Home ဆောင်းပါး ကပ်ဘေးကြားက ဘဝခါးခါး

ကပ်ဘေးကြားက ဘဝခါးခါး

ရက္ခ။ ။

“ လာကြနော် ဟောဒီမှာ … မော်ရံငါးတွေနော် … ဒီမနက်မှ ငါးလှေပေါ်ကချလာတာ… လတ်လတ်ဆတ်ဆတ်တွေရမယ် … အားပေးသွားကြပါဦး …”

ဒေါ်စောရီ၏ ဈေးသည်ခေါ်သံစာစာကလေးများက မနက်ဈေး၏ ငါးစိမ်းတန်းကလေးထဲတွင် မိနစ်ပိုင်းခြားလျှင် တစ်ကြိမ် ခန့်မျှ ပုံမှန်ထွက်ပေါ်နေ၏။ ဒေါ်စောရီ၏အသံမှာ စူးစူးရှရှရှိလှသည့်အပြင် ကျယ်လည်းကျယ်လောင်သဖြင့် ငါးစိမ်းတန်း တစ်ခုလုံးကို လွှမ်းခြုံနိုင်သည်။

ငါးဈေးတန်းတစ်တန်းလုံးအတွက် သူတစ်ယောက်တည်း ဒိုင်ခံ အော်ဟစ်ပေးနေသည်လားဟုပင်ထင်မှတ်စရာရှိ၏။ ထိုသို့ ပါးစပ်မှတတွတ်တွတ်အော်ဟစ်ရောင်းချတတ်သော ဒေါ်စောရီကို လုပ်ဖော်ကိုင်ဖက်ငါးသည်များက “ရွာဆော်မ” ဟုပင် တညီတညွတ်တည်း နာမည်ပေးထားကြ၏။

သည်နေ့လည်း မနက်ဝေလီဝေလင်း ဈေးဗန်းစခင်းချိန်မှစ ဒေါ်စောရီတစ်ယောက် အသံတစာစာကလေးဖြင့် အော်ဟစ် ရောင်းချနေခဲ့သည်မှာ ဈေးကွဲချိန် မနက်-၉ နာရီဝန်းကျင်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်၏။

ပုံမှန်အတိုင်းဆိုလျှင် သည်လိုအချိန်မျိုး၌ ဒေါ်စောရီ၏ ဈေးဗန်းထဲမှ ငါးစိမ်းများ ရောင်းစွံခဲ့ပြီးဖြစ်လိမ့်မည်။ သည်နေ့မနက် တော့ သူ၏ဗန်းထဲတွင် ဖောက်သည်ယူလာခဲ့သောငါးစိမ်းတစ်ဝက်ကျော် မျှကျန်ရှိနေသေးသည် ။ ဖောက်သည် ယူလာ ခဲ့သော ငါးစိမ်းများ အကုန်အစင်ရောင်းမကုန်နိုင်သဖြင့် အရင်းပြန်မရခဲ့သည်မှာ တစ်ပတ်ခန့်မျှ ရှိခဲ့ပြီဖြစ်၏။

ဟိုအရင်အချိန်များကတော့ သည်လို မော်ရံငါးတက်ချိန်နေ့မျိုးဆိုလျှင် ဒေါ်စောရီတို့လို ငါးသည်များအဖို့ အလွန်ဈေး ရောင်းကောင်းခဲ့သော နေ့များဖြစ်ခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ရခိုင်ပြည်နယ်ထဲ၌ ကိုဗစ်-၁၉ ရောဂါပိုး အစုလိုက် အပြုံလိုက်ကူးစက်ခံရသောသတင်းများနှင့် သေဆုံးမှုသတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ ခဲ့သဖြင့် ပြည်သူများ၏စိုးရိမ်စိတ်ကိုမြင့်မားသွားစေခဲ့သည်။

