Home မေးမြန်းခန်း ငြိမ်းချမ်းရေး ၁၀နှစ်တာခရီးနှင့် အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်းကဏ္ဍအပေါ် အင်တာဗျူး

ငြိမ်းချမ်းရေး ၁၀နှစ်တာခရီးနှင့် အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်းကဏ္ဍအပေါ် အင်တာဗျူး

Honest Information (HI)

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေအပြီးတိုင်ချုပ်ငြိမ်းသွားဖို့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ ယခု၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာဆိုရင် ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ဖို့ ၂၀၁၁ ခုနှစ်၊သြဂုတ်လ ၁၈ ရက်မှာ တရားဝင်ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာတော့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အောင်မြင်မှုတစ်ခုရှိခဲ့ပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးမှုမှာ စစ်ရဲ့ဒဏ်ကို အများဆုံးခံစားကြရတဲ့ အမျိုးသမီးတွေပါဝင်ခွင့်မရကြသလို အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါဝင်တဲ့ အမျိုးသမီးတွေလည်း ပါလာပေမယ့် နှစ်ယောက်သာပါခွင့်ရခဲ့တယ်။ ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးနှစ်ယောက်ကိုလည်း ပါဝင်ဆွေးနွေးခွင့်မပေးထားသလို အမျိုးသမီးနဲ့စစ်ရေး ဟာ ဘယ်လိုမှမသက်ဆိုင်ဘူးဆိုတဲ့သဘောနဲ့ ဖယ်ကျဉ်ထားခဲ့တဲ့သဘောလည်းရှိပုံရပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမျိုးသမီးတွေအနေနဲ့ ပါဝင်ခွင့်ရဖို့ တိုက်ယူရတဲ့ အခြေအနေတွေနဲ့ ဒီလို ကြိုးပမ်းမှုတွေက လက်ရှိနိုင်ငံရေးပေါ်မှာ သက်ရောက်မှုအနေအထားတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀ နှစ်လုံးမှာပါဝင် ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ဒုဥက္ကဌ (၃) ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းထား ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာဆိုရင် ၈၈ မတိုင်ခင်က ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ အထက်တန်းကျောင်းမှာ စာပြနေတဲ့ ဆရာမတစ်ယောက်ဖြစ်တယ်။ ၁၉၈၈ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံမှာလည်း သပိတ်ခေါင်းဆောင်နေရာကနေ ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းလိုက်တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။

သူဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိမ်းရှောင်နေရင်း National United Front of Arakan(NUFA)မှာ ရဲဘော်အဖြစ်နဲ့ လက်နက်ကိုင်ထဲကို စတင်ဝင်ရောက်ခဲ့တယ်။ ALPအဲဒီကနေတဆင့် ဗဟိုကော်မတီမှာ စည်းရုံးရေးနဲ့ ဌာနမှူးဖြစ်လာပြီး ၁၉၉၀ ခုနှစ်မှာတော့ စစ်ဘက်ဆိုင်ရာရာထူးအထိ တိုးမြှင့်ပေးခြင်းခံရတဲ့သူ ဖြစ်တယ်။

၂၀၁၀ ခုနှစ်မှာတော့ ဒေါ်စောမြရာဇာလင်းဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့အတွင်းရေးမှူးချုပ် ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အစိုးရရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ (ALP)ရဲ့ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ပါဝင်ခဲ့တယ်။

NCAကို လက်မှတ်ထိုးတဲ့အချိန်မှာလည်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကြားမှာ ပထမဆုံးအမျိုးသမီးတယောက်အနေ နဲ့ ပါဝင်ခဲ့သူဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အမျိုးသမီးတွေပါဝင်ခွင့်ရအောင် ကြိုးစားတိုက်ယူခဲ့တဲ့ သူ လည်း ဖြစ်ပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ UPDJCရဲ့အတွင်းရေးမှူးတာဝန်ကို ယူထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ ရပ် တန့်လျှက်ရှိနေပါတယ်။

မေး ။ ။ အခုဆိုရင် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုက ၁၀ နှစ်ပြည့်သွားပြီဆိုတော့ ဒီထဲမှာအမျိုးသမီးပါဝင်မှုရအောင် တိုက်ယူခဲ့ရတဲ့အခြေအနေတွေကို ရှင်းပြပေးပါ ။
ဖြေ ။ ။ သမ္မတ ဦးသိန်းစိန်ခေတ်မှာလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က အမျိုးသမီးတစ်ယောက်ပါတယ်။ သူက မွန်အမတ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO)ဘက်မှာဆိုရင် ကျမတစ်ယောက်ထဲပါခဲ့တယ်။

