ဗုံးပေါက်တာတို့ဘာတို့ရှိတဲ့အတွက် သတိဝိရိယနဲ့သွားလာနေရတာ။ ခေတ်မကောင်းတော့ ပိုက်ဆံအိတ်လုတာ ဆွဲကြိုး လုတာ ဖုန်းလုတာတွေလည်းရှိတော့ ဂရုစိုက်နေရတယ်” လို့ မမျိုးမျိုးက စိုးရိမ်သံနဲ့ပြောပါတယ်။

အမျိုးသားဖြစ်သူရဲ့ အလုပ်ကလည်း အကန့်အသတ်မရှိပိတ်လိုက်တဲ့အတွက် အိမ်ငှားခတွေ ကလေးနို့ဗူးဖိုးတွေအတွက် မမျိုးမျိုးတစ်ယောက်ခေါင်းခြောက်နေပါတယ်။

အလုပ်ရှာရာမှာလည်း စက်ရုံပိုင်းပဲကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့အတွက် စက်ရုံအလုပ်ကိုပဲ ရှာနေရတာဖြစ်သလို ဈေးရောင်းဖို့ကျတော့လည်း အရင်းအနှီးအလုံအလောက်မရှိတဲ့အတွက် မဖြစ်နိုင်သေးပါဘူး။

“ အရင်တုန်းကဆို ဒီစက်ရုံအဆင်မပြေရင် ဟိုစက်ရုံပြောင်းလုပ်လို့ရတယ်။ အခုကျ ဒီကပိတ်တော့ တခြားစက်ရုံသွား လျှောက်လည်းချက်ချင်းမရဘူး။ ရှိတဲ့ဟာလေးတွေကိုချွေတာပြီးသုံးနေရတယ်။”လို့မမျိုးမျိုးကဖွင့်ဟပါတယ်။

ဒါ့အပြင် တချို့စက်ရုံတွေက အသက်အရွယ်ကန့်သတ်ထားပြီး အသက် ၂၅ နဲ့ အသက် ၃၀ အထက်ဆို အလုပ်မခန့်တာ တွေရှိတဲ့အတွက် အသက်အရွယ်ကန့်သတ်ချက်ကြောင့်လည်း အလုပ်ရှာရာမှာအခက်အခဲဖြစ်နေတယ်လို့ မမျိုးမျိုးကဆိုပါ တယ်။

မမျိုးမျိုးနည်းတူ အလုပ်ရှာရာမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရသူကတော့ အသက် ၂၃နှစ်အရွယ် မနွေးနွေး(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။ သူအလုပ်လုပ်တဲ့စက်ရုံက အပြီးပိတ်သိမ်းသွားတဲ့အတွက် အလုပ်သစ်တွေလျှောက်တဲ့အခါမှာ အဆင်မပြေမှု တွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

“ စက်ရုံလိုက်လျှောက်တယ်။ လိုက်လျှောက်တဲ့အခါမှာလည်းပိတ်သွားတဲ့စက်ရုံတွေနဲ့ မခေါ်တဲ့စက်ရုံတွေနဲ့ ခေါ်တဲ့ရုံတွေ ကျတော့လည်း အင်တာဗျူးတော့ တစ်မျိုးတကယ်လုပ်ရတဲ့အခါ အစုံလုပ်ရတာတွေလည်းရှိတယ်” လို့ မနွေးနွေးက ဆိုပါ တယ်။

အဲ့ဒီနောက် အလုပ်သစ်တစ်ခုရခဲ့ပေမယ့် အလုပ်နေရာကသွားရတာဝေးတဲ့အပြင် ဖယ်ရီမရှိတာ၊ ညဘက် ၈ နာရီအထိ အချိန်ပိုဆင်းရပြီး ည ၁၀ နာရီဝန်းကျင်မှ အိမ်ပြန်ရောက်တာကြောင့် လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကြောင့် သွားလာရတာ မလုံခြုံတဲ့အတွက် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။

“ အလုပ်မရှိတော့ အိမ်ကိုပြန်မပေးနိုင်ဘူး။ အဆောင်ခတွေ ပိုက်ဆံအခက်အခဲရှိတယ်”လို့မနွေးနွေးကဆိုပါတယ်။

စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတွေအများစုဟာ နယ်ကလာရောက်လုပ်ကိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ စက်ရုံတွေပိတ်သိမ်းတာ၊ နိုင်ငံရေးအတည်ငြိမ်မှုတွေကြောင့် နေရပ်ပြန်ကာ တောင်ယာအလုပ်၊ရက်ကန်းအလုပ်စတဲ့ ဒေသ တွင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်ကြပါတယ်။