သည်နောက်ပိုင်းတွင်တော့ လူအများစုက ကိုယ့်အသိစိတ်ဖြင့်ကိုယ် လူစုလူဝေးနေရာများကို ရှောင်ကြဉ်လာကြသဖြင့် ဈေးထဲ၌ပင် ရောင်းသူသာရှိ၍ ဝယ်သူမရှိသော အခြေအနေမျိုးကို ကြုံတွေ့လာရသည်။ ဒေါ်စောရီ နေ့စဉ်ဈေးရောင်းနေ ကျ မနက်ဈေးကလေးသည် နံနက် ၁၀ နာရီ ကျော်မှသာ လူစဲလေ့ရှိသော ရပ်ကွက်တွင်ကဈေးလေး ဖြစ်၏။ သို့သော် သည်ရက်ပိုင်းများတွင်တော့ မနက်ဈေးကလေးသည် ကိုးနာရီမျှပင်မထိုးဘဲ ဈေးဝယ်များမရှိတော့သည့် အခြေအနေကို ကြုံနေရသည်။ သည်လိုအခြေအနေမျိုးတွင် ဒေါ်စောရီတစ်ယောက်ကတော့ မျှော်လင့်ချက်ကလေးဖြင့် လူတွေ့ တိုင်း တစာစာ အော်ဟစ်လျှက်ရှိနေတော့သည်။

၂၀၂၁ ခုနှစ်တွင် တကျော့ပြန်ဝင်ရောက်လာခဲ့သော ကိုဗစ်-၁၉ တတိယလှိုင်းသည် ရခိုင်ပြည်နယ်ထဲသို့ ရိုက်ချက် အလွန်ပင် ပြင်းထန်ခဲ့၏။ ဇူလိုင် ၁ ရက်နေ့က မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ရန်ရွှေ့ပြောင်း ရောက်ရှိလာသော နယ်ခြားစောင့်ရဲ၊ လဝကနှင့် ၎င်းတို့၏ မိသားစုဝင် ၉၃ ဦးတို့ကို ကိုဗစ်-၁၉ အစုလိုက်အပုံလိုက် ကူးစက်ခံထားရကြောင်း ရခိုင်သတင်းဌာနများ၌ ဖော်ပြကြသည်။

ထို့နောက် ဇူလိုင်လ ၆ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ ၄၁ ဦး ထပ်မံတိုးပွားလာခဲ့ပြီး မောင်တောနှင့်စစ်တွေမှ ရဲဝန်ထမ်း ၁၁ ဦး ပါဝင်ကြောင်း ဆိုပြန်သည်။ သည်ကြားထဲ၌တွင် စစ်တွေမှ ကိုဗစ်အတည်ပြု လူနာတစ်ဦးသေဆုံးသွားပြီး ပြည် သူများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။

ထို့အပြင် တောင်ကုတ်မြို့နယ်မှ အသက် ၄၀အရွယ် ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုကလည်း ၂၀၂၁ ခုနှစ် ကိုဗစ် တတိယလှုှိင်းကို ကြီးကြီးမားမား တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ကိုဗစ်-၁၉ လူနာများ အစုလိုက်အပုံလိုက် တွေ့ရှိနေသော်လည်း ဆေးရုံများတွင် လူနာများကို ကုသရန် အောက်စီဂျင် မလုံလောက်မှုနှင့် ကြုံတွေ့နေကြရပြန်သည်။ ထို့အပြင် လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ မည်သည့် အစီအမံ ကောင်းများ ထားရှိလုပ်ဆောင်နေသည်ကို မသိရှိကြရချေ။ ထိုသို့အခြေအနေမျိုးတွင် ကိုဗစ်-၁၉ တတိယလှိုင်းအပေါ် ရခိုင်ပြည်သူများ၏ စိုးရိမ်ပူပန်မှုမှာ အမြင့်ဆုံး အခြေအနေသို့တိုင် ရောက်ရှိသွားခဲ့ရသည်။