အဲဒီမှာ ကျမကတော့ ပြောရေးဆိုခွင့်မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမကို အရည်အချင်းပြည့်မီတယ်လို့ ခေါင်းဆောင် တွေက မမြင်ဘူး။ ကျမက ခေါင်းဆောင်တွေပြောပြီးလို့ ဟိုတစ၊ ဒီတစကျန်ခဲ့တာတွေကို ကျမကဖြည့်ပြီးတော့မှ ဆွေးနွေး တယ်။ အဲဒါနဲ့ ကျမလည်း ဆွေးနွေးပွဲမှာ ပြောခွင့်တွေရလာတယ်။ အဲဒီကနေစပြီး ကျမစကားပေါက်ဖို့အရေးကို ကြိုးပမ်း လာခဲ့ရတာဖြစ်ပါတယ်။

နောက်NCA စာချုပ်မှာ ပါဖို့ကြိုးစားရတဲ့အခါမှာ ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းတွေမှာ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင် နှုန်း ပါဝင်ဖို့ ကျမကိုယ်တိုင် တင်ခဲ့တာဖြစ်တယ်။ ပထမမှာတော့ အမျိုးသမီးအရေးလို့ ပြောလို့ရှိရင် ဘယ်သူမှ စိတ်မဝင် ဘူး။ လက်နက်ကိုင်နှစ်ဘက်စလုံးက စိတ်မဝင်စားတာ။

အမျိုးသမီးမို့လို့ အမျိုးသမီးအရေးကို ပြောတယ်။ အဲ့လိုသဘောရှိခဲ့ကြတယ်။ လှောင်လှောင်ပြောင်ပြောင် လက္ခဏာတွေနဲ့ မျက်နှာထားတွေ အရမ်းကြည့်ခံခဲ့ရတယ်။ ဒါပေမဲ့ မရှက်မကြောက် တိုက်ပွဲဝင်ခဲ့ရတာပေါ့။ အဲ့ဒီစကားတွေက တစ်ခါပြော လို့ ပြီးတာမဟုတ်ဘူး။ ပွဲတိုင်းနီးပါးမှာ ပြောလာရတယ်။

အကြောင်းအရာတစ်ခုကို တစ်ခါပြောရင် နားမထောင်ဘူး။ နှစ်ခါပြောရင် နားခါးတယ်။ သုံးခါပြောရင် နားခါးတယ်ဆိုတာ ရှိ လာပေမယ့်လို့ အပ်ကြောင်းထပ်သလို ပြောဖန်များလာတဲ့အခါမှာ ဘယ်လိုမှ လက်မခံလို့ မရတော့ဘူး။ အဲ့လိုပြောလာတဲ့ အခါမှာ ခေါင်းဆောင်တွေရဲ့အသိက ပြောင်းလဲမှုတစ်ကယ်ရှိလာတယ်လို့ ကျမ လက်ခံတယ်။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်မှာ အမျိုးသမီးတွေအနေနဲ့ ဘာတွေရခဲ့လဲ။ ဘယ်လိုတွေဖြစ်သွားလဲရှင့်။
ဖြေ ။ ။ အဲ့လိုပြောတဲ့အခါမှာ နောက်ဆုံး NCAစာချုပ်မှာ ထည့်ဖို့ ပြောတာက အစိုးရဘက်က အမျိုးသမီးပါဝင်မှု ၃၀ အထိ။ ကျမကတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အဲ့လိုမျိုး တောင်းခဲ့တာ။ အဲ့တော့ အမျိုးသမီးသင့်တင့်လျှောက်ပတ်တဲ့ အချိုး အစား စကားလုံးအစား အမျိုးသမီး ၃၀ ရာခိုင်နှုန်းဆိုတာဖြစ်သွားတယ်။

ဒါကိုအတည်ဖြစ်လာစေတာကတော့ ဆရာမနော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့(SD)က အစိုးရနဲ့ လာ ဆွေးနွေးတဲ့အချိန်ပေါ့။ အဲဒီထဲမှာ ဆရာမနော်စီဖိုးရာစိန်ရဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးပြောခဲ့တဲ့ မိန့်ခွန်းဟာဆိုရင် တော် တော်ထိတယ်။ အဓိကစကားက တိုက်ပွဲမှာ ကြီးပြင်းလာရသူအမျိုးသမီးတစ်ယောက်အနေနဲ့ စစ်ကို လုံးဝမလိုချင်တော့ ဘူး။ သူ့ရှေ့မှာဆိုရင် စစ်ရဲ့အနိဌာရုံတွေရှိခဲ့တယ်ဆိုတာ သူဇောင်းပေးပြောသွားတာ။

အဲ့ဒီအချိန်မှာဆိုရင် ကျမတို့အတွက်က ဆရာမက ခေါင်းဆောင်ဖြစ်ပြီး ကျမကတော့ အဖွဲ့ဝင်ဖြစ်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှာလည်း အမျိုးသမီးတွေ ပါဝင်လာတယ်။ နောက်လုပ်ငန်းကော်မတီ အစု အဖွဲ့မှာလည်း အမျိုးသမီးတွေ တော်တော်များများ ပါဝင်ဖို့ တိုက်တွန်းခဲ့လို့ ပါလာတာရှိတယ်။ အဓိကကတော့ အမျိုးသမီး တွေပါလာရေးကို EAOက ပုံဖော်လာခဲ့တယ်။