အဲ့ဒီအထဲမှာ အသက် ၂၇ နှစ်အရွယ် မလွင်လွင်(အမည်လွှဲ)တစ်ယောက်လည်းပါဝင်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မတ်လတုန်းက နေရပ်ပြန်ဖို့ခွင့်တိုင်ခဲ့ပေမယ့် အလုပ်ကခွင့်လုံးဝမပေးတဲ့အတွက် အလုပ် ပြုတ်ကာ ဇာတိကိုပြန်လာခဲ့ရတာဖြစ်ပါတယ်။

Photo: KPM

“ စက်ရုံမှာလည်း နိုင်ငံရေးအခြေအနေက ဖြစ်လာတော့ အိုတီ (အချိန်ပို) တွေမရှိတော့ဘူး။ အဲ့လိုဆိုတော့ အဆင်မပြေ တော့ဘူး။ စက်ရုံကလည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရင်တုန်းကနဲ့မတူတော့ဘူး မတူတော့ဘူးဆိုတာ အလုပ် သမားတွေ အပေါ်မှာ ပိုပြီးဖိချင်လာတယ်” လို့ မလွင်လွင်ကပြောပါတယ်။

မလွင်လွင်ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် စက်ရုံပိတ်သိမ်းတဲ့အခြေအနေနဲ့ကြုံပါက ရန်ကုန်မှာနေထိုင်စရိတ်တွေ ကုန်ကျမှာစိုးတဲ့အတွက် နယ်ပြန်ဖို့ဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ပါတယ်။

“ မပြန်လို့ကလည်းမရဘူး အလုပ်ကထပ်ရရင်တော်သေး မရရင်ထိုင်နေရမှာ။ အလုပ်တွေကလည်းနေ့စားဆိုတော့ သူတို့ကြိုက်တဲ့အချိန်ဖြုတ်လို့ရတယ်ဆိုတော့ ဘာမှခိုင်ခိုင်မာမာမရှိဘူး”လို့ မလွင်လွင်ကဆိုပါတယ်။

မလွင်လွင်ဇာတိဖြစ်တဲ့ စစ်ကိုင်းမှာ ရက်ကန်းအလုပ်ကိုလုပ်ကိုင်ခဲ့ပေမယ့် ကိုဗစ်တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းမှု နောက်မှာတော့ ရက်ကန်းအလုပ်တွေလည်းရပ်နားသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြန်ပါတယ်။

“ တောနယ်ဆိုတော့အဆင်မပြေဘူး တောအလုပ်ပဲရှိတာ။အခုလည်း မရှိရှိတာ ချေးငှားပြီးစားရတယ်။ ရန်ကုန်ပြန်လာဖို့ ကလည်း မဖြစ်နိုင်သေးဘူး” လို့ မလွင်လွင်က ခပ်ညည်းညည်းဆိုပါတယ်။

မလွင်လွင်နည်းတူ နေရပ်ပြန်သွားသူကတော့ မနန္ဒာဖြစ်ပါတယ်။ မနန္ဒာလုပ်ကိုင်တဲ့စက်ရုံဟာ အချိန်ပိုတွေလုပ်ရသော် လည်း အချိန်ပိုကြေးမရတဲ့အတွက် အလုပ်ထွက်ကာ တခြားစက်ရုံတွေမှာလျှောက်သော်လည်း အလုပ်မရတဲ့အပြင် နိုင်ငံ ရေး အခြေအနေက မတည်ငြိမ်တဲ့အတွက် ပြီးခဲ့တဲ့မတ်လက ဇာတိကိုပြန်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ တခြားအလုပ်လုပ်ဖို့ စိတ်မကူးရဲအောင်ဖြစ်နေပါတယ်။

“ အမေတို့ကလယ်ရှိတော့ အဲ့ဒါကူလုပ်တယ်။ နယ်မှာဆိုတော့ စားဖို့က ဆန်ရှိရင်စားလို့ရတယ်။ အိမ်လခ ဘာညာမလို ဘူး။ အဆင်ပြေတယ်လည်း မဟုတ်ဘူး မပြေဘူးလည်းမဟုတ်ဘူး”လို့မနန္ဒာကဆိုပါတယ်။

ဥပဒေအရ လုပ်ခလစာအပြည့်အဝရရေးနဲ့ အလုပ်သမားအခွင့်အရေးတွေဟာ စစ်အာဏာသိမ်းမှုအောက်မှာ မှေးမှိန်သွားရ ပါတယ်။