ရခိုင်ပြည်နယ်သည် ၂၀၁၉ နှင့် ၂၀၂၀ ကာလများထဲ၌ ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း အခက်အခဲ အကျပ်အတည်း များကို အများနည်းတူ ရင်ဆိုင်ကြုံတွေ့လာခဲ့ရပြီး ဖြစ်သည်။ ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ရင်ဆိုင်ခဲ့ကြရစဉ်က မြန်မာနိုင်ငံအဝှမ်းတွင် နိုင်ငံရေးအခြေအနေများ တည်ငြိမ်ကောင်းမွန်နေချိန်ဖြစ်သဖြင့် ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို စနစ်တကျ ပြုလုပ်သွားနိုင်ခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်သည် တိုက်ပွဲနှင့် ရောဂါကပ်ဘေးနှစ်ခုကြားထဲ၌ ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့ရ၏။ လက်ရှိ အချိန်တွင်လည်း ၂၀၂၁ ခုနှစ်၏ ကိုဗစ်-၁၉ တတိယလှိုင်းက ရခိုင်ပြည်နယ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ပြန် ပြီဖြစ်၏။ စစ်ရေး၊ နိုင်ငံရေးနှင့် ကပ်ဘေးတို့ကို ဆက်တိုက်ဆိုသလိုရင်ဆိုင်လာခဲ့ကြရသော ရခိုင်ပြည်နယ်မှ အခြေခံ လူ တန်းစားများအတွက် စိန်ခေါ်မှုက အလွန်ပင် ကြီးမားလာခဲ့ပြီဖြစ်သည်။

“ ကျွန်မက ဒီဈေးထဲမှာ ဒီငါးစိမ်းသည်ဘဝနဲ့ လုပ်ကိုင်စားသောက်လာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်ရှိပါပြီ။ တစ်ခါ မှ အခုဒီလိုဈေးရောင်းမကောင်းတာမျိုးကို မကြုံခဲ့ရပါဘူး ။ ဈေးသည်တစ်ယောက်အနေနဲ့ ကြီးမားတဲ့ အခက်အခဲမျိုးကို မကြုံတွေ့ခဲ့ဖူးပါဘူး။ အခု ဒီကိုဗစ်-၁၉ တတိယလှိုင်းမှာတော့ ကျွန်မတို့ ဈေးသည်တွေရော ဈေးဝယ်တွေပါ အတော်ကို အခက်အခဲ ဖြစ်ကြရပါတယ် ”

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မနက်ဈေးကလေးထဲတွင် ငါးစိမ်းများရောင်းချသည့် ဒေါ်စောရီပြောပြသော စကားများ ပင် ဖြစ်သည်။ ဒေါ်စောရီသည် အသက် ၅၀ ကျော်အရွယ် မုဆိုးမတစ်ဦးဖြစ်သည်။ သူ့တွင် ၁၀ တန်းကျောင်းသူ သမီး ကြီးတစ်ဦးနှင့် မူလတန်းအရွယ်သားငယ်နှစ်တစ်ဦးရှိသည်။ လင်ယောကျ်ားဖြစ်သူ ကိုမောင်လုံးဖြူမှာ လွန်ခဲ့သော ခြောက် နှစ်ကျော်ခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်သည်။