ပုံမှန်ပါလာနေတာကတော့ မိဆူးပွင့်လည်းပါလာတယ်။ နောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၊ UPDJC တို့အထဲမှာလည်း အမျိုးသမီးတွေကို အစည်းအဝေးတက်ပိုင်ခွင့်နဲ့ စကားပြောပိုင်ခွင့်ကို EAOက စပေးလာပြီ။ အဲ့ဒီအမျိုးသမီးတွေကလည်း စကားပြောလာကြပါပြီ။ တချို့တက်လာတဲ့အမျိုးသမီးတွေမှာဆိုရင် တချို့လူတွေက တော် တော်လေးစကားပြောတတ်လာတယ်။ အဲ့လိုမျိုး အမျိုးသမီးခေါင်းဆောင်ပိုင်းရောက်အောင် ကျမတို့ ဆွဲခေါ်လာ ကြတာ လည်း ရှိကြပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှု ၁၀ နှစ်တာအတွင်းမှာ အမျိုးသမီးတွေပါဝင်မှုက အတိုင်းအတာက ဘယ်အနေ အထားထိ ရောက်နေပြီလဲ။
ဖြေ ။ ။ အမျိုးသမီးတွေက ပထမအကြိမ်ညီလာခံမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးကို ကြိုးပမ်းသွားမယ်ဆို တဲ့ဟာ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။ အဲ့လိုဆုံးဖြတ်ချက်တွေရှိခဲ့တယ်။ လုပ်လာတော့ ညီလာခံတိုင်းမှာ အမျိုးသမီးတွေပါ လာပြီ။ တပ်ဘက်ကလည်း ထည့်လာတယ်။ EAO ဘက်ကလည်း ထည့်လာတယ်။ ဒါကိုကြည့်ချင်းအားဖြင့် ပါတီတွေမှာ လည်း မပါရင်မဖြစ်တဲ့အနေအထားနဲ့ အမျိုးသမီးတွေ ပါလာအောင် လုပ်ကြတယ်။ ငြိမ်းချမ်းရေးကိုစတင်ဖော်ဆောင်တဲ့ အချိန်ကထက် အခုကတော့ အမျိုးသမီးပါဝင်နှုန်းများလာပါပြီ။

အစိုးရဘက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆို နိုင်ငံခေါင်းဆောင်ဖြစ်သလို UPDJC ရဲ့ ဥက္ကဌလည်း ဖြစ်တယ်။ ညီလာခံ အဆက်ဆက်မှာလည်း အမျိုးသမီးပါဝင်မှုက တိုးလာတယ်။ ဒါကတော့ အမျိုးသမီးပါဝင်မှုတိုးတက်လာတယ်ဆိုတာ ထင် ထင်ရှားရှား ပြောနိုင်တယ်ဆိုတာ ဖြစ်တယ်။ ရာခိုင်နှုန်းအရပြောမယ်ဆို ရင် ၂၀ ရာခိုင်နှုန်းလောက်ကို ရောက်သွားပြီ။

မေး ။ ။ ငြိမ်းချမ်းရေးမှာအမျိုးသမီးတွေပါဝင်မှုများလာ၊ နိုင်ငံရေးမှာပါဝင်လာကြတာတွေက လက်ရှိနိုင်ငံရေးအပေါ် တစုံ တရာသက်ရောက်မှုှရှိတယ်လို့ထင်လားရှင့် ။
ဖြေ ။ ။ အမျိုးသမီးတွေဟာ နိုင်ငံရေးဘဝကို တက်လှမ်းဖို့ရာ လက်ရှိတိုင်းပြည်ရဲ့အနေအထားပေါ်မှာ အမျိုးသမီးပါဝင်မှုက အရမ်းမြင့်တက်သွားပြီ။ ကောင်းတာ၊ ဆိုးတာ ကျမမပြောဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေတက်ကြွမှုက တော်တော့် ကို ပြောင်းလဲသွားပြီ။ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို ပထမညီလာခံမှာ ပြောခဲ့သလို နောက်ဆုံးတတိယအကြိမ် ညီလာ ခံမှာလည်း ဒါကိုအောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ဒါတွေဟာ အောင်မြင်ခဲ့တဲ့အချက်တွေ ဖြစ်တယ်။

နောက် နိုင်ငံရေးအပြောင်းအလဲမှာ အမျိုးသမီးတွေ နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ တာဝန်တွေမထမ်းဆောင်ရဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ တောင်လည်း၊ ချောင်းဖြစ်တတ်တယ်။ ပင်လယ်သမုဒ္ဒရာကလည်း တောင်ဖြစ်လာတတ်တာပဲ လေ။ အဓိကက ဇွဲမလျော့ဘဲနဲ့ ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဘာလို့ဆိုဒီနိုင်ငံမှာ အမျိုးသမီးတွေရဲ့ခေါင်းဆောင်မှုကို တော်တော်ကိုလက်ခံလာတဲ့အနေအထားမှာ ရောက်နေပါပြီ။

Related Articles