ဒါ့အပြင် အလုပ်သမားအဖွဲ့အစည်းတွေဟာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမပြုဘဲ သုံးပွင့်ဆိုင်ယန္တရားကနေ နုတ်ထွက် ထားတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကြုံရတဲ့အခါ ကူကယ်ရာမဲ့တဲ့ အခြေအနေတွေ ရှိနေတာပါ။

စစ်အာဏာသိမ်းပြီးနောက်မှာ လစာမဲ့နဲ့အလုပ်တွေပိတ်တာ၊ အလုပ်သမားအခွင့်အရေးအပြည့်အဝရအောင် တောင်းဆိုတဲ့ အလုပ်သမားတွေကိုခြိမ်းခြောက်တာ၊ အလုပ်သမားတွေကို အလုပ်ထုတ်ချင်သလိုထုတ်တာ စတဲ့အအခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ မဝင်းသိင်္ဂီစိုး က ပြောပါတယ်။

“ လတ်တလော စစ်အာဏာသိမ်းပြီးတဲ့အချိန်မှာ ဥပဒေချိုးဖောက်မှုတွေဖြစ်ခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းမလဲဆိုတဲ့ နည်း လမ်းတွေကိုဆွေးနွေးကြတယ်။ဘာကိုအဓိကထားပြီးလုပ်လဲဆိုရင် စက်ရုံမှာအော်ဒါအပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘရန်းတွေ ရှိတယ်။ အဲ့ဘရန်းတွေကကျတော့ အလုပ်ရှင်နဲ့ချုပ်ထားတဲ့ စာချုပ်တွေရှိတာပေါ့။ စာချုပ်တွေကိုလေးစားလိုက်နာမှ သူတို့ ရဲ့ အော်ဒါတွေကိုအပ်မှာ။ အဲ့အချိန်မှာ ကျွန်မတို့က ဘရန်းတွေအားလုံးပါဝင်တဲ့ အဖွဲ့နဲ့ ဒီစစ်အာဏာ သိမ်းပြီး တဲ့အခါမှာ ဥပဒေချိုးဖောက်မှုတွေဖြစ်ခဲ့ရင် ဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေကိုဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့ အခါမှာ တိုင်ကြားမှု ယန္တရားတွေရှိခဲ့ရင် ဖြေရှင်းမယ်နည်းလမ်းတွေကို ဘရန်းတွေဘက်ကသဘောတူတယ်။ အခုတော့ တိုင်ကြားမှုတွေကို လက်ခံပြီးတော့ ဖြေရှင်းနေတယ်” လို့ ဒုတိယဥက္ကဌ မဝင်းသိင်္ဂီစိုးကပြောပါတယ်။

စစ်အာဏာသိမ်းမှုအပြီး မေလကနေ သြဂုတ်လအထိ အမှုပေါင်း ၃၅ မှုလက်ခံရရှိခဲ့ပြီး အမှု ရှစ်မှုကို ဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ တိုင်ကြားကြတဲ့အမှုတွေကတော့ လုပ်ခလစာမပေးပဲအလုပ်ပိတ်တာ၊ လစာမဲ့ခွင့်တိုင်ကြားတာကို လစာမပေး ဘဲ အလုပ်ဖြုတ်တာ၊ နစ်နာကြေးအပြည့်အဝမပေးဘဲ အလုပ်ဖြုတ်တာ စတဲ့ကိစ္စရပ်တွေဖြစ်တယ်လို့ မဝင်းသိင်္ဂီစိုးက ပြော ပါတယ်။

ဒီလိုအခြေအနေတွေအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့်လည်း စက်ရုံလုပ်သက်အတွေ့အကြုံရှိတဲ့ အမျိုးသမီးတွေကတော့ စက်ရုံအလုပ်ကိုသာ ပြန်လည်လုပ်ကိုင်လိုတယ်လို့ အမျိုးသမီးအချို့ကဆိုပါတယ်။

“ အရင်လုပ်တဲ့စက်ရုံပြန်ဖွင့်ရင်တော့ အကောင်းဆုံးပေါ့ အသက်အပိုင်းအခြားလဲမလိုတော့ဘူး။ စက်ရုံပြန်ဖွင့်ရင်ဒီနေရာနဲ့ ကိုယ့်ရတဲ့အခွင့်အရေးက အကုန်ပြန်ရမှာဆိုတော့ အဆင်ပြေမှာ။ အရင်စက်ရုံပြန်ဖွင့်ဖို့ ဆုတောင်းတယ်။ မဖွင့်ခင်တော့ ရတဲ့ စက်ရုံရှာရဦးမှာ”လို့ မနွေးနွေးက မျှော်လင့်ချက်အပြည့်နဲ့ဆိုပါတော့တယ်။

Related Articles