ဒေါ်စောရီ၏ လင်ယောကျ်ားဖြစ်သူ ကိုမောင်လုံးဖြူသည် ငါးဖမ်းစက်လှေကလေးဖြင့် တစ်ပိုင်တစ်နိုင် တံငါလုပ်ငန်းကို လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဒေါ်စောရီသည် အိမ်ထောင်ကျချိန်မှစတင်ကာ လင်ယောကျ်ားဖြစ်သူ ရှာဖွေလာသော ငါးများကို ဈေးဗန်းပေါ်တင်ကာ ရောင်းချရသော ငါးသည်ဘဝသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ငါးသည်ဆိုသည်မှာ နာမည်သာ ဆိုး၏။ ဝင်ငွေက အတော်ပင်ကောင်းလှသဖြင့် ငါးသည် ဖြစ်ရသည်ကိုပင် ဒေါ်စောရီတစ်ယောက် ကျေနပ်နေတော့သည်။
သည်လိုနှင့် လင်ယောကျ်ားက ချောင်းဆင်း ငါး ရှာ၊ ဒေါ်စောရီက ဈေးဗန်းခေါင်းပေါ်တင်ရောင်းရင်း ဘဝကို ရိုးရှင်းစွာ ရုန်းကန်လာခဲ့ကြသည်။ မရှိမရှားသော မိသားစုဘဝကို ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ဒေါ်စောရီ၏ လင်ယောကျ်ား ဖြစ်သူ မကျန်းမမာဖြစ်သဖြင့် ရုတ်တရက်ဆုံးပါးသွားချိန်တွင်မူ ဒေါ်စောရီ၏ဘဝခရီးလမ်းမှာအတော်ပင်ကြမ်းတမ်းခက်ခဲ သွားတော့သည်။

လင်ယောကျ်ား ရှိစဉ်အချိန်က လင်ယောကျ်ားရှာဖွေလာသော ငါးများကို အဆင်သင့် ခေါင်းပေါ်တင် ရောင်းရုံမျှဖြင့် ဒေါ်စောရီတစ်ယောက် ဝင်ငွေရှာနိုင်ခဲ့သည်။ လင်ယောကျ်ားမရှိသောအခါတွင်မူ သူရောင်းချမည့် ငါးကို ငါးဒိုင်များဆီမှ တဆင့်ပြန်ယူ၍ အမြတ်တင်ကာ ရောင်းချရတော့သည်။ ငွေကြေးနှင့်ရင်း၍ လုပ်ရသော အလုပ်ဖြစ်သဖြင့် ဒေါ်စောရီအဖို့ တွက်ခြေမကိုက်လှ။ အခန့်မသင့်လျှင် အရင်းပြန်မပေါ်ဘဲ မြုပ်သွားတတ်သေး၏။ သို့သော် ထိုသို့ ငါးဒိုင်မှငါးများကို ဖောက်သည်ယူရောင်းချရင်း ရရှိလာသော အမြတ်အစွန်းကလေးဖြင့် မိသားစုဝမ်းရေးကို ဒေါ်စောရီတစ်ယောက် ခက်ခက် ခဲခဲ ဖြေရှင်းရလေသည်။

“ အခုက ကုန်ဈေးနှုန်းတွေလည်း သိပ်ကိုကြီးမားနေတယ်။ တချို့စားသောက်ကုန်ပစ္စည်းတွေဆိုရင် ဈေးကသာ ခေါင်ခိုက် နေပြီး ပစ္စည်းကမရှိပြန်ဘူး ။ ဈေးရောင်းပြီးတော့ အမြတ်အစွန်းကလေးနဲ့ မိသားစုဘဝရပ် တည်ရတာ အဆင်မပြေတော့ ဘူး။ ရောဂါကြီးကတမျိုး၊ နိုင်ငံရေးတွေ စစ်ရေးတွေကတမျိုးနဲ့ဆိုတော့ ကျွန်မတို့လို မရှိဆင်းရဲ မုဆိုးမမိသားစုတွေ အတွက် ငရဲခန်းကို ဖြတ်ကျော်နေကြရသလိုပဲ အောက်မေ့မိတော့တယ် ။ ”

ကိုဗစ်ရောဂါပျံ့နှံ့မှုအခြေအနေနှင့်အတူ ရခိုင်ပြည်နယ်၏ ကုန်ဈေးနှုန်းအခြေအနေများမှာလည်း တစ်နေ့ထက်တစ်နေ့ ဒီရေတက်သည့်ပမာ တိုးလာနေကြောင်း ဒေါ်စောရီကပြောပြသည်။ ယခင်က ဝင်ငွေ ၆,၀၀၀ ကျပ် ခန့်ရှိလျှင် မိသားစု သုံးယောက်၏ တစ်နေ့တာစားဝတ်နေရေးကိုပြေလည်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်းဆိုသည်။ လက်ရှိအချိန်တွင် ထိုမျှငွေကြေး လောက်ဖြင့် တစ်နေ့တာစား ဝတ်နေရေးကိုဖြေ ရှင်းရန် လုံလောက်မှုမရှိတော့ကြောင်း ဒေါ်စောရီ ကရင်ဖွင့်သည်။

“ ရောဂါကပ်ဘေးကြီး အမြန်ဆုံးပြီးစေချင်ပါတယ်။ နိုင်ငံရေးတွေနဲ့ စစ်ရေးတွေကိုလည်း အမြန်ဆုံးြငိမ်း ချမ်းစေချင်ပါပြီ အရင်ကလိုဈေးရောင်းကောင်းစေချင်ပါတယ်။ ကပ်ဘေးကြားထဲက ကျွန်မတို့လိုမုဆိုးမတွေရဲ့ ဘဝခါးခါး နေ့ရက်တွေကို အမြန်ဆုံး အဆုံးသတ်ခွင့်ရချင်ပါတယ်။ ”

ဒေါ်စောရီသည် မနက်အရုဏ် ၄ နာရီခန့်တွင် နိုးထကာ ငါးဒိုင်သို့ငါးယူရန် သွားရသည်။ တစ်မြို့လုံးအိပ်မောကျနေဆဲ အချိန်တွင် ဒေါ်စောရီတစ်ယောက်က ဈေးနှင့် အိမ်ကို တစ်မိုင်ခန့်မျှအသွား အပြန်လမ်းလျှောက်ရလေ့ရှိသည်။ ငါးများ ကိုယူလာပြီးနောက် သူရောင်းချမည့် မနက်ဈေးကလေးထဲတွင် ဈေးဗန်းခင်း ရောင်းချရသည်။

ထိုအလုပ်မှာ မိုးရွာရွာ၊ နှင်းစိုစို၊ နေပူပူ ဒေါ်စောရီတစ်ယောက် မဖြစ်မနေလုပ်ဆောင်ရသော နေ့စဉ်ဝတ္တရားတစ်ခုဖြစ် သည်။ ထိုဝတ္တရားကို နေ့စဉ်မပြတ်လုပ်ဆောင်ရင်းနှင့် သူ၏ဘဝကို ဒေါ်စောရီတစ်ယောက် ရပ်တည်လာခဲ့သည်။ သို့သော် သည်လို ကိုဗစ်-၁၉ တတိယလှိုင်း အကြပ်အတည်းကာလနေ့ရက်များကတော့ ဒေါ်စောရီကို ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာစေခဲ့သည်မှာ အမှန်ပင်။

မည်သို့ပင်ဆိုစေ အသက်ငါးဆယ်ကျော်အရွယ် မုဆိုးမတစ်ဦးဖြစ်သော ငါးသည်ဒေါ်စောရီတစ်ယောက်ကတော့ မနက် ဝေလီဝေလင်းအချိန်တွင်ထကာ သူ၏ နိစ္စဓူဝလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေလိမ့်ဦးမည်ပင် ဖြစ်၏။ ထို့အပြင် မနက်ဈေးကလေး၏ ငါးစိမ်းတန်းထဲတွင်လည်း ဒေါ်စောရီ၏ အော်ဟစ်ဈေး ခေါ်သံစူးရှရှကလေးကိုလည်း ဆက်လက်ကြား နေကြရဦးမည်ပင် ဖြစ်သည်။ ဒေါ်စောရီ မျှော်လင့်နေသော ကပ်ဘေးကြားက ဘဝခါးခါးနေ့ရက်များ ဘယ်တော့ ပြီးဆုံး မည်ဆိုသည်ကတော့ မည်သူမျှ မခန့်မှန်းနိုင်သေးချေ။

Related Articles